>> Tuesday, February 3, 2009

”စာပေထုတ်လုပ်နိုင်မှု့ စွမ်းအား”
ကျွန်မတို့ အားလုံး (o-way contributors) များသည် အိုးဝေ ဘလော့လေးအား ဆက်လက် ထိန်းသိမ်းရန် တာဝန်ရှိ၏။ သို့သော်လည်း တာဝန်တစ်ဖက်နှင့် မအားလပ် မှု့ကြောင့် အချို့သူများမှာ စာမရေးနိုင်ခြင်း ဖြစ်ပေမည်။ စာပေထုတ်လုပ်မှု့ စွမ်းအား မြင့်မားသည့် နိနိမောင်နှံ သည်လည်း သူတို့၏ အိမ်သစ်လေးကို မွမ်းမံ ပြင်ဆင်ရင်း အိုးဝေဘက်ကို မလှည့် နိုင်ရှာကြပေ။ ဒီတော့ ဘာတာဝန်မှ ကြီးကြီးမားမားမရှိ ၊ အိမ်သစ်လည်း မပိုင်ဆိုင်သေးသော ကျွန်မမေအောင် တစ်ယောက်မှာ အသစ်မတင်သော အိုးဝေလေးကို ထိုင်ကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေရလေသည်(တကယ်ပါ….)။
ရေးမယ် ကြံလိုက် ပြန်တော့လည်း ဘာရေးရမှန်းမသိ၊ ဘလော့တွေ လိုက်လည်မိတော့ သူတို့အရေးအသား အတွေးအခေါ်တွေကို သဘောကျ ၊အားကျကာ ကိုယ်တိုင်ရေးဖို့ နွမ်းလျမိ၏။
မမခင်ဦးမေလို ဟာသထိထိမိမိလည်း ရေးတတ်ချင်သည်။ ရင်ထဲမှာက ဟာသ အပြည့်ရှိသည် (ဒါကြောင့် မမ အရေးကို အားရပါးရ ရီသည်)၊ ရေးက မရေးတတ်ပြန်ပေ။
sonata-cantata က လို အတွေးအမြင်ကောင်းတွေ ကို သုံးသပ်တင်ပြချင်သည်။ (ဘယ်အရာကိုမှ ဓမ္မဓိဌာန်ကျကျ မမြင်တတ်တော့ သီတာဧရာလို စာကောင်းတွေလည်း ထွက်မလာနိုင်ခဲ့။)
ကိုကြီးဝီ လို ကျွန်မလည်း အတွေးသမားဖြစ်၏။ သို့သော် ကိုကြီးဝီ လို အတွေးနှင့် အရေး တစ်ထပ်တည်း မကျလာပေ (ကြိုးစားရေးကြည့်ဖူးပါ၏။)
slip လို ကျွန်မလုပ်နေသည့် အတတ်ပညာပိုင်းကလည်း မရှိတော့ မျှဝေရန်လည်း မစွမ်းသာ။
အစ်မ မိုးချိုသင်း၏ စာတွေဖတ်ပြီးတော့ ရသစုံ ခံစားသည်။ ရသစာပေတွင် တစ်ချိန်ကတည်းက အားကျခဲ့ရသူမို့ လင့်ခ်ရသည့် နေ့မှ စပြီး မှန်မှန်ဖတ်၏။ ဖတ်တိုင်း (အင်း တစ်နေ့ကျလျင်တော့ ငါလည်းပဲ……)။ ပြီးတော့လည်း မနေ့က ကျွန်မရယ် မနှစ်က ကျွန်မရယ် ဒီနေ့ ကျွန်မရယ် အတူတူပဲ ဖြစ်နေသေး၏။
အဲလိုပဲ အခြား ဘလော့ဂါ မောင်နှစ်မများ (..အကယ်ဒမီ ဘလော့များမှအစ တန်ခူး မမနုစံ sin dan lar, May moe, Heartmuseum , A Linn Nyi , Pon Yate မီယာ ,Carton,Moe Myint Tane,မောင်မျိုး,Yu Wa Yi ,tg-nwai ,Welcome , Pauk,mgngal(မောင်ငယ်),Taungoo-,တားမြစ်ထားသော(၊ သုခမိန်။) myooo.nyan ..နှင်းပွင့်ဖြူလေး , Apprenticeship …စတဲ့ ဘလော့တွေဆီ ကိုလဲ သွားရင်း ဖတ်ရင်း အားကျရင်းပါ..)
ဘလော့တွေလည်ရင်း၊ အိုးဝေမှာ စာအသစ်တင်ချင်လို့ ရေးမယ် ကြိုးစားနေရင်းက ကျွန်မ နှစ်သက်အားကျ လေးစားခဲ့ရတဲ့ ဆရာမကြီး စိန်စိန်ရဲ့ “တိမ်တောင်သဖွယ်” ဆောင်းပါးလေးကို ပြန်လည်တွေ့ရှိ ဖတ်ရှု့ခဲ့ရပါတယ်။ ဆောင်းပါးလေးကို ဖတ်ရင်း အကြောင်းအရာ ကောင်းလေးတွေကို ပြန်လည်မျှဝေနိုင်သော စာပေထုတ်လုပ်မှု့ စွမ်းအား ကောင်းကြသည့် ကျွန်မ၏ ဘလော့ဂါ မောင်နှမများ၏ စာပေထုတ်လုပ်မှု့ စွမ်းအားကို ဖြစ်ပေါ်စေသော အကြောင်းအချက်များ ကိုလည်း မှန်းဆမိပါ၏။။ (ဆရာမကြီး၏ လေသံကို အတုယူ ပြောခြင်း ဖြစ်သည်။)။
ထို့ကြောင့်လည်း ဆရာမကြီး၏ ဆောင်းပါးလေးကို ပြန်လည်ဝေမျှရင်း အိုးဝေ၏ ”စာပေထုတ်လုပ်နိုင်မှု့ စွမ်းအား” ကိုဖြည့်ပေး လိုက်ပါသည်။ ကျွန်မ၏ မောင်နှမများ ဆထက်တံပိုး စာပေကောင်းများ ထုတ်လုပ်နိုင်ပါစေ….
တိမ်တောင်သဖွယ်
“ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” ဟူသော စကားတစ်ရပ်ရှိပေရာ ကျွန်မအနေနှင့်တော့ မင်းရေးသာမက စာပေရေးရာမှာလည်း ထိုကဲ့သို့ပင် အသိခက်လှသည်ဟု ထင်မြင်မိပေသည်။

ကျွန်မအနေနှင့် စာပေရေးရာ စာပေမှု့အတွက် ယနေ့တိုင် အသိခက်နေသော အကြောင်းတစ်ရပ်မှာ ”စာပေထုတ်လုပ်နိုင်မှု့ စွမ်းအား” ပင်ဖြစ်ပါသည်။ မင်စက်ကျရာ ဝတ္ထုဆောင်းပါးကဗျာ ဖြစ်စေနိုင်သော တကယ့် ပါရမီရှင်ကြီးများမှာ စာပေတစ်ပုဒ်ကို မည်သို့ ဖြစ်ရှိပေါ်ပေါက်စေနိုင်စွမ်း ရှိကြသည်ဟု မသိရစေကာမူ ကျွန်မတစ်ဦးတည်းအတွက်ဆိုလျင် အင်မတန်မှ အမှန်းအဆခက် အသိခက်လှသော အခြေအနေ၌ တည်ရှိပါသေးသည်။
တစ်ခါတစ်ရံတွင် ကျွန်မ၌ စာရေး၍ အင်မတန်ကောင်းမည့် အကြောင်းအရာလေးတွေ အသင့်ရှိနေတတ်ပါသည်။ သို့ရာတွင် မည်မျှကောင်းမွန်သော အကြောင်းအရာကိုဖြစ်ပါစေ စိတ်ကလိုလိုချင်ချင် ရေးချင်စိတ် ပေါ်မလာပဲနှင့် ကျွန်မရေး၍ မဖြစ်ပါ။ ဒါလောက်ကောင်းနေတဲ့ အကြောင်အရာလေးတစ်မျိးကိုမှ အကွက်ဆင်ပြီး ရေးမချနိုင်ကောင်းလားဟု စာရွက်နှင့် ကလောင်ကို အတင်းဆွဲပြီး သဲသဲမဲမဲ ကြိုးစားကြည့်သော်လည်း စိတ်ထဲက လှိုက်လှိုက်လှဲလှဲ မရေးချင်လျင် တကယ်ကို ရေးမရပါ။ ထိုအခါမျိုးတွင် “ကလောင်ကြီး တရွယ်ရွယ် ရေးမယ်လို့ခဲ၊ ရွှေညဏ်ရှင် ကလောင်မှူးမှာ ဦးနှောက်မှိုစွဲ” ဟု ကိုယ့်ကိုယ်ကို စာချိုးတစ်ပုဒ်နှင့် သရော် ပြောင်လှောင်ကာပင် သြချ ယူရတတ်ပါသည်။
ကဲ-ဒါဖြင့် လိုလိုချင်ချင် ဖြစ်လာအောင် ဘယ်လိုစောင့်ယူရသလဲ၊ ဘယ်လို အခြေအနေ အချိန်အခါမျိုးမှာမှ လိုလိုချင်ချင် လှိုက်လှိုက်လှဲလှဲ ဖြစ်လာတတ်သလဲ ဆိုလျင်လည်း ပြောရခက်ကြီးပင် ဖြစ်နေပြန်ပါသည်။ အမှန်ကတော့ ထိုအချိန်အခါမျိုးမှာ စောင့်ယူ၍လည်း မရပါ။ ဖြစ်ပေါ်လာမည့် အခြေအနေ အချိန်အခါကိုလည်း ကြိုတင်ခန့်မှန်း တွက်ဆ၍ မရတတ်ပါ။
ကိုယ့်အတွေးနှင့်ကိုယ် တွေးကြည့်မိသည်မှာ အလျဉ်းသင့်သော အချိန် တစ်ချိန်တွင် ဦးနှောက်အတွင်း၌ သိုမှီးထားသော မှတ်ညဏ် (ဝါ) အသိတရားနှင့် ပတ်ဝန်းကျင် တစ်စုံတစ်ခုသော အကြောင်းအရာ အမြင်အတွေ့ကြောင့် မနောဟဒယသို့ ရိုက်ခတ်လာသော ခံစားမှု့သည် (လျပ်စစ်ဓာတ်ဖိုနှင့် ဓာတ်မ ပေါင်စပ် သွားသလို) ပေါင်းစပ် လိုက်မိသော အခါတွင် စာပေထုတ်လုပ်နိုင်မှု့ စွမ်းအားသည် လျှပ်ပျက်လိုက် သကဲ့သို့ လင်းခနဲ လက်ခနဲ ပေါ်ထွက် လာသည်ဟုပင် ဆိုဖွယ်ရာရှိပါသည်။
ဤသို့ဆိုသဖြင့် ပတ်ဝန်းကျင်အမြင် အတွေ့ အကြောင်းအရာတစ်ခုခု၏ ပရောဂကြောင့် စာပေထုတ်လုပ်မှု့ စွမ်းအား ပေါ်ပေါက်လာရသည်ဆိုလျင် ထိုအမြင် အကြား တွေ့အကြုံကို ချရေးခြင်းပင် စာပေအမည် ခံလိုက်ပေပြီလော၊ စာရေးဆရာ ကလောင်ရှင်တို့သည် စာပေထုတ်လုပ်မှု့ စွမ်းအားကို ရရှိစေရန် ထိုအမြင်အကြား အတွေ့အကြုံ အကြောင်းအချက်မျိုး တွေကိုပင် ပစ်ပုံပြီး အားကိုးသမှု့ ပြုနေရ ပေသလောဟု စောကြော မေးမြန်းစဖွယ် ဖြစ်ရှိ လာပြန်ပေသည်။
အမှန်မှာ ထိုအဆင့် ထိုအစိတ်ပိုင်းသည်ပင်လျင် “ ပညာခန်း” ဖြစ်ပါ၏။ ဤနေရာတွင် ကျွန်မ အသည်းစွဲလောက်အောင် မှတ်မိနေသော စာရေးဆရာ ကိုသန်းဆွေ (နာမည်ကျော် အလွမ်းဆရာ) ၏ စကားကလေး တစ်ခွန်းကို ထုတ်ဖေါ် တင်ပြချင်ပါသည်။
“ ကျွန်တော်တို့ ရှေ့မှာ သစ်သားတုံးတစ်တုံး ။ ဖန်ခွက်တစ်ခွက်ကို တွေ့ရပြီဆိုပါတော့ ၊ ကျွန်တော်တို့ဟာ သစ်သားတုံးအကြောင်းကို ရေးမလား၊ ဖန်ခွက်အကြောင်းကို ရေးမလား၊ ကျွန်တော့်အနေနဲ့တော့ သစ်သားခွက် တစ်ခွက်အကြောင်းရေးချင်တယ်”
ဤစကားလေးမှာ အတိုဆုံးနှင့် အနက်နဲ အသိမ်မွေ့ဆုံး အရှင်းဆုံး သရုပ်ဖေါ်စွမ်းသော စကားကလေးပင် ဖြစ်ပါ၏။ ဤဥပမာတွင် သစ်သားတုံးမှာ တကယ်ရှိသည်။ ဖန်ခွက်မှာလည်း တကယ်ရှိသည်။ သစ်သားခွက်ကလေးကား တကယ်ရှိရှာသည် မဟုတ်ပေ။ သစ်သားတုံးနှင့် ဖန်ခွက်ကို အကြောင်းပြုကာ သစ်သားခွက်ကလေးကို မိမိ၏ စိတ်ဓာတ်ခံစားမှု့ဖြင့် ဖန်တီး ယူလိုက်ခြင်းသာ ဖြစ်ပေသည်။
မျက်လှည့်ပွဲများတွင် လက်ကိုင်ပုဝါ စီးကရက် စသည်များကို လက်ထဲမှ ဖျောက်ပစ်လိုက်ပြီး လေထဲမှ ပြန်ဆွဲ ယူပြလိုက်သလို တကယ် မဟုတ်သော တကယ်မဖြစ်သော အရာကို သရုပ်သဏ္ဍန်နှင့် တကွ ပေါ်ပေါက်လာကာ တကယ်ဟု ထင်မြင်ရအောင် ဖန်တီး ပြုလုပ် ပြသခြင်းသာ ဖြစ်ပေသည်။ ထို“ ဖန်တီးမှု့” သည်ပင် “ပညာ” ဖြစ်ပါ၏။
သို့ဖြစ်လျင် ဖန်တီးမှု့ မဟုတ်ပဲ တကယ့်အကြောင်းအရာကို တကယ်ရေးချလိုက်လျင်ကော ပညာ မခေါ်ထိုက်တော့ပြီလော ဟု စောဒက တက်ဖွယ် ကျန်ရှိပေသေးသည်။ ဤသို့တည်း မဟုတ်သေးပါ။ တကယ့်အကြောင်းအရာကို တကယ်ရးသင့် ရေးထိုက်ဖြစ်လာ၍ ရေးချလိုက်ခြင်း သည်လည်း ပညာသဘော သက်ရာက် ဝင်ဆနိုင်သည်ပင် ဖြစ်ပါ၏။ ထိုတကယ် အကြောင်းအရာသည် တစ်နေရာမှာ တကယ်ဖြစ်ခဲ့သည် မှန်စေဦး ၊ ထိုအကြောင်းအရာကို ပရိတ်သတ် ရှေ့မှောက်သို့ အရောက် ဆွဲယူလာကာ စာလုံးများဖြင့် စီခြယ်ပြီး ပုံသဏ္ဍန် ထင်ဟပ် စေသည်ကတော့ စာရေးဆရာ ကလောင်ရှင်တို့၏ ပညာစွမ်းပင် ဖြစ်ချေသည်။
ဥပမာ လူထုဦးလှ၏ “လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ” သည် ထိုဇာတ်လမ်းပါ ဇာတ်ဆောင်သူတို့၏ ဘဝအထွေထွေကို အပိုအလိုမရှိ ရေးခြယ်ထားခြင်း ဟု ဆို၏။ တစ်ဖန် ထိုအထဲမှ ဆက်ရန် ရှိနေသေးသော “အားလုံးကောင်းကြရဲ့လား” ၏ ဇာတ်လိုက်ကျော် ချစ်သဲ အကြောင်းကိုလည်း “ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း ” အမည်ဖြင့် ဆရာမြသန်းက ရေးချယ် တင်ပြထားပြန်သည်။ ဤတွင် စာရေးဆရာတို့၏ ပညာစွမ်းကို ကွယ်ဝှက်ထိန်ချန်ကာ အကြောင်းအရာကိုက စိတ်ဝင်စားစရာ ဖြစ်နေလို့ပါဟု ဆိုနိုင်ဦးမည်လော။
တကယ့်အကြောင်းအရာ တကယ်အဖြစ်အပျက်ပင် မှန်ပါစေ စာရေးဆရာသည် ဖော်တန်တာကို အရင် ဖော်ပေးရ၏။ မြှုပ်တန်တာကို မြှုပ်ထားရ၏။ အင်မတန် ရုန့်ရင်း ညစ်ညမ်းသော အကွက်မျိုးကိုပင် ပညာစွမ်းဖြင့် ပြေပြစ်နုနယ်စေရ၏။ မီးပွင့်မည် ခလုတ်တိုက်မည့် စာသားများကို ကျွမ်းကျင်နိုင်နင်းစွာ ဘရိတ်အုပ်နိုင်ရ၏။ တကယ်တော့ ရသစာပေမြောက်အောင် ရေးနိင်စွမ်းသည်မှာ ခက်ခဲလှသော ပညာတစ်ရပ်သာ ဖြစ်ပါသည်။ မည်မျှကောင်းမွန်သော အကြောင်းအရာပင်ဖြစ်ပါစေ စာရေးဆရာ၏ သရုပ်ဖေါ် အမွှမ်းတင်မှု့ပေါ်မှာ ခိုမှီ မူတည်၍သာ အကောင်အထည် ပေါ်လာနိုင်စွမ်းခြင်း ဖြစ်ပေသည်။
စာရေးသူတို့၏ စွမ်းရည်မှာလည်း သူ့ညဏ်နှင့်သူ သူဟန်နှင့်သူ ဆိုသလို အထွေထွေ အပြားပြားပင် ရှိနေပါသေးသည်။ ကြက်သားဟင်းဟု အမည်ပညတ်ချက် တစ်မျိုးတည်းနှင့် ခေါ်တွင်နိုင်စေကာမူ ဟင်းစပ်ပုံ၊ ချက်ပြုတ်ပုံ၊ အချိန်အဆချင်း လက်ရာချင်း ကွာခြား၈ အရသာတစ်မျိုးစီ ပေါ်ပေါက် နိုင်သလိုပင် ဖြစ်လေသည်။ ကျွန်မသည် ရေးထားသည့် အကြောင်းအရာ ဇာတ်လမ်း ဇာတ်ကွက်ထက် အကွက်ဆင်ကာ သရုပ်ဖော် အမွှမ်းတင်ထားသော စာပေရေးသားမှု့ အပေါ်မှာ အခါများစွာ အရသာယူ၍ ခံစား မိဖူးခဲ့ပေသည်။
ကျွန်မအနေနှင့် တကယ့်အဖြစ် တကယ့်အကြောင်းအရာကို ရေးမိဖူးသည်မှာတော့ နှစ်ကြိမ်မျှသာ ရှိပါသေး၏။ မမေ့တဲ့နိုင် အခန်းမှ ရေးဖူးသော “ သိချင်စမ်းပါဘိ” နှင့် “ခရီးဆက်ကြပါစို့ ” ဆောင်းပါးပင် ဖြစ်ပေသည်။ သို့တိုင်အောင် ခရီးဆက်ကြပါစို့ မှာ အဆာပလာ အမွမ်းအမံ တွေ ပါရှိနေသေး၍ တကယ့် အကြောင်းအရာကို တကယ် ဇစ်ဇစ်မြစ်မြစ် ဖော်ထုတ် ရေးသားခဲ့ခြင်းမှာ “သိချင်စမ်းပါဘိ” စာမူတစ်ခုတည်းသာ ဟု ဆိုနိုင်ပေသည်။
ထိုစာမူကို ရေးရသည်မှာလည်း မလွယ်ကူပေ။ ကျွန်မသည် တကယ်ဖြစ်ပျက်ခဲ့သည် နေရာဒေသ တကယ်ဖြစ်ခဲ့သည့် အချိန်ဆီသို့ ရောက်အောင် လွန်ခဲ့ပြီးသော ၉နှစ်ကျော် ၁၀ နှစ်ခန့်ဆီသို့ မရောက် အရောက်ဆိုသလို မောကြီးပန်းကြီး ပြန်သွားခဲ့ရ၏။ အဖြစ်အပျက်မှာ ကျွန်မတစ်သက်တွင် မမေ့နိုင်လောက်ပါဟု ဆိုသည့်တိုင်အောင် ကျွန်မ သတိရသည်မှာ သာမန်မျှသာ ရတတ်လေ့ ရှိပါသည်။ ရံဖန်ရံခါ အကြောင်းအရာ၏ တစ်စိတ် တစ်ဝက် လောက်ကိုသာ အလေးအနက်ထားကာ ပြန်တွေးမိတတ်၏။
ထိုတစ်နေ့ ကတော့ ကျွန်မသည် ထိုအကြောင်းအရာများကို စစ်စစ် ပေါက်ပေါက် စေ့စေ့ငှငှ အသေးစိတ် အကွက်ချပြီး ပြန်တွေးနေမိ၏။ ဟိုယခင် ၉နှစ် ၁၀ နှစ်ခန့်ကအတိုင်း ထပ်တူထပ်မျှ ခံစားမှု့ ပေါ်ပေါက်လာကာ ရင်ထဲမှာ ရိုက်ခတ် လာတော့မှသာ ရေးချင်မှု့အပေါ်မှာ “ဇော” ကပ်လာပါမှ လည်း ရေးသားသည့် အကြောင်းအရာထဲမှာ အသက်ဝင်လာတတ်သည်။
သို့ကြောင့်လည်း ဆွေးရိပ် လွမ်းရိပ် ပေါ်ပေါက်လာသောအခါ အလွမ်းဝတ္ထုကို ကောက်ရေးလျင် အလွန်လက်တွေ့ပြီး အသက်ဝင်လာတတ်သည်။ ရွှင်လန်းမြူးကြွနေသည့် အခါများတွင် သောကွက် ဟားကွက်ကလေးတွေကို မိမိရရ ရေးနိုင်စွမ်းသည်ဟု ယေဘုယျအားဖြင့် အမှတ်သညာ ပြုထားရပါ၏။ “ ယေဘုယျ” ဟု ထည့်သွင်း အသုံးပြုထားသည်မှာတော့ “ခြွင်းချက်” ရှိနေသေး သောကြောင့်ပင် ဖြစ်ပါသည်။ စိတ်ဓာတ်သည် လည်းကောင်း၊ စာရေးသူ၏ ညဉ်သည်လည်းကောင်း ၊ စာပေမှု့သည် လည်းကောင်း မမှန်းဆနိုင်ဖွယ်ရာပင် ဆန်းကြယ်လှသည် မဟုတ်ပါလား။
ရံဖန်ရံခါ အင်မတန်စိတ် ညည်းညူထိုင်းမှိုင်း နေသည့်အထဲမှာပင် ဟားကွက် သောကွက်တွေမှာ ထင်းခနဲ လင်းခနဲ ပေါ်ပေါက်လာတတ်သလို တွေ့မြင် ကြားသိလိုက်သည့် အကြောင်းအရာနှင့် ဆန့်ကျင်ဘက်ကျကျ အတွေးအခေါ်မျိုး ပေါ်ပေါက်ချင်လည်း ပေါ်ပေါက် တတ်ပေသေးသည်။ ရံခါတွင်လည်း ဆန့်ကျင်ဘက် မဟုတ်သည့်တိုင်အောင် အကွေ့အကောက် အလိမ်အတွန့်တွေနှင့် ပုံစံတစ်မျိုး ဖြစ်သွားတတ်သည်။ တစ်ခါတစ်လေတွင်မူ အသည်းခိုက်မျှ ထိခိုက်ခံစားမူ ပေါ်လာမှ ရေးချင်သည့် စွမ်းအားကို ရသည်။ တစ်ခါတစ်ရံတော့ ဘာမဟုတ်တာကလေးနှင့်ပင် ရေးချင်အားက ပေါ်ပေါက်လာတတ်သည်။
ကျွန်မ၏ နုနယ်လှသော စာရေးသက်အတွင်း၌ အမှတ်တရ ဖြစ်စေတတ်လောက်သော အခြေအနေ အကြောင်းအချက် တစ်ရပ်ကို တစ်ကြိမ်သောအခါက တွေ့ကြုံခဲ့ဖူးပါ၏။ ထိုအချိန်က ပတ်ဝန်းကျင် အခြေအနေနှင့် ပေါ်ပေါက်ဖြစ်ရှိ လာသော စာပေထုတ်လုပ်မှု့ စွမ်းအားကို ဆက်စပ်၍ မပြမီ ရေးသားလိုက်မိသော ဝတ္ထု ကလေးကို ပထမဦးစွာ ဖော်ပြပါ၏။ ထိုတ္ထုတိုကလေး၏ အမည်ကတော့ “ဝမ်းတစ်ထောင်” ဖြစ်ပါသည်။
ဝမ်းတစ်တောင်
နံနက် ဝေလီဝေလင်း အချိန်၊ ကြိုးစားပမ်းစား မီးဖိုဆောင်တွင်းမှ အလုပ်များနေသော အတင်သည် ရေနွေးအိုးမှ ထွက်လာသည့် အခိုး အငွေ့ကလေးများကိုကြည့်ရင်း သူ၏ အိပ်ချင် မပြေသေးသော မျက်လုံးကို အခါခါ ပွတ်သပ်ပြီး သမ်းဝေနေလေသည်။ အခန်းတွင်းမှ “ အဟမ်း” ဟု ချောင်းသံပေး၍ လှုပ်ရှားသော အသံကိုကြားရမှ မျက်စိကျယ်လာကာ ပေါင်မုန့်တစ်လုံးကို စားပွဲပေါ်တင်ပြီး ဓားငယ်နှင့် လှီးနေတော့၏။
သူသည် မိုးမလင်းမီ အချိန်ကလေးမှာ ဇိမ်နှင့် နှစ်ခြိုက်စွာ အိပ်နေလိုသေး၏။ သို့သော် သူ၏ လင်တော်မောင် အဆင်သင့် ပွဲတော်တည်နိုင်ရန် ဤသို့ ကြိုတင်ပြင်ဆင်နေရသည်မှာ နေ့စဉ်နှင့် အမျှပင်။ သူ့လင်တော်မောင် ပင်စင်ရ အငြိမ်းစား ရာဇဝတ်အုပ်မင်း ဦးစိုးတင်မှာ နံနက် လင်းလျင် လင်းချင်း ဆာလောင် မွတ်သိပ်တတ်သောကြာင့် ဖြစ်သည်။
ဦးစိုးတင်မှာ ပင်စင်လခအပြင် မိဘများ အမွေပေးခဲ့သော တိုက်တစ်လုံးကို ငှား၍ ရသော တစ်လလျင် ၈၀ ကျပ်မျှသော ငွေကိုပါ မီးဖိုဆောင် စားသောက်မှု့တွင်သာ တွင်တွင်ကြီး အသုံးပြုနေလေသည်။ သူ၏ ပထမ မယားကြီးမှာ နောက်သုံးနှစ်လောက်က ကွယ်လွန်ခဲ့သည်။ ထို့နောက် အိမ်ရှင်မ မရှိ၍ အစားအသောက် ကျပ်တည်း ခက်ခဲမှု့ ဒဏ်ကို ကြာရှည်ခံနိုင်စွမ်း မရှိသောကြောင့် မကြာမီအတွင်းပင် အိမ်ထောင်သစ် ထူပြန်၏။ ထိုဒုတိယ မယားသည် သူ၏ ဇီဇာ ကျယ်လွန်းလှသော မီးဖိုဆောင် တာဝန်ကို မထမ်းဆောင်နိုင်၍ စိတ်ချင်းအခန့် မသင့်ဖြစ်ခါ ကွဲခဲ့ကြပြီး သည်တွင်မှ ယခု အတင်နှင့် တတိယအကြိမ် အိမ်ထောင်ပြုပြန်သည်။ အတင်ကား အတော်ပင် စိတ်ရှည်သည်ဟု လူအများ ချီးမွမ်းသံကြားရ၍ သဘောကောင်းသည် ဟုလည်း အသိအမှတ် ပြုကြသည်။
“အတင်ရေ ရေနွေးဆူပြီလားကွာ”
မျက်နှာသုတ်ပဝါ လည်တွင်ပတ်၍ ဗိုက်ကြီးရွှဲရွှဲ ဗိုလ်ကေ စုတ်ဖွားနှင့် အိပ်ရာမှထလာသော ဦးစိုးတင်က မေးလေသည်။
“ဆူပြီလေ ဆူလို့ကော်ဖီတောင် ဖျော်ပြီးပြီ”
“အေးအေး သိပ်လည်းမချိုစေနဲ့နော်၊ ပေါင်မုန့်ကော ကြက်ဥနှစ်ပြီး ကြော်သေးသလား”
“ ကြော် တုန်းပဲ”
“ပဲပြုတ်လည်း ဝယ်ထားလိုက်ကွာ”
“ နံပြားနဲ့စားမှာလား နံပြားပါဝယ်ရမလား”
“ ထမင်းကြမ်းနဲ့ပဲ ကြော်ပေးပါကွာ၊ နံပြားမဝယ်ပါနဲ့တော့၊ ငါ သိပ်ဆာနေတယ်။ ညက ငှက်ပျောသီး ထစားဖို့ဟာ မစားရဘူး”
“ ကဲ …မျက်နှာသစ်တော့လေ။ ပူပူနွေးနွး စားရ သောက်ရအောင်”
ဟု ပြောမှ ဦးစိုးတင် အိမ်သာခန်း ဝင်သွားလေသည်။ ထို့နောက်မှ မျက်နှာသစ်ရင်း
“ ညက ပုစွန်သုပ် စားကောင်းတယ်ကွာ ၊ ဒီမနက်လည်း ပုစွန်သုပ်ပါဦး၊ ဝက်သားလည်း သုံးထပ်သားကောင်းကောင်း ကြည့်ဝယ်ပေးပါကွာ ၊ မနေ့က ဝက်သားများ စားရတာ မတင်းတိမ်လိုက်တာ” ဟု ပါးစပ်မှ အမျှင်မပြတ် ပြောကာ မျက်နှာသုတ်၍ အသင့်ပြင်ထားသော စားပွဲတွင် ထိုင်ပြီး စားသောက်နေလေသည်။
ပြီးလျင် အလယ်ခန်း ကြောင်အိမ်ကို ဖွင့်၍ ဘူးတစ်ခုထဲမှ ချိုချဉ် ချောကလက်များကို နှိုက်ယူကာ အိမ်ရှေ့ ဧည့်ခန်းရှိ ကုလားထိုင်တွင် ထိုင်ပြီး တမြုံ့မြုံ့ စားနေလေ၏။
မကြာမီ အတင် ဈေးမှပြန်လာရာ “ ရခဲ့ရဲ့လားကွာ၊ သြော်….ပန်းဂေါ်ဖီတွေလည်း ပါသကိုး ၊ ဟန်တယ်ဟေ့ ဝက်ခြေထောက်စွပ်ကို ပန်းဂေါ်ဖီခတ်” ဟုပြောရာမှ မီးဖိုတွင်းသို့ ဝင်လိုက်လာပြီး ထမင်းစားပွဲမှ ကုလားထိုင်တွင်ထိုင်ကာ၊ ၊ ဘယ်ဟင်းကို ဘယ်လိုချက် ဘယ်ဟာကို ဘယ်လိုကြော် နှင့် ဝေဖန် ခန့်ခွဲနေသည်။
အတင်သည် အင်္ကျီ လက်ကိုပင့်တင်ပြီး စဉ်းတီတုံးကို ဆွဲကာ ဝက်သားခုတ်လေသည်။ သူမ၏ ကျောပြင်တွင် စိုရွှဲသော ချွေးများမှာအင်္ကျီနှင့် ကပ်နေ၍ အသားများ အကွက်လိုက် အစင်းလိုက် ပေါ်လွင်နေသည်။ နဖူးတွင်လည်း ချွေးပေါက် ချွေးစုကလေးများ အစီအရီနှင့် -
“ဝက်သားကို အသားချည်း သပ်သပ်ယူပြီး ပြုပ်ကျော် လုပ်ထားဟေ့ ၊ ကျန်တာ တစ်ဝက်ကို သရက်သီး ကုလားတယ်နဲ့ အချဉ်ချက်၊ တစ်ဝက် ငါးပိနဲ့ချက်၊ စွပ်လုပ်ရင် ပန်းဂေါ်ဖီကို မမေ့စေနဲ့နော်၊ စားခါနီးမှ ခပ်စားမယ်။ မီးအေးအေးနဲ့ ဆူနေပစေ၊ လိမ္မော်သီး ဘာလို့ မဝယ်ခဲ့သလဲကွဲ့ ၊ အေးလေ တော်ကြာမှ သွားဝယ်ပေါ့ကွာ၊ လက်ဖက်နဲ့စားဖို့ ရွှေပုစွန်ခြောက် ကုန်နေတာရာ ဝယ်ခဲ့သေးသလား” နှင့် အဆက်မပြတ် ပြောဆိုနေသော စကားများကိုလည်း အတင်သည် လုပ်ရင်းကိုင်ရင်းမှ အဖြေပေးနေရသည်။
ဤကဲ့သို့ ကျယ်ဝန်းလှသော အစားမျိုးကို နံနက်မလင်းမီက ထ၍ လုပ်ကိုင်နေရသည်မှာ နေ့မီး ညမီး ဆက်၍သာ နေတော့သည်။ ဤတွင်မူ မကသေး အချို့သော ဂျာနယ်များမှ ထူးပေ့ဆန်းပေ့ဆိုသော စားသောက်ဖွယ်ရာများ ကိုလည်း ကတ်သီးကတ်သတ် ချဲ့ထွင် ရှာဖွေလုပ်ကိုင်ခိုင်း၍ စားသောက်သည်။
အတင်မှာ မီးဖိုတွင်သာ နေကုန်နေ၍ အခြားအိမ်မှု့ ကိစ္စများကို သိမ်းဆည်းရန် အချိန်မရသဖြင့် အိပ်ယာထဲတွင် ခေါင်းအုံး ၊ခြင်ထောင်၊ စောင် စသည်တို့မှာ မနက်က ထလာသည့်အတိုင်း ဖရိုဖရဲ ကစဉ်ကရဲ ဖြစ်နေသော်လည်း ညအိပ်ယာဝင်ချိန်တွင် ထိုအတိုင်းပင် ဝင်အိပ်လိုက်ကြသည်။ အဝတ်အစားများကိုလည်း (၇) ရက်တစ်ပတ်ကြာ၍ ချွေးစော်နံလွန်း ညစ်လွန်းမှသာ လျှော်ရသည်။
ဖုန် အမှိုက် စက္ကူ စာအုပ် စသည်တို့လည်း မည်မျှပင် ရှုပ်ထွေးနေစေကာမူ ဦးစိုးတင်၏ အပြစ်တင်ခြင်းကို မခံရ။ အစားအသောက်ဘက်တွင် လစ်ဟင်းလျင်သာ အကြိမ်းအမောင်း ခံရတတ်သဖြင့် တစ်အိမ်လုံးတွင် ဘယ်လိုနေနေ မီးဖိုဆောင်ကိုသာ ဂရုစိုက်ရတော့သည်။
အတင်မှာ မိန်းမသားဖြစ်သည့် အလျောက် အဝတ်အထည် အဆန်းအပြားလေးများ မြင်လျင် ဝတ်ချင် ဆင်ချင်စိတ် ပေါ်လာ၍ တစ်ခါ တစ်ရံ “အတင့်ဖို့ ဝယ်ပေးပါလား” ဟု ပူဆာမိသည့် တိုက်အောင် “ အဝတ်ပဲကွာ ၊ ထမီ ၃-၄ ထည်ရှိရင် တစ်နှစ်စာ လောက်တာပဲ ”ဟု ပြန်ပြောလေ့ရှိသည်။
ထိုစကားမျိုးအတွက် အတင်စိတ်ကောက် သွားလျင်လည်း လေအေးကလေးဖြင့် မျက်နှာချိုသွေးလျက် “ ခုလ ငွေပိုတော့ ဝယ်ဝတ်တာပေါ့ကွာ၊ ကြိုက်တာ သဘောရှိ ဝယ်ဝတ်ပေါ့ ဟုတ်လား” ဟု ချော့မော့ တတ်ပါသေးသည်။ သို့ရာတွင် သူ့ပင်စင်လခနှင့် တိုက်လခမှာ ပိုသည်ဟု ဘယ်တော့မှ မရှိ။ မီးဖိုဆောင်စာ စားရိတ်နှင့်ပင် ကုန်လေပြီ။
ထို့ကြောင့် အတင်သည် ဦးစိုးတင်အပေါ်မှာ မကျေနပ်မှု့ ဖြစ်ပေါ်နေသည်။ သားတွဲလဲ သမီးတွဲလဲ မရှိဘဲနှင့် သူတစ်ယောက်အတွက်မှာ ထိုင်ရသည်မရှိ၊ ထမီတိုတိုဝတ် အင်္ကျီလက်မောင်းပင့်ကာ ချွေးဒီးဒီးကျအောင် နေ့စဉ်နေ့တိုင်း လုပ်ဆောင် ရသောကြောင့်လည်း ကြာရှည် လုပ်ကိုင် ဆောင်ရွက်နိုင်ရည် ရှိမှရှိပါ့ မည်လားဟု တစ်ခါတစ်ရံ တွေးမိပြန်သည်။
ဤကဲ့သို့ အလုပ်များနေစဉ်တွင် “ လိမ္မော်သီး စားချင်တယ်ကွယ် ဝယ်ချည်ပါဦး ၊ လက်သုပ်တစ်ခုခုလည်း ဝယ်ခဲ့ပါ” လုပ်နေပြန်သဖြင့် ဈေးသို့တစ်ခေါက် ပြေးရ ပြန်လေသည်။
စားသောက်ပြီးစီးသည့် အခါ ပန်းကန်ခွက်ယောက် ဆေးကြောနေဆဲ “လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်သုပ် ယူခဲ့ကွာ ” ဆိုသဖြင့် တစ်ခုပြီး တစ်ခု ဆက်၍ ကျွေးမွေးရသည့် ဒုက္ခက တစ်ဖက်နှင့် စိတ်မော လူမောဖြစ်ကာ သက်ပြင်း ချမိပြန်သည်။
ဝေလီဝေလင်းက ထ၍ စားဖို့သောက်ဖို့ ချက်ပြုတ် ကြော်လှော်ကျွေးပြီး၍ အိပ်ယာသို့ အပန်းပြေ ဝင်တော့မည့် အချိန်တွင်လည်း “သန်းခေါင်ထမင်းစားရအောင်ကွာ မအိပ်ပါနဲ့ဦး ၊ ညနေက ထမင်းစားစောလို့ ဆာလာပြန်ပြီ” ဟု ပြောကာ ည (၉)နာရီလောက်တွင် ချက်ခိုင်းပြီး သူကိုယ်တိုင် ကြက်ဘဲရောင်းသော အိမ်များသို့ မီးဆွဲတစ်ခုနှင့် သွား၍ ဝယ်သည်မှာလည်း ၄ရက် တစ်ခါ ၅ရက် တစ်ခါ ဆိုသလို လုပ်ရလေသည်။
ဤမျှ အလုပ်များလှသည့် မီးဖိုတွင် အတင် တစ်ခါက နေမကောင်း၍ နှစ်ရက် သုံးရက် မီးဖိုသို့ မဝင်နိုင် သည့်အခါ သူ့အား ခင်မင်သော ရဲသားကလေး တစ်ယောက်၏ မိန်းကလေးကို ခေါ်၍ ခိုင်းလေသည်။ ထိုမိန်းကလေးမှာလည်း သူချေးထူသလောက် မလုပ်နိုင်၊ သူကလဲ တစ်မျိုးပြီး တစ်မျိုး ခိုင်းရမည်ကို အားနာနေ၍ နှစ်ရက်သုံးရက်အတွင်း အတော်ပင် စိတ်တိုင်းမကျ စိတ်အိုက်ပြီးလျင် နေမထိ ထိုင်မထိ ဖြစ်ခဲ့ရဖူးလေသည်။
ထမင်းချက်လည်း မငှားနိုင်၊ ငှားနိုင်သည့် တိုင်အောင်လည်း သူဇီဇာကျယ်သလောက် မလုပ်နိုင်၍ ပြေးမည်မှာ သေချာနေသည်။ အများနည်းတူ စားသောက်ချိန်တွင် ထုံးစံအတိုင်း ဝတ္တရား အတိုင်း ချက်ပြုတ်ကျွေးမွးရုံ အပြင် သန်းခေါင် သန်းလွှဲ တစ်ရေးနိုး မိုးမလင်းမီ အချိန်များတွင် တစ်ခါနှစ်ခါလည်း မဟုတ် ၊ ၃-၄ ရက်ခြား သို့မဟုတ် နေ့ဆက်လုပ်ပေးရမည့် အလုပ်ကို မည်သူ လုပ်ပေးလိမ့်မည်နည်း။ သမုဒ္ဒရာ ဝမ်းတစ်ထွာကား စည်းကမ်းမသတ်ပဲ ထားလျင် ထားတိုင်း လုပ်တိုင်း ကျယ်ဝန်းလှပေသည်။
ထိုနေ့တွင်ကား အတင်သည် ထဘီဆန်းကလေး တစ်ထည် ဝယ်ပေးရန် ပူဆာသော်လည်း “ အဝတ်က အရေးမကြီးပါဘူးကွာ ” ဟုပြောလိုက်သဖြင့် စိတ်ရော ကိုယ်ပါ မကြည်မသာ ဖြစ်နေ၍ မီးဖိုတွင် စိတ်မပါတော့ပဲ ငြီးငွေ့ ထိုင်းမှိုင်းနေသောကြောင့် ဦးစိုးတင်၏ အဆူအပူ ခံရသည်မှာ အကြိမ်ကြိမ် ဖြစ်နေရာ ဧည့်သည်တစ်ယောက်နှင့် အတူ သန်းခေါင်ထမင်း ကျွေးရသဖြင့် ည၂ နာရီလောက်မှ အိပ်ရာဝင်ရသည့်အခါ ကိုယ်တော်မြတ်မှာ အရက်ရှိန်ကလေး တဖိန်းဖိန်းနှင့် အိပ်ပျော်သွားသော်လည်း အတင်မှာ မအိပ်နိုင်၊ သူ့ဘဝ သူ့အဖြစ်ကိုသာ တွေး၍ ဆွေးနေတော့သည်။
“ အတင်ရေ …ဟေ…အတင်” ဟု မီးဆွဲကိုင်ကာ ဟိုကြည့် သည်ကြည့် ခေါ်လိုက်သော ဦးစိုးတင်သည် ခါတိုင်းနေ့များကဲ့သို့ ဝေလီဝေလင်း အချိန်တွင် မီးဖိုတွင်း၌ အတင် အလုပ်လုပ်နေမည် အထင်နှင့် အဆင်သင့် စားသောက်ရန် ထလာခြင်းမျှ ဖြစ်ရာ မီးဖိုတွင် မီးလည်းမရှိ ၊ အတင်ကိုလည်း မတွေ့ရသောကြောင့် စိတ်ပူပန်ပြီး ခေါ်လိုက်မိခြင်း ဖြစ်လေသည်။
သို့တိုင်အောင် ဘာတစ်ခွန်းမျှ တုံ့ပြန်သံ မကြားရ၍ စိတ်ပျက် လက်ပျက် ထမင်းစားပွဲတွင် ထိုင်ချလိုက်မှ အနံ လက်နှစ်သစ်၊၊ အလျား တစ်တောင်ခန့်ရှိ ပိတ်စကလေးနှင့် ရစ်ပတ်ထားသော စာခေါက် ကလေးတစ်ခုကို ရယူ ဖတ်ရှု့ရလေတော့သည်။
ကိုစိုးတင်
လူတိုင်း လူတိုင်းတို့၌ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် နေ့စဉ်နှင့်အမျှ လုပ်မှုဆောင်တာများ အဘယ်မျှ များပြားလှသည်ဟု ဒုက္ခအရပ်ရပ်ကို သိပြီး ဖြစ်လေရာ ကိုစိုးတင်အဖို့ ထိုမျှ မကအောင် တာဝန်ကြီးလေးလှသောကြောင့် သင်္ကာမကင်းရှိ၍ ညက အိပ်ပျော်နေစဉ် ဝမ်းဗိုက်ကို တိုင်းကြည့်မိရာ ပူးတွဲပါ ပိတ်စနှင့် အညီ တစ်တောင် နီးနီးရှိနေသဖြင့် ကျယ်ဝန်း များပြားလှသော ဝမ်းတစ်တောင်၏ တာဝန်ကို မထမ်းဆောင် နိုင်သောကြောင့် ထွက်သွားပါပြီ။
အတင်
ကဲ ….ဝတ္ထုပြီးတော့ ရေးလက်စ ဆောင်းပါးကို ပြန်ကောက်ပါဦးမည်။ ထိုဝတ္ထု ကလေးကို ကျွန်မသည် ၁၉၄၈ ခုနှစ် အောက်တိုဘာလထဲမှာ ရေးခဲ့၍ ထိုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် ဂျာနယ်ကျော်အုပ်တွဲ ၁၄ အမှတ် ၁ တွင် “အထွေး” ဟူသော ကလောင်အမည်ဖြင့် ပါရှိခဲ့ပေသည်။
ထိုဝတ္ထုကလေးကို ကျွန်မရေးခဲ့သည့် အချိန်တွင်ကား ကျွန်မသည် အပြင်းအထန် မမာမကျန်း ဖြစ်နေချိန်ပေတည်း။ သေမှာပဲဟု တစ်အိမ်သားလုံးက အတွင်ကျိတ်ထင်မြင် ယူဆနေကြရာမှ အနည်းငယ် ပြန်လည် ထူထောင်စကလေးသာ ဖြစ်ပေသေးသည်။
ထိုစဉ်က မမာလိုက်သည်မှာ ထမင်းကိုဝေး၍ ဘာအစာမျှ မဝင်ခဲ့သည်မှာပင် (၅)လ ကျော်မျှ ကြာရှည်၏။ တစ်နေ့လုံး အဖို့ နွားနို့အဝက်သား ကုန်ရန်ကိုပင် မနည်းကြီး ကြိုးစားအားပေး၍ တိုက်ကျွေး နေခဲ့ရသေးသည်။ လူမှာ အရိုးပေါ် အရေတင်တမျှ ပိန်ချုံးနေ၏။ မေမေနှင့်တကွသော အစ်မများမှာ အစားအသောက်ကို ကျွန်မ မစားချင် စားချင်အောင် ကြိုးစား နေကြရှာ၏။ အနည်းငယ် ထူထောင် နိုင်လာသောအခါ မုန်းဟင်းခါးသုပ် အနည်းငယ်က စ၍ စားသည်။
နောက် ထမင်းကို စားပါမည်ဟု ကျွန်မ ကတိပေးသောနေ့မှာကား ဆရာကြီး မဟာဆွေ၏ “ရတီမှန် ” ဝတ္ထုကို ဖတ်ရှု့ပြီးဆုံးသည့် အချိန်တွင် ဖြစ်ပေသည်။ ဤမျှ မကျန်းမမာ ဖြစ်နေသော်လည်း လုံးဝ မလှုပ်ရှားချင်၊ မျက်စိမဖွင့်ချင်သည့် အချိန်များမှ အပ စာကိုတော့ ကျွန်မ အင်မတန် ကြိုးစားပမ်းစား ဖတ်ရှု့လျက်ပင် ဖြစ်သည်။
“ထိုင်နေလည်း နေမကောင်းဘူး။ အိပ်နေလည်း နေမကောင်းဘူး ဘယ်လိုနေမှ နေမကောင်းဘူး ။ စာဖတ်နေရင် နည်းနည်းသက်သာတယ်” ဟု ကျွန်မ ပြောလေ့ရှိသဖြင့် တစ်အိမ်လုံးက ခွင့်ပြု ထားကြပါသည်။
ရတီမှန် ဝတ္ထုထဲတွင် ထမင်းဟင်း ချက်ပြုတ် ပြင်ဆင်ထားပုံ ပါရှိ၏။ ငရံ့ အကွင်းအကွင်းကြီးတွေကို ကြော်ပြီးမှ ငရုပ် ကြက်သွန် ခရမ်းချဉ်သီးနှင် ဆီသတ်ပြီး ပြန်ချက်ထားသော ဟင်းတစ်ခွက်၊ ဒန့်ဒလွန်ဟင်းချို ပူပူတစ်ခွက်၊ ပြီးတော့ ဘာတွေပါသေးသည်ကို ကျွန်မ ကောင်းကောင်း မမှတ်မိတော့ချေ။ ကျွန်မက ထိုစာအုပ်ကို အစ်မများလက်သို့ အပ်လိုက်ကာ “ ဒီထဲကအတိုင်း ချက်ပေးရင် အပုထမင်းစားကြည့်မယ်” ဟု ပြောလိုက်ရာ အစ်မများက ချက်ချင်းပင် ဝမ်းသာ အားရ ချက်ပြုတ် စီမံပေးကြသည်။
ထမင်းပွဲ အသင့်ပြင်ပြီး ကျွန်မကို စားစေသော အခါတွင်လည်း အစ်မများက “မဟာဆွေ စာဆိုရင် ကောင်းတာချည်းပဲဆို မဟာဆွေ စီစဉ်ထားတဲ့ ထမင်းဟင်းလည်း ကောင်းရမှာပဲပေါ့၊ တို့လည်း လက်စွမ်းကုန် ချက်ထားတာပဲ” စသည်ဖြင့် ကျွန်မ ရယ်ရွှင်လာအောင် ဝိုင်းဝန်း ပြောဆို နေကြသည်။ သို့ရာတွင် မျက်စိ အမြင်မှာ စားချင်စဖွယ်ရှိသော ထမင်းဟင်းလျာ များသည် ကျွန်မလျှာပေါ်မှာ ဘယ်လိုမျှ အရသာမတွေ့ နိုင်။ ဘယ်လိုမျှ စားမဖြစ်နိုင် တော့ပဲ လက်လျှော လိုက်ရသည်။
အစ်မများ စိတ်ပျက် လက်ပျက်နှင့် ထမင်းပွဲကို ပြန်သိမ်းကြသော အခါတွင် ကျွန်မသည် ထိုင်ငိုင် တွေးတော နေမိ၏။
“ ငါ ခုလောက် ဇီဇာကြောင်နေတာကို ညီအစ်မချင်း တွေမို့သာပဲ ၊ ယောက်ျားတစ်ယောက်သာ ဒါလောက် ချေးများနေရင် မိန်းမလုပ်တဲ့သူက မကြာခင် ပစ် ထွက်သွားတော့မှာ”
ထိုအတွေးကို တွေးမိသည်နှင့် တစ်ပြိုင်နက် ကျွန်မစိတ်ထဲတွင် ဝင်းခနဲ လက်ခနဲ ဖြစ်ကာ စာရေးချင်စိတ်တွေ ဖျိုးဖျိုးဖျတ်ဖျတ် တက်ကြွလာကြ၏။ကျွန်မသည် အချိန်အနည်းငယ် ဆက်လက် တွေးတောပြီးလျင် အိပ်ယာနံဘေး စာခုံထဲမှ စာရွက်တွေကို ဆွဲယူကာ အိပ်ယာထဲမှာပင် ကာယကံမြောက် ရေးဖြစ်တော့လေသည်။ ရေးရင်းနှင့်လည်း လေးလံ ရီဝေနေသော ဦးခေါင်းကို မကြာခဏ နှိပ်နယ်ပေးရသေး၏။ သည်ထဲက မရေး နိုင်လောက်အောင် ဖြစ်လာပြန်လျင် စာရွက်တွေ ဘေးဖယ်ပြီး လှဲအိပ်လိုက်ရသေး၏။ သုံးရက်တိုင်တိုင် ကြိုးစားတော့မှ ဝမ်းတစ်တောင် ဝတ္ထု ပြီးဆုံးသွားသည်။ ကျွန်မက အစ်မများလက်သို့ အပ်ကာ ဂျာနယ်ကျော်သို့ ပို့စေလိုက်ရ၏။
သည်အဖြစ်ကို ပြန်လှန်တွေးတောမိတိုင်းမှာပင် ကျွန်မစိတ်ထဲတွင် လှုပ်ရှားမိပေသည်။ သာတောင့် သာယာအချိန်အခါ အခြေအနေ မျိုးလည်း မဟုတ်။ စိတ်ထဲမှာလည်း သာယာရွှင်လန်းမှု့ မရှိ။ လူအနေနှင့်လည်း အနည်းငယ်မျှ သက်တောင့် သက်သာ မရှိသော ဤအခါမျိုးမှာပင် စာပေထုတ်လုပ်မှု့ စွမ်းအားသည် လှုပ်ရှားပေါ်ပေါက်၍ လာတတ်သေးသည်မှာ အံ့သြစဖွယ်လည်း ဖြစ်နေပါ၏။
ကျွန်မကဲ့သို့ စာပေဝါ နုနယ်သေးသူ၊ အတွေ့ အကြုံ နည်းပါးသေးသူ တစ်ဦးမှာပင် မမျှော်လင့် မထင်မှတ်စကောင်းသော အချိန်အခါ အခြေအနေ မျိုးမှာ ဤလိုဖြစ်တတ် ပါသေးလျင် မင်စက်ကျရာ ဝတ္ထု ဆောင်းပါး ကဗျာ ဖြစ်စေနိုင်စွမ်းသော ဆရာ့ ဆရာကြီးများတွင် ဆန်းကြယ် ထွေထူးသော ဖြစ်စဉ်များကို မည်မျှ ဖြစ်ရှိ တွေ့ကြုံ ဖူးကြလေမည် မသိပေ။
ထိုဆရာ့ဆရာကြီးများ ဖန်တီးတင်ပြထားသော စာပေများထက် ထိုဆရာ့ ဆရာကြီးများ၏ စာပေထုတ်လုပ်မှု့ စွမ်းအားကို ဖြစ်ပေါ်စေသော အကြောင်းအချက်များသည် ပိုမို၍ စိတ်ဝင်စားစဖွယ် ဖြစ်ပေလိမ့်မည်ဟု ထင်မိပါ၏။ တစ်ခါတစ်လေတော့ ကျွန်မ အနေနှင့် ထိုအကြောင်းအရာ အတွေ့အကြုံမျိုး ကိုပင် နှိုက်နှိုက်ချွတ်ချွတ် သိချင်မိလေသည်။
“ ကြက်ဥ အရောင် တိမ်တောင် သဖွယ် မင်းရေးကျယ်” ဟု ဆိုစမှတ်ပြုကြရာ စာပေရေးရာ စာပေမှု့တို့သည်လည်း ထိုမျှ မကပင် ကျယ်ဝန်း နက်နဲ ဆန်းပြား သိမ်မွေ့ လှပါချေ၏တကား။
(ရှု့မဝ၊ ဇန်နဝါရီ ၁၉၆၁)
“အနုပညာသည်၏ အလောင်း” ..အစရှိသော ဆရာမကြီး စိန်စိန်၏ ဝတ္ထုတိုပေါင်းချူပ်အား http://www.myanmarnetworknews.com/b/b217/b217.htm တွင်ဖတ်ရှု့နိုင်ပါသည်။

10 comments:

Welcome February 3, 2009 at 1:27 PM  

ဝါရင့်စာရေးဆရာကြီး မဟုတ်တော့လည်း တစ်နေ့တစ်ပုဒ် ရေးနိုင်ဖို့ အတွေးတွေ ဈဉ် မ၀င်ပါဘူးဗျ။ ရေးချင်စိတ်ပဲ ရှိတတ်ပါတယ်။ တကယ်တန်းကျ ရေးတော့ မထွက်ပြန်ဘူး။ ကနေ့တော့ ကျွန်တော်လည်း ငံပြာရည်ကျို ထားပါတယ်။

Welcome February 3, 2009 at 1:29 PM  

ပို့စ်တင်ဖို့ စာအသစ်မရှိတော့ ကိုယ့်ဘလောဂ့်ကိုတောင် ရဲရဲကြီး မဖွင့်ရဲဘူး ဖြစ်မိတယ်။
ဘာပဲဖြစ်ဖြစ် ဆောင်းပါးကောင်းလေး တစ်ပုဒ်ကို နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်
လေးစားလျက်ပါ။

sonata-cantata February 3, 2009 at 5:04 PM  

မနေ့ကပဲ online တွေ့လိုက်လို့ အသစ်ဖတ်ရတော့မလားမျှော်နေမိပါတယ်။
(အလုပ်ပျက်မည် စိုး၍ နှုတ်တောင်မဆက်ခဲ့ပါ။)
စာ မဖတ်ရလျှင် ဆာတတ်တဲ့ မသီတာ.. ဆရာမရဲ့ အားပေးမှုကြောင့် စွမ်းအားရှိသလောက် စာပေ ထုတ်လုပ်ကြည့်ရုံမျှသာပါ ...

Republic February 3, 2009 at 6:56 PM  

(မ)မေအောင် က ပိုတော်ပါတယ်၊၊ အရှည်ကြီးပဲ စုံလင်နေအောင်းရေးတတ်ပါတယ် ၊၊

ပုံရိပ် / Pon Yate February 4, 2009 at 5:15 AM  

သစ်သားခွက် ဥပမာလေးကို တော်တော် သဘောကျတယ်။

tg.nwai February 4, 2009 at 6:13 AM  

သူများတွေ ပို့စ်တွေ ပုံမှန်တင်နိုင်နေတာကို တကယ်ချီးကျူးမိပါတယ်..။ တကယ်တမ်း စာရေးဖြစ်ဖို့က ခက်သားနော်.. ဒိုင်ယာရီဆိုတာတောင် မှန်မှန်မရေးဖြစ်တာ..။ ဆရာမကြီးရဲ့ ဆောင်းပါးကို ဖတ်သွားပါတယ်။ အဲဒီလို မှတ်သားစရာကောင်းတဲ့ ဆောင်းပါးရှည်ကြီးတင်ပေးတဲ့ မေအောင်ကိုလည်း ကျေးဇူးတင်ပါတယ်.. အိုးဝေ လည်း ရှေ.ဆက် ချီတက် ထုတ်လုပ်နိုင်ပါစေ။ မေအောင်ရဲ့ လက်ရာတွေကိုလည်း စောင့်မျှော်နေပါတယ်...

Moe Cho Thinn February 4, 2009 at 9:09 AM  

အိုးဝေက အသစ်တင်တာတွေ့လို့ ပြေးလာတာ။ ဆရာမကြီး ဒေါ်စိန်စိန်ရဲ့ ဆောင်းပါးလေးရော၊ ၀မ်းတောင် ၀တ္ထုတိုလေးရော ဖတ်ရလို့ အရသာ ရှိသွားတယ်။

ဆရာမကြီးစာတွေက အဲဒီလို ပြုံးစရာလေးတွေ ပါတတ်တာမို့ ကြိုက်လိုက်တာ။ အခုလို ရှားရှားပါးပါး ရှာဖွေ တင်ပေးတဲ့ မမေအောင်ကို ကျေးဇူးတင်မိတယ်။

အချိန်အားရင်တော့ ရေးပါအုံး။ အိုးဝေလေး အသက်ရှင်အောင်။ ကျမတို့လဲ ရုံးအလုပ်တဖက်၊ အိမ်အလုပ်တဖက် ပြေးလွှားလုပ်ရင်း ရေးမိတာပါပဲ။ ရေးတတ်လို့ မဟုတ်ပါဘူး။ စိတ်ထဲ ပေါ့ပေါ့ပါးပါး ထားပြီး ရေးရင် ပိုစိတ်ကြည်ပြီး ရေးဖြစ်တယ် ထင်မိပါတယ်။ နိစ် တို့ မရှိလဲ အားပေးနေမှာပါ။

pandora February 8, 2009 at 3:11 PM  

ဖတ်သွားပါတယ် မမေအောင်ရေ
ဝေမျှပေးတာ ကျေးဇူးပါ။

မီယာ February 9, 2009 at 1:30 AM  

ပို့စ်အသစ်တွေ့လို့... အိုးဝေ အဖွဲ့သားအားလုံး တော်တော် စာအရေးအသား ကောင်းကြတယ်.. ဖတ်လို့ ကောင်းလိုက်တာ။ ဝေမျှတဲ့ ၀တ္ထုလေးလည်း ကြိုက်တယ်။ စာရေးချင်တဲ့ စိတ်ပေါ်လာရင် ရေးပါ.. သိပ် pressure မထားဘဲ စိတ်ချမ်းသာ သလိုသာ ရေးပါနော်။

nu-san February 12, 2009 at 5:01 PM  

မမေအောင် ရော အိုးဝေ အဖွဲ့သားတွေရော စာရေးကောင်းပါတယ်... ဆရာမကြီး ၀တ္တုတိုလည်း ဖတ်သွားတယ်.. ဖတ်ရင်းက အမလေး အဲဒီလို ယောင်္ကျားမျိုး မရထားပေလို့သာပဲလို့ ဘုရား တလိုက်သေးတယ်.. :P

Blog ပေါ်မှာ စာရေးကြတယ်ဆိုပေမယ့်လို့ အပြင်က ဆိုင်ရာ ဆိုင်ရာ အလုပ်တွေကိုလည်း အချိန်ပေးရသေးတာ မဟုတ်လား..ကိုယ်ချင်းစာပါတယ် မမေအောင်ရေ.. ဒါကြောင့် စိတ်ထဲ သိပ်မထားပါနဲ့.. အချိန်ရမှ အဆင်ပြေမှ ရေးပါ.. ရေးသမျှတော့ အားပေးနေမှာပါ.. :)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP