စဉ်းစားမိသမျှ..

>> Tuesday, January 6, 2009


ကျနော့်မာတာမိခင်ဆီကို ဖုံးဆက်တော့ မာတာမိခင်က ဒီဇင်ဘာ ၂၅ ရက်နေ့က ကျနော်တို့ကျောင်းရဲ့ ဆရာကန်တော့ပွဲ လုပ်ကြောင်း ပြောပြပါတယ်။ “သားရဲ့ အန်တီသောင်းက အခု ဇန်နဝါရီ ၆ ရက်ဆို ပင်စင်ယူပြီ”လို့ အမေကပြောပါတယ်။ ကျနော်မှာဖြင့် အန်တီသောင်းတို့ကို အသက်ကြီးလှသေးတယ် မထင်မိပါဘူး။ အမေနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများကလည်း အမေနဲ့ ရွယ်တူတွေ များတာမိုလို့၊ ကျနော်နဲ့ အလွန်ပင် ခင်မင်လှတဲ့ ဆရာ၊ ဆရာမများလည်း ပင်စင်စားနေရပါပြီ။


အသက်ပြည့်ပင်စင်နဲ့ ပတ်သတ်ပြီးတော့ စဉ်းစားမိတာလေး ကျနော် ပြောချင်ပါသေးတယ်။ ကျနော့်အဖေနဲ့ အမေက အခြေခံပညာ ကျောင်းဆရာ၊ ဆရာမတွေဆိုတော့ ကျနော်နေရတဲ့ ဝန်းကျင်က ဆရာ၊ ဆရာမ ဝန်းကျင်ပါ။ ဆရာ၊ ဆရာမ မိသားစုများသည် များသောအားဖြင့်ကတော့ သာမန် စားနိုင်သောက်နိုင်တာရယ်၊ ဆင်းရဲတာရယ် များပါတယ်။ ချမ်းသာသော ဆရာ၊ ဆရာမ မိသားစုဆိုတာ မရှိသလောက် ရှားပါတယ်။ ဆရာ၊ ဆရာမတွေ မူရင်းလစာနဲ့ စားလို့ သောက်လို့ရသလား ဆိုတာတော့ အသေအချာမသိပေမယ့် ပင်စင်လစာဆိုတာက စားလောက် သောက်လောက်တဲ့ ပမာဏမဟုတ်ပါဘူး။ အဖေနဲ့ အမေက ပင်စင်စားတွေမို့ ကျနော်ကိုယ်တိုင် သိတာပါ။ တသက်လုံး လုပ်ကိုင်လာတဲ့ ပရော်ဖက်ရှင်နယ် အလုပ်တခုက ပင်စင်ယူပြီးသော ကျောင်းဆရာတစ်ယောက်ရဲ့ဘဝကို အသင့်အတင့်နေနိုင်အောင်တောင် အာမခံချက်မပေးနိုင်ပါဘူး။ ပင်စင်ယူပြီးတော့ ထီလှည့်ရောင်းနေတဲ့ ဆရာအိုတွေလည်း မြင်ဖူး၊ တွေ့ဖူးနေတာပါပဲ။ ကျနော်စဉ်းစားမိတာလေး ပြောချင်ပါတယ်။ အသက် ၆၀ ပြည့်သော်လည်း ဆရာလုပ်ချင်စိတ်ရှိသေးသော၊ လုပ်နိုင်ကိုင်နိုင်ကျန်းမာရေး ရှိသော ဆရာများကို ကျောင်းတွေမှာ ပြန်ပြီး အလုပ်ခန့်သင့်ပါတယ်။ အသက် ၆၀ ကျော်တဲ့အတွက် လစာက ပင်စင်လစာအပြင်၊ ၆၀ ကျော်နေသော်လည်း စာဆက်သင်သည့်အတွက် ပုံမှန်လစာရော ၂-ခုပေါင်းလခ ရသင့်ပါတယ်။ အသက် ၆၀ ပြည့်သွားပေမယ့် အရည်အချင်းရှိသော၊ လုပ်နိုင်ကိုင်နိုင်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိသော ကျောင်းဆရာ၊ ဆရာမများကို ကျနော့်ဝန်းကျင်မှာ တွေ့နေရလို့ အဲသလို ပြောတာပါ။

ဆရာအလုပ်က စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာပြည့်စုံတယ်ဆိုတာမျိုးကို ကြားဖူးပါတယ်။ အလုပ်တခုလုပ်ကိုင်တဲ့ နေရာမှာ အဲဒီအလုပ်ကို ဝါသနာပါရင် အကောင်းဆုံးပါပဲ။ အဲဒီအလုပ်ကို စေတနာထားလုပ်တော့ အလုပ်က ကောင်းကောင်းမွန်မွန် ပြီးစီးမယ်ပေါ့။ ဟိုအရင် စစ်တွေဖြစ်နေတဲ့ကာလမှာ ကိုယ့်လူမျိုးတွေ ပညာမျက်စိဖွင့်ဖို့အတွက် အနစ်နာခံပြီး ဆရာအလုပ်လုပ်တာကို လက်ခံပါတယ်။ အခုခေတ်ကာလမှာ ကျောင်းဆရာအလုပ်လုပ်တာ ဘာကိုများ အနစ်နာခံရမှာလဲ။ သူလုပ်အားနဲ့ ထိုက်တန်တဲ့ လခတော့ ပေးရတော့မပေါ့။ ဆရာဆိုတာ ဓားသွေးကျောက်လိုပဲလို့ ဆိုတာလည်း ကြားဖူးပါတယ်။ တပည့်တပန်းတွေ အောင်မြင်ဖို့ရာအတွက် ဆရာက အတုံးခံတာမျိုး။ မဟုတ်လိုက်တာလေ။ ဆရာက ဘာကိစ္စ တုံးသွားရမှာလဲ၊ အတုံးခံရမှာလဲ။ ဘာကိစ္စ အနစ်နာခံရမှာလဲ၊ နစ်နာရမှာလဲ။ ကျောင်းသားတိုးတက်ဖို့အတွက် အသစ်အသစ်သော အသိပညာ၊ အတတ်ပညာတွေ၊ ဗဟုသုတတွေ ဖြန့်ဝေပေးဖို့ ဆရာတစ်ယောက်မှာလည်း အသစ်အသစ်သောအရာများကို လေ့လာဖို့ လုံလောက်တဲ့ အထောက်အပံ့ရှိနေရမှာပါ။ ခေတ်နဲ့အမှီသိဖို့ဆိုရင် ဆရာလုပ်သူတွေကို ခေတ်နဲ့အမှီဖြစ်စေတဲ့ အထောက်အပံ့တွေ ပေးနေရမှာပါ။ ဒါမှသာ ကျောင်းဆရာတွေသည်လည်း ခေတ်နဲ့အမှီလေ့လာနိုင်ပြီး တပည့်တပန်းများကို ခေတ်မှီတဲ့ပညာတွေ ဝေမျှပေးနိုင်မှာပေါ့။

ကျနော့်အဖေနဲ့ ဖုန်းပြောတော့ အဖေက “မနက်ဖြန် (၅၊ ဇန်နဝါရ၊ီ ၂၀၀၉)မှာ ရွာက အ.ထ.က ကျောင်း မိဘဆရာအသင်း အစည်းအဝေး၊ ဆုပေးပွဲမျိုးလုပ်မှာကို ဖိတ်ထားလို့ သွားရမယ်”တဲ့။ “သားရေ ရွာကျောင်းမှာ ပညာသင်ဆုပေးဖို့ ငွေပဒေသာပင် စိုက်ထားတာ သိန်း-၆၀ လောက်တော့ ရှိနေပြီ”။ “ ပဒေသာပင်ငွေကို အစိုးရဘဏ်မှာလည်း တချို့တဝက် အပ်ထားသလို၊ အပြင်ကလူတွေကိုလည်း အပြင်အတိုးနဲ့ ငွေချေးထားပါတယ်”တဲ့။ အစိုးရဘဏ်က အတိုးနှုန်းနည်းတော့ အပြင်မှာလည်း ချေးတဲ့သဘောနေမှာပေါ့။ အတိုးငွေတွေထဲကရတာတွေနဲ့ ထူးချွန်တဲ့ ကျောင်းသားတွေကို ဆုတွေပေးမယ်ပေါ့။ ဟုတ်ပါပြီ ဟုတ်ပါပြီ…. ထူးချွန်တဲ့ကျောင်းသားတွေ ဘယ်လောက်များများ ဆုငွေတွေရမှာပါလိမ့်။ အဲဒီဆုငွေတွေက သူတို့ တက္ကသိုလ်တက်ဖို့ရော အထောက်အပံ့ ဘယ်လောက်ဖြစ်မှာတုန်း။ အဲ ဆုရတဲ့ငွေတွေနဲ့ မလုံလောက်သေးရင် ပြည်တွင်းမှာ ဘယ်ပညာသင်ဆုတွေ လျှောက်လို့ရတုန်း။ အဲသလို မဟုတ်ရင်ရော ဘယ်အဖွဲ့အစည်းမှာ ကျောင်းတက်ဖို့ ငွေချေးလို့ရသလဲ။ ငွေချေးပြီးလို့ ကျောင်းတွေ တက်ပြီးလို့ ဘွဲ့တွေရတဲ့အခါမှာ ဘယ်လိုအလုပ်တွေ လုပ်ရမှာလဲ။ အဲဒီတော့ရော ချေးငှားထားတဲ့ ငွေတွေကရော ပြန်ဆပ်နိုင်တဲ့ ငွေပမာဏ ရမှာလား။ ကျနော် စဉ်စားကြည့်တော့ အင့် အင် ဘူး တွေပဲ ထွက်လာတယ်။

ကျနော်ပြောနေတာတွေက တကယ်တော့ လူအများ သိပြီးသားတွေပါလေ။ မနေနိုင်လွန်း လျှာယားလွန်းလို့ ပြောမိတာပါ။ နောက်ဆုံးတော့လည်း လူတိုင်းလူတိုင်း ကိုယ်တတ်နိုင်သလောက် ကိုယ့်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး တိုးတက်ရာ တိုးတက်ကြောင်း နည်းလမ်းတခုခုနဲ့ မမေ့မလျော့ ကူညီနေနိုင်ပါစေ။ မိမိကိုယ်တိုင်ကိုလည်း သတိပေးပါတယ်။

9 comments:

မီယာ January 6, 2009 at 12:38 AM  

ဟုတ်တယ် ကိုယ့်ပတ်ဝန်းကျင်နဲ့ နီးစပ်ရာလေးတွေကို တနိုင်ကူကြရမှာပေါ့။ တခါတရံမှာ ကိုယ့်တနိုင်က သူများတဘ၀လုံး ပြောင်းလဲသွားစရာမျိုးလည်း ဖြစ်နိုင်သေးတယ်။ အသက်ရှင်နေသရွေ့ ကူနိုင်နေသရွေ့...

PAUK January 6, 2009 at 2:55 AM  

ဆရာ..ဆရာမတွေကို သတိရသွားတယ်..
မနှစ်ကထိတော့..သူငယ်တန်းကဆရာမ
ပင်စင်မယူသေးဘူး..
ပြန်တိုင်း ကျောင်းတွေဖက်မရောက်ဖြစ်ပေမယ့်..
လူမျိုးဘာသာပေါင်းစုံရဲ့ မိဘမဲ့ကျောင်းတိုင်း
ရောက်ဖြစ်ပါတယ်..
ကျနော်တို့အားလုံးလည်း
တတ်နိင်သလောက် ကူညီသင့်သူကို
ကူညီနိုင်ပါစေ...

sonata-cantata January 6, 2009 at 5:48 AM  

လူအများ သိပြီးသားတွေပေမဲ့ အတွေးတွေကို ချရေးထားတာ ပီပြင်ပါတယ်။ ပြတ်သားပါတယ်။

May Moe January 6, 2009 at 7:09 AM  

ကိုနိ စဉ်းစားမိသလို သူတို့လဲစဉ်းစားမိရင်ကောင်းမှာပဲ

khin oo may January 6, 2009 at 8:02 PM  

စိတ်လျော့ပါ.စိတ်လျှော့ပါ။ :P

မေအောင် January 7, 2009 at 5:01 AM  

ကိုဇနိရေ
ရင်ထဲတော်တော်ထိတဲ့ ပို့စ်လေးပါပဲ။ ကျွန်မအမေပင်စင်ယူတော့ အမေကလဲမယူမနေရလို့သာလေ ရင်ထဲမှာမကောင်းဘူးပေါ့။ ရွာသူရွာသားတွေဆိုတာလဲ အမေ့ကို ပင်စင်ဆိုတာကြီးကို မယူလိုက်ဖို့ အပြင်းအထန်ကန့်ကွက်ကြတယ်တဲ့။အမေက ပင်စင်ဆိုတာ အသက်၆၀ ပြည့်လို့ နားခိုင်းတဲ့အကြောင်းရှင်းပြရတယ်။ ဒီမှာပဲ အမေ့တပည့်ဟောင်းတစ်ယောက်က တဟီးဟီးငိုရင်းပြောလိုက်တာက “အမယ်လေးတော် ကျုပ်တို့ဆရာမကြီးဖြင့် အကောင်းကြီးရှိသေးတာကိုးးး”တဲ့။
ခုထိလဲ အကောင်းကြီးပါပဲလေ။ ပညာအလင်းတွေဖြန့်ဝေနေချင်ရှာတုန်းပါပဲလေ။
အမေနဲ့ ဘဝတူတွေလဲ အများကြီးရှိနေပါတယ်။

sin dan lar January 8, 2009 at 4:34 AM  

အားကိုးလောက်စရာ သား၊ သမီး မရှိတဲ့ ပင်စင်စား ဆရာကြီး၊ ဆရာမကြီးများရဲ့ဘ၀က တကယ် သနားစရာပါ။တစ်နှစ်တစ်ခါ မြို့ပြန်လို့ ငယ်ဆရာ၊ဆရာမတွေအိမ်ကို တတ်နိုင်သလောက် လိုက်ကန်တော့တဲ့ အခါတိုင်း ၀မ်းနည်းရတယ်။ ကိုယ်ကန်တော့နိုင်တာက သူတို့ ၁၅ ရက်စာ ဈေးဖိုးလောက်ပဲတတ်နိုင်ခဲ့တယ်၊ သူတို့က လစာ မတိုးခင် ပင်စင်ရခဲ့လို့ တစ်လကို တစ်ထောင်ကျော်၊ ရာကျော်ပဲရတဲ့သူတောင်ပါသေးတယ်။ ကျွန်မတို့ကို ကျူရှင် မပေးပဲ စေတနာ အပြည့်အ၀နဲ့ သင်ပေးခဲ့သူတွေပါ..****လွန်ခဲ့တဲ့ 16 နှစ်က မြို့နယ်ပညာရေးမှူးနဲ့အငြိမ်းစားယူခဲ့တဲ့ ကျွန်မအဖေရဲ့ ပင်စင်လစာက 750 ကျပ်ပါတဲ့ရှင်။ လက်ဖက်ရည်ရိုးရိုး ၅ ခွက်တိတိသောက်နိုင်ပါတယ်။

Moe Cho Thinn January 8, 2009 at 9:17 AM  

ကိုနိကိုတော့ ဒီပို့စ်မှာဖြင့် အမှတ်ပြည့်ပေးလိုက်ပြီ။
Cheers!

Republic January 8, 2009 at 4:23 PM  

အင်း .. ဟုတ်တယ် ကိုနိ ၊၊
ကျနော့် အဖေ လည်း မနှစ်က ပင်စင်ယူလို့ ကျနော်ဒီခေါ် ထားလိုက်တာ ၊၊မနေနိုင်လို့ တချိန်လုံး အလုပ်လုပ်ဖို့ ညီးနေတော့တာပဲ၊၊ သူကရန်ကုန် ပြန်ပြေးလိုက် ၊ ကျနော်က ပြန်ခေါ်လိုက်နဲ့ ပဲလုံးချာလည်နေတော့တယ် ၊၊ ပြောပြချင်တာက ပင်စင်ယူပီးတော့ သူတို့ဘာမှမလုပ်ပဲ မနေတတ်တဲ့စိတ်ကိုပါဗျာ ၊၊

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP