နှစ်ကိုယ်တူ
>> Friday, August 22, 2008
မနေ့က ကျောင်းသွားတော့ နွေရာသီ အနားယူနေကြလို့ ကျောင်းသားတွေ သိပ်မလာပါဘူး။ ဒါနဲ့ပဲ တခြားအိမ်ထောင်ကျပြီးသား သူငယ်ချင်းရယ် ဂျပန်မလေးတယောက်ရယ်နဲ့ စကားပြောဖြစ်ကြတယ်။ လက်ဖက်ရည်သောက်ရင်း မုန့်စားရင်း ပြောကြတဲ့ အကြောင်းက တူနှစ်ကိုယ်နဲ့ ပတ်သက်ကြတဲ့ အကြောင်းတွေပါ။ သူ့နိုင်ငံ ကိုယ့်နိုင်ငံ အလေ့တွေ တူသလား၊ မတူလား မေးကြတာပါ။ လူတယောက်ရဲ့ အယူအဆပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတခုလုံးကို သုံးသပ်လို့တော့ မရပါဘူး။ သူတို့နဲ့ အပျော်သဘော ပြောကြဆိုကြတာက ဗဟုသုတတော့ ရတာပေါ့။ သူတို့ သဘောထားက ဘယ်လိုဆိုတာ သိရတာပေါ့။
ဂျပန်မလေးနဲ့ မကြာခဏ ပြောဖြစ်တဲ့ အကြောင်းက သူ့မှာ boyfriend အသစ်ရနေပြီ၊ “ဒီနေ့ ချိန်းထားတာ ရှိတယ်“။ သူကို မေးတယ် “မင်းမှာ အခု ကောင်လေးရှိသလား“ ဆိုတော့ “အခု ပြတ်သွားပီ တယောက်နဲ့“၊ “အခု အသစ်ရှာနေတယ်“ အဲလို။ သူတို့က ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ “မင်းမှာ boyfriend ဘယ်နှယောက်ရှိသလဲ“ ဆိုရင်လည်း သူက မျက်လုံး မှေးမှေးလေးမှိတ် လက်လေးတွေ ချိုးပြီး ရေပါတော့တယ်။ နောက်မှ “၈ ယောက်လောက်ပါ“ တဲ့။ ဂျပန်မိသားစုအိမ် အလည်သွားတော့လည်း အမေးခံရတယ် “ဘာလို့ ခုထိ ကျောင်းဆက်တက်တာလဲ“၊ “ဝါသနာပါလို့လား“၊ “အိမ်က ထားလို့လား“ တဲ့။ သူတို့မေးမှပဲ ကိုယ့်ဘာသာ ပြန်စဉ်းစားယူရတယ်။ “အိမ်ကလည်း ထားလို့၊ ဝါသနာလည်း ပါလို့“ လို့ ပြောလိုက်မိတယ်။ “မြန်မာပြည်မှာ ရာထူး မြင့်တဲ့နေရာတွေကို အမျိုးသမီးတွေ ရသလား“ ဆိုလာတော့ “ရတယ်ပေါ့“ နော်။ ဒီနိုင်ငံမှာတော့ ကောင်မလေးတွေက ဘွဲ့တခုလောက်ရရင် တော်ပြီတဲ့။ ဘွဲ့လွန်တွေ မတက်ချင်ကြဘူး။ အမေတွေကလည်း ပိုက်ဆံချမ်းသာတဲ့သူ ရှာယူဖို့ တိုက်တွန်းပြီးသားတဲ့။ ငယ်ငယ်ကတည်းက သင်ပေးတယ်တဲ့လေ။ အလည်သွားတဲ့အိမ်က အိမ်ရှင်အမျိုးသားက တက္ကသိုလ်က ပါမောက္ခပါ။ အမျိုးသမီးက အကဆရာမ၊ ပန်းချီလည်း ဆွဲတယ်။ အလှပြင်ထားတာလည်း အရုပ်မလေးအတိုင်းပါပဲ။ သမီးလေး တစ်ယောက်ရှိပေမယ့် ကလေးအမေလို့ မထင်ရပါဘူး။ ကိုယ်ပိုင်တိုက်၊ ကား၊ ခြံနဲ့ဆိုတော့ သူတို့က သူဌေးမဟုတ်ပေမယ့် အလယ်အလတ်တန်းစားလို့ ပြောပါတယ်။ “သူကလည်း ပိုက်ဆံရှာနိုင်တဲ့ အမျိုးသားကို ရထားတာ ကံကောင်းတယ်“ တဲ့။ အလည်သွားတိုင်းတော့ အိမ်မှာ အမျိုးသားကို မတွေ့ရပါဘူး။ မေးကြည့်တော့ “အိမ်ကို ည အစောဆုံးက (၁၀) နာရီ ပြန်လာတယ်“ လို့ ပြောတယ်။ နောက်ကျရင် (၁၂) နာရီပေါ့။ စနေ၊ တနင်္ဂနွေလည်း သူက ဘောလုံးပွဲ ၀ါသနာပါတယ်ဆိုတော့ အိမ်မှာမရှိဘူးတဲ့။ သူတို့က ချမ်းသာတော့ အမျိုးသားက အပြင်သွား၊ သူကလည်း ပန်းချီဆွဲတယ် လူမှုရေးကိစ္စတွေ အသင်းအဖွဲ့တွေမှာ ပါတယ်ပေါ့။ သူတို့ရဲ့ တူနှစ်ကိုယ်လျှောက်နေကြတဲ့ လမ်းကလည်း သူတို့အတွက်တော့ သာယာနေတာပါပဲ။
တခြားနိုင်ငံက သူငယ်ချင်းကတော့ ဂျပန်နဲ့ အိမ်ထောင်ပြုထားတယ်။ သူ့ကိုလည်း သူ့အမျိုးသားက ချစ်ပါတယ်။ ဒါပေမယ့် ထမင်းလက်ဆုံမစားရတာ များတယ်။ အိမ်ပြန် နောက်ကျတာများတော့ ဒါကြီးကို သူ လက်မခံနိုင်ဘူး။ သူ့နိုင်ငံကို ပြန်နေကြဖို့ စည်းရုံးရေး ဆင်းနေတယ်တဲ့။ သူတို့နိုင်ငံမှာလည်း မိသားစုလက်ဆုံစားကြတာ ထုံးစံရှိတယ်။ အမျိုးသားက ပါတီတွေ သွားနေတာမျိုး မကြိုက်ပါဘူး။ သူကတော့ ဒီအမျိုးသားတယောက်ပဲ ချစ်ခဲ့တာပါလို့ ဆိုတယ်။ သြော် သူတို့နိုင်ငံတွေလည်း လူတိုင်း အချစ်များကြတာတော့ ဟုတ်ဘူးလို့ သိရတာပေါ့နော်။ “မြန်မာတွေက တယောက်ပဲကြိုက်ပြီး တယောက်ပဲ လက်ထပ်သလား“ လို့ မေးလာတဲ့အခါ “အဲလိုများတယ်“လို့ ဖြေမိတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ “ဒို့ဆီမှာလည်း စိတ် အမျိုးမျိုးရှိတာပါလေ“၊ “ရည်းစားတွေ အများကြီးထားတာလည်း ရှိတာပါပဲ"လို့ တွေးမိလိုက်တယ်။ ကွာခြားချက်တခုက သူတို့က ပွင့်လင်းတယ်။ ကိုယ့်ဆီက တိတ်တိတ်လေး လုပ်နေကြတာတွေရှိတယ်။ နောက်တော့လည်း နိုင်ငံနဲ့မဆိုင်ဘဲ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုရင် ပိုမှန်မယ်ထင်တယ်လို့ အတွေးသတ်လိုက်မိတယ်။
လူတယောက်နဲ့ တယောက် ပတ်သက်ကြပြီဆိုရင် လေးစားမှု၊ အထင်ကြီးမှုလည်း ပါရမယ်။ ကိုယ်လက်ထပ်မည့်သူကိုမှ အထင်ကြီးစိတ်မရှိရင်လည်း လက်တွဲဖို့ လွယ်ကူပါ့မလား။ အတွေးတွေ ကွာခြားနေမယ်ဆိုရင်ရော လက်ခံနိုင်ပါ့မလား။ များသောအားဖြင့်တော့ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ချင်ကြမှာပါ။ သစ္စာလည်း ရှိချင်ကြမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားကြရင်လည်း ရင်ဆိုင်ကြရတယ်။ မေ့ပျောက်ကြရတယ်။ မေ့နိုင်အောင် ကြိုးစားကြရတာတွေ ရှိမယ်။ “အနေဝေးရင် သွေးအေးတယ်“ ဆိုတာတော့ လူနဲ့ ဆိုင်ပါတယ်။ ခံယူချက်တိကျမယ်ဆိုရင် ဝေးတာ၊ နီးတာ ဆိုင်မယ်မထင်ပါဘူး။ ဂျပန်မလေးရဲ့ အမြဲစိတ်ဝင်တစားမေးတတ်တဲ့ မေးခွန်းတခုရှိပါတယ် “အွန်းလိုင်းမှာ စကားပြောရုံ၊ ဖုန်းပြောနေရုံလေးနဲ့ မိုင်ပေါင်းများစွာဝေးတဲ့သူကို ဘာလို့ချစ်နေနိုင်သလဲ“ “ထူးဆန်းတဲ့ အချစ်အကြောင်း ပြောပြစမ်းပါ“ တဲ့လေ။ ကိုယ့်မှာ သူကျေနပ်လောက်စေမည့် အဖြေမရှိပါဘူး။ “သံယောဇဉ်“ တွေ “သစ္စာ“တွေ သွားပြောလည်း သူက လက်ခံမယ် မထင်ပါဘူး။ ကိုယ့်စိတ်ထဲမှာတော့ တယောက်နဲ့တယောက် ပတ်သက်ကြတာ နားလည်မှုတွေ၊ သံယောဇဉ်တွေ ရှိနေလို့ ခိုင်မြဲတယ်ဆိုတာပဲ သိတာပါ။
သူငယ်ချင်းတွေ တချို့အတွဲတွေလည်း အိမ်ထောင်ကျသွားကြပြီ။ တချို့လည်း ချစ်တဲ့သူနဲ့ တချို့လည်း နောက်မှ ချစ်ကြတဲ့သူနဲ့ပေါ့။ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေကြတယ်ဆို ဝမ်းသာမိတာပါ။ အဆင်ပြေတယ်ဆိုတာပဲ ကြားရတော့ စိတ်ချမ်းသာတာပေါ့။ တချို့လည်း နောက်တယောက်နဲ့ တွဲကြပေါ့။ သူငယ်ချင်းအချင်းချင်း ပြောကြတာတခုရှိတယ် “နောင်ပြန်တွေ့ကြရင် ဘယ်သူ မပါဘူးလား“ ဆိုတာ မမေးမိစေနဲ့။ “အတူလာတဲ့လူကို အရင်ကြည့်၊ အခြေအနေလေးလည်း ကြည့်“ လို့ ပြောဖြစ်ကြတယ်။ ဟုတ်တယ်လေ တခါတလေ အစွဲလေးတွေရှိသကိုး “သူငယ်ချင်း ဘယ်သူလေ“ ဆိုရင် “ဟယ် ဘယ်ကောင်နဲ့ အိမ်ထောင်ကျနေပြီလား“ ဆိုပြီး လွှတ်ကနဲ မေးချင်တာ။ တနေ့ကပဲ သူငယ်ချင်း ကောင်လေးတယောက်နဲ့ စကားပြောဖြစ်တယ် “မဇနိရေ ကျနော်တို့ ယောက်ျားလေးတွေက မိန်းကလေးတွေချစ်လာတဲ့ ဒဏ်ကို မခံနိုင်ဘူးဗျ“ တဲ့။ မြတ်စွာဘုရား။ “အဲသလိုမထင်ဘူး“၊ “မိန်းကလေးတချို့က လိုချင်တာကို နည်းမျိုးစုံနဲ့ ရအောင်ယူတတ်တယ်“၊ “တချို့ယောက်ျားလေးတွေက ရိုးတော့ မာယာတွေကို နားမလည်ဘဲ ပါသွားကြတာ“ လို့ ပြောလိုက်တယ်။ “ယောက်ျားလေးတချို့က အတော်ရိုးသားကြတယ် ကောင်မလေးတွေ ကပ်မှန်းသိပေမယ့် အားနာပြီး ပါသွားကြပြန်ရော“ လို့ ပြောမိတာပေါ့။ သူငယ်ချင်းမိန်းကလေးတွေသိရင် ထုချင်နေကြမှာပါ။ အရမ်းမပြောပါဘူး ကိုယ့်ပတ်ဝန်းကျင်မှာ အဲသလိုတွေ မြင်နေရ၊ ကြားနေရတော့လည်း ပြောမိတာပါ။
မိန်းကလေးကလည်း မူယာမာယာများပါတယ်။ ကြောက်စရာလည်းကောင်းပါတယ်။ ပါးစပ်ကလေးတွေနဲ့ သူတဖက်သားကို ပြုစားချင်ကြတယ်။ ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို ကတိတွေပေးပြီး နောက်များမှ ဆောရီးချင်ကြတာလည်း မကောင်းဘူးပေါ့။ တနေ့က မောင်လေးလိုခင်တဲ့ တစ်ယောက် ငိုလား၊ မူးလားနဲ့ ပြောလာပါတယ်။ သူနိုင်ငံခြားရောက်နေတာ (၄) နှစ်ရှိပြီ ကောင်မလေးက စာတစ်စောင်မှမရေးလို့။ သူဖုန်းခေါ်ရင် ဖုန်းကိုင်ပေမယ့် ပြောတာကိုပဲ နားထောင်ပြီး စကားကို ကောင်းကောင်း ပြန်မပြောလို့တဲ့။ အဲဒါ အစ်မအနေနဲ့ ဘယ်လိုထင်လဲ။ ကူညီပါအုံးတဲ့။ ဒုက္ခပဲ။ ကိုယ်ကလည်း သူငယ်ချင်းတွေကြုံဖူးနေတာ၊ သူငယ်ချင်းမိန်းကလေးတွေ ပြောဖူးခဲ့တာတွေကို သိနေတော့ ဘာပြောရမှန်းမသိပါဘူး။ တကယ်တော့ သူခံစားနေတာကို အားပေးရမယ်ဆိုတာ သိပေမယ့် စိတ်ကမရဘူး။ “ဒါ နင့်ကို မချစ်လို့“၊ “အသစ်ရနေတာ ဖြစ်မယ်“ လို့ ရေနစ်သူကို ဝါးကူထိုးလိုက်တာ ငိုပါလေရော။ ငိုသာငိုတာ သူကလက်မခံဘူး “အစ်မပြောတာ မဖြစ်နိုင်ဘူး“ “သူက ကျနော့ကို သိပ်ချစ်တာလို့ ပြောဖူးတယ်“ တဲ့။ “နင်သေလိုက်“ လို့၊ “ဒီလိုမျိုး ပြောတိုင်းယုံနေရင်တော့ ဆက်ခံစားနေ“လို့ ပြောလိုက်မိတယ်။ ဟုတ်ပါတယ် “နင့်ကို သိပ်ချစ်တာပဲ“လို့ ပြောဖို့ ဝန်မလေးတဲ့ မိန်းကလေးတွေလည်း ရှိခဲ့ဖူးလို့၊ ကြုံခဲ့ဖူးလို့ ဒါတွေဟာ မထူးဆန်းတော့ပါဘူး။ သူကလည်း လက်မလျှော့သေးပါဘူး “အစ်မရေ သူက ကျောင်းဆရာမ မို့လို့ ကလေးတွေရှေ့ စာရေးရမှာ ရှက်နေလို့ များလား“ တဲ့။ စိတ်ကလဲတိုလာတော့ “ကျောင်းဆရာမမှာလဲ ကိုယ်ပိုင်အချိန်ရှိတာပဲ၊ ခုခေတ်မှာ ရည်းစားဆီ စာမရေးရဲဘူးဆိုတာ ရှိဘူး“ လို့ ပြောလိုက်တယ်။ တကယ်တော့ သူ့ကောင်မလေးက အသစ်ကောင်လေးနဲ့ တွဲနေတာ ကြားထားလို့လည်း ဒီစကားတွေ ပြောမိတာပါ။ နိုင်ငံခြားမှာ အလုပ်သွားနေတဲ့ကောင်းလေးက ပင်ပန်းနေမယ်။ ကိုယ့်စာလေးဖတ်ရရင် ခဏလေးများ စိတ်ပျော်ရွှင်စေမလားလို့ တွေးပြီး နားလည်ပေးမယ် စာရေးမယ်ဆိုရင် ပိုကောင်းတာပေါ့နော်။ ဒါလည်း တကယ်ချစ်တယ်၊ ဦးတည်ချက်ခိုင်မာတယ်ဆိုရင် ပြောစရာလိုမှာ မဟုတ်ပါဘူး။ “အစ်မရော အစ်ကို့ဆီ စာရေးခဲ့သလား“ လို့ ထပ်မေးတော့ “တပတ်ကို နှစ်စောင်၊ တစောင်ကို ဆယ်မျက်နှာရေးတယ်“ လို့ ပြောလိုက်တော့ ငိုနေရာကနေ တခွိခွိ ထရယ်တော့တယ်။ “ဟဲ့ ဘယ်လို ဖြစ်တာလဲ“ ဆိုတော့ “သူသိသွားပြီ၊ သူ့ကောင်မလေးက နားလည်မှုမရှိတာ အဓိက“ ပါတဲ့လေ။ အခုတော့ သူလည်း ဖုန်းဆက်မလာတော့ဘူး။ သူ့ဟာသူကျိတ်မှိတ်ခံစားနေသလား၊ အဆင်ပြန်ပြေသွားသလား မမေးမိတော့ဘူး။
သူငယ်ချင်းတယောက်ကတော့ ဆောက်လုပ်ရေးက အင်ဂျင်နီယာပါ။ ငယ်ငယ်က တကယ့်စာကြမ်းပိုးပါ။ အခုထိလည်း မစွံသေးဘူး။ သူက ငယ်ငယ်က အချစ်ဆိုတာ အလကားပါဆိုပြီး ဘယ်သူ့မှ စိတ်မ၀င်စားဘူး။ ချစ်သူကောင်မလေးရတဲ့ သူငယ်ချင်းတွေကို “မင်းတို့ ဘုန်းနိမ့်ချိန်ရောက်လို့ ကောင်မလေးရတာ“ လို့ ပြောတတ်တဲ့သူပါ။ အခုမှ သူနဲ့အတူ အင်ဂျင်နီယာမကို ကြိုက်မိတယ်ပေါ့။ ကောင်မလေးက အချောစားလေးပါ။ သူက ရုပ်ကမဆိုးပေမယ့် လူကရိုးတော့ ကောင်မလေးက မကြိုက်ပါဘူး။ ဒါပေမယ့် ခက်တာက မကြိုက်ဘူးလည်း မပြောဘူး။ ဘယ်လိုနှိပ်စက်သလဲဆိုတော့ သူတို့ တိုက်ခန်းဝရံတာတွေက ဆက်နေတယ်။ ဒါနဲ့ “ဝရံတာက ငရုတ်ပင်လေးသီးရင် အဖြေပေးမယ်“ လို့ ဆိုထားတယ်။ သူငယ်ချင်းကောင်လည်း ရေးလောင်းရတယ်။ အရိပ်ကြည့်ရတယ်။ ပွင့်လာတဲ့အပွင့်တောင် ဘယ်နှစ်ပွင့်လည်း သူသိတယ်။ တခြားသူငယ်ချင်းတွေက ညအိပ်အလည်ခေါ်ရင် သူ့မှာ ငရုတ်ပင်လေးအစွဲနဲ့ မလိုက်နိုင်ဘူး။ ရေလောင်းပျက်ရင် အသီးမသီးမှာ စိုးတာကိုး။ သူက ရှက်တတ်တော့ သူများကို မပြောပါဘူး။ မအားလို့ မလာနိုင်သလိုလိုလုပ်တာ။ နောက်မှ သူမလာလွန်းတော့ ဘာလဲအဖြေပေါ်တော့တာ။ အခုတော့လည်း ငရုတ်ပင်လေးက အပွင့်ပွင့်ပေမယ့် ကောင်မလေးက သူထက် ရုပ်ဖြောင့်တဲ့၊ ချမ်းသာတဲ့သူကို လက်တွဲသွားလို့ ကျန်ရစ်ဖြစ်နေလေရဲ့။ သူကတော့ ခံစားကောင်းတုန်း၊ စွဲနေတုန်းပါ။
တကယ့်တကယ် နှစ်ယောက်လက်တွဲကြမယ်ဆိုရင် သစ္စာရှိဖို့၊ ဆုံးဖြတ်ချက်ခိုင်မာဖို့၊ နားလည်မှုရှိဖို့ လိုမယ်ထင်ပါတယ်။ ဒါတွေရှိရဲ့သားနဲ့မှာ လက်တွဲခွင့်မရဘူးဆိုရင်တော့ ကံကြမ္မာကို ရိုးမယ်ဖွဲ့ကြရမှာပေါ့။ အခုက မိန်းကလေးတချို့ရဲ့ နှိပ်စက်ခြင်းခံနေရတဲ့ သူငယ်ချင်းတွေကို သနားလို့ ရေးမိတာပါ။ နားလည်မှုအပြည့်ရှိတဲ့ နှစ်ကိုယ်တူဘဝကို ထူထောင်နိုင်ဖို့ မျှော်လင့်မိပါတယ်။
မဇနိ
9 comments:
ဟုတ်ပါတယ် မနိရေ ၊၊ ရိုးရှင်းစွာ ဆုတောင်းပေးပါတယ်၊၊ အားလုံး ..အားလုံးပျော်ရွှင် အဆင်ပြေကြပါစေလို့ ၊၊
( အများကြီး မဖော်ပြေတတ်လို့ပါဗျာ ၊၊ )
မဇနိရဲ့ ငရုတ်ပင်ရေလောင်းရတဲ့သူငယ်ချင်းကို သနားတယ် ။ တချို့ မိန်းကလေးတွေက မကြိုက်တာကို ကြိုးရှည်၂နဲ့ လှန်ထားတာမျိုး ကျမလည်း သဘောမကျဘူး ။
လူ လူ ချင်း လူသားချင်းစာနာတဲ့သဘောအနေနဲ့ မလုပ်သင့်ဖူး ထင်လို့ မကြိုက်တာလေ ။ ကိုယ့်ကို အဲလို ကြိုးရှည်၂နဲ့ လှန် ထား ရင် ကြိုက်မလား ။ ဒါက မိန်းကလေးတယောက်ရဲ့ ရပိုင်ခွင့်လို့ ထင်မယ်ဆိုရင်တော့ သိပ်မှားတာပေါ့ ။
မဇနိရေ.. အမလည်း အဲဒီလို ပုံပြင်မျိုးတွေ ကြုံဖူးတယ်။ ယောင်္ကျားလေးဆိုလည်း ယောင်္ကျားလေးမို့လို့ ကောင်မလေးက ကစားနေတာတာလည်းကြုံဖူးတယ်။ မိန်းကလေးဆိုရင်လည်း သူ့ကောင်လေးက သူ့အကြောင်းကိုကြတော့ ဘာမှ မပြောဘူး မိဘတွေကိုလည်း အသိမပေးဘူး ယူဖို့လည်း မပြောဘူး တွဲလာတာ ကြာလှပြီဆိုတော့ ကောင်မလေးက မပြတ်နိုင်ဘူး.. အို..စုံနေတာပါပဲ ညီမရယ်.. အမကို ဘာလုပ်ရမလဲ ဘာလုပ်သင့်သလဲမေးရင်တော့ မသိဘူးလို့၊ ပြောသလို လုပ်မှာမို့လားလို့ ပြန်မေးလိုက်တယ်။ ကိုယ့်စိတ်ကတော့ ခပ်ပြတ်ပြတ်သမားမို့လား မသိဘူး.. ကိုယ့်အဖြေနဲ့သူတို့လိုချင်တာတွေနဲ့ တခြားစီဖြစ်နေတော့ နောင် အမဆီက ဘာအကြံမှ မတောင်းတော့ဘူး... :D
သေသေချာချာ ဖတ်သွားပါတယ် မမနိရေ။ တချို့ မိန်းကလေးတွေက ဒီလိုကြိုးရှည်၂နဲ့ လှန်ထားတာမျိုး ကို ငါတယ်စွံပါလားဆို တလွဲဆံပင်ကောင်းတတ်ကျတယ် ။ နောက်အချိန်ကြာလာရင် ထိခိုက်လာမှာ သူတို့ကိုယ်တိုင်ပဲဆိုတာမသိကြဘူး ။
“တပတ်ကို နှစ်စောင်၊ တစောင်ကို ဆယ်မျက်နှာရေးတယ်“ ဟီးဟီး ဒါတော့ မမနိ ကိုမမှီတော့ဘူး :P
နိုင်ငံခြားတိုင်းပြည်တွေမှာက ဒီလိုအချစ်ကို ကုန်ဈေးနှုန်းကြီးလို သတ်မှတ်နေကြသလိုကြီးနော့် တစ်မျိုးပဲ ခံစားလို့ မရဘူး သူတိုနိုင်ငံသူတွေထပ်စာရင်တော့ မြန်မာမိန်းခလေးတွေက အများကြီးသာတာပေါ့ စည်းစိမ်တွေများပေမယ့် မိသားစုနဲ့  ထမင်းလက်ဆုံမစားရတဲ့အဖြစ်ကတော့ဆိုးပါတယ်
ဘယ်လောက်ချမ်းသာသာ စိတ်ထဲမှာတော့ ၀မ်းနည်မှာပဲ အရက်မူးတဲ့ကောင်လေးကိုလည်းသနားတယ် သူကတော်တော်ချစ်လို့ ခံစားရတာပါ ကိုယ်ချင်းစာမိတယ် ချစ်သူတွေကြားမှာ သစ္စာတို့ နားလည်မှုတို့ ရှိနိုင်ရင်အကောင်းဆုံးပါပဲ ချစ်သောသူတိုင်းညာနိုင်ပြီး ညားတဲ့သူတိုင်းချစ်နိုင်ကြပါစေဗျာ ။
ဒီစာလေးကို ကျွန်တော်သဘောကျနေတဲ့ ကောင်မလေးကို ပေးဖတ်ချင်တယ်။
မဇနိစာရေးကောင်းပါတယ်။
သူငယ်ချင်းတွေအတွက် ပြောသလိုလိုနဲ့ ခံစားချက်လေးတွေပါတယ်။ ကိုကိုနိတော့ အဖိုးတန်ချစ်သူရတာပဲဗျို့။
“တပတ်ကို နှစ်စောင်၊ တစောင်ကို ဆယ်မျက်နှာရေးတယ်“တဲ့။ လိုက်လို့မမှီတော့ဘူး။ ဟီး ကိုယ့်ဘာသာ တစ်ပတ်တစ်စောင် တစ်ခါကို လျှောက်လွှာနဲ့၎မျက်နှာကို များလှပြီမှတ်တာ မနိနဲ့တွေ့မှ လက်မြှောက်ရတော့တယ်။ :D
ညီမလဲ ခုတလော အဲဒီအကြောင်းနဲ့ ပတ်သတ်ပြီး စဉ်းစားမိနေတာ။ သင်တန်းမှာ sensei ဆီကနေ မြန်မာပြည်က အတွဲတွေအကြောင်း အမေးခံရဖူးတယ်။ အဓိကကတော့ မိန်းကလေးကော ယောက်ျားလေးရော ၂ဖက်လုံး ရိုးသားကြဖို့ပါဘဲလေ။
ဒီ Post လေးကြိုက်တယ်။
မှတ်သားသွားပါတယ်။
SMNTL :))
အများကြီးမဖော်ပြတတ်ပေမယ့် ပြည့်စုံနေပြီပဲ ကိုကြီး ၀ီ။
မမဂျစ်ပြောသွားတဲ့ “ဒါက မိန်းကလေးတယောက်ရဲ့ ရပိုင်ခွင့်လို့ထင်ရင်တော့ သိပ်မှားတာပေါ့“ ဆိုတာလေးကို လေးစားသွားပြီ။
မဇနိတို့အကြံတောင်းရင်တော့ ပစ်မထားနဲ့အုံးနော် မမနုစံ။
ဟုတ်တယ် လူတွေက ဘာလုပ်ရမလဲသာလာမေးတာ တကယ်ပြောတဲ့အတိုင်းလဲ လိုက်မလုပ်ဘူးရယ်။
ညီမမေမိုးဆီက ကွန်းမန့်အရှည်ကြီးရလို့ ပျော်နေတာ :P
မေမိုးက မမှီလဲ စွံသွားပြီ စိတ်ပူနဲ့တော့။
မောင်မျိုးရေ အဆင်ပြေတဲ့ချစ်သူလေးရပါစေနော်။ နားလည်မှုရှိရင် အကောင်းဆုံးပေါ့မောင်လေး။
သဘောကျနေတဲ့ကောင်မလေးတော့ ပေးမဖတ်နဲ့လေ တော်ကြာ ရွှေစိတ်တော်ကွေးသွားနေမှ ကိုတားမြစ်ထားသော လိုက်ချော့နေရမယ်နော်။
အေဖိုး လေးမျက်နှာမှာ မေတ္တာတွေပါလို့ ဖူးစာရှင်ကြီးနဲ့ တူတူနေနေရပီလေ။ မဇနိက စာသာရေးတာများတာ ခုထိတော့.........
ညီမ SMNTL ရေ လာလည်တာ ကျေးဇူးပါ။
Post a Comment