ဝမ်းနည်းမှတ်တမ်းနဲ့ တောင်ရောက်မြောက်ရောက်စကားလုံးများ
>> Monday, March 31, 2008
ဝမ်းနည်းမှတ်တမ်းနဲ့ တောင်ရောက်မြောက်ရောက်စကားလုံးများ
ပြောစရာတွေကတော့ အများကြီးပဲ၊ တောင်ရောက်မြောက်ရောက်ပေါ့ဗျာ။ ဝမ်းနည်းမှတ်တမ်းကစရင်ကောင်းမလားပဲ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖေဖေါ်ဝါရီမှတ်တမ်းတော့ မဟုတ်ဘူးပေါ့။ ၀မ်းနည်းမှတ်တမ်းလို့ရေးတာက ကျွန်တော်ဘကြီးဆုံးသွားလို့ပါ။ အဆုတ်ကင်ဆာနဲ့တဲ့။ အသက်က ၇၅နှစ်ရှိနေပါပြီ။ ၀မ်းနည်းရပါတယ်။ ၂၆ ရက် ၃ လပိုင်း ၂၀၀၈ မှာဆုံးသွားတာပါ။ ဘကြီးကိုက ချစ်ပါတယ်။ ချစ်ရတာကတော့ သဘောကောင်း၊အလိုလိုက်တတ်တဲ့သူမို့ပါ။ သူ့ညီမ ကျနော်အမေက သူ့အကိုကြီးဆုံးလို့ ငိုရှာသေးသတဲ့။ ချစ်ရှာတာကိုး။ ကျနော်ကတော့ မျက်ရည်တော့ မကျပေမယ့် စိတ်တော့ အတော်မကောင်းဖြစ်ရပါတယ်။
ဖေါက်သည်ချတယ်ပဲပြောပြော နောက်ထပ်ပြောချင်တာကဒီလိုဗျ…
သူငယ်ချင်းတစ်ယောက်က ပြောပြတာကိုပါ။ သူ့အလုပ်သမားတစ်ယောက် မသောက်မစား အလုပ်ကိုကုန်းရုံးလုပ်နေတာကို ထမင်းနပ်မှန်အောင် မစားနိုင်ဘူးကွာတဲ့။ ကျောပေါ်က အင်္ကျီစုတ်သွားလို့လည်း အသစ်မ၀ယ်နိုင်တဲ့။ ဒီလောက်ကြိုးစားတဲ့လူ ပိုပြီး အဆင်ပြေပြေလုပ်ကိုင်စားပါစေဆိုပြီး ထော်လာဂျီတစ်စင်း ထောင်ပေးတယ်တဲ့။ ထော်လာဂျီမောင်းလည်း အဆင်ကမပြေရှာပါဘူးတဲ့။ သူပြောတာက ဒီလောက်ကြိုးစားလုပ်တာတောင် မွဲနေတော့ ခေတ်ကတော့ အတော့်ကို မကောင်းပါဘူးကွာတဲ့။
အတွေးတွေက ဟိုရောက်ဒီရောက်နဲ့ လိုက်ဖမ်းနေတုန်း တွေးမိတာက ဆရာဆရာမတွေ အကြောင်းပါ။
အခုခေတ်မှာ စားဝတ်နေရေးတွေ အဆင်မပြေဖြစ်တော့ ဆရာဆရာမတွေ ကျူရှင်တွေ သင်ကြတယ်။ မသင်ရဆိုပြီး ကျူရှင်သင်တာတွေကို ပိတ်တတ်ပါတယ်။ ကျနော်တို့တွေ ငယ်ငယ်ကတည်းက “တပည့်မရှား တစ်ပြားမရှိ၊ ပီတိကို စားအားရှိ၏။”-ဆိုတာကို လူတိုင်းကြားဖူးကြပါတယ်။ ငယ်တုန်းကတော့ မတွေးမိပါဘူး။ အရွယ်ရောက်လာမှ အတော့်ကို လက်တွေ့မကျတဲ့ စကားလုံးလို့ မြင်လာပါတယ်။ ဆရာဆရာမတွေကို မှိုင်းသွင်းတဲ့စကားလုံးလားပေါ့-ဆိုပြီးတွေးမိပါတယ်။ အလုပ်ကို ပုံမှန်လုပ်တယ်၊ တာဝန်ကျေတယ်ဆိုရင် စာရေးသောက်ရေး၊ကျန်းမာရေး အာမခံချက်ရှိရမှာပေါ့။ အခုတော့ စားမလောက၊် သောက်မလောက်ဖြစ်လို့ အပိုဝင်ငွေရအောင် ကျူရှင်သင်တာတွေကို တားမြစ်တယ်ဆိုတော့ကာ၊ ဆရာဝန်တွေ အပြင်ဆေးခန်းဖွင့်တာတွေကျ ဘာကိစ္စမပိတ်ကြသလဲပေါ့၊ ဆရာလည်း သူလုပ်တတ်တဲ့ စာသင်တာကို သူ့ကိုယ်ပိုင် အချိန်ပိုမှာ ကျေနပ်လို့လာသင်ရင် ခွင့်ပြုသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။
နောက်ဆုံးတော့လည်း မဟုတ်တာတွေကြီးစိုးနေမှတော့ မဖြစ်သင့်တာတွေ၊ မဟုတ်တာတွေပဲ ဖြစ်လာတော့မှာပေါ့လို့ တွေးမိနေပါတော့တယ်။
ပြောချင်တာတွေကတော့အများသား။ ကိုဇနိက ဟေ့ကိုဖြူပြောကွာလို့ လက်တို့လိုက်တော့ ရေငတ်တုန်းရေတွင်းထဲကျ၊ ဘလော့ပေါ်ပဲတက်ပြောတော့မယ်။ လက်တော့နည်းနည်းညောင်းတာပေါ့ဗျာ။ ဒါပေမယ့် တတ်နိုင်ဘူးလေ၊ လက်လှုပ်မှ ဘလော့လှုပ်တော့မှာကိုး။ (ဘလော့က ငြိမ်နေတာအတော်ကြာပြီ)
စချင်တာက အဲဒီကိုဇနိရဲ့ဘကြီးကိစ္စ။ သူ့ဘကြီးနဲ့တော့ တိုက်ရိုက်မပတ်သက်ပါဘူး။ ဘကြီးဆိုတဲ့ စကားလုံးကိုပဲပြောချင်တာ။ ကျွန်တော်တို့အရပ်မှာ (ကျွန်တော်တို့တစ်မြို့လုံးတော့ ဟုတ်ချင်မှဟုတ်မယ်) ဘကြီးဆိုတာက အဖေ့ရဲ့အဖေ၊ ဒါမှမဟုတ် အမေ့ရဲ့အဖေကိုခေါ်တာ။ အဘဆိုတာနဲ့တူတယ်လို့ပြောရမှာပေါ့။ အခု ကိုဇနိပြောတဲ့ ဘကြီးက သူ့အမေအစ်ကို။ ကိုဇနိပြောတဲ့ ဘကြီးကို ကျွန်တော်တို့အရပ်ကခေါ်တာက ဗဂျီးလို့ခေါ်တာ။ (ဒီခေတ်ကြီးထဲမှာ သွေးမတော်သားမစပ် အဘ၊ အဘနဲ့ခေါ်နေရတာတွေကလဲရှိသေးတယ်၊ ဘာလို့အဲလိုခေါ်ကြတယ်ဆိုတာတော့ မောင်ဖြူလဲရှင်းတတ်တော့ဘူး) အခေါ်အဝေါ်ကလဲ အခက်သား။ အထအနကောက်တဲ့လူနဲ့ဆို အတော်ဒုက္ခရောက်တယ်။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေအကုန်လုံးက၊ ကျွန်တော့်အဖေကို အဖေကြီးလို့ခေါ်တာ။ ကျွန်တော်ငယ်ငယ်က အဖေ့အတွက်ဆိုပြီး အိမ်နားကဈေးဆိုင်မှာ ပစ္စည်းတစ်ခုသွားဝယ်တော့ ဈေးရောင်းတဲ့ အဒေါ်ကြီးက ဘယ်သူ့အတွက်လဲလို့မေးတယ်။ ကျွန်တော်က အဖေကြီးအတွက်လို့ဆိုတော့ သူက အဖေလေးအတွက်ရောမပါဘူးလားတဲ့၊ ကဲကောင်းရော။
ကိုဇနိပြောတဲ့ ထော်လာဂျီသမားအကြောင်းဖတ်ရတော့၊ လက်လုပ်လက်စားဆိုတဲ့ စကားလုံးကို သွားသတိရတယ်။ တစ်နေ့လုပ်မှတစ်နေ့စားရတယ်ပြောပြော၊ လက်လှုပ်မှပါးစပ်လှုပ်ရတယ်ပြောပြော၊ အဲဒီလူတန်းစားအတွက် သတ်မှတ်ထားတဲ့ ယေဘုယျစကားလုံးက လက်လုပ်လက်စားတဲ့။ ဒီနေ့ရတဲ့ပိုက်ဆံက ဒီနေ့အတွက်စားဖို့ပေါ့။ အင်္ကျီဝယ်ဖို့တို့၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်တို့၊ အလှူအတန်းတို့၊ လူမှုရေးတို့က သူတို့နဲ့လားလားမှမဆိုင်။ ဒါဆိုရင် အဲဒီ လက်လုပ်လက်စားလို့ ခေါင်းစဉ်တပ်မခံရတဲ့လူတွေကရော စားဖို့အပြင် အဝတ်အထည်၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ တခြားဟာတွေအတွက် လုံလောက်တဲ့ ငွေကြေးရကြရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်။ မနိုင်ဝန်ကိုထမ်းထားရတဲ့ ဝန်ထမ်းတွေအတွက် စကားလုံးလှလှလေးတစ်လုံးရှိတယ်။ အဲဒါက လခစားတဲ့။ (ကုမ္ပဏီလခစားနှင့်တကွ အစိုးရလခစားများကိုပါ ရည်ညွှန်းပါတယ်။) အမှန်က အဲဒီ လခစားဆိုတဲ့စကားလုံးက လက်လုပ်လက်စားဆိုတာနဲ့ သိပ်တော့မကွာဘူး။ လက်လုပ်လက်စားက တစ်နေ့လုပ်တစ်နေ့စားတယ်။ လခစားက တစ်လလုံးလုပ်ပြီး၊ တစ်လစားတယ်။ တစ်နည်းအားဖြင့် လလုပ်လစားပေါ့။ အဲဒီတော့ လ္ဘက်ရည်ဆိုင်တွေ၊ ဘီယာစတေးရှင်တွေမှာ စတစ်ကော်လာအဖြူနဲ့ လက်လုပ်လက်စားတွေအကြောင်း သနားကမားပြောနေလေ့ရှိကြတဲ့ လခစားတွေကလဲ၊ လလုပ်လစားတွေပါပဲ။ တစ်ခုပဲကွာတယ်။ လက်လုပ်လက်စားက ဒီနေ့လုပ်တယ်၊ ဒီနေ့စားဖို့ရတယ်။ လလုပ်လစားကတော့၊ ဒီနေ့လုပ်ပြီး ဒီနေ့စားလို့မရသေးဘူး၊ လကုန်မှရတာ။ လခဆိုတာမျိုးကကြိုပေးထားတာမဟုတ်လေတော့၊ တစ်လလုံးလုပ်ပြီးမှ တစ်လလုံးစုရှင်းတာ။ လက်လုပ်လက်စားနဲ့ယှဉ်ရင်၊ လလုပ်လစားက အတိုးရှူံးတယ်ပေါ့ဗျာ။ သူက အတိုးမရဘဲ ကိုယ့်အင်အားတွေကို တစ်လလုံးရင်းထားရတာကိုး။ (လလုပ်လစားဆိုတဲ့နေရမှာ၊ ဗိုက်ရွှဲရွှဲ၊ မျက်နှာအဆီဝင်းဝင်း၊ နှုတ်ခမ်းထူထူ၊ အဆီအစ်တဲ့မျက်လုံးတွေနဲ့ လလုပ်လစားတွေကတော့ ချွင်းချက်ပေါ့ဗျာ။)
2 comments:
“တပည့်မရှား တစ်ပြားမရှိ၊ ပီတိကို စားအားရှိ၏။”
ဟုတ်တယ်နော်..မှိုင်းသွင်းထား တာနေမယ်။
ရောဂါ က တခြား.. ကု နည်း က တခြား..။
ပညာ ရေး ..အဆင့်မြင့်ဖို့..အထူး လို တယ်။
အင်းးးးးးးးး
း)
ဟာ ....
ကိုဇနိနဲ့ ကိုဖြူ ဘာတွေ လျှောက်ပြောနေတာလဲဗျာ့။
အဘလည်းပါသေးတယ်။ သားတို့မပါဘူးနော်။
ကြောက်တယ်ဗျာ့။ နိုင်ငံတာဝန်ကို ဘက်စုံထောင့်စုံက မလစ်ဟင်းရလေအောင် ၂၄ နာရီလုံး မနားတမ်း အားထုတ်နေတဲ့ အဘတို့ကို အဆိုးမပြောကြပါနဲ့။
Post a Comment