South2North2 (စော့သ်တူး နော့သ်တူး)
>> Tuesday, November 11, 2008
ကဲ ခေါင်းစဉ်ကို ကြည့်ပြီး နားရော လည်ကြရဲ့လား။ တောင်တောင်မြောက်မြောက်လို့ ရေးတာပါ။ တောင်တောင် မြောက်မြောက်ဆိုတော့ စိတ်ကူးထဲ ပေါ်ရာတွေ ရေးတော့မှာပါ။ အခုတလော (ကြာပါပြီလေ…) ဘလော့ဂ်ကို မရေးဖြစ်တာ။ မဇနိလေး ရေးလို့သာ ဘလော့ဂ်အသက်လေး ထွက်မသွားတာလေ။ ကျေးဇူးတင်ရပါကြောင်း မဇနိကို ပြောကြားလိုပါတယ်။ အလည်လာတဲ့ ဘော်ဒါမိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်။
ညက သူငယ်ချင်းနဲ့ အာလာပ သလာပ ပြောတော့ သူက ကျနော်ပြောတဲ့ အထဲက “မတူး မတော်” ဆိုတဲ့ စကားကို သူအခုမှ စကြားဖူးတာ ဖြစ်ကြောင်းပြောပါတယ်။ တနယ်တည်း အတူတူကြီးတဲ့ သူချင်းကို ဒီစကားလုံး မကြားဖူးဘူးဆိုတော့ နည်းနည်းတော့ အံ့ဩသွားတယ်။ သူကပြောတယ် “မတူး မတော်”ဆိုတဲ့ စကားလုံးကို “မသင့်တော်တာမျိုး” ကို ပြောတယ်ဆိုတာ နားကလည်ပါတယ်တဲ့၊ ဒါပေမယ့် စကားလုံးတွေကို အနာလိုက်(ဇ) လုပ်လိုက်တော့ “မတော်”တာက ဟုတ်ပါပြီ၊ မကောင်းတာပေါ့၊ “မတူး”ကရော ကောင်းတာကို ပြောတာ မဟုတ်ဘူးလားတဲ့။ ဟင်းအိုး ထမင်းအိုးတွေ မတူးရင် ကောင်းတာပေါ့။ ဘာကိစ္စ ဒီ နှစ်လုံးကို လာတွဲ တာလဲတဲ့၊ ခက်ကျပါရောလား… ဒီနိုင်ငံက ကလေးတွေကို စကားလုံးတခုခုရဲ့ အဓိပ္ပါယ်ကို ကျနော်တို့က မသိလို့ မေးလိုက်ရင် ပြန်ဖြေတာမျိုး ဖြစ်နေတယ်။ “မတူးမတော် က မတူးမတော်လေ၊ ခင်ဗျားက စကားလုံးကို အဲသလို ခွဲမပြစ်နဲ့လေ၊ ခွဲလိုက်ရင်ကျ ကျနော်လည်း မသိဘူး” လို့ ပြန်ပြောရမလို ဖြစ်နေတယ်။ ခင်တဲ့ နိုင်ငံခြားသား ကလေးတွေကို သူတို့ဘာသာစကား တချို့စာလုံး အဓိပ္ပါယ်ကို မေးရတာ သူတို့က ပြန်ဖြေရင် တခါတခါကျ အလွန်ရီရတယ်။ “ဒါက ဒါလေ၊ ဒါ့ကြောင့် ဒါကို ဒါလို့ ပြောတာပေါ့” ဆိုတဲ့ ရှင်းတာမျိုးပဲ ကလေးတွေက လုပ်တတ်တယ်။ ကိုယ်က ဘာပဲနေနေ ဘာသာစကားတခုကို အသစ်စက်စက်သင်နေတာဆိုတော့ စကားလုံးတခုခုကို ကြားလိုက်ရင် ဝေဖန်ဆန်းစစ်ချင်တာကိုး။ ကလေးတွေကျတော့ အရှင်းရခက်နေတော့တာပေါ့။
အဲသလို အရှင်းအလင်း ကိစ္စကျတော့ ဘာသာစကားသင်တဲ့ ဆရာမတွေက သိပ်တော်တယ်။ အံ့ဩတောင် ယူရတယ်။ ကျောင်းသားက ပါးစပ်လှုပ်လိုက်တာနဲ့ ဘာပြောတော့မယ်၊ ဘာမေးတော့မယ်ဆိုတာကို သိနေတာကိုး။ ရှင်းအောင်လင်းအောင် တန်းပြောနိုင်တယ်။ ကြားခံ ဘာသာစကားတခုမပါဘဲနဲ့ သူတို့ဘာသာစကား အစိမ်းသပ်သပ်ကို ရအောင် သင်နိုင်ကြတယ်။ ပြီးတော့ ကျောင်းသားက ဒီလယ်ဗယ်ဆိုရင် စကားလုံး ဒီလောက်ပဲ သိတယ် ဆိုတာကို သိတယ်။ အဲသလောက် စကားလုံးလောက်နဲ့ ပြောချင်ရာကို ရအောင် ပြောတတ်တယ်။ ဆရာမတွေက ပြန်ပြောတတ်တယ်၊ ကျနော်တို့ကို စာသင်ပြီးသွားရင်၊ အပြင်ကျ စကားပြောရတာ အတော်ခက်သတဲ့။ ဘာလို့လဲဆိုတော့ စကားလုံးနည်းနည်းနဲ့ လိုချင်ရာရောက်အောင် သွယ်ဝိုက်ပြောရတာကို အကျင့်ပါနေတာကိုး။
ဘာသာစကားသင်တဲ့ ဆရာမတစ်ယောက်က ပြောဖူးတယ်။ တရုတ်ကျောင်းသားတွေ ကျောင်းလာတတ်ကြတာ၊ မိသားစုလိုက်တွေတဲ့။ ကလေးအဖေတွေက ကျောင်းမှာ ဘာသာစကားသင်ရတယ်။ ကလေးတွေက ပေါက်စဆိုတော့ ကလေးအချင်းချင်းက အတူ ကစားရင်းက စကားက တတ်သွားတတ်ကြတယ်။ မိဘလုပ်တဲ့သူက အသက်ကြီးတော့ သင်ပေမယ့် စကားမတတ်နိုင်၊ ဘာမှ သင်ပေးစရာ မလိုတဲ့ ကလေးက စကားကို မွှတ်နေတာ။ ဆရာမတွေက ကလေးတွေကို တွေ့ရင် “ဖေဖေ့ကို စကားသင်ပေးလိုက်ဦးလို့” ပြောပေးရသတဲ့။
မဇနိနဲ့ စကားပြောတော့ သူ့မောင်လေးငယ်ငယ်က အကြောင်းကို ပြောပြတယ်။ မိုးတွင်းမှာ ဖိနပ်တွေ အထမ်းတွေနဲ့ မြို့ထဲလည်ပြီး ရောင်းတတ်ကြတေယ်။ ရောင်းတဲ့သူက “မိုးစိုစီး၊ မိုးစိုစီး” ဆိုပြီးရောင်းသတဲ့။ သူ့မောင်လေးက အဲဒီအသံကြားတော့ သူ့အမေ့ကို ပူဆာသတဲ့ “အမေ မိုးစိုစီး စားချင်တယ်၊ အမေ မိုးစိုစီး စားချင်တယ်” လို့ ပူဆာသတဲ့။ ဒီတော့ ကျနော်ကလည်း အားကျမခံ မဇနိကို “နိုင်ဂျန်ဂါး စားချင်တယ်၊ နိုင်ဂျန်ဂါး”လို့ ပူဆာပါတယ်။ အခုတလော ကျနော်တို့ မြန်မာမှာလည်း “နိုင်ငံခြား” သွားတာတွေ ခေတ်စားနေတာမဟုတ်လား။
တောင်တောင်မြောက်မြောက်လည်း ဒီနားတင်ရပ်လိုက်ပါဦးမယ်ဗျာ။
ဇနိ
12 comments:
ဟာဗျာ။ ကိုဇနိတို့ကတော့ နောက်ပြီ။ ဘယ်လိုစကားကြီးလဲ သားလည်းနားလည်ဘူးဗျ။ “မတူး မတော်”တဲ့။ အင်း.. ထားတော့။ ကြားဖြတ်ပြောမယ်။ ဒီသားလဲ နိုင်ဂျန်ဂါး စားချင်တယ်ဗျ။
ခေတ်စားတာမဟုတ်ပါ ခင်ဗျာ။ ခေတ်ကြီးက တောင်းဆိုတာ ဖြစ်ပါလိမ့်မယ်။ မိုးခါးတွေပဲ ရွာသဗျ။ အခါးကြိုက်တတ်ရင်တော့ ပူဆာစရာမလိုပါလို့ ထင်မိသဗျာ။
မရောက်တာလည်း အတော်ကြာသွားပါတယ်။ သတိထားမိတာတော့ ဒီဘလော့ဂ်က ဇနိမောင်နှံ စကားပြေ အရေးအသား တယ်ကောင်းသကိုး။
ပျော်ရွှင် အဆင်ပြေပါစေ။
သုခမိန်(E-Journal)
အစ်ကို
ဆယ်တန်းဖြေမဲ့ ကလေး(၁၀)ယောက်ကို မေးကြည့်မိတယ်၊ ဆယ်တန်းအောင်ရင် ဘာစားချင်လဲပေါ့၊ (၁၀)ယောက်လုံးက နိုင်ဂျန်ဂါး စားချင်တယ်။ ဘွဲ့ရလူငယ်(၁၀)မေးတော့ လဲ(၁၀)ယောက်လုံး နိုင်ဂျန်ဂါး စားချင်တာပါပဲ၊ မိုးမွန်နေအောင် ပညာတတ်တဲ့ Ph.D (၁၀)ယောက်ကို မေးတော့လည်း နိုင်ဂျန်ဂါး ပဲကြိုက်တယ်တဲ့။ ဒီလိုနဲ့ သိပ်ဝေးဝေး မကြည့်တော့ပါဘူး ကျွန်တော်တို့ နိုင်ငံမှာ နောက် ငါးနှစ်ဆိုရင် ပညာတတ်တွေ ကုန်းကောက်စရာ တောင်ကျန်မလားဘဲ။ (ကျွန်တော့်အတွေး သက်သက်ပါ)
လေးစားလျက်
http://winzaw-mdy.blogspot.com
ကိုဇနိလည်း ကျနော့်လိုဘဲ ဖြစ်နေပြီထင်ပ။
South က အမှန်တော့ Mouth နဲ့ ကာရန်တူ ရမှာလေ။ ဒါပေမယ့် ကျနော်လည်း ဗမာပီပီ အဲဒီလိုအသံထွက်ရမှာ အားနာတော့ “ဆော့သ်” လို့ မှား မှား အသံထွက်တတ်တယ်။ သြော်...ယဉ်ကျေးမှု၊ ယဉ်ကျေးမှု။
အကိုကြီး ကိုပေါပြောသွားတာ ဟုတ်တယ်။ ယဉ်ကျေးမှု ယဉ်ကျေးမှု။ စိတ်မှာစွဲကပ်နေတာ အမှန်ပါပဲ။ Narita Airport ကို သွားဖို့ Yokohama မှာ Limousine Bus လက်မှတ်ဝယ်တုန်းက အကြောင်းလေးနဲ့ တိုက်ဆိုင်နေလို့ပါ။ ကိုယ်သုံးမည့်လေကြောင်းလိုင်းပေါ်မူတည်ပြီး North Wing၊ South Wing ခွဲခြားသတ်မှတ်ထားတော့ လက်မှတ်ဝယ်တဲ့အခါ သူတို့က မေးပါတယ်။ ယဉ်ကျေးမှုစွဲကပ်နေတဲ့ ကျွန်မက ကိုဇနိလိုပဲ အသံထွက်မိတော့ ပြန်မေးခံရတယ်။ သူကတော့ ပီပီသသကြီးအသံထွက်မေးလိုက်တဲ့အခါ ကြောင်နေသေးတယ်။ နောက်မှ သြော် သူတို့မှာ အိုးတိုးအမ်းတမ်းဖြစ်စရာ အယူမှမရှိတာလို့ သတိရပြီး ကိုယ်လည်း သူ့လိုလိုက်ပြောမှ လက်မှတ်ဝယ်တာ အဆင်ပြေဖူးပါတယ်။
ကိုနိရေ..
မတူးမတော် နဲ့ မတော်တရော် ဘာကွာပါသလဲ..
အများကြီးနဲ့ တင်းကြမ်း(ဒင်းကြမ်းလို့အသံင်္ထက်ပါတယ်)
နောက်ပြီး..
စုံစီနဖာကို အနာလိုက်ဇ် လုပ်တော့ ဘယ်လိုနေမလဲ...
ဟီးဟိ..
မေးချင်တာတွေအများကြီး..အခုခေါင်းထဲမှာမရှိလို့
နိနိလေးရေ...
အေးဆေးလုပ်ပါဟယ်...
ကိုနိ စာလေးဖတ်ပြီး ပြုံးမိတယ် ၊၊ ကျနော်လည်း အလုပ်တွေရှုပ်နေလို့ပါ ကိုနိရေ ၊၊ခုလိုစာလေးတွေဖတ်မှ မျက်နှာက အသက်ဝင် လာတော့တယ် ၊၊ဒီပုံစံအတိုင်းဆို
ကျနော်တို့တွေ အသက်တိုဖို့ ကျိန်းသေပီဗျာ ၊၊ကိုနိကိုလည်းသတိရပါတယ် ၊၊ မမကွိ ရောတူတူ ပါပဲ ၊၊
ကိုကြီးဝီ
ကိုနိစာဖတ်ပြီး တောင်တောင်မြောက်မြောက် စဉ်းစားပြီး ပြုံးမိတယ်။
အသံနဲ့ပတ်သက်လို့ ငယ်ငယ်က မောင်လေးက အမေ့ကို ပူဆာတယ်။ လှဆန်းယဉ် ဘောင်းဘီ ၀ယ်ပေး တဲ့။ အမေကလဲ အေး အေးဆိုပြီး ခပ်အေးအေးပဲ နေတယ်။ မောင်လေးကလဲ လှဆန်းယဉ် ၀ယ်ပေးပါဆို ဆိုပြီး ထပ် ထပ်ပြောတော့ အမေက လဆန်းမှ ၀ယ်ပေးရမှာ မဟုတ်ဘူးလား တဲ့။ လှဆန်းယဉ် ဘောင်းဘီဆိုတာကို အမေက လဆန်းရင် ဘောင်းဘီ ၀ယ်ပေးရမှာ ထင်နေတာ။ လှဆန်းယဉ်ဆိုတဲ့ အားကစား ဘောင်းဘီရှိမှန်း အမေမှ မသိဘဲကိုး။
ဒီလိုလဲ လွဲတတ်သေးတယ်။
ကိုနိမေးတဲ့ ဘိုဘိုဆိုတာ အမေ မာ့ မြေး မဟုတ်ပါဘူး။ အမေရိကားမှာနေတဲ့ အမတို့ မိတ်ဆွေ တယောက်ပါ။
kom: မတုးူးမတော်။ဆိုတာ (မတော်မတဲ့)
11 Nov 08, 21:57
kom: တောင်တောင်မြောက်မြောက်( တောင်၂ မြောက်၂)
I read mountain mountain monkey monkey, zi2(two ni).
sorry, i wrote ni2.
ကွန်မင့်တွေလာဖတ်ရင်း အောက်ဆုံးမှာ ယုဝရီ မှားပုံလေးကို မြင်ရတော့ ကျနော့်တယောက်တည်း ရယ်လိုက်ရသေး။
ကိုဇနိက မဇနိကို ကျေးဇူးတင်ပါတယ်တဲ့.. အဟိ.. အမှန်တော့ အိုးဝေကို အဓိက လာလည်ဖြစ်တာက မဇနိကြောင့်ပါ.. ကိုဇနိတုန်းကဆို စာလာဖတ်ပေမယ့် comment တွေ ဘာတွေကျ မရေးဖြစ်ဘူး.. မဇနိနဲ့ကျတော့ ခင်တယ်.. (အညာလာလည်ရင် လွယ်အိတ်ချိတ်ချင်လို့.. စကားခင်းနေတာ.. :D) မအားလို့ မလာဖြစ်ရင်တောင် ပို့စ်တွေ မှတ်ထားပြီး အခုလို အားချိန်မှာ အကြွေးလာဆပ်တာပေါ့.. :D
ဘာသာစကားသင်တဲ့အကြောင်းနဲ့ ပတ်သက်လို့ ပြောလိုက်ဦးမယ်.. အမလည်း ဒီမှာ ကိုယ်ခင်တဲ့ သူငယ်ချင်းတို့ ဆရာမတို့နဲ့စကားပြောရင် အဆင်ကိုပြေလို့.. အဲဒီလိုဆိုတော့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီအောက်မေ့တာ... အပြင်က တခြားလူတွေနဲ့ စကားပြောရင် ဘာတွေပြောမှန်းလည်း မသိဘူး.. မြန်လည်းမြန် ပြီးတော့ ကိုယ်မသိတဲ့စကားတွေ သုံးတာ များသလိုပဲ.. မကျေနပ်တာနဲ့ ဆရာမကို မေးတယ်.. ဆရာမနဲ့စကားပြောရင် ပြောနိုင်ပြီး သူများပြောရင် ဘာလို့ နားမလည်တာလည်း မသိဘူးလို့ မေးတော့ ဆရာမကရော သူငယ်ချင်းကရော ပြောတယ်.. နင်တို့ ဘာပြောချင်တယ်ဆိုတာ ငါတို့က သိပြီးသားတဲ့.. နင်တို့ နားလည်တဲ့ စကားမျိုးကို ရွေးပြောပေးတာတဲ့.. တခါတလေဆို အမတို့ကို ပြောတဲ့စကားလုံးအသုံးက သူတို့ဆီက ကလေးတွေကို သုံးတဲ့စကားလို အလွယ်ဟာတွေ ရွေးသုံးတာတဲ့... အဲဒီတော့မှပဲ ကိုယ်လည်း အခြေအနေမှန် သိသွားတော့တယ်.. အဟီး.. :D
Post a Comment