မော်စကိုသို့ပေးစာ

>> Tuesday, February 19, 2008

ပီဆာကျယ်တို့ မအားရပုံများ ယားတဲ့နေရာတောင် နောက်အားမှကုတ်ရအောင် ထုံးတို့ထားရလိမ့်မယ်။ မနက်ဖယ်ရီမှီဖို့ အစောကြီးထပြေးရ၊ ညမိုးချုပ်မှအိမ်ပြန်၊ နောက်နေ့အတွက် သင်ခန်းစာပြင်ဆင်ရနဲ့ လေဒီပီဆာကျယ်ဆီတောင် အခစားမှန်မှန်မ၀င်အားဘူး။ ဘလော့မှာ ရေးမယ်ရေးမယ်နဲ့ မရေးအားခဲ့ဘူး။ ဟိုပြေး ဒီပြေး ရွာဆော်ကြီးခွေးလို ကျောင်းနှစ် ကျောင်းကူးပြီးစာသင်နေရတယ်။ ညီဆရာတွေရဲ့ စူးရှပြောင်မြောက်တဲ့ ပို့ (စ)လေးတွေဖတ်ပြီး ကျေနပ်နေရတယ်။ ရန်ကုန်မှာ ပူနေပေမဲ့ မြို့တော်မော်စကိုမှာ အေးကောင်းတုန်းနေမှာပေါ့။ ညီဆရာတို့ရဲ့သုတေသနပြုလုပ်ချက်တွေကို ကွန်ဖရန့်(စ)တွေမှာ အောင်မြင်စွာ တင်ပြနိုင်ခဲ့ကြတာလည်း အဝေးကနေ ဂုဏ်ယူကျေနပ် အားပေးနေမိပါတယ်။ အမိမြေကဝေးကွာပြီး ဘယ်လိုမှအံဝင်ဂွင်ကျ မဖြစ်နိုင်တဲ့ ရာသီဥတု၊ လူမှုအဖွဲ့အစည်း ကြားမှာ ကျားကုတ်ကျားခဲ ပညာသင်ကြားနေရတာကို ကိုယ်ချင်းစာမိပါတယ်။ သင်ကြားတတ်မြောက်လာတဲ့ ပညာရပ်တွေကို အမိမြေက ပညာငတ်မွတ်နေတဲ့ ကလေးတွေကို ပညာဆီမီး ထွန်းညှိပေးနိုင်ဖို့ ပြင်ဆင်လာခဲ့ကြနော်။ ပညာမြင့်မှလူမျိုးမြင့်မယ်၊ ဘာညာ စကားလုံးအကြီးကြီးတွေ မပြောချင်ပေမဲ့ တတ်ထားတဲ့ပညာ ဖြန့်ဖြူးပေးနိုင်တဲ့ ဆရာကောင်း၊သမာားကောင်းတွေ အများကြီး တို့ဆီမှာလိုနေသေးတယ်ဆိုတာ ညီဆရာတို့ကို ပြောချင်တယ်။

ဆရာဇနိပြောသလို ဒီဘလော့လေးက အချင်းချင်း ရေးကြပြောကြ တဲ့ဘော်ဒါတွေဆုံဆည်းရာလေးပါ။ အပေါင်းအသင်းအားလုံး အားတဲ့အချိန်မှာ ဖတ်နိုင်အောင် အီးမေးကနေမပို့တော့ပဲ ဘလော့ကနေ ရေးလိုက်ရတာကို အခြားလာရောက်အားပေးကြတဲ့ ဧည့်သည်တော်များနားလည်နိုင်ပါစေလို့ တောင်းပန်ပါရစေ။ ဆရာရွက်ဝါရေ ဆရာလုပ်ကျွေးတဲ့ ငှက်ပျောသီးကို မီးဖုတ်ပြီး နွားနို့နဲ့ရောစားရတာကို သတိရကျေးဇူးတင်နေပါတယ်။ ကိုလုံးတို့၊ မောင်ဖြူတို့၊ ကိုမြင်းတို့ ( ဘလော့နစ်(ခ)ကိုမမှတ်မိတာ ခွင့်လွှတ်နော်၊ ပီဆာကျယ်က offline နဲ့ အိမ်ကရေးနေရလို့ပါ) ပြန်လာရင် ဗေါ့(ဒ)ကာ ယူခဲ့နော်။ ဆရာ NA ကတော့ ဘိုင်ဘိုင်စုရုအော့ ရှိတဲအိမတ်(ရှ)တ လုပ်သွားပြီထင်တယ်။ ဘလော့ကို ခြေဦးလှည့်မလာတော့ဘူး။ မဇနိရော နိဟွန်းမှာစာတွေ အတော်ပိနေရောပေါ့။ “အိဆုဒဲမော့ မခဲနိုင်းဒဲ ခူဒါဇိုက်။ ဂန်ဘတ်တဲ့”။
ဇန်န၀ါရီလက မန္တလေး၊ တောင်သမန်အင်း၊ မေမြို့သွားခဲ့တဲ့ပုံတွေ ဘော်ဒါတွေအမှတ်တရ ဖြစ်စေဖို့ တင်ပေးလိုက်တယ်နော်။ ဒီဂျစ်တယ်ကင်မရာ ရမှပဲ လုလုချန်တို့ သွားရေယိုသွားအောင် ပီဆာာကျယ် တစ်ကိုယ်တည်း၊ လူပျိုကြီး ချက်စားတဲ့ဟင်းတွေကို “Pisarkyae Can Cook” အစီအစဉ် ဘလော့မှာ တင်ဦးမယ်လို့ တင်ကြို ဘွတ်ကင်လုပ်လိုက်တယ်နော်။
ရွှင်လန်းချမ်းမြေ့ပါစေ။
ပီဆာကျယ်





Read more...

စိတ်ခြေရာ

>> Monday, February 18, 2008

အပြင်မှာ
နှင်းသိမ်းကားတွေရဲ့အသံ
ဆူညံနေတယ်….။
အခန်းထဲမှာတော့
မသန့်ရှင်းတဲ့အတွေးတွေက
မီးခိုးငွေ့လိုအမှောင်တိုက်
လှောင်အိုက်လို့ပေါ့။
သီချင်းက
ထမနဲပွဲလည်း
နွှဲကြသည်…..တဲ့။
ပြီးရင်
မောင်မလာရှောင်ကာထွက်တော့
ဆယ့်နှစ်လရာသီ
ရှိပြီမောင်ရဲ့လို့
မမြ၀င်းက လွမ်းပြဦးမယ်။
ဘ၀ဟာ
ရှင်းရခက်တဲ့ချည်မျှင်တစ်ထုံးလို
သုံးလို့မှရပါတော့မလား…။
ကံကိုယိုးမယ်ဖွဲ့
သိမ်းခဲ့တဲ့
နှင်းဆီစက္ကူပန်းပွင့်
ဝေးဝေးကြီးလွှင့်ပစ်လဲ
ပွင့်ချပ်တွေကမကြွေ
အသက်ဝင်နေဆဲရယ်။

မွန်းအိန်ဂျယ်လ်

Read more...

ကြားဖူးနားဝ ရီစရာများ(၉)

>> Thursday, February 14, 2008

ဟိုတုန်းက တောရွာတစ်ရွာမှာ ချစ်သူစုံတွဲတစ်တွဲရှိတယ်။ တောသူတောင်သားတွေဆိုတော့ ရိုးတယ်အတယ်ပေါ့ဗျာ။ တစ်နေ့မှာတော့ ကောင်လေးက သူ့ချစ်သူကို သူ့အဘိုးပေးခဲ့တဲ့ သေတ္တာလေးကို ကောင်မလေးကို လက်ဆောင်ပေးတာပေါ့။ လက်ဆောင်ပေးတဲ့နေ့ကလဲ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဖြစ်နေတယ်။ အဲဒီနေ့ကို ဘာနေ့တွေ ညာနေ့တွေမှန်းသိလို့တော့မဟုတ်ဘူး။ ကောင်မလေးဆီက ချစ်တယ်လို့အဖြေရတဲ့နေ့…အဲဒါကြောင့်ပေးဖြစ်တာ။ ကောင်မလေးကလဲ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်တာပေါ့။ အိမ်ကိုပြန်ရောက်တော့ ကောင်မလေးက ချစ်သူကောင်လေးကပေးလိုက်တဲ့ သေတ္တာလေးကို ဖွင့်ကြည့်တာပေါ့။ အဲဒီမှာ ပြဿနာကစတော့တာပဲ။ ဘာလို့လဲဆိုတော့ သေတ္တာထဲမှာ မှန်လေးတစ်ချပ်ပါလာတယ်လေ။ မှန်ဆိုတာကို မမြင်ဘူးတော့ ဟိုဘက်ကြည့် ဒီဘက်ကြည့်နဲ့ နောက်ဆုံး မှန်ထဲက အရိပ်ကို မြင်တယ်ဆိုပါတော့။ ကောင်မလေးက စိတ်ထဲမှာ ဒီလိုတွေးလိုက်မိတယ်…´လက်စပ်သတ်တော့ ငါ့ကိုချစ်ပါတယ်…ချစ်ပါတယ်နဲ့ ညာပြောနေတာကိုး…ဘယ်ကကောင်မလေးကို ဒီသေတ္တာထဲမှာ သိမ်းထားလဲမသိဘူး… နေနှင့်အုံး မနက်ဖြန်မှ တွေ့မယ်…´ဆိုပြီး စိတ်ဆိုးနေတာပေါ့။ နောက်နေ့ ချိန်းတွေ့နေကြ နေရာမှာ ကောင်လေးနဲ့ တွေ့တာပေါ့။ အဲဒီအခါကြတော့ ကောင်မလေးက ပေါက်ကွဲတော့တာပေါ့။
ကောင်မလေး။ ။ ဒီမှာ ရှင်ကောင်းမလေးပုံပါတဲ့ သေတ္တာကို ဘာလို့ကျွန်မကိုပေးရတာလဲ။
ကောင်လေး။ ။ ချစ်ရယ်…ဘယ်က ကောင်မလေးလဲ…ကို မင်းကလွဲလို့ ဘယ်သူ့ကိုမ မချစ်ဘူး။
ကောင်မလေး။ ။ ရှင်က ဗြောင်လိမ်ပဲ… ဟောဒီမှာကြည့်ဆိုပြီး မှန်ကို ကောင်လေးကို ပေးလိုက်တာပေါ့။

ကောင်လေး။ ။ ဟားဟား…မင်းကမှ ဗြောင်လိမ်ကွ…ဘယ်ကမှန်းမသိတဲ့ နောက်တစ်ကောင်ကို မင်း တွဲနေတာမဟုတ်လား။ ဟောဒီမှာ ငါမြင်နေရတယ်ကွ။
ကောင်မလေး။ ။ မဟုတ်ဘူး… ရှင်မဟုတ်တာတွေ မပြောနဲ့…ပေးစမ်းဆိုပြီး အဲဒီမှန်ကို ယူပြီးကြည့်တော့…ဟောဒီမှာ ရှင့်ရဲ့နောက်ကောင်မလေးပုံ။
အဲဒီလိုနဲ့ တစ်ယောက်တစ်လှည့် ငြင်းကြခုန်ကြရင်း ရွာက သူကြီးဆီကို ရောက်သွားကြတာပေါ့။ သူကြီးကရွာကလူမှုရေးပြဿနာတွေကို ဖြေရှင်းပေးနေကြပေါ့။
သူကြီး။ ။ မင်းတို့ဘာဖြစ်လာကြသလဲ။ ငါ့ကိုပြောပြစမ်း။
ကောင်မလေး။ ။ ဒီလိုပါ သူကြီး သူက ကျွန်မမသိအောင် နောက်ကောင်မလေးနဲ့ တွဲနေပါတယ်။
ကောင်လေး။ ။ မဟုတ်ရပါဘူး သကြီး…သူ တွဲနေတာပါ။
သူကြီး။ ။ အင်း….ပြဿနာကို ရှင်းရှင်းလင်းလင်းပြောစမ်း။
ကောင်မလေး။ ။ ကျွန်မပြောတာ မယုံရင် ဒါလေးကိုကြည့်လိုက်ပါ…အဲဒီထဲမှာ သူတွဲနေတဲ့ နောက်ကောင်မလေးကို တွေ့ရပါလိမ့်မယ်။
သူကြီးလဲ ကောင်မလေးပေးတဲ့ ပစ္စည်းကိုယူကြည့်လိုက်တာ့ … ဟေ ဘယ်ကလာ ဟုတ်ရမှာလဲကွ… ဒီကောင်တွဲနေတဲ့ နောက်ကောင်မလေးရဲ့ပုံမဟုတ်ဘူး… ငါ့မိန်းမရဲ့ လင်ငယ်ပုံပဲ…. တွေ့ကြသေးတာပေါ့…ဆိုပြီး သူ့မိန်းမကို ခေါ်လိုက်တယ်။
သူကြီး။ ။ ဒီမှာ မိန်းမ မင်းငါမသိအောင် နောက်လင်ငယ်နေတယ်။ ဟုတ်လား မဟုတ်ဘူးလား ပြော…ငါ့ကို မညာနဲ့။
မိန်းမ။ ။ ရှင် ရူးနေသလား။ တစ်နေ့တစ်နေ့ အိမ်ပြင်မထွက်ပဲ နေတဲ့ ကျွန်မက နောက်လင်ငယ်နေမလား။
သူကြီး။ ။ မင်းက ဗြောင်လိမ်တယ်ပေါ့… ရော့ဒီမှာကြည့် …ဆိုပြီး မှန်လေးကို မိန်းမကိုပေးလိုက်တယ်။
မိန်းမ။ ။ ဟင်း..ဟင်း…ရှင်က မှ ဗြောင်လိမ်တာ…ဟောဒီမှာ ရှင့်ရဲ့ နောက် မရင်ငယ်ပုံ…
အဲဒီလိုနဲ့ သူကြီးလဲ သူများပြဿနာရှင်းပေးရင်းနဲ့ပဲ ရှုပ်ကုန်တော့တာပေါ့။ ပုံပြင်တွေအထဲကအတိုင်းဆိုရင်တော့ ပညာရှိ ဇီးကွက်ဆီကိုပဲသွားမလား…ယုံပညာရှိ ဆီကိုပဲ သွားမလားပေါ့။ ဘယ်ဟုတ်မှာလဲ ဒီမှာတာ့ ရွာအမှု…ဘုန်းကြီးပတ်ပြီးပေါ့ဗျာ…
ဘုန်းကြီး။ ။ ဟေး…ဒကာ…ဒကာမတို့ ဘာတွေဖြစ်လာကြသလဲ။
မိန်းမ။ ။ မှန်ပါ့ဘုရား…ဟောဒီ ဒကာကြီး အသက်ကြီးမှာ နောက်တစ်ယောက်တွဲနေလို့ပါဘုရား။
ဘုန်းကြီး။ ။ ဟုတ်လား….ဒကာကြီး။
သူကြီး။ ။ မဟုတ်ရပါဘုရား…ဒကာမကြီး ပါဘုရား…အဲဒါ။
ဘုန်းကြီး။ ။ ဟို…ဒကာလေးနဲ့ ဒကာမလေးကရော ဘာကိစ္စတုန်းကွဲ့။
ကောင်မလေး။ ။ တပည့်တော်တို့ ပြဿနာကလဲ သူကြီးလင်မယားတို့လိုပါပဲဘုရား။
ဘုန်းကြီး။ ။ အင်း…လောကီရေးရာတွေက တယ်ရှုပ်တာကိုး…ကဲ ပြဿနာကို ဘယ်လိုသက်သေပြမှာလဲ။
သူကြီး။ ။ မှန်ပါ့…ဟောဒီပစ္စည်းလေးကို ကြည့်ပါဘုရား…အဲဒီအထဲမှာ ဒကာမကြီးရဲ့ နောက်တစ်ယောက်ကို တွေ့ရပါမယ်ဘုရား။
ဘုန်းကြီးလဲ သူကြီးပေးတဲ့ ပစ္စည်းလေးကို ယူပြီးကြည့်တာပေါ့။ ပြီးတော့ ဒီလိုမိန့်တောမူလိုက်ပါတယ်…
မဟုတ်ပါဘူး ဒကာာကြီး…ဒီမှာ ဒကာမကြီးရဲ့ နောက်တစ်ယောက်မဟုတ်ပါဘူး…ဟောဒီထဲမှာ က လွန်ခဲ့တဲ့ငါးနှစ်ခန့်က ပျံတောမူသွားတဲ့ ဘုန်းကြီးရဲ့ဆရာတော်ပုံ ပါကွဲ့ ဟူသတည်း။

Read more...

ကြားဖူးနားဝ ရီစရာများ(၇)

>> Wednesday, February 13, 2008

ကိုဇနိက ဖုန်းဟာသလေးရေးလိုက်တော့ ကျွန်တော်လဲ ကြာဖူးတဲ့ဟာသလေးပြောရအုန်းမယ်။ တစ်ချို့လဲ ကြားဖူးမယ်ထင်ပါတယ်။ ဒီလိုဗျ… အဘိုးအိုတစ်ယောက် သူ့သားနေထိုင်ရာ မြို့ကို အလည်အပတ်သွားတာပေါ့။ သူနဲ့အတူ မြေးတစ်ယောက်ကို အဖော်ခေါ်လာတာပေါ့။ ကားဂိတ်ကိုရောကတော့ သူ့သားကို လာကြိုဖို့ဆိုပြီး မြေးဖြစ်သူကို ဖုန်းဆက်ခိုင်းလိုက်တယ်။ ကောင်လေးကလဲ အဖိုးပေးတဲ့ ဖုန်းနံပါတအတိုင်း နီးစပ်ရာ ပီစီအိုမှာ ဖုန်းဆက်တာပေါ့။ သူဖုန်းကိုင်လိုက်ပြီးခဏ အကြာမှာ တစ်ဘက်က အမျိုးသမီးအသံကို ကြားရတော့…ကောင်လေးက…´ဟာ…ဖုန်းပိတ်မထားပါဘူး…အန်တီ ဦးလေးကိုပြောလိုက်ပါအုံး…ကာဂိတ်ကိုလာကြိုပို့…ဒီမှာဖိုးဖိုးစောင့်နေတယ်…ဒါပါပဲ´ ဆိုပြီး ကြသေလောက်ဖုန်းဖိုးပေးပြီး အဖိုးရှိရာကို ပြန်လာတာပေါ့။ အဖိုးက ´တွေ့ခဲ့လားကွ မင့်ဦးလေးနဲ့´…ကောင်လေးက `မတွေ့ဘူး ဦးလေးမိန်းမနေဲ့ပဲတွေ့တယ်…လာကြိုဖို့ ပြောထားခဲ့တယ်`… ဒီလိုနဲ့ နှစ်ယေက်သား စောင့်နေကြတာပေါ့။ တစ်နာရီလောက်ကြာတော့ မလာတာနဲ့ အငှားကားတစ်စီးငှားပြီး သွားကြတော့တယ်။ သားဖြစ်သူအိမ်ကို ရောက်တော့…
သား။ ။ ဟော … အဖေကြီး … လာမယ်ဆိုလဲ ကြိုပြောပါဗျာ…သားလာကြိုမှာပေါ့။
ဖိုးဖိုး။း အေးကွ…မင်းဆီကို ဖုန်းဆက်တယ်…မင်းရဲ့တူကို ဆက်ခိုင်းတာ…မင့်ဇနီးနဲ့တွေ့တယ်ပြောတယ်ကွ။
သား။ ။ ဟေး…ခင်…ခင်ဆီကို ကို့တူလေးဖုန်းဆက်တယ်ဆို…ဘာလို့မပြောတာလဲကွ။

ခင်။ ။ မဆက်ပါဘူးတော်…ကျွန်မ တစ်နေ့လုံးအိမ်မှာရှိပါတယ်…
အဲဒီလို ဦးလေးဇနီးကပြောလိုက်တော့ ကောင်လေးက ၀င်ပြောလိုက်တာကတော့…
ကောင်လေး။ ။ ဟာ…အန်တီကလဲ ကျွန်တော် ဖုန်းဆက်ပါတယ်…လာကြိုပို့လေ အန်တီကိုပြောတော့. အန်တီကပြန်ပြောသေးတယ်…ဘာတဲ့…လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထား၍သော်လည်းကောင်း ဆက်သွယ်မှု ဧရိယာ ပြင်ပ၌ရောက်ရှိနေ၍သော်လည်းကောင်း ခေါ်ဆိုလို့မရပါ` ဆိုလားပဲ။

Read more...

ကြားဖူးနားဝ ရီစရာများ(၅)

>> Tuesday, February 12, 2008

ဟိုစဉ်အခါက ရှမ်းဘုန်းကြီးတစ်ပါး ကျေးတောရွာတစ်ရွာသို့ ကြွလာတဲ့အခါ ဒီရွာနေလူတွေ စကားပြောကြပုံကို သုံးနှုန်းကြပုံကို အသေအချာလေ့လာမိတယ်။ ဒီမှာဒကာကြီး ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါဘုရား….ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် လတာပြင်ခေါ်ပါ့ ဘုရား။ ဒီမယ် ဒကာ ချောင်းရိုးဟိုဘက်ကမ်းမှာ အပင်တွေ အများကြီးစုလို့ပေါက်နေ….ဘယ်လိုခေါ်လဲကွဲ့။ မှန်ပါ ဘုရား အဲဒါ လမုတောပါ…တကယ်ပဲ အများကြီးပေါက်လို့နေပါတယ် ဘုရား။ ထိုစဉ်အခါ ချောင်းရိုးမှာ ခွေးသေကောင် မျောလို့ပါလာတယ်။ ဟောဟို ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါ့ဘုရား…ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး လဒ ကြီးပါ ဘုရား။ ထိုအခါ ဘုန်းဘုန်းက ဒီလိုတွေးမိတယ် `ဒီရွာနေလူတွေ စကားပြောကြရင် `လ` ဆိုတဲ့ အက္ခရာရှေ့ထားကာ တကယ်ပဲ သုံးနှုန်းတတ်ကြတယ်`… ထိုစဉ်အခါ ဘုန်းဘုန်းမှာ ဆွမ်းစားချိန်နီလို့လာပီပေါ့။ ဆွမ်းစားချန်တန်တော့ ဘုန်းဘုန်းက ဒကာတွေကို ဒီလိုမိန့်လိုက်ပါတယ်….´ဒီမှာ လဒကာ လမွန်းတည့်တော့မယ် လကွာ… လဆွမ်းကပ်တော့လေ လကွာ…လဒကာကြီးရာ´

Read more...

ကြားဖူးနားဝ ရီစရာများ(၈)

>> Tuesday, February 5, 2008



ကြားဖူးတဲ့နောက်ဟာသတခုကိုပြောပြချင်ပါသေးတယ်။ ရွာတရွာက လူတတ်ကြီးလုပ်တဲ့ လူတစ်ယောက်က မြို့ကိုရောက်တော့၊ ဖုန်းဆက်သတဲ့။ လမ်းဘေးကပီစီအိုဖုန်းတွေဖြစ်မှာပေါ့။ ဖုန်းကဆက်တတ်တာလည်း ဟုတ်ဖူးရယ် မြင်ဖူး၊ကြားဖူးယုံပဲရှိတာ။ ဖုန်းကို စကားပြောခွက်နဲ့၊ နားထောင်တဲ့ခွက်ကို ပြောင်းပြန်ကြီးကိုင်ပြီး
- ဟ လို ဟ လို - ဆိုပြီးလုပ်နေသတဲ့။
ဘေးက ဖြတ်သွားတဲ့တစ်ယောက်ကလည်း မနေနိုင်တော့
- အကိုကြီး ပြောင်းပြန်ကြီးဖြစ်နေတယ်။
သူကလည်း ဘယ်ရမလဲ ချက်ဖြင်းပြန်ပြောလိုက်တာပေါ့။ ငါသိပါတယ်ကွဆိုပြီး ဖုန်းခွက်ကိုကိုင်ပြီး ပြောလိုက်တာက -
- လဟို လဟို -တဲ့။


Read more...

>> Saturday, February 2, 2008

Read more...

သူငယ်ချင်းတွေရဲ့ ရှယ်ယာ

ကြိုးစားရင်း…….

အိုမင်းခြင်းတွေကိုရက်ရွှေ့

သေမဲ့နေ့ကိုလည်း မေ့ကြရအောင်

ဘ၀ဟာ

ခဏတာ

မျှသာ……ဆိုသော်လည်း

ဘုံတစ်ကွေ့

ကြုံတွေ့ရတဲ့ ပြဿနာ

(တကယ်) များစွာ..။

ရင်ဆိုင်တဲ့ အခါ

နိုင်တဲ့အခါနည်း

ရှုံးပွဲက များများ

လောကဓံဟာ

ရှစ်ပါးသာရှိတယ်

ရှစ်.ပါး.သာ. ရှိတယ်။

တစ်နေ့တော့

ရိုးသားခြင်းရဲ့အရောင်

ပြောင်လက်ဝင်းပ

အထင်ကရနဲ့

အဆင်းရောအချင်းပါလှသူဟာ

ဘယ်သူဖြစ်မလဲ.မင်းပဲပေါ့ကွယ်။

မွန်းအိန်ဂျယ်လ်

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP