တောင်ရောက်မြောက်ရောက် အလွမ်းစာ

>> Monday, March 24, 2008


တောင်ရောက်မြောက်ရောက် အလွမ်းစာ

အရင်ရက်ကတင်ထားတဲ့ တရားစာကိုကြည့်ပြီး အင်း ငါတော့ခက်နေပြီလို့။ ကိုယ့်စိတ်ကို စစ်လားဆေးလားကို နောက်မှပဲလုပ်တော့မယ်။ အခုလောလောဆယ်တော့ စိတ်ထဲရှိတာတော့ မှားမှားမှန်မှန် ရေးဦးမှဆိုပြီး ရေးတော့တာပဲ။ ဒီလိုပါ၊ ကျနော် အနေရခက်နေတာပါ။ အကြောင်းကတော့ မဇနိနဲ့ မတွေ့ရလို့ပါ။ ဘာလို့ မတွေ့ရသလဲဆိုတဲ့အကြောင်းတော့ မပြောတော့ပါဘူး။ စိတ်ထဲ ရောက်လာတာတွေကိုပဲ ပြောတော့မှာပါ။



ကျနော် အိမ်နဲ့ဖုန်းဆက်ရင်တောင် ကြာလွန်းလို့၊ မင်းတို့အိမ်မှာ ကြောင်ဘယ်နှကောင်မွေးတာလဲ၊ အဖြူလေးက ဘယ်နှကောင်လဲ၊ အမဲလေးကရော ဘယ်နှကောင်လဲ၊ စပ်ကြားလေးကရော ဘယ်နှကောင်လဲ- လို့မေးပြီး ဖုန်းပြောကြာတတ်တာကို သူငယ်ချင်း ကိုဖြူက စတတ်ပါတယ်။ အင်း ပြောရရင် ကျနော်ကလည်း အမေချစ်ကို။ အဝေးသွားကျောင်းတွေတက်လို့ ဖုန်းဆက်ဖြစ်ရင် အမေနဲ့ပဲ ပြောဖြစ်တာ။ အဖေက အေးလည်းအေးတော့ စကားကို အဖေနဲ့က သိပ်မပြောဖြစ်ဘူး။ အမေနဲ့ကတော့ ဖုန်းလာကိုင်လို့ အမေနေကောင်းလား လို့မေးလိုက်မိတယ်ဆိုရင်ပဲ၊ အမေက အေး - သားရဲ့၊ အမေက နေလို့ကောင်းတယ်၊ မင်းအဖေကတော့ ဘယ်လို၊ ဘာညာဆိုပြီးတော့ကို ကျန်းမာရေးအကြောင်း၊ အိမ်ကိစ္စအကြောင်း၊ ညီအကိုအရင်းတွေအကြောင်း၊ ဘယ်သူကတော့ ဘယ်မှာ၊ ဘယ်သူကတော့ ဘာလုပ်နေတယ်၊ အေး ရာသီဥတုကဘယ်လို၊ ပြီးတော့ကာ ဆွေမျိုးသားချင်းတွေ အကြောင်းပြောတော့တာပါပဲ။ ကျွန်တော်က ငြိမ်ပြီးတော့ နားထောင်နေယုံပါပဲ။ အင်း၊ အော် ၊ အဲသလိုလား၊ ဒါပေါ့ အမေရဲ့၊ ဟုတ်ကဲ့အမေ၊ စိတ်ချပါအမေ၊ဟုတ်။ ဒါတွေကတော့ ကျနော်က ပြန်ပြောရတာတွေပါ။ ပြီးမှ မင်းပညာရေးပြောပါဦးဆိုမှ အဆင်ပြေကြောင်း၊ နေကောင်းပါကြောင်းလောက် ပြောဖြစ်တာပါ။ အမြဲတမ်း အမေနဲ့ အဲသလို ပြောနေလို့ ဆိုပြီး၊ နောက်တခေါက်ပြန်ပြောရင်လည်း ပျင်းရိမသွားပါဘူး။ အမေကလည်း ပြောစရာ အမြဲရှိနေတာပါ။ ကျနော်တို့က အမေနဲ့ပဲ ဖုန်းပြောဖြစ်တာများတော့ သိပ်ပြီး အနေအေးဆေးတဲ့ အဖေကတောင် မင်းတို့က အဖေမပါ မွေးလာတာ ကျလို့ကွာလို့ ပြောတတ်ပါတယ်။

တခါက အမေ့အကိုကြီးက အမေ့ကို စဖူးပါသတဲ့။ နင်ကတော့ သားသမီးတွေမွေးထားပြီး ချစ်လိုက်တာ၊ အခုကျတော့လည်း နင့်ကို တစ်ယောက်ပြီးတစ်ယောက်ခွဲခွဲပြီး ထွက်သွားကြတာပဲ- လို့ပြောတော့ အမေက မျက်ရည်ကျပါသတဲ့။ အင်း သူပြုစုပျိုးထောင်လာတဲ့ သားသမီးတွေက အချိန်အခါကျလာတော့ တစ်နယ်တစ်ကျေး စာသင်သွားကြရတာကိုး။ ပြီး အလုပ်ခွင်ထဲရောက်တော့လည်း အိမ်ကို ခဏချင်းတွေ ပြန်မှ မရောက်ကြတော့တာ။ ကျနော်တို့ အိမ်မှာ အရင်က ကြောင်တွေမွေးလေ့မွေးထ မရှိပါဘူး။ အဖေရော အမေရောက ကြောင်မွေးရတာကို ၀ါသနာမပါကြဘူးထင်ပါတယ်။ ကျနော်ဆို ကြောင်တွေ့ရင်လည်း မကိုင်တတ်(မပွေ့ချီတတ်)၊ အဆိုးဆုံးကတော့ ကြောင်မွှေးတွေလက်မှာ ကပ်ကျန်ခဲ့မှာကို မကြိုက်တာပါ။ ပြောချင်တာက အိမ်မှာ ကြောင်မွေးတာ အလေ့အကျင့်မရှိလို့ ကြောင်ဆို မကိုင်တတ်၊ မတွယ်တတ်နဲ့ မချစ်တတ်တာကို ပြောချင်တာပါ။ ကျနော် အိမ်ကို ဖုန်းမဆက်တာကြာပြီး တစ်ခါဆက်တုန်းက အိမ်မှာ ကြောင်တွေမွေးထားတယ်လို့ ပြောပါလေရော။ နာမည်တွေကိုလည်း ကျနော်တို့ မောင်နှမတွေနာမည်တွေပေးထားပါသတဲ့။ သားရယ် သူတို့လေးတွေက မင်းတို့လေးတွေအတိုင်းပဲတဲ့။ ကျနော်နာမည်ရထားတဲ့ ကြောင်လေးက ၀၀လေးဖြစ်နေမှာပေါ့။ ညီလေကြောင်ဆိုရင် ခပ်ဆိုးဆိုးလေးနေမယ်။ ကျနော်မှာ စိတ်ထဲမကောင်းဖြစ်ရပါတယ်။ အော် ငါ့ခမြာ ပျော်ရာမှ မနေရ၊ တော်ရာမှာနေရ ဆိုတဲ့စကားအတိုင်း ရောက်ချင်တဲ့အရပ် အဝေးတွေရောက်ပြီးနေလိုက်တာ။ ဘ၀ဆိုတာအဲသလိုကြီးလည်း ဟုတ်သေးပါဘူး၊ ပျော်ရာမှာ ကိုယ်ချစ်တဲ့သူတွေနဲ့လည်း နေလို့ရအောင်ဖန်တီးရမှာပေါ့လို့လည်း စိတ်ကူးမိပါတယ်။ အခုထိတော့ မတတ်နိုင်သေးပါဘူး။

ဒီတော့ကာ မဇနိနဲ့မတွေ့ရတာနဲ့ ဘာကိစ္စ အမေကိစ္စက အရင်ပြောရတာလဲ- လို့ ပြောစရာရှိလာပါတယ်။ ဒီလိုပါ၊ မဇနိဆိုတာကလည်း ကျနော့်အမေနီးနီးပါပဲ။ ဘာတွေနီးနီးလဲဆိုတော့ကာ နှစ်ယောက်သား တွေ့လိုက်ရင် တောက်တောက်..တောက်တောက်နဲ့ ပြောစရာရှိတာတွေကို အကုန်ပြော၊ ချွဲစရာရှိတာတွေကို အကုန်ချွဲတတ်တာက သူပါ။ ညအိပ်ရင်တောင် သူ့အသံတွေ နားတွေထဲကြားနေတတ်ပါသေးတယ်။ သူက သူငယ်ချင်းဆိုလည်းဟုတ်၊ အမကြီးဆိုလည်းမှန်၊ ညီမလေးဆိုလည်းမမှား ဖြစ်နေတော့တာကိုး။ သူမရှိရင်ကို ကျနော်လည်း မနေတတ်မထိုင်တတ် ဖြစ်နေရတာပါ။ သူလည်းကျနော်လို မနေတတ်၊ မထိုင်တတ်ဖြစ်နေရှာမှာပါ။ သနားသော်လည်း ဘာကိုမှ မတတ်နိုင်သေးတဲ့ကာလမို့ ဒီတိုင်းကြီးသာနေနေရပါတယ်။ အကိုကြီးတစ်ယောက်ကပြောတဲ့ - ဟေ့ကောင် ကိန္နရီ၊ကိန္နရာ တစ်ရက်ဝေးတာ ရက်ပေါင်း ၇၀၀ ငိုရတယ်ဆိုတာ ဟုတ်လောက်သဟ၊ ငါတော့ တစ်ရက်ဝေးနေရတာ ဘယ်လိုနေရမှန်းမသိပါဘူးကွာ- လို့ပြောတာကလည်း တစ်ကယ့်ကို လက်ခံရတော့မလိုလို ဖြစ်နေပါရောလား။

ကဲ စာကတော့ ဒီလောက်ပါပဲ။ မင်းစာကြီးကလည်းကွယ် တောင်ရောက်၊ မြောက်ရောက် ဘယ်လိုကြီးလဲဟ ဆိုရင်- အင်း ဟုတ်ပါတယ် ဘယ်လိုကြီးမှန်းမသိပါဘူး။ စိတ်ထဲပေါ်လာတာတွေရေးတာပါ။ စိတ်ထဲပေါ်တာတွေရေးမှတော့လည်း တောင်စဉ်ရေမရ၊ တောင်ရောက်မြောက်ရောက်၊ မျောက်သစ်ကိုင်းကူးပေါ့။ ဒါတောင် ဆုံးသွားတာကြာပြီဖြစ်တဲ့ အဘွားကို လွမ်းတဲ့အကြောင်းတွေ မရေးသေးပါဘူး။ အဆုံးထိရောက်အောင် ဖတ်သွားတယ်ဆိုရင်လည်း ကျေးဇူးတင်ပါတယ်။

1 comments:

ပီဆာကျယ် March 31, 2008 at 7:37 AM  

အင်း... ကြောင်ဇနိကတော့ ၀ရုံမက ပျင်းလည်းပျင်း၊ အစား အအိပ်ပုတ်မှာ အသေအခြာဘဲ။ ဟီဟိ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP