ဧည့်သည်တစ်ဦး၏တစ်နေ့တာခရီး

>> Wednesday, March 5, 2008

ရွေနီရဲ့တွန်သံဟာ မိုးလင်းတော့မယ်လို့ သူမကိုတိတိကျကျအသိပေးလိုက်ခြင်းပဲဖြစ်သည်။ အခါတိုင်းမှာ လင်းအားကြီးချိန်တိုင်း လေးကြိမ်မှန်မှန်တွန်တတ်တဲ့ရွှေနီက ဒီမိုးသောက်မှာတော့သုံးခါကိုပင်နောက်ဆုံး အကြိမ်ကမပီမပြင်။ သူ့သခင်မဟာ သူ့အသံကိုနောက်ဆုံးကြားရခြင်းဖြစ်သည်ကို နားလည်သည်ပဲလား..။ ခြေရင်းဖက်လုံးပေါ်က လှုပ်ရှားလို့မရတော့သောခြထောက်တွေကို လှမ်းကြည့်လိုက်သည်။ ဒီခြေထောက်တွေဟာ လမ်းမှန်ကိုသာလျှောက်ခဲ့တယ်လို့ သူမကယုံကြည်သည် (အဲဒီလမ်းမှန်ကိုကြည့်သော သူမမျက်လုံးများ အမြင်အာရုံမချွတ်ယွင်းခဲ့ရင်ပေါ့လေ) အမှောင်ကိုကြောက်လှသူမဟုတ်ပဲ မြင်ခွင့်ရချိန်ကို မက်မောစွာထွန်းညှိထားသောဖယောင်းတိုင်အလင်းနှင့် သူမဘေးမှာ နှစ်ချိုက်စွာအိပ်မောကျနေသူများကို လှမ်းကြည့်ပြီးမှ အဆုံးစွန်ဆုံးလူတိုင်းဟာသေခါနီးအချိန်မှာ မိသားစုနဲ့ ခွဲခွာနိုင်ဖို့၊ ကိုယ့်ကိုယ်ကို စွန့်လွှတ်နိုင်ဖို့ ကြိုးစားကြရတယ်။ စွန့်လွှတ်ခြင်းဟာ ... အမှန်တရားကို လက်ခံလိုက်ခြင်းပါပဲ။ ဒါဟာ ရှုံးနိမ့်ခြင်းမဟုတ်ပါဘူး ဆိုတဲ့ဆုံးမစကားတစ်ခုကိုသတိယပြီး မျက်ဝန်းအကြည့်ကိုရွှေ့လိုက်တယ်။

မပေးချင်တာကိုရယူဖို့ ဘယ်တုန်းကမှမကြိုးစားခဲ့ပဲ အမြဲတမ်းစွန့်လွှတ်ခဲ့ဖူးပါရက်..ခုမှနိမ့်ချီမြင့်ချီနှင့် အတင်းရုန်းကန်ကာရယူဖို့ကြိုးစားနေရှာသော သူမရင်ဘတ်နှင့် ဟ၍အသက်ရှုနေသောပါးစပ်ကို သတိထားမိလိုက်သည်။ သို့သော် မကြာခင်မှာ သူမဟာ တကယ်ပဲကောင်းမွန်စွာ စွန့်ထွက်နိုင်ခဲ့ပါသည်။.သူမဟာ ကုတင်ပေါ်ကသူမကို ကျေနပ်စွာလှမ်းကြည့်လိုက်သည်။ အေးချမ်းလှသောသူမမျက်နှာက သူမရဲ့နောက်ဆုံးအချိန်ကို မသိလိုက်ရ သူတို့၏နောင်တတွေနဲ့ ပူလောင်မှု့တွေကို အတန်ငယ်လျော့စေကောင်းရဲ့။ ဒါပေမဲ့ သူမဒီနေရာမှာ ကြာကြာမနေလိုပါ။ ချစ်သောသူများ၏ပူဆွေးမှု့များကိုနှစ်သိမ့်မှု့ပေးဖို့အခွင့်အရေးမရှိတော့သော ဤနေရာတွင်မနေလိုပါ။ နှစ်လနီးပါး အိပ်ယာထက်မှာလဲလျောင်းနေရစဉ်မှာကတည်းက သူမ သွားခွင့်ရရင်သွားရောက်မည့်နေရာတွေအတွက် ဒီတစ်နေ့သည် အရေးကြီးသည်။ မနက်ဖြန်သည် သူမအတွက်ရှိဦးမလားဆိုတာက သူမ မသိရသော အခြေအနေတစ်ခုသာ။ ပထမဦးဆုံးခြေလှမ်းက ဖေဖေ့ဆီ။ ရောင်နီပါးပါးအောက်မှာ ဖေဖေချစ်သောရွာကလေးကအိပ်ရေးမ၀သေးသော်လည်း သူ့ရွာသူမလေးကိုတော့ ဆီး ကြိုနေသည်။ မမှတ်မိသောခွေးများက စူးစူးဝါးဝါးအော်လိုက်ကြတော့ သူမလန့်သွား၏။ အားတင်းပြီး ရွာဘေးလမ်းကလျှောက်ခဲ့ရာ မများလှသောအုပ်ဂူလေးတွေထဲမှာမှ အရောင်အလွင်ဆုံးသော ဖေဖေ.အုပ်ဂူကိုသူမလှမ်းမြင်ရပြီ။ ဖေဖေသမီးလာခဲ့ပြီ.။ သမီးကိုချစ်တဲ့စိတ်နဲ့ပဲဆုံးသွားရှာတာလို့ လူတွေပြောကြသလိုဖေဖေယူဆရင်တော့ ဖေဖေ့ဆီကိုအစောဆုံးလိုက်လာတဲ့သမီးကို ဖေဖေခွင့်လွှတ်တော့နော်။ ဒါမှမဟုတ် ဖေဖေ့ဆန္ဒလို့ယူဆပြီး ဖေဖေနဲ့ဆန့်ကျင်ဘက်တွေကိုသာ အမြဲလုပ်တတ်တဲ့ ထုံအအသမီးကို ဖေဖေစိတ်ဆိုးဦးမလား။ ဘာပဲဖြစ်ဖြစ် ဖေဖေ့ကိုတွေ့ရင်တော့ ဘာမှပြန်မပြောပဲ ဖေဖေ့စကားတွေကို တ၀နားထောင်ပစ်လိုက်ဦးမည်။ တကယ်တမ်းကျတော့ ထိုနေ့မှာ သူမ ဖေဖေ့ကိုရှာမတွေ့ခဲ့။ သိစိတ်မှာဝမ်းနည်းမိပေမဲ့ မသိစိတ်ကကျေနပ်နေမိသည်။ လွတ်မြောက်ပါ ဖေဖေ ကျေးလက်လူထုရဲ့ဆင်းရဲမှု့တွေကို မျှဝေခံစားဖို့၊ ပူးပေါင်းရုန်းကန်ဖို့ ဖေဖေပြန်မလာနဲ့။ ဘာမှလုပ်ပိုင်ခွင့်မရသူတွေအတွက် တစ်ယောက်စာလျော့ရင် နည်းနည်းစီပိုစားရတာပေါ့လို့ သမီးကတော့ယူဆတတ်သွားပြီ။ရွာဖက်ဆီက ကြေးစည်ခတ်သံသည် ဆွမ်းခံကြွချိန်…ရှစ်နာရီထိုးပြီးပြီပေါ့။ ဖေဖေအတွက်စိတ်ချသွားတော့ ဒုတိယခြေလှမ်းမှာ ပေါ့ပါးသွက်လက်နေသည်။ သူမနေထိုင်ရာမြို့ကလေးဆီ။ သူမစာသင်ရာ ကျောင်းက မေမြို့ပန်းရောင်စုံဖူးပွင့်နေတဲ့ကျောင်းပန်းခြံနဲ့ အနီးဆုံးမူကြိုဆောင်ဆီကိုလေ။
မွန်းအိန်ဂျယ်လ်


1 comments:

Sonata Cantata June 30, 2008 at 1:09 PM  

အဆုံးစွန်ဆုံးလူတိုင်းဟာသေခါနီးအချိန်မှာ မိသားစုနဲ့ ခွဲခွာနိုင်ဖို့၊ ကိုယ့်ကိုယ်ကို စွန့်လွှတ်နိုင်ဖို့ ကြိုးစားကြရတယ်။
အခြားတစ်နေရာမှာ ဖတ်ဖူးတာနဲ့ ဆက်စပ်လိုက်ပါတယ်။
ယုတ်စွအဆုံး ကိုယ့်ဟာလို့ ထင်တဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးတောင်ထားခဲ့ရဦးမှာပါ။
http://theinginwai.blogspot.com/2008/06/blog-post_20.html

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP