Telegram (Konstantin Paustovsky)

>> Monday, March 17, 2008


Konstantin Paustovsky (Константи́н Гео́ргиевич Паусто́вский) ကွန်စတန်တင် ပါအူစတော့(ဗ်)စကီး (1892 — 1968) က ရုရှားစာရေးဆရာပါ။ သူ့ဝတ္ထုအတို ကြေးနန်းစာကို ဘာသာပြန်လိုက်ပါတယ်။ သူ့ဝတ္ထုတို အရှည်ကိုပြန်တာမဟုတ်ပါဘူး။ အတိုချုံ့ကို ပြန်တာပါ။ ဖတ်ကြည့်ပါဦး။

ကြေးနန်းစာ

အောက်တိုဘာလ၊ သိပ်ကိုအေးလွန်းပြီး မိုးကလည်းတစိုစိုနဲ့ပါ။ သစ်သားအိမ်ခေါင်မိုးတွေလည်း အနက်ရောင်ကို ပြောင်းနေပြီ။ ရှုပ်ယှတ်ခတ်နေတဲ့ မြက်တွေလည်း ပန်းခြံထဲမှာ မြေကြီးပေါ်ကိုလဲနေကြပါပြီ။ ပန်းတွေအားလုံးလည်း ပွင့်ချိန်ကကုန်ပါပြီ၊ ခြံစည်းရိုးနားက နေကြာပန်းတစ်ပွင့်ပဲ ကျန်နေပြီး ပွင့်ရွက်တွေလည်းကြွေနေပါပြီ။ မြစ်ကမ်းစပ်ကနေစပြီး ယိမ်းထိုးနေတဲ့ တောရိုင်းပင်တွေအပေါ်မှာ အုံ့မှိုင်းနေတဲ့တိမ်တွေက လေထဲလှုပ်ရမ်းနေတဲ့အပင်ကိုင်းတွေကို ပွေ့ဖက်ထားသလိုပဲ။ ပြီး မိုးတွေကလည်း သည်းသည်းမဲမဲရွာလိုက်တာ။





ကာကျယ်ရီနာ ပျယ်သရိုဗနာ မနက်ခင်းဆို အိပ်ရာထရာတာ ပိုခက်လာပြီး၊ မျက်စိတွေကလည်း ပိုမှုန်လာပါတယ်။ အခန်းထဲမှာက မီးထည့်မထားတဲ့ မီးဖိုးကြီးက ထွက်တဲ့အလွန်ဆိုးတဲ့ အနံ့အသက်တွေရယ်၊ ဖုန်တွေတင်နေတဲ့ သတင်းစာဟောင်းတစ်စောင်ရယ်၊ စားပွဲပေါ်မှာ အ၀ါရောင်သန်းနေပြီဖြစ်တဲ့ ဖန်ခွက်တွေရယ်၊ မဆေးကြောတာကြာပြီဖြစ်တဲ့ ရေနွေးအိုးကြီးရယ်၊ နံရံပေါ်က ပန်းချီကားတွေပဲရှိတာပါ။ အင်း အခန်းထဲမှာက မှောင်မည်းပြီးနေလို့လား၊ အချိန်တွေကြာလာလို့လားမသိပါဘူး၊ ပန်းချီကားတွေကလည်း အရောင်တွေမှိန်နေပြီးတော့ကာ ဘာပန်းချီကားတွေလည်းဆိုတာ မခွဲခြားနိုင်ပါဘူး။ ကာကျယ်ရီနာ ပျယ်သရိုဗနာကတော့ မှတ်မိနေတော့ကာ သိပါတယ်၊ ဒါကတော့ အဖေ့ရဲ့ပုံတူ၊ ဒါက ကရင်းစကီးကပေးထားတဲ့ လက်ဆောင်ပန်းချီကားဆိုတာကိုပေါ့။ ကာကျယ်ရီနာ ပျယ်သရိုဗနာက အလွန်ကျော်ကြားတဲ့ သူ့အဖေပန်းချီဆရာကြီးဆောက်ပေးထားတဲ့ ဒီအိမ်အိုကြီးထဲမှာ သူ့ဘ၀တစ်လျောက်နေသပေါ့လေ။

ဇာဘိုရယ် - ဆိုတဲ့ရွာကြီးမှာက ပန်းချီကားတွေအကြောင်းပြောဖို့ရာ၊ ပီကျဲ(ရ်)ဘု(ဂ်)မှာနေခဲ့ရတဲ့ ဘ၀အကြောင်းပြောဖို့ရာ အဖော်မရှိပါဘူး။ အော် အိမ်နီးနား ဖိနပ်ပြင်ဆရာရဲ့သမီး မာညုရှကာ-ကတော့နေ့တိုင်းလာပါတယ်၊ ရေတွင်းကနေရေခပ်ပေးတယ်၊ ကြမ်းတိုက်ပေးတယ်၊ ရေနွေးအိုးထဲရေဖြည့်ပေးပါတယ်။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-က ရိတိတိဖြစ်နေတဲ့ လက်အိတ်တွေ၊ အမည်းရောင် ဦးထုပ်မှာ တပ်တဲ့ သစ်ကုလားအုတ်ငှက်မွှေးတွေကို လုပ်အားခသဘောပေးပါတယ်။

- အင်း ဒါတွေ ငါကဘာလုပ်ရမှာလဲ၊ အပေါင်ဆိုင်ကိုပဲ သွားပို့တော့မယ်ဆိုပြီး၊ ပေးတာတွေယူပြီး မာညုရှကာ-ထွက်သွားတာပါပဲ။

တစ်ခါတစ်ရံမှာတော့ ပိန်ပိန်ပါးပါး ဆံပင်နီကျင်ကျင်နဲ့ အဖိုးကြီး ကျိဟွန်-လာတတ်ပါတယ်။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-ရဲ့အဖေ ပိကျဲ(ရ်)ဘု-ကနေရောက်လာတာ၊ ပြီး ဒီအိမ်ကြီးကို ဆောက်တာတွေကို သူကတော့မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက ကျိဟွန်-က ကလေးပဲရှိသေးတာဆိုပေမယ့် အဲဒီပန်းချီဆရာကြီးကိုလေးစားတာကတော့ တစ်ဘ၀လုံးပါ။

နာစကျာ- ဆိုတာက ကာကျယ်ရီနာ ပျယ်သရိုဗနာ-ရဲ့သမီးပါ။ အမျိုးရင်းဆိုလို့ တစ်ယောက်တည်းရှိတော့တဲ့ သမီးပါ။ သူကတော့ အတော်အတန်ဝေးတဲ့ လီနင်ဂရက်မြို့မှာနေပါတယ်။ လွန်ခဲ့တဲ့နှစ်ကပဲ ဒီရွာကို နောက်ဆုံးအခေါက်ရောက်တာပါ။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-က သူ့သမီး အခုအချိန်မှာ သူ့အတွက် အချိန်မပေးနိုင်တာ သိပါတယ်။ လူငယ်တွေဆိုတာက ကိုယ့်အလုပ်တွေနဲ့ကိုယ်၊ ပြီးတော့ နားမလည်နိုင်လောက်တဲ့ စိတ်ဝင်းစားမှုတွေနဲ့ပါ။ မနှောက်ယှက်တာပဲ ကောင်းပါတယ်။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-က အဲဒါကြောင့် သူ့သမီးအကြောင်းကို နေ့တိုင်းတွေးမိပေမယ့် စာကို ရေးခဲပါတယ်။ ချိုင့်ဝင်နေတဲ့ အိပ်ရာကုတင်အဖျားနားမှာ သူ တိတ်တိတ်ကလေးထိုင်နေတာများ၊ တိတ်ဆိတ်လွန်းလို့ ကြွက်တွေဆို မီးဖိုကနေဆောင်ထွက်ပြေးကြပါလေရော။

နာစကျာဆီက စာဆိုတာကလည်း မလာပါဘူး၊ နှစ်လသုံးလရှိရင် တစ်ခါလောက်တော့ စာပို့သမားလေး ဗာစီလိ-က ကာကျယ်ရီနာ ပျယ်သရိုဗနာ-ဆီကို သူ့သမီးလွှဲပေးတဲ့ ရူဘယ် နှစ်ရာလောက်ကို လာပို့ပေးတတ်ပါတယ်။ ဗာစီလိ ပြန်သွားရင် မှိုင်မှိုင်တွေတွေနဲ့ ပိုက်ဆံတွေကို လက်ထဲမှာ ကိုင်ပြီး ထိုင်နေတတ်ပါတယ်။

အောက်တိုဘာ လကုန်လောက် ညတစ်ညမှာ သံရိုက်ပြီးတော့ပိတ်တာကြာပြီဖြစ်တဲ့ ခြံထဲက တံခါးကို တစ်ယောက်ယောက်တံခါးလောက်ခေါက်ပါတယ်။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-လည်း စိတ်တွေ ကယောက်ခြောက်ခြားဖြစ်ပြီး၊ အဲဒီနှစ်မှာပထမဆုံး အိမ်ထဲကထွက်လာခဲ့တယ်။ ဖြေးဖြေးချင်း တစမ်းစမ်းနဲ့သွားရတာပါ။ တံခါးနားရောက်တော့ကာ တိုးတိုးလေးနဲ့ - ဘယ်သူလဲ။ ဆိုပြီးမေးပါတယ်။

တံခါးနောက်ကွယ်ကနေပြီး ဘယ်သူမှ မဖြေပါဘူး။ စိတ်ထဲကထင်လို့နေမှာပါဆိုပြီး နောင်ပြန်လှည့်လာလိုက်တယ်။ - ဒီဆောင်းတော့ အမေ မကျော်နိုင်လောက်တော့ဘူးကွယ်။ တစ်ရက်လောက်ဖြစ်ဖြစ်သမီးလာခဲ့ပါဦး။ - ဆိုပြီး အဲဒီညပဲ နာစကျာဆီကိုစာရေးပါတယ်။

နာစကြာက ပန်းချီပညာရှင်များအသင်းမှာ အတွင်းရေးမှုးလုပ်တာပါ။ အမေ့ဆီကလာတဲ့စာကို ဖတ်မကြည့်ဘဲ - စာရေးတယ်ဆိုတော့ အသက်ရှင်နေသေးသပေါ့ - ဆိုပြီး လက်ကိုင်အိတ်ထဲကို ထိုးထည့်လိုက်ပါတယ်။

အလုပ်ပြီးတော့လည်း ပန်းချီဆရာလေး တိမိုဖျယ်ရယ်(ဗ်)ရဲ့ ပန်းချီအလုပ်ခန်းကို သွားပါတယ်။ ပြီး ပန်းချီပြခန်းအတွက် ပန်းချီကားတွေနဲ့ နှစ်ပတ်လောက် အလုပ်ရှုပ်နေတော့တာပါပဲ။ ပြခန်းဖွင့်ပွဲအပြီး၊ ဆွေးနွေးပွဲတွေလုပ်နေတုန်းမှာ တံခါးနောက်ကွယ်မှာ အမြန်စာပို့သမားလေးက ကြေးနန်းစာပေးပါတယ်။
- ကားကျာ* ဆုံးကာနီးပြီး။
- ကျိဟွန်။ -
ဘယ်က ကားကျာ-ပါလိမ့်။ စဉ်းစားရင်းနဲ့ ပြန်ပို့ရမယ့်လိပ်စာကို ဖတ်ကြည့်တော့ - ဇာဘိုရယ်-တဲ့။
*ကားကျာ- ဆိုတာက ကာကျယ်ရီနာ ပျယ်သရိုဗနာ -ကို ခင်မင်သူတွေကခေါ်တဲ့နာမည်ပါ။

%%%%% ဒီလိုနဲ့ ကျိဟွန် စာတိုက်ကိုရောက်တော့၊ ကြေးနန်းစာရွက်အလွတ်တစ်ရွက်ကို ယူပြီး မညီမညာလက်ရေးကြီးနဲ့ စာတချို့ရေးပါတယ်။ ပြီး သူ့ဟာသူရေးထားတဲ့ ကြေးနန်းစာရွက်ကို ခေါက်ပြီး၊ ဦးထုပ်ထဲကိုထည့် လေးတိလေးကန်နဲ့ ကာကျယ်ရီနာ ပျယ်သရိုဗနာ ဆီကိုထွက်လာပါတယ်။

-ရော့ ဒီမှာ - ဆိုပြီး ကျိဟွန်က သူ့ကိုယ်တိုင်ရေးထားတဲ့ ကြေးနန်းစာကိုထုတ်ပြီး ကာကျယ်ရီနာ ပျယ်သရိုဗနာ-ကိုပေးပါလေရော။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-ဆိုတာက အိပ်ရာထဲလဲနေတာ ဆယ်ရက်လောက်ရှိပြီ။ ဒါပေမယ့် ကာကျယ်ရီနာ ပျယ်သရိုဗနာ-က ကြေးနန်းစာကိုမယူပါဘူး။

- ဖတ်ပြလိုက်ပါ။ သူက မျက်လုံးကကောင်းတာမှ မဟုတ်တာ။- လို့ မာညုရှကာက ကျိဟွန်းကိုပြောပါတယ်။ ကျိဟွန်းက ကြောက်လန့်စွာနဲ့ တချက်ကြည့်ပြီး၊ ခြောက်ကပ်ကပ် မရဲမရင့်လေသံနဲ့ ဖတ်ပါရော။
- နေပါဦးအမေရယ်၊ သမီးထွက်လာပါပြီ။
- အမြဲချစ်နေတဲ့ မေမေ့ရဲ့ သမီး နာစကျာ။ -

- မလိုပါဘူး ကျိဟွန်ရယ်၊ ကျေးဇူးတင်ပါတယ်။ - တိုးတိုးလေးနဲ့ ဖြေးဖြေးလေးပြောပြီး ကာကျယ်ရီနာ ပျယ်သရိုဗနာ နံရံဖက်ကို လှည့်သွားပါတယ်။ တကယ့်ကို ဖြူဖတ်ဖြူရော်နဲ့ သေးသေးကွေးကွေးခန္ဓာကိုယ်လေးက မလှုပ်မယှက်နဲ့ အိပ်ပျော်နေသည့်အလားဖြစ်နေပါတော့တယ်။

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP