အပျိုကြီး လူပျိုကြီများ ရောင်းရန်ရှိသည်။
>> Monday, June 30, 2008
အပျိုကြီး လူပျိုကြီများ ရောင်းရန်ရှိသည်။
ကျွန်တော်တို့နယ်မှာ တခါတုန်းက ရဟန္တာပေါ်တယ်ဆိုပြီး ဖြစ်လိုက်သေးတယ်။ ရဟန္တာတကယ် ဟုတ်လားမဟုတ်လားတော့ မပြောတတ်ပါဘူး။ ဘုန်းကြီးတစ်ပါးတော့ သေခြာတယ်။ အဲဒီဆရာတော်က ရွာတွေနဲ့ ဝေးပြီး လူသူအရောက်အပေါက်နဲတဲ့ သင်္ချိုင်း မြေနေရာဟောင်းတစ်ခုက အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်ကို အမှီပြုပြီး တရားအားထုတ်နေခဲ့တာပါ။ ကြာလာတော့ လူတွေက သတိထားမိလာပြီး ရဟန္တာ သမုတ်ကြတာပါပဲ။
ရဟန္တာဆိုတာနဲ့ သိတဲ့အတိုင်း လူသူ အရောက်နဲတဲ့ နေရာလေးလူစီကားလာတယ်။ လူတွေကလည်း တရားနာဖို့၊ အဆုံးအမ ခံယူဖို့ထက် ပုဂ္ဂိုလ်ထူးဆိုပြီး အားကိုးချင်ကြတာများတယ်။ သူတို့စကားနဲ့ပြောရရင် သိဒ္ဓိတင်ချင်ကြတာပေါ့။ ဆရာတော် ပုတီနဲ့ ထိရင်ကံကောင်းတယ်။ ဆရာတော် တောင်ဝှေးက စွမ်းတယ်။ အဲလိုတွေဖြစ်လာတယ်။ နောက်ဆုံးတော့ ဆရာတော်က ဆံပင်ရှည်လာလို့ ဆံချရင်တောင် အလကားဖြစ်မခံဘူး ယုံကြည်သူ ဒကာ၊ ဒကာမတွေက အိပ်လေးတွေနဲ့ သေခြာထုပ်ပြီး ဘုရားစင်နားမှာထားလို့ ကိုးကွယ်ကြတယ်။
တနေ့တော့ အဲဒီဆရာတော်ကို သိပ်ယုံကြည်တဲ့ စောင်ဝယ်/ရောင်း လုပ်တဲ့လူတစ်ယောက်က ပြောတယ်။ "ကျွန်တော်ကတော့ ဆရာတော်တောင်ဝှေးကို ငှားပြီး ထိုးလိုက်တာ လပေါင်းများစွာရောင်းမထွက်တဲ့စောင်တွေ တခါတည်း စွံသွားတယ်။" တဲ့။
အဲဒီစကားကြားတော့ ကျွန်တော်တို့ အရပ်ထဲက လူကြီးတစ်ယောက်ကလည်း "စွမ်းလိုက်တဲ့ တောင်ဝှေး ငါလည်း ခဏသွား ငှားချင်လိုက်တာ" တဲ့။ ခင်ဗျားက ဘာလုပ်ဖို့လည်းမေးတော့၊ "အိမ်က အပျိုကြီး လူပျိုကြီးတွေလေ တစ်ယောက်မှ မစွံဘူး အားလုံး တစ်ယောက်တစ်ချက် လိုက်ထိုးလိုက်ချင်တယ်" ဆိုပဲ။
သူ့မှာလည်း ပြောမယ်ဆို ပြောလောက်ပါတယ်။ အကြီးဆုံးကတော့ သား။ ဘယ်တန်းထိ တက်ခဲ့လည်းမသိဘူး။ အသက်ကတော်တော် ကြီးနေပြီ။ သူ့အောက်က သ္မီးတွေချည်း ၃ ယောက်။ အားလုံးဘွဲ့ရပြီးပေါ့။ အပျိုကြီးတွေချည်းပဲ။ အဲဒီအောက်မှာလည်း ဘွဲ့ရ သားတစ်ယောက်။ တက္ကသိုလ်တန်း သမီးတစ်ယောက်။ အထက်တန်း ကျောင်းသား တစ်ယောက်။ အားလုံး အပျိုလူပျိုတွေ။ ရည်းစား ဘာညာတောင် အသံကြားရတတ်တဲ့ မောင်နှမတွေ ဟုတ်ဘူး။ မိဘအလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်နေကြတာ။ လိမ္မာပုံကတော့ မိဘတောင် စိတ်ပျက်လောက်အောင်ပဲ။
စောစောကလူက သူ့ကိုပြန်ပြောတယ်။ ခင်ဗျားကလည်း ဒီလိုတော့ ဘယ်ဖြစ်ပါ့မလဲ။ "ကျွန်တော့ဟာက စောင်။ ရောင်းကုန်ပစ္စည်း။ ခင်ဗျားဟာတွေက သားသ္မီးတွေ။"
သူပြန်ပြောတာက "မထူးပါဘူးကွာ မင်းလည်း လချီပြီး ရောင်းမစွံတဲ့ စောင်တွေ။ ငါလည်းနှစ်ချီပြီး မစွံတဲ့ အပျိုကြီး လူပျိုကြီးတွေ။ ရောင်းကုန်ပစ္စည်း ဖြစ်ချင်လည်း အပျိုကြီး လူပျိုကြီများ ရောင်းရန်ရှိသည်။ လို့အိမ်ရှေ့စာတမ်းချိတ်ရုံပဲရှိတယ်။ ငါကတော့ ဆရာတော့် တောင်ဝှေးငှားပြီး တစ်ယောက်တစ်ချက်တော့ ထိုးလိုက်ချင်တော့တာပဲ" တဲ့။
(ရွာက ဖြစ်စဉ်လေး သတိရလို့ ရေးလိုက်တာပါ။ အိုးဝေက ကျွန်တော်တို့ ကွန်ထရီဗျူတာ အပျိုကြီး လူပျိုကြီးများကတော့ ရောင်းရန်မဟုတ်ပါ။ စာဖတ်သူ အရေတွက် မြှင့်တင်ရေး သက်သက်တွက်သာ ရည်ရွယ်ပါသည်။ :P )

10 comments:
ဝယ်သူလည်းရှိမယ်၊ အရောင်းခံပစ္စည်းတွေကလည်း လိုလိုချင်ချင်လိုက်မယ်ဆိုလို့ကတော့ ရောင်းတာပေါ့ဗျာ...
သဘောတူတယ်လာ..ဘော်ဒါတို့ရေ..
သဘောတူတယ် ကိုဇနိရေ။ ကိုသောကြာရေ မထူးပါဘူး ဒီမှာလည်း အဲစာတမ်းလေးချိတ်ကြရအောင်လား။
ကိုသောက်ကြာ အဲဒီတောင်ဝှေးငှားလို့ရရင်ငှားခဲ့စမ်းပါဗျာ။ လက်တွေ့အသုံးချကြည့်ချင်လို့။ :P
သားတို့ကတော့ အရောင်းအဝယ်ဖြစ်ဖို့ ကုန်ပစ္စည်းကို နဲနဲတော့ လေ့လာချင်သေးတယ်။ ပြီးမှပဲ အရောင်းအဝယ် အကြောင်းပြောတာပေါ့။
စွမ်းလိုက်တဲ့တောင်ဝှေး..။ ကျနော့်လက်ထဲမှာရှိလို့ကတော့ အပျိုကြီးတွေကို တောင်ဝှေးနဲ့တို့ပြီး ရည်းစားစကားလိုက်ပြောပစ်မှာ..။ :P
ကိုဖိုးသောကြားတို့ရွာမှာတော့ အပျိုကြီး..လူပျိုကြီးမရှိလောက်တော့ပါ...အဲဒါ တောင်ဝှေးအစွမ်းပေါ့....
အဟမ်း ...လေ့လာရန် ရောက်ရှိလာပါတယ်။
အိုးဝေက ကျွန်တော်တို့ ကွန်ထရီဗျူတာ အပျိုကြီး များကတော့ ရောင်းရန်မဟုတ်ပါ... ဆိုတော့ အလကား ပေးမည်လို့ ဆိုလိုတယ် ထင်တယ်။
အဲ အင်း အင်း အနော်မပါဘူး သူ သူ တောင်ဝှေး တောင်ဝှေး
ဒါဆိုရင်အပျိုကြီးတွေကိုသတိလိုက်ပေးရတော့မယ်။
တောာင်ဝှေးနဲ့လိုက်တို့ခံနေရမှာစိုးလို့။။
အပျိုကြီးတွေသတိထားတော့နော်။။ :P
ယော်......ဒီလူအိုကြီးတွေနဲ့တော့
ခက်ပါ့နော်။
Post a Comment