ဂေါန
>> Sunday, July 29, 2007
ဟိုးအဝေးက ကျွန်းမှာပေါ့
ကျွန်တော့်အနာဂတ်တွေကို သဂြိုင်္လ်
ရလာတဲ့ ပြာအိုတွေနဲ့
မြေသြဇာကောင်းပုံများ
အပင်တွေက အရွက်ဖားဖားတွေနဲ့
ရှည်လျားနေလိုက်ကြတာ
တကယ့်ကို ရုပ်ဆိုးပါတယ်။
ထိုထိုသောနေ့ဝယ်
ကျွန်တော်အ၀ယ်ခံလိုက်ရတယ်
ဝမ်းဘဲလို့တောင်မအော်နိုင်ပါဘူး
ချိုမပါ အမြီးမဲ့
လူ့ငနွားတစ်ကောင်(ယောက်)အဖို့
ခိုင်းတာသာဆက်လုပ်ပေတော့လို့ တေးထားလိုက်ရတယ်။
ခုတော့
ကျွန်တော်ဝူးဝါးနဲ့
လူ့ငနွားဖြစ်ပြီ
ကြိမ်တို့သံတစ်လှည့်
ဆဲရေးသံတစ်ဖုံနဲ့
အစုန်သာဆန်ပေတော့
ဖေ့သားကြီးရေ
လူ့ငနွားတွေ အမဲသားဖြစ်ရင်
ချက်ရတာတောင် မနူးတတ်ဘူး။ ။
မောင်ဖြူ
ဒါချာတစ်လုံးအလိုရှိသည်
>> Monday, July 16, 2007
Peter's Summer Palace (Dacha)
Raspberry
အိမ်ရဲ့အနောက်ဖက်မှာတော့ အိမ်အသေးလေးတစ်လုံးရှိသေးတယ်။ အဲဒီမှာက ထမင်းစားခန်းနဲ့ သူ့ယောကျာင်္းရဲ့ အလုပ်ခန်းနဲ့အိပ်ခန်းတွဲထားတဲ့ အခန်းရယ်၊ မျက်နှာသစ်ရေချိုးခန်းအပြင်၊ ဘာညာလို့ခေါ်တဲ့ အပူခန်းရှိတယ်။ အဲဒီအပူခန်းက ခြောက်ဆယ်ဒီဂရီလောက်အထိတောင်ပူတယ်။ ရေနွေးငွေ့နဲ့ပူအောင်လုပ်ထားတာ။ အခန်းထဲမှာ သံရေနွေးပိုက်ကြီးရှိတယ်။ အဲဒီပိုက်ကြီးကို ကျောက်တုန်းတွေနဲ့ ပတ်ပတ်လည်ကနေစီထားတယ်။ ကျောက်တုန်းတွေကို ရေလောင်းလိုက်ရင် ရေငွေ့ပျံပြီး အပူချိန်တက်လာရော။ လူတစ်ကိုယ်လုံးချွေးတွေနဲ့စိုရွှဲနေပြီဆိုမှ အခန်းထဲကခုံတန်းလျားပေါ်မှာမှောက်ပြီး အပေါ်ကနေ တစ်ယောက်က သစ်ခက်ခြောက်တွေနဲ့ရိုက်ပေးတယ်။ (သစ်ခက်ခြောက်တွေက ရုရှားမှာ ပေါက်လေ့ရှိတဲ့အပင်တစ်မျိုးက အကိုင်းတွေကို အခြောက်ခံပြီး အစီးစည်းထားတာပါ) ဘာညာကထွက်လာရင်တော့ အကြောအချင်တွေလျော့သွားပြီး တော်တော်နေလို့ကောင်းတယ်။ ဘာညာထဲဝင်ပြီးရင်တော့ ဗော့ဒ်ကာ မဖြစ်မနေသောက်ရပါတယ်။ (အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ရှိနေရင်တောင် ဘာညာကထွက်လာရင် အ၀တ်ပေါင်ပြီး ဗော့ဒ်ကာသောက်ဖြစ်အောင်သောက်ပါလို့ ဆိုကြပါတယ်) အိမ်ခေါင်မိုးပေါ်တွေမှာတော့ နွယ်ပင်တွေက တွယ်တက်နေလေရဲ့။ ကျွန်တော်တို့က ဒါတွေကိုရှင်းမပစ်ဘူးလားလို့မေးတော့၊ အလှထားထားတာတဲ့။ ပန်းပင်တွေဆိုလဲ ဘုရားတင်ဘာတင်လဲမရှိတော့ ဒီတိုင်းပဲ ကြွေကျသွားတဲ့အထိ အလှကြည့်ကြတယ်တဲ့။ သီးပင်စားပင်တွေကလဲ ရောင်းဖို့စိုက်တာလို့ထင်ရလောက်အောင်အများကြီး။ သခွားသီးပင်တွေက ကျွန်တော်တို့ဆီကလို အသီးအကြီးမျိုးတော့မဟုတ်ဘူး။ အသေးလေးတွေ။ ဒီတိုင်းလဲစားကြ၊ ဆလတ်လုပ်ကြတဲ့အပြင်၊ ကြာရှည်စားလို့ရအောင် ဆားစိမ်ထားကြတယ်။ သခွားသီးဆားစိမ်နဲ့ ဗော့ဒ်ကာနဲ့ဆိုရင် အတော်လိုက်တယ်။ (ကျွန်တော်တောင် ဆရာဇနိတို့ဆီသွားသွားလည်လို့ ဒါတွေသိလာတာ။ စတာနော် :D)
ဒါချာမှာ နွေရာသီအပန်းဖြေနားကြတာဆိုပေမယ့်၊ အလုပ်နဲ့လက်နဲ့ကတော့ မပြတ်ပါဘူး။ ခြံထဲမှာပေါက်နေတဲ့မြက်ပင်တွေကို မြက်ရိတ်စက်နဲ့ ညီနေအောင် လိုက်ရိတ်ရတယ်။ မိုးမရွာတဲ့နေ့တွေဆို အပင်တွေရေလောင်းရတယ်။ ပေါင်းသင်ရတယ်။ ဘာညာအတွက်လိုအပ်တဲ့ထင်းတွေပေါက်ရတယ်။ ဖန်လုံအိမ်တွေကို နေရောင်ရအောင်ဖွင့်ပေးရတယ်။ နေအရမ်းပူတဲ့အချိန်တွေမှာပြန်ပိတ်ပေးရတယ် စသဖြင့် အလုပ်နဲ့လက်နဲ့မပြတ်ကြပါဘူး။ သူတို့နှစ်သက်ကြတာတော့ မြို့နဲ့ဝေးတဲ့အတွက် အေးချမ်းတိတ်ဆိတ်တယ်။ တောနဲ့နီးတဲ့အတွက် လေကောင်းလေသန့်ရတယ်။ ဆယ်လတာပင်ပန်းလာသမျှကို နှစ်လလောက်အနားယူခြင်းနဲ့ နောက်ဆယ်လအတွက်အားဖြည့်ကြတာပါ။ ကိုယ်တိုင်စိုက်ပျိုးပြုစုထားတဲ့အပင်ကနေ ခူးဆွတ်စားသုံးရတဲ့အရသာကလဲ ဘယ်အရသာနဲ့မှမတူနိုင်ပါဘူး။ လတ်လတ်ဆတ်ဆတ်လဲစားရတော့ ကျန်းမာရေးအတွက်လဲ ကောင်းပါတယ်။ ကျွန်တော်တို့ဆရာမဆိုရင် သီးပင်စားပင်တွေကြားမှာ အလုပ်လုပ်နေလိုက်တာ၊ တက္ကသိုလ်မှာစာသင်နေတဲ့ ဆရာမကြီးတစ်ယောက်နဲ့မတူပဲ၊ စာမတတ်ပေမတတ်တောသူမကြီးတစ်ယောက်အတိုင်းပါပဲ။ သူတို့တွေကိုကြည့်ပြီး ကျွန်တော်လဲ မြန်မာပြည်မှာ ဒါချာတစ်လုံးပိုင်ဆိုင်ချင်စိတ်တွေ ပြင်းထန်နေကြောင်းပါခင်ဗျာ။ ။
Cucumber
Rose
Wild roses
Tomatoes
House
Read more...အချစ်=အချစ်
ရာဇ၀င်ထဲကအရောင်များ
သမိုင်းတဲ့
အတိတ်ရဲ့အရိပ်တွေကို
စကားလုံးတွေနဲ့ဘာသာပြန်တဲ့
အရောင်ထင်ဟပ်မှုတွေပါ။
အဲဒီအရောင်တွေပေါ့
ကျွန်တော်တို့ဆီကို
ဒေါင်လိုက်လဲရိုက်ရဲ့
စွေစောင်းလဲရိုက်ရဲ့။
နာကျင်လှပါပြီ
သမိုင်းရဲ့ရောင်ပြန်တွေ
ကျွန်တော်တို့အရေပြားတွေဆီ
တစ်ချက်စီကျနေကြတယ်။
အနာဂတ်ရဲ့သွေးစက်တွေမှာလဲ
ဒီရာဇ၀င်ရောင်တွေရောယှက်နေလေရဲ့၊
အရှိုးရာတွေထပ်နေပေမယ့်
အပြုံးမပျက်ခဲ့ပါဘူး၊
ရာဇ၀င်အရှိုးရာတွေနဲ့ပြည့်နှက်နေတဲ့
အရေပြားအိုကြီးတွေကပြောကြတယ်လေ
ရာဇ၀င်မှာ အတုယူစရာတွေရှိတယ်ဆိုတာကိုး။
ဟိုးပြူတင်းပေါက်လေးမှာပေါ့
ကလေးတစ်ယောက်
ဟစ်တလာရဲ့ရက်စက်ကြမ်းကြုတ်မှုဆိုင်ရာ
သမိုင်းတစ်ပုဒ်ကျက်နေလေရဲ့၊
နက်ဖြန်လိုနေ့မျိုးအတွက်
အလွတ်ဆိုပြဖို့သက်သက်ပါ။
ဂျာမဏီသာစစ်နိုင်ခဲ့ရင်
ဒီကလေးလေးအတွက်
နှစ်ဆယ်ရာစုရဲ့သူရဲကောင်း
ဂျာမန်စစ်ဗိုလ်ချုပ်ကြီးအကြောင်း
ကျက်ဖြစ်နေမလားပဲ။
ဖျက်မပစ်ကြပါနဲ့
ဒီအရှိုးရာတွေနဲ့ပဲ
ကျွန်တော်တို့အသားကျနေကြပါပြီ
အရိုက်ခံရတဲ့ဒဏ်ရာထက်
အဖျက်ခံရတာက ပိုအခံရခက်နိုင်တယ်လေ၊
ဝါဒသစ်ရိုက်ချက်တွေ ထပ်ဆင့်ကြဦးမယ်ဆိုရင်တော့
စုတ်ပြတ်နေတဲ့အရေပြားတစ်စုံနဲ့
အရောင်စုံလောကကြီးကနေ
အပြီးတိုင်ထွက်ခွာဖို့ပဲရှိပါတော့တယ်။ ။
မောင်ဖြူ
အလှည့် (ဒုတိယပိုင်း)
အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်
ဇနိမြန်မာပြန်သည်။
ဧည့်သည်တွေလည်းပြန်သွားကြတော့ ကျွန်တော်တို့ နှစ်ယောက်ပဲကျန်ခဲ့ပြီး၊ တစ်ယောက်ကိုတစ်ယောက် မျက်နှာခြင်းဆိုင်ထိုင်ပြီး စကားမပြောဘဲ ဆေးတံတွေ ကိုယ်ဆီထိုင်သောက်နေကြလေရဲ့။ စီ(လ်)ဗီအိုလည်း ပြဿနာတစ်ခုခုဖြစ်နေပုံပါပဲ။ ဟိုအရင်က ပျော်ရွှင်မှုအရိပ်အရောင်လေးတောင်မတွေ့ရပါဘူး။ သုန်သုန်မှုန်မှုန်နဲ့ ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့မျက်နှာရယ်၊ အရောင်တလက်လက်ထွက်နေတဲ့မျက်လုံးတွေရယ်၊ ပါးစပ်ကမှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေက သူ့ကို တကယ်နတ်ဆိုးတစ်ကောင်လို ဖြစ်စေတာပေါ့။ ခဏနေတော့ စီ(လ်)ဗီအိုလည်း စကားစပြောတော့တာပါပဲ။
- တို့တွေ နောင်ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့လည်းဖြစ်သွားနိုင်တယ်။ - သူက ကျွန်တော့်ကိုပြောတယ်။ ထွက်မသွားခင်လေးမှာတော့ ငါမင်းကိုတော့ ရှင်းပြချင်တယ်။ တစ်ခြားလူတွေရဲ့ အမြင်တွေကို ငါသိပ်ပြီးဂရုမစိုက်တတ်ဘူးဆိုတာကို မင်းလည်းသတိထားမိမှာပါ။ ငါ မင်းကို ခင်တယ်ဆိုတော့ မင်းစိတ်ထဲမှာ ငါ့ကို အထင်အမြင်မှားပြီး ကျန်ခဲ့မယ်ဆိုရင်တော့ ငါအနေရခက်နေမှာ။
သူက ခဏရပ်ပြီးတော့ ဆေးတံဆေးထပ်ထည့်ဖို့ ထတယ်။ ကျွန်တော်လည်း မျက်လုံးအောက်စိုက်ပြီး ပါးစပ်ပိတ်နေတယ်။
- မင်းအနေနဲ့ ငါက ဟိုအမူးအရူးကောင်ကို ဘာမှမလုပ်တာကို အံ့ကြနေခဲ့တာမဟုတ်လား ။ - သူက ဆက်ပြောတယ်။ - ဘယ်သေနတ်နဲ့ ပစ်မလဲဆိုတာကို ရွေးချယ်ခွင့်ရှိတယ်ဆိုတော့ ဟိုကောင့်ရဲ့အသက်က ငါ့လက်ထဲမှာရှိပြီး ငါ့မှာ အန္တရာယ် လုံးဝနီးပါးမရှိဘူးဆိုတာကိုတော့ မင်းလည်းသိမှာပါ။ ငါက သဘောထားကြီးကြီးနဲ့ သိပ်ကိုခွင့်လွှတ်တတ်တယ်လို့တော့ မညာချင်ပါဘူး။ ငါက စိန်ခေါ်လိုက်တာက ငါ့အသက်အန္တရာယ်ကို လုံးဝမထိခိုက်နိုင်ဘူးဆိုတာ သိပ်သေချာနေရင်တော့လည်း ဟိုကောင်ကို ခွင့်လွှတ်မိမှာတော့ မဟုတ်လောက်ပါဘူး။
ကျွန်တော် စီ(လ်)ဗီအိုကို တအံ့အသြကြီးနဲ့ကို ကြည့်နေမိတယ်။ သူဒီလိုဝန်ခံတာနေတာက ကျွန်တော့်ကို တော်တော်ကသိကအောက်ဖြစ်စေတာပါ။ စီ(လ်)ဗီအိုက ဆက်ပြောတယ်။
- ငါ့မှာ ကိုယ့်ဟာကို သေတွင်းကို ပို့ဖို့ဆိုတာ အခွင့်မရှိဘူးဆိုတာ အသေအချာပဲ။ လွန်ခဲ့တဲ့ ခြောက်နှစ်က ငါ စိန်ခေါ်ခံရဖူးတယ်၊ ငါ့ရန်သူက အခုထိ အသက်ရှင်တုန်းပဲ။
ကျွန်တော်လည်း သိချင်စိတ်ပြင်းပြင်းထန်ထန်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
- ခင်ဗျား သူနဲ့ သေနတ်ချင်းယှဉ်မပစ်ခဲ့ဘူးလား။ - ကျွန်တော်က မေးတယ်။ အခြေအနေတွေကြောင့် ခင်ဗျား အဲဒီက ထွက်လာပုံရတယ်၊ ဟုတ်လား။
- ငါ သူနဲ့ သေနတ်ယှဉ်ပစ်ခဲ့ပါတယ်။ - စီ(လ်)ဗီအိုက ဖြေတယ်။ - ဒီမှာ နှစ်ယောက်စိန်ခေါ်ပွဲရဲ့ အမှတ်အသားလေ။
စီ(လ်)ဗီအိုက မတ်တပ်ရပ်ပြီး ဗီရိုလေးထဲကနေပြီး ရွေရောင်အမွှေးတွေနဲ့ အလှဆင်ထားတဲ့ ချည်နဲ့ရက်ထားတဲ့ အပတ်ကလေးပါတဲ့ ဦးထုပ်ကိုထုတ်ပြီးဆောင်းပြတယ်။ နဖူးအထက် နှစ်လက်မလောက်အကွာမှာ ဦးထုပ်မှာ ကျည်ဆံပေါက်ရာကိုတွေ့ရတယ်။
- မြို့လေးတစ်ခုက မြင်းတပ်မှာ ငါတာဝန်ထမ်းခဲ့တယ်ဆိုတာ မင်းသိပါတယ်။- စီ(လ်)ဗီအိုက ဆက်ပြောတယ်။ ငါ့ရဲ့အလေ့အကျင့်ကတော့ မင်းသိပြီးသားပါ။ ပထမနေရာကို အမြဲရနေကြဆိုတော့ ကလေးကတည်းက အဲဒါကို တော်တော်စွဲမက်ခဲ့တာ။ အဲဒီအချိန်တုန်းက ဆိုးတယ်၊ပေတယ်ဆိုတာ တော်တော်လေးကို ရေပန်းစားတာကို။ စစ်တပ်မှာတော့ ငါ့ကိုမှီတဲ့လူဆိုးဆိုတာ မရှိသလောက်ပေါ့။ အရက်ကို အများကြီးသောက်နိုင်တယ်ဆိုတာကိုလည်း ကြွားဝါးတတ်သေးတယ်။ ဒင်းနစ် ဒါဗီဒေါ့(ဗ်) ဧည့်ခံကျွေးမွေးတဲ့ပွဲမှာ သိပ်နာမည်ကြီးတဲ့ ဘူး(ရ်)ဆော့(ဗ်)ကို ငါအနိုင်သောက်ခဲ့တာလေ။ ဒွေး(တစ်ဦးချင်းစိန်ခေါ်ပွဲ)ဆိုတာကလည်း တို့တပ်မှာက ခဏခဏဖြစ်တာလေ။ သတ်သေလုပ်ရင်လုပ်၊ မဟုတ်ရင်လည်း ကိုယ်တိုင်ပစ်တဲ့ သူအဖြစ်နဲ့ ပွဲတိုင်းတော့ ငါပါတယ်။ ပေါင်းအသင်းတွေကလည်း ငါ့ကိုလေးစားကြတယ်။ ခဏခဏပြောင်းနေတဲ့ တပ်ရင်းမှုးတွေဆိုတာ ငါ့ကို သိပ်လိုအပ်နေတဲ့ ဒုစရိုက်ကောင်လိုကြည့်တာ။
သိပ်ကိုချမ်းသာပြီး လျှမ်းလျှမ်းတောက်တဲ့ မျိုးရိုးနာမည်ရှိတဲ့( နာမည်တော့ မပြောတော့ပါဘူး။)သူတစ်ယောက် ငါတို့ဆီကိုပြောင်းမလာခင်အထိတော့ ငါကလည်း အေးအေးဆေးဆေးနဲ့( မအေးမဆေးလည်းဖြစ်ရင် ဖြစ်မှာပေါ့လေ) ဒီလို နာမည်ကျော်နေတာကို ကျေနပ်နေတယ်လေ။ ဒီကောင့်လောက် ပက်ပက်စက်စက် ကံကောင်းတဲ့လူဆိုတာ ငါ့တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။ မင်း ပုံဖော်ကြည့်စမ်းပါ။ အသက်က ငယ်ငယ်၊ ဥာဏ်က ခပ်သွက်သွက်၊ လူက ခန့်ခန့်ငြားငြား၊ ပျော်ရွင်မှုဆိုတာ အရူးသွပ်ဆုံးနဲ့၊ သတ္တိရှိတယ်ဆိုတာ ဂရုကို မစိုက်တတ်တဲ့ကောင်၊ နာမည်ကလည်း အပြန်စား၊ ပိုက်ဆံဆိုတာ ဘယ်လောက်ရှိသလဲ မသိလောက်အောင် စာရင်းလည်း တစ်ခါမှ တွက်မကြည့်ဖူးတဲ့ကောင်နဲ့ ငါ့ဆိုတဲ့ကောင် ကြားထဲမှာ ဘယ်လိုပြဿနာတွေ ပေါ်လာမယ်ဆိုတာကိုသာ စဉ်းစားသာကြည့်ပါတော့။ ငါ့ပထမနေရာဆိုတာကလည်း လှုပ်လာတော့တာပေါ့။ ငါ နာမည်ကြီးတာကြောင့် ဖြစ်မယ်ထင်ပါရဲ့။ အစတော့ သူက ငါနဲ့ အပေါင်းအသင်းလုပ်ဖို့ ကျိုးစားပါသေးတယ်။ ငါကအေးစက်စက်ပြန်ဆက်ဆံတော့ သူလည်းငါနဲ့ ခပ်ဝေးဝေးပဲနေတော့တာပေါ့။ ငါက သူ့ကို စပြီးမုန်းလာတော့တယ်။ တပ်ရင်းမှာ သူ့ရဲ့ အောင်မြင်မှုတွေ၊ ကောင်မလေးတွေကြားမှာ သူ နာမည်ကြီးလာတွေက ငါ့ကိုတော်တော်စိတ်ပျက်လက်ပျက်ဖြစ်စေတာ။ ငါကလည်း သူ့ကိုဆို ပြဿနာစရှာတော့တာပေါ့။ ငါက ခပ်လှောင်လှောင် ကဗျာတိုလေးတွေနဲ့ပြောရင် သူက ချက်ခြင်းကိုပဲ ငါ့ကဗျာတိုတွေထက် ပိုပြီးပြောင်မြောက်တဲ့၊ ပိုပြီးရီရတဲ့ကဗျာတွေနဲ့ပြန်ပြောတတ်တယ်။ သူကရီစရာတွေပိုပြောလေ၊ ငါက ဒေါသပိုထွက်လေပေါ့။ နောက်ဆုံးတစ်နေ့ကြတော့ တပ်ရင်းမှုးတစ်ယောက်ရဲ့ ကပွဲခန်းမမှာ မိန်းမပျိုတွေကလည်း သူ့ကိုပဲ အာရုံက စိုက်နေကြတယ်။ အဆိုးဆုံးက အရင်က ငါနဲ့အဆက်ဖြစ်တဲ့ အိမ်ရှင်မိန်းမပျိုပေါ့။ အဲဒါကိုလည်းမြင်ရော ငါလည်း တော်တော့်ကို ရိုင်းရိုင်းစိုင်းစိုင်း သူ့နားကိုကပ်ပြောလိုက်တယ်။ သူလည်းဒေါသထွက်ပြီး ငါ့ကိုထိုးပါလေရော။ ငါတို့လည်း ဓါးတွေဆီကို ခုန်ပြေးတာပေါ့။ ကောင်းမလေးတွေဆို ကြောက်ကြောက်လန့်လန့်နဲ့ သတိလစ်ပြီးလဲကျသွားကြတယ်။ ပြီးတို့နှစ်ယောက်ကို ၀ိုင်းခွဲကြတာပေါ့။ အဲဒီညမှာပဲ နှစ်ယောက် သေနတ်ချင်း ယှဉ်ပစ်ဖို့ဖြစ်လာတာပေါ့လေ။
အရုဏ်ဦးပေါ့။ ငါက ချိန်းထားတဲ့နေရာမှာ ငါဖက်က သက်သေ သုံးယောက်နဲ့ ရပ်နေတယ်။ ဘယ်လိုပြောရမှန်းကို မသိလောက်အောင်ဖြစ်နေတဲ့ စိတ်မရှည်ခြင်းကြီးစွာနဲ့ ငါ့ရန်သူကို စောင့်နေတာပေါ့။ နွေဦးပေါက်နေလေးလည်း ထွက်လာတော့ စပူတော့တာပေါ့။ ငါက သူလာနေတာကို အဝေးကြီးကတည်းက မြင်တယ်လေ။ စစ်အင်္ကျီတင်ထားတဲ့ဓါးကောက်ရှည်ကိုထမ်းပြီး သူ့သက်သေအပေါင်းအသင်းတစ်ယောက်နဲ့အတူ သူကလမ်းလျှောက်ပြီးလာတယ်။ ငါတို့လည်း သူတို့ဆီကိုတွေ့ဖို့ သွားလိုက်တယ်။ ချယ်ရီသီးတွေ အပြည့်ထည့်ထားတဲ့ ဦးထုပ်ကို ကိုင်ပြီး တဖြည်းဖြည်းနီးလာတယ်။ သက်သေလုပ်မယ့် အပေါင်းအသင်းတွေက ခြေလှမ်း ဆယ့်နှစ်လှမ်းစာ လှမ်းပြီးတိုင်းလိုက်တယ်။ ငါကစပြီး သူ့ကိုပစ်ရမှာလေ။ ဘယ်လိုမကောင်းဆိုးဝါးကြောင့် မသိပါဘူး။ စိတ်တွေက တအားကိုလှုပ်ရှားနေတော့ ကိုယ့်လက်ကိုလည်း မယုံတော့ဘူး။ စိတ်အေးလက်အေးဖြစ်သွားအောင်လို့ အချိန်ရအောင် သူ့ကို ပထမဆုံးပစ်ခွင့်ပေးတာကို သူက သဘောမတူဘူး။ မဲနှိုက်ဖို့ ဆုံးဖြတ်တော့လည်း သိပ်ကံကောင်းနေတဲ့ ကောင်က ပထမပစ်ဖို့ ဖြစ်သွားတယ်။ သူကလည်း သေနတ်ကို ချိန်ပြီး ငါ့ဦးထုပ်ကိုပဲ ပစ်သွားတယ်။ ငါ့အလှည့်ပဲ ကျန်တော့တာပေါ့။ နောက်ဆုံးတော့ သူ့အသက်က ငါ့လက်ထဲမှာပေါ့လေ။ ထိတ်ထိတ်ပြာပြာအရိပ်အရောင်လေးများ တစ်ခုတစ်လေတွေ့ရမလားဆိုပြီး ငါကလည်း သူ့ကို လောဘတကြီးနဲ့ ကြည့်တယ်။ သူက ငါသေနတ်နဲ့ချိန်ထားတာတောင် အမှည့်ဆုံး ချယ်ရီသီးတွေကို ရွေးစားနေလေရဲ့။ အစေ့တွေကို ပါးစပ်ကနေ ထွေးထုတ်လိုက်တာ ငါ့ဆီထိတောက်ရောက်တယ်။ ဘာမှကို သူဂရုမစိုက်တာက ငါ့ကို တော်တော် အခံရခက်စေတာပါ။ သူ့အသက်ကိုတောင်သူတန်းဖိုးမထားတဲ့အချိန်မှာ သူ့ကို သေနတ်နဲ့ ပစ်တော့ရော ဘာအကျိုးရှိမှာလဲလို့ ငါ စဉ်းစားမိတယ်။ ယုတ်မာတဲ့ အကြံအစီတစ်ခု ငါ့ခေါင်းထဲမှာ ပေါ်လာတယ်။ ငါ သေနတ်ကို ချလိုက်တယ်။ - ခင်ဗျားကို ကြည့်ရတာ အခုသေချိန်မကျသေးဘူးထင်ပါရဲ့။ - ငါက သူ့ကိုပြောလိုက်တယ်။ - ခင်ဗျား မနက်စာ စားချင်ရင်လည်း စားလေ။ ကျုပ် ခင်ဗျားကို မနှောက်ယှက်ချင်ပါဘူး။ - ခင်ဗျားက ကျွန်တော့်ကို နည်းနည်းလေးတောင် အနှောက်အယှက် မဖြစ်စေပါဘူး။- သူက အငြင်းပြန်ပြောတယ်။ - ခင်ဗျား အဆင်ပြေသလို သာ ပစ်ပါ။ အလှည့်က ခင်ဗျားဆီမှာပဲ ကျန်တော့တာပါ။ ခင်ဗျား ဆန္ဒရှိသလိုလုပ်ဖို့ ကျွန်တော် ခင်ဗျားအတွက် အမြဲ အဆင်သင့်ရှိပါတယ်။ ငါလည်း သက်သေအပေါင်းအသင်းတွေကို ဒီနေ့ပစ်ချင်တဲ့ စိတ်မရှိကြောင်းပြောလိုက်တော့ သေနတ်ယှဉ်ပစ်တာလည်း အဲဒီမှာ ပြီးသွားတယ်။
ငါလည်းတပ်က ထွက်လာပြီး ဒီမြို့လေးကို ရောက်လာတာပဲ။ ဒီနေ့အထိ လက်စားချေဖို့အကြောင်း မတွေးမိဘူးဆိုတဲ့ရက် တစ်ရက်မှ မရှိဘူး။ ဒီနေ့ကတော့ ငါ့နေ့ဖြစ်ပြီး။
စီ(လ်)ဗီအိုက အိပ်ကပ်ထဲက မနက်ကရထားတဲ့စာကိုထုတ်ပြီး ကျွန်တော့်ကို ပေးဖတ်တယ်။ တစ်ယောက်ယောက်( သူ့ရဲ့ လူယုံဖြစ်ပုံရတယ်) မော်စကိုကနေ ဟိုလူမကြာခင်မှာ ငယ်ရွယ်လှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ တရားဝင်လက်ထပ်တော့မယ်ဆိုတဲ့ အကြောင်း သူ့ဆီကိုရေးထားတာပါ။
- ဟိုလူဆိုတာ ဘယ်သူဖြစ်မယ်ဆိုတာ မင်းခန့်မှန်းမိတယ် မဟုတ်လား။- စီ(လ်)ဗီအိုက ပြောတယ်။ - မော်စကို ကိုသွားမယ်။ မင်္ဂလာမဆောင်ခင်လေးမှာ သေခြင်းတရားကို ဟိုအရင်တစ်ခါကလို ချယ်ရီသီးတွေစားရင်းလို စိတ်အေးလက်အေး သူ လက်ခံနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့လေ။
အဲဒီစကားလုံးတွေပြောရင်း စီ(လ်)ဗီအိုက မတ်တပ်ထရပ်၊ ဦးထုပ်ကို ကြမ်းပြင်ပေါ်ပစ်ချပြီး ကျားက လှောင်ချိုင့်ထဲမှာ လျှောက်သလို အခန်းထဲတွင် ဟိုမှဒီလျှောက်နေတော့တယ်။ သူ့ပြောသမျှကို မလှုပ်မယှက် ကျွန်တော်ထိုင်နားထောင်ပြီးတော့ ထူးဆန်းတဲ့ဆန့်ကျင်ဖက်အတွေးတွေက ကျွန်တော့်ကို စိတ်လှုပ်ရှားစေတာပေါ့။
သူ့အခိုင်းစေက ၀င်လားပြီး မြင်းလှည်းအဆင်သင့်ဖြစ်ကြောင်း ပြောပါတယ်။ စီ(လ်)ဗီအိုက ကျွန်တော့်လက်ကို တင်းတင်းကျပ်ကျပ်ဆွဲပြီး ပွေ့ဖက်နှုတ်ဆက်ပါတယ်။ သေနတ်တွေထည့်ထားတဲ့ အိတ်ရယ်၊ အစ်ခြားပစ္စည်းတွေထည့်ထားတဲ့အိတ်ရယ် ခရီးဆောင်အိတ် နှစ်လုံးတင်ထားတဲ့လှည်းပေါ်မှာ သူကထိုင်ပါတယ်။ကျွန်တော်တို့ နောက်တစ်ကြိမ် နှုတ်ဆက်ပြီး တော့ မြင်းတွေလည်း ကဆုန်ဆိုင်းပြီး စပြေးပါတော့တယ်။
အလှည့်
>> Monday, July 9, 2007
ဇနိမြန်မာပြန်သည်။
ကျွန်ုပ်တို့ တစ်ဦးကို တစ်ဦး အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။
ဗာရာတင်းစကီး
ကျွန်တော်သည် ဒွေး(တစ်ဦးချင်းစိန်ခေါ်ပွဲ)စည်းမျည်းအရ သူအားပစ်ခတ်ရန် အဓိဌာန်ပြုခဲ့သည်။
(သူ့အားပစ်ခတ်ရန်အလှည့် ကျွန်တော်၏ထံတွင် ကျန်နေခဲ့သည်။)
ကျွန်တော်တို့ မြို့ငယ်လေးတစ်ခုမှာ အခြေချခဲ့ပါတယ်။ စစ်တပ်က အရာရှိတွေရဲ့ ဘ၀ကတော့ သိကြတဲ့အတိုင်းပါပဲ။ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်မယ်၊ မြင်းစီးသင်မယ်၊နံနက်စာကို တပ်ရင်းမှုးကြီးဆီမှာပဲဖြစ်ဖြစ်၊ ရေဗရီတွေရဲ့ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် စားကြမယ်။ ညနေခင်းရောက်ရင်တော့ ဖဲကစားကြတော့တာပါပဲ။ အဲဒီမြို့လေးမှာက ရင်းနှီးဖော်ရွေတဲ့အိမ်ကမရှိ၊ မိန်းမပျိုကလည်းမရှိဆိုတော့ ကျွန်တော်တို့တွေက တစ်ယောက်ဆီတစ်ယောက် အချင်းချင်းသွားစုမိကြတော့ စစ်ဝတ်စုံတွေကလွဲပြီး တခြားဘာကိုမှ မတွေ့မမြင်ရသလောက်ပါပဲ။
ကျွန်တော်တို့ အသိုင်းအ၀ိုင်းထဲမှာ စစ်တပ်ကမဟုတ်တဲ့ လူတစ်ယောက်တော့ရှိလေရဲ့။ သူရဲ့အသက်က သုံးဆယ့်ငါးနှစ်ဝန်းကျင် ရှိပြီးဆိုတော့ ကျွန်တော်တို့က သူကို လူကြီးတစ်ယောက်လို့ပဲ ယူဆထားကြတယ်။ ကျွန်တော်တို့ အထင်ကြီးစရာ အတွေ့အကြုံတွေ သူ့မှာ အများကြီးရှိတယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်အတိုင်း သုန်သုန်မှုန်မှုန်နေတတ်တာ၊ စိတ်ဆတ်တာ၊ စကားခပ်ကြမ်းကြမ်းပြောတတ်တာတွေက ကျွန်တော်တို့ အရာရှိငယ်တွေရဲ့ခေါင်းထဲမှာ အတော်ကို လွှမ်းမိုးတာပါ။ လျှို့ဝှက်ချက်တစ်ခုခုကများ သူ့ရဲ့ ကံကြမ္မာကိုလွှမ်းမိုးထားလေသလား။ လူကတော့ ရုရှားလူမျိုးလို့ ယူဆရပြီး၊ နာမည်ကတော့ နိုင်ငံခြားနာမည်ဖြစ်နေလေရဲ့။ တချိန်တခါတုန်းကတော့ သူက မြင်းတပ်တစ်ခုမှာ ပျော်ပျော်ကြီး တာဝန်ထမ်းဖူးသတဲ့။ သူ စစ်တပ်က ဘာ့ကြောင့် အနားယူရသလဲဆိုရယ်၊ ဒီလို ခြောက်ကပ်ကပ်မြို့လေးမှာ ဘာ့ကြောင့်အခြေချနေရသလဲဆိုတာရယ်ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ မသိပါဘူး။ အဲဒီမြို့လေးမှာ သူက ဆင်းဆင်းရဲရဲနဲ့၊ အသုံးအဖြုန်းကြီးကြီးနေပါတယ်။ ပြဲနေတဲ့ကုတ်အင်္ကျီကြီးကို ၀တ်ပြီး ခြေကျင်သွားတတ်လာတတ်ပေမယ့် တပ်ရင်းက စစ်ဗိုလ်တွေအတွက်တော့ ရက်ရက်ရောရော ကျွေးမွေးတတ်ပါတယ်။ တကယ်ပါ၊ ညစာအတွက် ဟင်းလျာကတော့ တပ်ထွက်စစ်သားကြီးတွေက ချက်ပြုတ်ပေးတဲ့ ဟင်း နှစ်ခွက်၊ သုံးခွက်တည်းပေမယ့် ရှန်ပိန်ကတော့မြစ်ရေစီးသလိုပါ။ သူ့ရဲ့အခြေအနေ နဲ့ ၀င်ငွေကို ဘယ်သူကမှ မသိသလို၊ ဘယ်သူကမှလည်း အဲဒီအကြောင်းတွေ သူကိုမမေးရဲပါဘူး။ သူဆီမှာ များသောအားဖြင့် စစ်ဘက်ဆိုင်ရာ စာအုပ်တွေနဲ့ဝတ္ထုစာအုပ်တွေ ပေါများပါတယ်။ သူက သူများဖတ်ဖို့ ၀မ်းမြောက်ဝမ်းသာ ငှားတတ်ပြီး၊ ဘယ်တော့မှလည်း ပြန်မတောင်းတတ်ပါဘူး။ အခြားလူရဲ့စာအုပ်တွေကိုလည်း ဖတ်မပြီးသေးဘူးဆိုပြီး ပြန်မပေးတတ်ပါဘူး။ ပစ္စတိုသေနတ်ပစ်လေ့ကျင့်တာကတော့ သူ့ရဲ့အဓိကအလုပ်ပါပဲ။ သူရဲ့ အခန်းနံရံတွေဆိုရင်လည်း ကျည်ဆံရာတွေနဲ့ ပြည့်နေပြီးတော့ ပျားအုံကြီးရဲ့ ပျားလပို့ကြီးလိုဖြစ်နေတာပါပဲ။ ပစ္စတိုသေနတ်တွေ အများအပြားစုဆောင်းထားတာကတော့ သူနေတဲ့အိမ်အအိုကလေးမှာ တစ်ခုတည်းသော ခံ့ညားထည်ဝါမှုတစ်ခုပါပဲ။ မယုံကြည်နိုင်လောက်အောင် သေနတ်ပစ်ကျွမ်းကျင်တဲ့အတွက် တကယ်လို့သူက ခေါင်းမှာဆောင်းထားတဲ့ဦးထုပ်ပေါ်မှာ သစ်တော်သီးတင်ပြီး သေနတ်နဲ့ပစ်ဖို့ တစ်ယောက်ယောက်ကို ခေါ်တယ်ဆိုရင် ကျွန်တော်တို့တပ်ရင်းမှာ ကိုယ့်ခေါင်းကို ထိုးမပေးရဲတဲ့သူလို့ မရှိပါဘူး။ ကျွန်တော်တို့ကတော့ နှစ်ယောက်ခြင်းသေနတ်ယှဉ်ပစ်တဲ့ အကြောင်းပဲ အပြောများတာပါ။ စီ(လ်)ဗီအို(သူ့ကို အဲဒီလိုခေါ်တယ်။) အဲဒီအကြောင်းဆိုရင် ဘယ်တော့မှ ၀င်မပြောဘူး။ သေနတ်ယှဉ်ပစ်ဖို့အကြောင်းပေါ်လာမဲ့ မေးခွန်းမျိုးဆိုရင်လည်း ခပ်မာမာပဲဖြေတယ်။ ဘာဖြစ်တယ်၊ ဘယ်လိုဆိုတာကိုလည်း အသေအချာ ရှင်းမပြဘူးဆိုတော့ သူက အဲဒီလိုမေးခွန်းမျိုးတွေကို မကြိုက်ဘူးဆိုတာ ကျွန်တော်တို့က သိတယ်လေ။ အလွန်ကြောက်စရာကောင်းလောက်အောင် သူတတ်ကျွမ်းတဲ့ပညာရဲ့ စိတ်မချမ်းမြေ့ဘွယ်ရာ ပေးဆပ်ခြင်းတစ်ခုခုက သူ့ရဲ့ လိပ်ပြာကို လွှမ်းမိုးထားတယ်လို့ ကျွန်တော်တို့က ယူဆထားတယ်။ ဒါပေမယ့် သူကြောက်တတ်ပါ့လားဆိုတဲ့ သံသယဖြစ်စရာအတွေးတောင် ကျွန်တော့်တို့ ခေါင်းထဲရောက်မလာပါဘူး။ အပြင်ပန်း သွင်ပြင်ကိုမြင်ရုံနဲ့တင် အဲဒီလိုသံသယမျိုးတွေကို ကင်းဝေးစေတယ်ဆိုတဲ့ လူမျိုးတွေရှိတယ်လေ။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုက ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့ပါတယ်။
တစ်နေ့မှာ ကျွန်တော်တို့ စစ်ဗိုလ်ဆယ်ယောက်လောက်က စီ(လ်)ဗီအိုဆီမှာ ညစာ စားကြတယ်။ ထုံးစံအတိုင်း သောက်ကြပြီဆိုတော့ များတော့ များတာပေါ့။ စားသောက်ပြီးတော့ အိမ်ရှင်ကို ဖဲရိုက်ဖို့ရာ ပြောကြတာပေါ့။ သူက ဖဲကို တစ်ခါမှလို့ပြောလို့ရလောက်အောင် မကစားတာဆိုတော့ အကြာကြီး ငြင်းပါတယ်။ နောက်ဆုံးကြတော့လည်း ဖဲထုပ်ကိုယူခဲ့ဖို့ အမိန့်ပေးလိုက်ပြီး ပိုက်ဆံငါးဆယ်ကို စားပွဲပေါ်တင်ပြီး ဖဲရိုက်ဖို့ထိုင်ပါတော့တယ်။ ကျွန်တော်တို့ကလည်း သူကိုဝိုင်းထိုင်ပြီးတော့ ဖဲစရိုက်တော့တာပါပဲ။ ဖဲကစားနေတုန်းဆိုရင် ဘာမှကိုမပြောဘဲ လုံးဝပါးစပ်ပိတ်ပြီးနေတတ်တဲ့အလေ့အကျင့်က စီ(လ်)ဗီအိုမှာရှိတယ်။ ဘယ်တော့မှလည်း အငြင်းမပွားသလို ဘယ်တော့မှလည်း သူက ရှင်းပြလေ့မရှိပါဘူး။ ကစားနေတုန်းတစ်ယောက်ယောက်က မှားပြီးတွက်တာဖြစ်တယ်ဆိုရင် သူက လိုတဲ့ပိုက်ဆံကိုချက်ခြင်းထုတ်ပေးတယ်၊ အဲသလိုမှ မဟုတ်ရင်လည်း ရေးမှတ်စရာရှိတာကိုရေးမှတ်တယ်။ ကျွန်တော်တို့က သိပြီးသားဆိုတော့လည်း ဘာမှ အနှောက်အယှက်မပေးပါဘူး။ အဲ ဒါပေမယ့် ကျွန်တော်တို့ကစားဝိုင်းထဲမှာ မကြာခင်ကမှကျွန်တော်တို့ဆီကို ပြောင်းလာတဲ့ စစ်ဗိုလ်အသစ်တစ်ယောက်ရှိတယ်။ သူက ကစားနေရင်း ရှုံးလွန်းလို့ သတိလက်လွတ်နဲ့ ဖဲချပ်ရဲ့ထောင့်တစ်နေရာကို အမှတ်တမဲ့ ချိုးခေါက်မိတယ်။ စီ(လ်)ဗီအိုကလည်း သူ့ထုံးစံအတိုင်း မြေဖြူကိုယူပြီး စားရင်းကိုပြင်တယ်။ စစ်ဗိုလ်လေးက သူ့ကို မှားပြီးစာရင်းမှတ်တယ်ထင်ပြီး စရှင်းပြပါတော့တယ်။ စီ(လ်)ဗီအိုကတော့ ဘာမှမပြောဘဲ ဆက်ပြီးဖဲရိုက်ပါတယ်။ စစ်ဗိုလ်လေးက ဒေါသတွေထွက်ပြီး ဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ ရေးမှတ်ထားတာတွေကို ဖျက်ပါလေရော။ စီ(လ်)ဗီအိုကလည်း မြေဖြူကိုယူပြီး ထပ်ရေးတာပေါ့။ ၀ိုင်သောက်ထားတဲ့အရှိန်ရယ်၊ ဖဲရှိန်ရယ်၊ အပေါင်းအသင်းတွေရဲ့ ရယ်သံတွေနဲ့ ကိုယ်ဟာကို အတော်ကိုပက်ပက်စက်စက်မှားနေတဲ့ကောင်လို့ ထင်ပြီး၊ ဒေါသတကြီးနဲ့ စားပွဲပေါ်က ဖယောင်းတိုင်တင်ထွန်းတဲ့ ကြေးတိုင်ကြီးကို ဆွဲပြီး၊ စီ(လ်)ဗီအိုဆီကို ပစ်လွှတ်လိုက်တယ်။ စီ(လ်)ဗီအိုလည်း မနည်းရှောင်လိုက်ရတယ်။ ကျွန်တော်တို့လည်း အတော်ကို ကသိကရောက်ဖြစ်သွားတယ်။ စီ(လ်)ဗီအိုကလည်း ဒေါသကြောင့် မျက်နှာကြီးက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး မျက်လုံးက အရောင်တဖျတ်ဖျတ်ထွက်လာပြီး ထပြီးပြောတယ်။ - လူကြီးမင်း ကျေးဇူးပြုပြီးထွက်သွားပါ။ ဒီကိစ္စ ကျုပ်အိမ်ထဲမှာ ဖြစ်သွားတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။
ကျွန်တော်တို့က အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို သံသယမရှိဘဲ အပေါင်းအသင်းအသစ်ကိုလည်း သေလူအဖြစ် ယူဆထားပြီးသားပါ။ စစ်ဗိုလ်လေးကလည်း အိမ်ရှင်အဆင်ပြေမယ့်အချိန်မှာ သူ့အမှားအတွက်ရင်ဆိုင်ရန်အသင့်ရှိကြောင်းပြောပြီး ထွက်သွားလေရဲ့။ ကစားပွဲကို မိနစ်အနည်းငယ် ဆက်ကစားကြပေမယ့် အိမ်ရှင်က အဆုံးအထိဆက်မကစားချင်ဘူးလို့ ခံစားရလို့ ကျွန်တော်တို့လည်း တစ်ယောက်ပြီးတစ်ယောက် လူစုခွဲပြီး ကိုယ့်အခန်းကို ကိုယ်စီပြန်သွားကြတော့တာပေါ့။
နောက်နေ့ မြင်းစီးကွင်းမှာ သနားစရာစစ်ဗိုလ်လေး အသက်ရှိသေးရဲ့လားလို့ အချင်းချင်းမေးနေတုန်းပဲ အဲဒီစစ်ဗိုလ်လည်း ရောက်လာတော့ သူကိုလည်း အဲဒီမေးခွန်းကိုပဲ မေးကြတယ်။ သူကလည်း စီ(လ်)ဗီအို ဆီက ဘာကိုမှ အကြောင်းမကြားကြောင်း ပြောတယ်။ အဲသလိုဖြစ်နေတာကိုက ကျွန်တော်တို့ကို အံ့အားသင့်စေတာပါ။ ကျွန်တော်တို့လည်း စီ(လ်)ဗီအိုဆီကိုသွားတော့ ခြံတံခါးမှာ ကပ်ထားတဲ့ စပိတ်ဖဲပွင့်ပေါ်အတည့်ကိုကျည်ဆံတွေတစ်တောင့်ပြီးတစ်တောင့်ထပ်နေအောင် ပစ်နေတဲ့ သူကို အိမ်ဝိုင်းထဲမှာ တွေ့ပါတယ်။ မနေ့ကဖြစ်သွားတဲ့အကြောင်းအရာကို တစ်ခွန်းမှ မဟဘဲ သူက ကျွန်တော်တို့ကို ခါတိုင်းလိုပဲ ဆီးကြိုနှုတ်ဆက်ပါတယ်။ သုံးရက်လောက်ကြာပေမယ့်လည်း ဟိုစစ်ဗိုလ်လေးကတော့ အသက်ရှင်ရက်ပါပဲ။ စီ(လ်)ဗီအိုက သေနတ်ချင်းယှဉ်ပစ်ဖို့ တကယ့်ကိုပဲ မခေါ်တော့ဘူးလားလို့ ကျွန်တော်တို့ တအံ့အသြနဲ့မေးမိတယ်။ စီ(လ်)ဗီအိုက သေနတ်ချင်းယှဉ်ပစ်ဖို့ မခေါ်ပါဘူး။ သူကတော့ နည်းနည်းပါးပါးရှင်းပြတာကို ကျေနပ်ပြီးတော့ ပြန်ပေါင်းထုပ်သွားပါတယ်။
အဲသလိုလုပ်သွားတာက ကျွန်တော်တို့ လူငယ်တွေရဲ့ အမြင်မှာ သူ့ကိုအထင်အမြင်သေးစေပါတယ်။ သတ္တိရှိတယ်ဆိုတာကို လူတစ်ယောက်အတွက် အမြင့်ဆုံးစံလို့ အမြဲမြင်တတ်တဲ့၊ ခွင့်လွှတ်တယ်ဆိုတာကို ဖြစ်နိုင်ချေရှိတဲ့ အပြစ်အနာအဆာလို့ ယူဆတဲ့ ကျွန်တော်တို့ လူငယ်တွေက သူသတ္တိသိပ်မရှိတာကို ခွင့်လွှတ်ကြပါတယ်။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ပဲ အားလုံးကမေ့သွားကြတာပါ။ ပြီးတော့လည်း စီ(လ်)ဗီအိုက အရင်ကအတိုင်း သူ့ရဲ့လွှမ်းမိုးမှုကတော့ ပြန်ရှိတာပါပဲ။
ကျွန်တော်တစ်ယောက်တည်းကသာ သူ့နားကိုပြန်မကပ်နိုင်တာပါ။ ကျွန်တော့်မှာ ကြည်နူးဖွယ်ရာစိတ်ကူးယဉ်တတ်တဲ့ အလေ့အထကရှိတော့ ပဟေဠိဆန်ဆန်ဘ၀ရှိတဲ့၊ ကျွန်တော်အတွက် လျှို့ဝှက်ဆန်းကြယ် ၀တ္ထုတစ်ခုခုက သူရဲကောင်းတစ်ယောက်လို ဖြစ်နေတဲ့ သူနဲ့ ပိုပြီး ရင်းရင်းနှီးနှီးရှိခဲ့တာပေါ့။ သူကလည်း ကျွန်တော့်ကို ခင်ပါတယ်။ သူက ကျွန်တော့်ကိုဆို သူ့ထုံးစံအတိုင်း စကားကို ခပ်ထန်ထန်၊ ခပ်ရိုင်းရိုင်းမပြောဘဲ၊ အကြောင်းအရာအစုံကို ပြောနေကြမဟုတ်တဲ့ ချိုချိုသာသာလေသံနဲ့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာကောင်းတဲ့ ညနေခင်းအပြီးမှာတော့ သူ့အပေါ်ထားတဲ့ လေးစားမှုတွေက သူ့ရဲ့ အမှားကြောင့်ပဲ ပျောက်ဆုံးသွားပါတယ်။ အဲဒီအတွေးက စိတ်ထဲမှာပျောက်မသွားဘဲ အရင်ပုံစံလို သူနဲ့ပြန်မဆက်ဆံနိုင်လောက်အောင်၊ သူကိုမကြည့်ချင်လောက်အောင်ကိုပဲ ဖြစ်ရပါတယ်။ စီ(လ်)ဗီအိုက သိပ်ကိုအတွေ့အကြုံကရှိ၊ ဥာဏ်ကလည်းကောင်းဆိုတော့ ဘာလို့ကျွန်တော်အဲဒီလိုဖြစ်နေတယ်ဆိုတာကို သတိထားမိ၊ ခန့်မှန်းမိမှာပါ။ သူလည်း စိတ်အနှောက်အယှက်တော့ဖြစ်ပုံပေါ်ပါတယ်။ သူက ကျွန်တော့်ကို ရှင်းပြဖို့ နှစ်ခါလောက်ကျိုးစားတာကို ကျွန်တော်က ရှောင်ပြေးနေတော့ သူလည်း လက်တော့လျှော့သွားတယ်။ အဲဒီအချိန်ကစပြီးတော့ အပေါင်းအသင်းတွေနဲ့ အတူပဲ တွေ့တော့တာဆိုတော့ အရင်လို ပွင့်ပွင့်လင်းလင်းပြောတာတွေလည်း မရှိတော့ဘူးပေါ့။
ကိုယ်ကိစ္စနဲ့ကိုယ်အလုပ်ရှုပ်နေတဲ့ မြို့တော်ကလူတွေကတော့ မြို့ငယ်တွေ၊ ရွာတွေကလူတွေရဲ့ ကိစ္စတစ်ချို့ကို နားမလည်လောက်ဘူး။ ဥပမာ - စာတိုက်ဖွင့်တဲ့ရက်ကို စောင့်ရတာမျိုးကိုပေါ့။ အင်္ဂါနဲ့ သောကြာနေ့တွေဆို ကျွန်တော်တို့ တပ်ရင်းရုံးမှာ စစ်ဗိုလ်တွေအပြည့်ပဲ။ ငွေကို စောင့်တဲ့သူက စောင့်၊ စာ၊ သတင်းစာ မျှော်တဲ့သူက မျှော်ပေါ့လေ။ စာအိတ်တွေကိုတော့ အဲဒီမှာပဲ ဖွင့်ပြီးတော့ ဖတ်ကြ၊ သတင်းတွေ ဖလှယ်ကြနဲ့ ရုံးလေးက တကယ့်ကို အသက်ဝင်နေတာပဲ။ စီ(လ်)ဗီအိုလည်း အမြဲရှိနေတတ်ပြီးတော့ ကျွန်တော်တို့ တပ်ရင်းကို လိပ်မူပြီးထားတဲ့ သူ့စာတွေလည်း ရောက်တတ်ပါတယ်။ တစ်နေ့ သူ့ဆီကို စာရောက်တော့ ချက်ချင်းပဲ စာအိတ်ကို အလွန်စိတ်မရှည်တဲ့ပုံစံနဲ့ ဖွင့်ပါတော့တယ်။ စာကို အမြန်အပြေးအလွှား ဖတ်နေရင်း မျက်လုံးက အရောင်တွေကို ထွက်လို့ပေါ့။ စစ်ဗိုလ်တွေကလည်း ကိုယ့်စာတွေနဲ့ကိုယ်ရှုပ်နေတာဆိုတော့ သူ့ကို ဘယ်သူကမှ သတိမထားမိပါဘူး။ - လူကြီးမင်းတို့- စီ(လ်)ဗီအိုက သူတို့ကိုပြောတယ်။ - အခြေအနေတစ်ခုကြောင့် ကျွန်တော် ဒီကနေအမြန်ထွက်ခွာရပါတော့မယ်။ ဒီနေ့ညပဲ သွားမှာဖြစ်လို့ ကျွန်တော့်အိမ်မှာ နောက်ဆုံးအနေနဲ့ ညစားစာဖို့ ဖိတ်ခေါ်တာကို မငြင်းကြစေလိုပါဘူး။ ကျွန်တော်စောင့်နေပါ့မယ်။ - သူက ကျွန်တော့်ဖက်ကိုလှည့်ပြီးတော့ ဆက်ပြောပါတယ်။- အသေအချာကို စောင့်နေပါ့မယ်။ ပြောရင်းဆိုရင်း သူထွက်သွားတော့ ကျွန်တော်တို့လည်း သူ့ အိမ်မှာ ဆုံကြဖို့ ပြောပြီးတော့ အသီးသီး လမ်းခွဲကြပါတယ်။
ကျွန်တော် စီ(လ်)ဗီအိုဆီကို ချိန်းထားတဲ့ အချိန်မှာရောက်တော့ တပ်ကလူတွေ အကုန်နီးပါးရောက်နေပါပြီ။ သူ့ပစ္စည်းတွေက အကုန်ထုပ်ပိုးပြီးပြီဆိုတော့ ကျည်ဆံရာတွေနဲ့ နံရံပဲကျန်နေတော့ပါတယ်။ ကျွန်တော်တို့လည်း စားပွဲခုံရှေ့မှာ ထိုင်နေကြပြီး၊ အိမ်ရှင်ကလည်း အလွန်ကိုပဲ စိတ်လောနေတဲ့ ပုံစံရှိနေပါတယ်။ ခဏနေတော့ စကားပြောရင်းဆိုရင်း သူလည်းပျော်ရွှင်လာပါတော့တယ်။ ပုလင်းဖေါက်သံတွေဆက်တိုက်ကြားလာရပြီးတော့ ခွက်ချင်းတိုက်သံတွေ စကားပြောသံတွေလည်း အဆက်မပြတ်ကြားလာရပါတယ်။ ကျွန်တော်တို့ကလည်း အဆင်ပြေချောမွှေ့သော ခရီးဖြစ်ပါစေလို့ အူလိုက်သည်းလိုက် ဆုတောင်းပေးကြပါတယ်။ ညနေလည်း အတော်စောင်းတော့ အားလုံးလည်း စားပွဲကနေထကြပါတော့တယ်။ စီ(လ်)ဗီအိုရဲ့ ဦးထုပ်ကို စူးစမ်းရင်း အားလုံးက နှုတ်ဆက်နေတုန်း ကျွန်တော်ထွက်ခါနီးမှာပဲ ကျွန်တော့်လက်ကို သူကလှမ်းဆွဲပြီး တားပါတော့တယ်။- ငါမင်းနဲ့ စကားပြောစရာရှိတယ်။- သူက တိုးတိုးလေးပြောပါတယ်။ ကျွန်တော်လည်း ကျန်နေခဲ့ပါတယ်။
ကျွန်တော့်အရီး ဒေါ်ကလေးမ
>> Sunday, July 8, 2007
အရီးက လက်ဖက်တော့ အတော်ကြိုက်တယ်။ မြန်မာတော်တော်များများတော့ လက်ဖက်ကြိုက်ကြတာပါပဲ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ငပိဆို လုံးဝမကြိုက်ဘူး။ သူတောင် လက်ဖက်တော့စားတယ်။ အရီးလက်ဖက်ကြိုက်တာက အတော်လွန်တယ်လို့ပြောရမလားမသိဘူး။ နေ့တိုင်းကိုစားတာ။ အများကြီးစားတာတော့မဟုတ်ဘူး။ ပဲခြမ်းကြော်တို့ မြေပဲတို့လဲမပါဘူး။ လက်ဖက်နဲနဲလေးကို ကြက်သွန်ဖြူလေးတွေလှီးထည့်၊ ပုဇွန်ခြောက်လေး နှစ်ကောင်သုံးကောင်နဲ့ သုပ်တာ။ ဆီကတော့ ရွဲနေတာပေါ့။ သုပ်ရင်လဲ သူတစ်ယောက်စာပဲသုပ်တာ။ ပြီးရင် ဧည့်ခန်းက စားပွဲအောက်မှာ ထိုးထားလေ့ရှိတယ်။ ကျွန်တော်တို့ကလေးတွေက သူသုပ်ထားတာ ခိုးပြီးနှိုက်စားရင် မကြိုက်ဘူး။ ဘယ်အစာကိုပဲစားစား သူလုပ်လေ့ရှိတဲ့အလုပ်ကတော့ ဦးရှင်ကြီးတင်တာတဲ့။ စားသောက်မဲ့ပန်းကန်ကို ခေါင်းပေါ်တင်ပြီး ပါးစပ်က ဘာတွေရွတ်လဲမသိဘူး။ အဲလိုလုပ်ပြီးမှစားတယ်။ ထမင်းစားလဲအဲလိုပဲ။ ဘယ်တော့မှမမေ့ဘူး။
အရီးရဲ့နောက်ထပ်အကျင့်တစ်ခုက ရေနွေးသောက်ရင် ဘယ်တော့မှ ရေနွေးခွက်ထဲက ရေနွေးကို ကုန်အောင်မသောက်ဘူး။ နည်းနည်းလေးချန်ထားပြီး သွန်သွန်ပစ်တယ်။ အဘမိန်းမ ကျွန်တော့်အဖွားက အဲဒါကို မကြိုက်လို့ပြောလဲ မရဘူး။ သွန်မြဲသွန်တာပဲ။ ရေနွေးခွက်ကိုလဲသူ့ခွက်ကို သတ်သတ်မှတ်မှတ်ထားတယ်။ သူများတွေ ယူသောက်ရင် ခွက်ကိုဆေးလို့မပြီးတော့ဘူး။ ဆေးလိပ်ကလဲ အတော်ကြိုက်တယ်။ ပြောင်းဖူးဖက်ဆေးလိပ်ပဲသောက်တယ်။ အိပ်ရင်တောင် ဆေးလိပ်ကိုခဲထားရင်း မှေးပြီးအိပ်လို့ သူ့နားထင်မှာဆို ဆေးလိပ်ခိုးငွေ့တွေစွဲနေတတ်တယ်။ သူတစ်ယောက်ထဲပြောနေတတ်တဲ့အကြောင်းတွေမှာ တစ်ချို့အကြောင်းအရာတွေက ထပ်ထပ်နေတတ်တယ်။ ပုံပြင်လိုမျိုးတွေလဲပါတယ်။ တစ်ခါတလေ ကျွန်တော့်အမေက အရီး ဟိုနေ့ကကျားကြီး အကြောင်းပြောပါဦးဆိုရင် စိတ်လိုလက်ရ ပြောပြတတ်တယ်။ အဲ သူစိတ်ရှုပ်နေတဲ့အချိန်ဆိုရင်တော့ ဘယ်ကကျားကြီးလဲ၊ နင့်လင်ကျားကြီးက သေတာကြာပေါ့လို့ ပြန်အော်တော့တာပဲ။ တစ်ခါတစ်လေ မေးတဲ့သူက မေးတဲ့အကြောင်းအရာမှားနေတယ်ဆိုရင်တော့ အရီးက အဲလိုမဟုတ်ဘူး၊ ဒီလိုဆိုပြီး ပြင်ပေးတတ်တယ်။ ကျွန်တော့်အမေမှာက ညီအစ်ကိုမောင်နှမက ရှစ်ယောက်တောင်ရှိတယ်။ အဲဒီ တူတွေ တူမတွေအများကြီးကို အရီးက ဒိုင်ခံထိန်းရတာ။ တူတွေ၊ တူမတွေကလဲ သူ့ကိုချစ်ကြပါတယ်။ အိမ်ထောင်တွေကျတဲ့အထိ သူ့ကို စောင့်ရှောက်ကြတယ်။ တူတွေတူမတွေကြားထဲမှာတော့ အရီးက အသည်းကျော်ပေါ့ဗျာ။
အဘကလဲ သူ့ညီမကို အတော်ချစ်ပါတယ်။ ကလေးမ ကလေးမနဲ့ ပါးစပ်ဖျားကကို မချဘူး။ အရီးက ကျွန်တော်တို့မြေးတွေအပေါ်လဲ တော်တော်ဂရုစိုက်တယ်။ ကျွန်တော်ကျောင်းသွားတက်ပြီး အိမ်ကိုခဏပြန်လာရင် ဟိုဟိုဒီဒီလျောက်မသွားဖို့၊ လိမ်လိမ်မာမာနေဖို့ မှာလို့ကိုမပြီးတော့ဘူး။ မြေးတွေကလဲ ပေါမှပေါ။ မောင်နှမ ရှစ်ယောက်ကမွေးတာဆိုတော့ ခုပြန်ရေကြည့်ရင်တောင် ဘယ်နှစ်ယောက်လဲမသိဘူး။ အလှူအတန်းလုပ်ရင် ဆွေမျိုးနဲ့တင် တစ်ဒယ်လုပ်ရတယ်။ ပျော်တော့ ပျော်စရာကြီးပေါ့။ သင်္ကြန်တွင်းရောက်ပြီဆိုရင် ကျွန်တော်တို့တွေအရမ်းပျော်ရတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဆွေမျိုးတွေအလှည့်ကျလှူကြတာ။ အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိပဲ။ ဘယ်သူဘယ်နေ့ယူမယ်ဆိုတာမျိုးတော့ ပြဿနာနဲနဲရှိတာပေါ့။ အတက်နေ့လို၊ နှစ်ဆန်းတစ်ရက်နေ့လိုမျိုးကို လှူချင်ကြပေမယ့် အကြပ်နေ့လိုမျိုးကျတော့ အင်တင်တင်။ နောက်ဆုံးတော့ နှစ်အလိုက်အလှည့်ကျလှူကြတယ်။ အကြိုနေ့မတိုင်ခင်တစ်ရက်တည်းက အိမ်မှာ ချက်ကြပြုတ်ကြ၊ စားကြသောက်ကြပေါ့။ အကြိုနေ့မနက်အစောကြီးထ၊ ကုန်တင်ကားကြီးပေါ်ကို ချက်ပြီးပြုတ်ပြီးသား ထမင်းအိုး၊ ဟင်းအိုးတွေတင်၊ လူတွေပါတက်ပြီးသွားကြတာ။ ဟိုရောက်မှနဲနဲပါးပါးပြန်နွေးပြီး ဆွမ်းကျွေးကြတာပေါ့။ မနက်ကတော့ နနွင်းမကင်းတို့၊ ခေါပြင်တို့၊ ကောက်ညှင်းပေါင်းတို့လိုသရေစာမျိုးတွေကျွေးတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ပဲနီစေ့ပြုတ်ကို ကြက်သွန်နီလေးနဲ့ ဆီရွှဲရွှဲလေးဆမ်းပြီးသုတ်ထားတာပေါ့။ လူကြီးတွေဥပုပ်စောင့်နေကြချိန် ကျွန်တော်တို့ကလေးတွေက ဘုန်းကြီးကျောင်းဝန်းထဲက ခရေပင်အောက်မှာ ဆော့ကြတယ်။ တစ်ခါတလေ အဖွားက ကျွန်တော်တို့ကို စိတ်မချရင် အရီးကို ကျွန်တော်တို့နဲ့အတူချန်ထားခဲ့တတ်တယ်။ အဲဒီအခါမျိုးဆိုရင်တော့ အရီးက ကျွန်တော်တို့အတွက် ကလေးဘိုကြီးပေါ့။ ကျွန်တော်တို့မကြားဖူးတဲ့ ပုံပြင်အထူးအဆန်းတွေ၊ ကျွန်တော်တို့ မကစားဘူးတဲ့ ကစားနည်းမျိုးစုံကို ပြောပြသင်ပြတော့တာပါပဲ။ အရီးက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းကြီးဆိုလဲ မမှားဘူးပေါ့ဗျာ။
သင်္ကြန်မှာဦးပုပ်စောင့်တယ်ဆိုတာကလဲ မနက်ဦးပုပ်ပါ။ ညနေဆိုထွက်တော့တာပါပဲ။ ဘာလို့လဲဆိုတော့ ဆွမ်းကျွေးပြီးလို့ ကျောင်းကပန်းကန်တွေ ဆေးကြော၊ ခြောက်အောင်သုတ်ပြီး တုန်းလုန်းပက်လက်လှဲသူလဲလှဲ၊ ပုတီးစိပ်သူလဲစိပ်ပေါ့။ နေလေးနည်းနည်းစောင်းရင်တော့ ကားပေါ်ကိုပစ္စည်းတွေတင်ပြီး ပြန်ကြတယ်။ လမ်းတစ်လျောက်လုံးမှာ ဘုန်းကြီးကျောင်းက ပြန်လာတဲ့ကားဆိုပြီး ဘယ်သူမှရေမပက်ကြဘူး။ အဲ ကိုယ့်အိမ်ရှေ့လဲရောက်ပြီဆိုရော အရပ်ထဲကကလေးတွေက ပြောမရဆိုမရ ကားပေါ်ကို ပုံးကြီးပုံးငယ်အသွယ်သွယ်နဲ့ လှမ်းပက်တော့တာပဲ။ ဦးပုပ်စောင့်ထားတဲ့လူကြီးတွေကလဲ မပက်ကြနဲ့လို့ အော်နေကြပေမယ့် သင်္ကြန်ရေလေးစိုတော့ သူတို့လဲ ဘာသားနဲ့ထုထားတာမှတ်လို့၊ မြူးလာကြတာပေါ့။ မကြာပါဘူး သူတို့လဲ အောက်ဆင်းပြီး ပြန်ပက်လိုက်တာ ဦးပုပ်ဆိုတာ ဘယ်ကထွက်သွားမှန်းတောင် သိလိုက်ကြမှာမဟုတ်ဘူး။ အရီးဆိုတာ ကလေးတွေကြားမှာ နို့ဆီခွက်နဲ့ ခွက်စောင်းခုတ်နေလိုက်တာ သူကလက်သံအပြောင်ဆုံးလို့တောင် ထင်ရတယ်။ ကျွန်တော့်အရီးကအဲလိုပါဆို။
အရီးက ဘုရားဆွမ်းတော်သာ မတင်တာ၊ ဆွမ်းတော်တော့ အမြဲစွန့်တယ်။ ပြီးရင် ဆွမ်းတော်စွန့်တဲ့ ထမင်းတွေကို ကျီးတွေစားဖို့ ခွက်ကလေးနဲ့ အမြင့်တစ်ခုမှာ တင်ထားလေ့ရှိတယ်။ မုန့်တွေဘာတွေနဲ့ တင်တဲ့နေ့ဆိုရင်တော့ ကျွန်တော်တို့ကလေးတွေက အရီးထက်ဦးအောင်စွန့်ပြီး မုန့်တွေစားပစ်ကြရင် သူကဆူလို့မပြီးတော့ဘူး။ ဆွမ်းတော်စွန့်တာစားရင် ဥာဏ်ထိုင်းတတ်တယ်လို့လဲ ထပ်တလဲလဲပြောတော့တာ။ အရီးက နတ်တွေဘာတွေလဲ အရမ်းယုံတယ်။ အိမ်အပေါ်ထပ်မှာဆိုရင် နတ်စင်က ဘုရားစင်ထက်တောင် ကျယ်မလားပဲ။ ပူဇော်ထား၊ ပသထားလိုက်တာတွေလဲ ရှုပ်ယှက်ကိုခတ်လို့။ သူတို့ ကိုကြီးကျော်တင်တဲ့နေ့ဆိုရင်တော့ ကျွန်တော့်ဦးလေးအငယ်ဆုံးကအကြိုက်ပေါ့။ ကိုကြီးကျော်အတွက်တင်ထားတဲ့ ထန်းရည်ပုလင်းနဲ့ ကြက်ကျော်ကို ကိုကြီးတရုတ် ကျွန်တော့်ဦးလေးက ကိုကြီးကျော်ရောက်မလာခင် တက်မော့တော့တာ။ အရီးရဲ့ကိုးကွယ်မှုတွေက ကျွန်တော့်အမေအထိကူးစက်လို့ ကျွန်တော်ဆို ၀က်သားဟင်းဆိုတာ ကျောင်းရောက်မှစားဖူးတယ် (အဆောင်ကကျွေးတာတော့မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် ၀ယ်စားရတာ) အရီးက နတ်ပွဲရှိရင်မနေနိုင်ဘူး။ နတ်ဆိုင်းသံကြားရင်ကို လက်ကတလှုပ်လှုပ်ဖြစ်လာတာ။ နတ်ပွဲပေးတဲ့လူနဲ့ သိသိမသိသိ အတင်းဝင်ကတော့တာ။ အဘက သူနှမကိုလိုက်ဆွဲတော့မှ ရပ်တယ်။
ဟိုနေ့က အိမ်ဖုန်းဆက်တုန်းကတော့ သူနဲ့စကားပြောဖြစ်တယ်။ သူကလဲ မေးနေကျ စကားတစ်ခွန်းတော့ အမှတ်တရမေးတယ်။ ခါတိုင်းလဲမေးတာပါပဲ။
‘လူလေး မင်းတို့ဆီမှာ ဘာဂဏန်းကြားလဲတဲ့’။ အင်း ကျွန်တော့်အရီးလဲ ဒီသံသရာက ဘယ်တော့များမှ ကျွတ်နိုင်ပမလိမ့်။ ။