Blogging

>> Wednesday, October 8, 2008



လူတယောက်နဲ့တယောက် အမြင်တွေ ခံယူချက်တွေ မတူတာနဲ့ ပတ်သက်ပြီး ဒီနေ့တွေးမိနေတယ်။ ခံယူချက်ပေါ်မူတည်ပြီး တန်ဖိုးထားတာတွေလည်း ကွဲပြားကုန်ကြတာပါ။


စာရေးဝါသနာပါလို့ စာရေးဆရာ လုပ်စားနေတဲ့သူတယောက်ကို “ဟင် ရူးလိုက်တာ ပိုက်ဆံလည်းမရဘဲနဲ့ အူကြောင်ကြောင် အလုပ်ကြီး သူမို့လုပ်တယ်” ဆိုပြီး ကျွန်မသွားပြောမိရင် ဘာဖြစ်သွားမလဲ။ ရလာမည့်အကျိုးဆက်ကတော့ ကျွန်မမှာ စာပေအပေါ် တန်ဖိုးထားတဲ့ အမြင် မရှိလို့ဆိုတာ လူတိုင်းက ထောက်ခံကြမှာပါ။ စာရေးတာစိတ်ဝင်စားတဲ့သူအတွက် နာမည်ကြီးစာရေးဆရာတယောက်ကို အပြင်မှာ တွေ့ဖူးတဲ့အခါ အတိုင်းမသိ ဝမ်းသာမိမယ်။ အရမ်းသဘောကျလွန်းရင် ဒီလူတွေရဲ့ ဓါတ်ပုံလေးတွေပါ သိမ်းထားမယ်။ ကျွန်မရှစ်တန်းတုန်းက ဆရာလယ်တွင်းသားစောချစ်တို့ စာပေဟောပြောပွဲကို မှတ်စုစာအုပ်လေးနဲ့အတူ သွားတက်တော့ သူငယ်ချင်းတွေမေးတာ ခံရပါတယ်။ “နင် မပျင်းဘူးလား အဲဒီစာရေးဆရာတွေရဲ့ စာပေဟောပြောပွဲဆိုတာ သိပ်လေရှည်တာ ပျင်းစရာကောင်းတယ်” တဲ့။ ကျွန်မစိတ်ဝင်စားလို့ လေရှည်တယ်လည်း မထင်မိပါဘူး။ ဒါကတော့ ကိုယ်က ဒီပွဲကို စိတ်ဝင်စားမိသူဖြစ်နေလို့ပါ။

ကိုရီးယားဇာတ်ကားတွေ ခေတ်စားတုန်းက အဆောင်ကတီဗွီရှေ့မှာ နေရာဦးကြတယ်။ စာမေးပွဲတွင်းဆိုလည်း စာကြည့်ရင်း ခဏပြေးကြည့်ကြတယ်။ အဲဒီအချိန်က ကျွန်မဘာဇာတ်ကားမှ မကြည့်ဖြစ်ပါဘူး။ မကြည့်ချင်ဘူးဆိုတဲ့စိတ်က ရှိနေတော့ နေရာဦးရတာတွေကို စိတ်က မရှည်တော့ဘူး။ အခုနောက်ပိုင်းလည်း အားတဲ့အခါ မြန်မာဇာတ်ကားလေးကြည့်ဖြစ်တယ်။ စိတ်မရှည်ရင် ကျော်ပြစ်လိုက်တာပါပဲ။ ကိုဇနိက နိုင်ငံခြားရုပ်ရှင်ကားတွေ ပြချင်တယ်။ နာမည်ကြီးဇာတ်ကားတွေဆို ကြည့်စေချင်တယ်။ ကျွန်မက စိတ်မဝင်စားတော့ ပို့လာတဲ့ဖိုင်ကိုတောင် မယူပါဘူး။ ဖိုင်တခုပို့ရင် “ဘာပို့တာလဲ ဇာတ်ကားဆို ငါမကြည့်ဘူးနော်” လို့ ပြောတတ်တယ်။ မနေ့ညကလည်း ဆင်လိမ်မာနဲ့ ဆင်စိတ်ဆိုးကား ကြည့်ရတယ်။ ဆင်စိတ်ဆိုးကားကြည့်ပြီတော့ စိတ်ညစ်တာရော ကြောက်တာရောပေါင်းပြီး နောက်ထပ်ပို့တဲ့ ဆင်လိမ်မာကားကို မယူချင်ဘူးလို့ပြောမိတယ်။ သူကတော့ တခုခုဆို ယူကျုမှာ ချက်ချင်းရှာတယ်။ ကြည့်တယ်။ သူနဲ့ကျွန်မ တန်ဖိုးထားတာတွေ မတူနေတာကိုး။

ကျွန်မက တခုခုဆို မသိရင်လည်း နောက်တော့ သိလာလိမ့်မယ်။ မသေချာရင်လည်း “အင်း ဟုတ်လောက်ပါတယ်” လို့ ထားချင်သူပါ။ ကိုဇနိကတော့ မဟုတ်ပါဘူး။ တခုခုမသိရင် သူ့လက်က ကီးဘုတ်ပေါ်နှိပ်ပြီးသား။ ဝီကီမှာ ရှာဖတ်ပြီးသားပါ။ နေရမသိရင် Google earth နဲ့ရှာတယ်။ မြေပုံတွေရှာတယ်။ သူ့ဟာသူကြည့်ရုံတင်မကဘူး ကျွန်မကိုလည်း ကြည့်ခိုင်းတယ်။ စိတ်ကြည်နေရင် အတူတူလိုက်ကြည့်ပေမယ့် ကျောင်းစာတွေ အဆင်မပြေဖြစ်နေတဲ့အခါဆို မကြည့်ပါဘူး။ လာပြတဲ့ သူ့ကိုပါ စိတ်ဆိုးတယ်။ စကားပြောနေရင်း တခုခုဆို သူက ဂျောက် ဂျောက်နဲ့ ဂူဂယ်မှာရှာဖို့ပြင်ရင်ကို ကျွန်မက “ဟိတ် ဘာမှ ရှာဖတ်မနေနဲ့နော်” လို့ တားလိုက်တယ်။ သူက “ဘယ်နားမှာလည်း သိချင်လို့ မြေပုံရှာတာပါ”လို့ ပြောလာရင်း “အင်း ဒါဆို ဒီဖက်ကို လာမပြနဲ့ တနေကုန်ကွန်ပြူတာကြည့်လာရတာ ဘာမှ မကြည့်ချင်တော့ဘူး” လို့ ညစ်ကျယ်ကျယ်တတ်တယ်။ သူက ရှာဖွေစူးစမ်းချင်တယ်။ တိကျချင်တယ်။ သူက ဂူဂယ်ကို တန်ဖိုးသိပ်ထားတာ။

ဒီလိုပဲ ကျွန်မက “ဘာဟင်းကိုလေ ဘယ်လိုချက်တာ သိလား” နဲ့ ကိုဇနိကို သွားမပြောလေနဲ့ သူစိတ်မဝင်စားပါဘူး။ ဝက်သားနဲ့ ခရမ်းသီးလိုမျိုးဆိုရင်တော့ သူနည်းနည်း များ စိတ်ဝင်စားမလား မသိပါ။ တနေ့ကလည်း ကျွန်မက ချဉ်ပေါင်ချက်စားချင်နေလို့ အိမ်ကို ချဉ်ပေါင်ပို့ခိုင်းနေတာ။ သူသိသွားတော့ “မင်းကွာ ချဉ်ပေါင်များ မက်မောနေတယ် ငါ့ဆီကနေပို့လိုက်မယ်” တဲ့။ သူ့အတွက် သူ့အိမ်က ပို့ထားတာတွေကို ကျွန်မဆီပြန်ပေးဖို့ စိတ်ကူးနေတာ။ ကျွန်မက တကူးတကရတဲ့ မြန်မာစာတွေကို ကြိုက်တယ်။ မက်မောတယ်။ သူကတော့ စိတ်မဝင်စားပါဘူး။ သူ့အိမ်ကပေးထားတဲ့ ပုဇွန်ခြောက်တွေ ချဉ်ပေါင်ခြောက်တွေက ဒီတိုင်းပစ်ထားတာ များပါတယ်။ ကျွန်မက မြန်မာပြည်ကနေ အပင်ပန်းခံပို့လိုက်တဲ့ ငါးရံ့ခြောက်တွေလည်း မှိုတက်အောင်ထားတာပါ။ အစတော့ သူလည်း အားနာလို့ မပြောပါဘူး။ နောက်ပိုင်းမှာ “မင်း ငါးခြောက်တွေ မြန်မာဟင်းချက်စရာတွေ မပို့ပေးနဲ့ ငါက မစားဘူး၊ တန်ဖိုးလည်း မထားဘူး” လို့ ပြောလာပါတယ်။ သူ့စကားတွေက စိတ်နာစရာကောင်းပေမယ့် အကြိုက်မှမတူတာလို့ပဲ ဖြေလိုက်ရတယ်။

နိုင်ငံခြားမှာ ရောက်နေတဲ့အခါ (၂၄) နာရီ အချိန်ပြည့် စာပြီးရင်း စာ မလုပ်နိုင်ပါဘူး။ သူငယ်ချင်းဆိုတာလည်း လူမျိုးမတူတော့ ထဲထဲဝင်ဝင် ပေါင်းသင်းလို့ မရပါဘူး။ ကျွန်မရဲ့ ကျောင်းခန်းမှာ နိုင်ငံခြားသားလည်း သုံးယောက်ရှိပေမယ့် သူတို့တွေက အသက်လည်းကြီးတယ်။ အိမ်ထောင်ရှင်တွေဆိုတော့ သူတို့လည်း ကိုယ့်ကို အချိန်ပေး စကားသိပ်မပြောနိုင်ပါဘူး။ အကြောင်းကြီးငယ်ရှိမှ ကူညီတာလောက်ပဲ ရှိတာပါ။ ငယ်ငယ်ကတည်းက စာဖတ်ချင်တော့ ဘလော့ဂ်တွေဖတ်တယ်။ ကိုယ်မရောက်ဖူးတဲ့နေရာတွေ ရောက်ရတယ်။ မကြားဖူးတာတွေ သိရတယ်။ အချင်းချင်း မမြင်ဖူးဘဲ သံယောဇဉ်လေးတွေနဲ့ ခင်မင်နေကြတာ တယောက်ထဲနေရတဲ့သူကျွန်မအတွက် စိတ်ပျော်ရွှင်ပါတယ်။ ကိုယ်ဖတ်ချင်တာတွေဖတ်ရ ကိုယ်သိချင်တာတွေ သိနေရတဲ့အတွက် အချိန်ရတဲ့အခါ ဘလော့ဂ်တွေ လည်တယ်။ ကိုယ်လုပ်ချင်တာ လုပ်ရတဲ့အတွက် စိတ်ချမ်းသာတယ်။ ကိုယ်ပြောချင်တာလေးတွေ ကိုယ်တတ်သလောက်နဲ့ မှတ်တမ်းသဘောမျိုးရေးတယ်။ ဘယ်သူ့ကိုမှ ထိခိုင်စေမည့် အကြောင်းအရာမျိုး မရေးပါဘူး။

ကျွန်မက စာရေးဆရာမလည်း မဟုတ်ဘူး။ ဒီဘလော့ဂ်ရေးဖြစ်တာလည်း တကယ်တော့ ကိုဇနိကို တယောက်ထဲသနားလို့ လိုက်လုပ်ရင်း ပျော်မွေ့နေတာပါ။ ဒီဘလော့ဂ်ထဲမှာ သူတယောက်ထဲ တလည်လည်ဖြစ်နေတယ်။ စကားနဲတဲ့သူဆိုတော့ လိုက်လည်း နှုတ်မဆက်တတ်ဘူး။ သူ့ကို ခင်တဲ့သူကလည်း နည်းတယ်။ သူငယ်ချင်းတွေကလည်း အလုပ်များနေကြတော့ ပို့စ်တွေ မရေးနိုင်ကြဘူး။ မှတ်တမ်းမှတ်ရာလုပ်ချင်တာ ဝါသနာပါတဲ့သူ၊ စာဖတ်ချင်တဲ့သူကတော့ ပင်တိုင်ဒီဘလော့ဂ်ထဲမှာ သူတယောက်ထဲ တကုတ်ကုတ်လုပ်နေတတ်တယ်။ နောက်ပိုင်းတော့ “ဘယ်သူတွေဆီ သွားလည်ပါ၊” “ဘယ်ဘလော့ဂ်လေးက ကောင်းတယ် မဇနိဖတ်ကြည့်” နဲ့ သူက ကိုယ့်ကိုပြောလိုက်၊ ကိုယ်ကသူ့ကိုပြောလိုက်နဲ့ ကျေနပ်နေကြတာပါ။ ကိုယ်နေခဲ့တဲ့အကြောင်းအရာလေးတွေကို မှတ်တမ်းလုပ်ချင်တယ်။ ခင်မင်ရတဲ့မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါးတွေ့နိုင်တယ်။

“အချိန်တွေအားနေလို့များ ဘလော့ဂ်နေတာလား” လို့ လာမမေးပါနဲ့လေ။ ကျွန်မပြောခဲ့ပါတယ် (၂၄) နာရီလုံးလုံးတော့ စာမကြည့်နိုင်ပါဘူးလို့။ ကျွန်မကပဲ အချိန်ပြည့်စာမကြည့်နိုင်တာလားတော့ မသိဘူး။ ဘလော့ဂ်ရေးနေတဲ့သူတွေအားလုံးလည်း ကိုယ့်အလုပ်တွေနဲ့ကိုယ်၊ တချို့လည်း အိမ်ထောင်မှုကိစ္စတွေလုပ်ရင်း ရတဲ့အချိန်လေးတွေ စာပေလေးတွေ ရေးကြတယ်။ သိထားတဲ့ အကြောင်းအရာလေးတွေ ဝေမျှကြတယ်။ ခင်မင်စရာကောင်းသလို၊ လေးစားစရာလည်းကောင်းပါတယ်။ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေဆီက လူကြီးအတွေး၊ အသိအမြင်တွေရသလို၊ ကိုယ့်ထက်အသက်ငယ်တဲ့ဘလော့ဂါတွေဆီကနေ ငယ်ရွယ်သူအတွေးတွေလည်း သိခွင့်ရပါတယ်။ ကဗျာဥာဏ်ကွန့်မြူးတတ်သူတွေဆီက ကဗျာလေးတွေ ဖတ်ရတယ်။ သူတို့တွေမအားတဲ့ကြားက တက်လာတဲ့ ပို့စ်တိုင်းက ကြည်နူးမှု၊ ဝမ်းနည်းမှု၊ အကောင်း၊ အဆိုးတွေ မြင်တွေ့ခွင့်ရတယ်။ သူတို့တွေက ကြည်နူးစရာတွေရေးရင် ကိုယ်လည်းဖတ်ပြီး ကြည်နူးမိတယ်။ ဝမ်းနည်းစရာတွေရေးရင် ဝမ်းနည်းမိတယ်။ အလုပ်များတဲ့သူတွေဆို ပို့စ်တပိုဒ်နဲ့တပိုဒ် အချိန်အတော်ကြာအောင် စောင့်ဖတ်ရတယ်။ တချို့လည်း မအားလပ်ပေမည့် လာဖတ်တဲ့သူတွေအတွက် ပုံမှန်လေးတွေရေးကြတယ်။ ပေါ့ပေါ့ပါးပါးလေးတွေဖတ်ရတဲ့အခါရှိသလို လေးနက်တာတွေဖတ်ရတာလည်းရှိတယ်။ ကိုယ်ဥာဏ်မှီတာလေးဆို လိုက်စဉ်းစားလိုက်၊ ဥာဏ်မမှီတာမျိုးဆို ထားခဲ့လိုက်တယ်။ ကိုယ်ဖတ်ချင်တဲ့အချိန်သွားဖတ်နိုင်တဲ့ လွတ်လပ်နယ်မြေလေးတွေပါ။ ကိုယ်ကြိုက်ရင် သွားဖတ်လိုက်တယ်။ မကြိုက်ရင် မကြိုက်တဲ့အပိုင်းမှာ လှည့်ပြန်လာခဲ့တယ်။ စိတ်ဝင်စားရင် ပို့စ်အဟောင်းတွေပါ ရှာဖတ်လိုက်တယ်။ ကွန်းမန့်ပေးချင် ပေးလိုက်မိတယ်။ မပေးလို့လည်း ဘယ်သူကမှ စိတ်မဆိုးပါဘူး။

ကျွန်မ အခုဆိုရင် ဟင်းတွေချက်ပြီး ဒီမှာ ဓါတ်ပုံတွေတင်တယ်။ တကယ်တော့ ကျွန်မချက်တဲ့ဟင်းတွေက ကိုယ်တတ်သလို ချက်တာပါ။ အညာချက်လို့ပြောလည်း ရပါတယ်။ ဘာကိုရည်ရွယ်တယ်မဟုတ်ပေမယ့် ကိုယ်နေ့စဉ်ချက်စားတာကို စိတ်ကူးရတဲ့အခါ ဓါတ်ပုံရိုက်ထားလိုက်တယ်။ ပြီးရင် ဒီမှာ တင်လိုက်တယ်။ အမှတ်တရ အပျော်လုပ်နေတာပါ။ ဒီဘလော့ဂ်ပေါ်မှာ တင်ဖို့အတွက် သီးသန့်မချက်ပါဘူး။ မပြင်ဆင်ပါဘူး။ သီးသန့်ချက်လောက်အောင်လည်း ကျွန်မ အချက်အပြုတ် မပိုင်ပါဘူး။ ညီမ မြရွက်ဝေ စကားယူသုံးရရင် ရမ်းသမ်း cook အဆင့်ပါ။ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နေရတဲ့အတွက် ကျေနပ်ပါတယ်။ မအားလပ်ရင်လည်း ဘလော့ဂ်ကို ပစ်ထားမိတယ်။ တခါတလေ သုံးလေးရက်လောက် ဝင်မကြည့်မိတာလည်း ရှိပါတယ်။ “အလုပ်တွေ အရမ်းများတာပဲ” လို့လည်း မပြောနေတော့ပါဘူး။ ဟိုတလောက စာအဆင်မပြေလွန်းလို့ ခင်တဲ့ ကိုကြီး ဝီ၊ မမဂွိ၊ ခွိခွိတို့ကို ညည်းမိပါသေးတယ်။ တော်တော်တန်တန် မညည်းမိအောင်နေတာပါ။ ကိုဇနိကိုလည်း မအားလွန်းမှ ထုတ်ပြောတာပါ။

နောက်ဆုံးတော့လည်း ကိုယ်စိတ်ဝင်စားတာလေးကို ကျေကျေနပ်နပ်လုပ်နေအုံးမှာပါ။ မအားတဲ့အခါ မရေးဘူးပေါ့။ အားတဲ့အခါ ပြန်ရေးလိုက်မပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပျော်ရွှင်မှုတွေ ၀မ်းနည်းမှုတွေကို မျှဝေခံစားရင်း လာလည်ကြသူတွေ ကွန်းမန့်ပေးကြသူတွေကို အထူးကျေးဇူးတင်မိပါတယ်။ လာလည်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကြောင့် ဒီဘလော့ဂ်လေးလည်း သက်ဝင်လှုပ်ရှားနေတာပါ။

မဇနိ

Read more...

ချည်ထည်မြို့တော်

>> Tuesday, October 7, 2008


Akihabara (အကိဟဘရ)ကို လျှပ်စစ်မြို့တော်လို့ သတ်မှတ်သလို Nippori ကိုလည်း ချည်ထည်မြို့တော်လို့ ခေါ်နိုင်ပါတယ်။ ချည်ထည်မြို့တော်လို့ တင်စားရလောက်အောင် အထည်အလိပ်ဆိုင်တွေလည်း ပေါများပါတယ်။ ချည်ထည်၊ ပိုးထည်တွေ အသားကောင်းသလို အဆင်တွေလည်း လှတယ်။ မြန်မာပြည်ကနေ အလည်လာတဲ့အခါ ဒါမှမဟုတ် မြန်မာပြည်ကို လက်ဆောင်ပေးချင်တဲ့အခါ မဖြစ်မနေသွားဖြစ်တဲ့နေရာလေးပါ။


ခဏလာကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို လိုက်ပို့ရတာလည်း Nippori ကိုပါပဲ။ အဲဒီဘူတာက Ueno, Akihabara တို့နဲ့ လမ်းသင့်တာကြောင့် Yamanote line စီးရင်လည်း အဆင်ပြေပါတယ်။ South Exit ကိုထွက်လိုက်ပြီး ညာဖက်လှေကားလေးအတိုင်း လိုက်သွား၊ နောက် တည့်တည့်ဆက်သွားမယ်ဆိုရင် လမ်းတလျှောက်မှာ အထည်ဆိုင်တွေ တွေ့နိုင်ပါတယ်။ လမ်းသုံးပြလောက်လျှောက်ပြီးရင်တော့ မြန်မာတွေ အ၀ယ်များတဲ့ ကီမိုနိုဆိုင်ကို လမ်းဗယ်ဘက်ခြမ်းမှာ မြင်ရမှာပါ။ သွားဖြစ်တဲ့အခါတိုင်း လာဝယ်တဲ့မြန်မာတွေ တွေ့ရတတ်ပါတယ်။ တချို့ဆိုင်တွေက အလိပ်လိုက်ထောင်ထားတာတွေရှိတော့ ကိုယ်လိုချင်တဲ့ မီတာအတိုင်း ဝယ်လို့ရပါတယ်။ မြန်မာတွေ အဝယ်များတဲ့ဆိုင်လို့ပြောတာက အမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ မြန်မာလုံချည်ကွင်းအတိုင်း ဖြတ်ထားပြီးသားတွေ ရောင်းနေလို့ပါ။ (၂) မီတာဖြတ်၊ (၁.၈)မီတာဖြတ်ဆိုပြီး ရွေးဝယ်လို့ရသလို ဒီဇိုင်းဆန်းတာ၊ အသားကောင်းတာရယ် လိုက်ပြီးတော့လည်း ရွေးဝယ်နိုင်ပါတယ်။ ဈေးလည်း အမျိုးမျိုးကြည့်ဝယ်လို့ ကောင်းတယ်။

မသွားခင်ကတော့ အများကြီး မ၀ယ်တော့ဘူးလို့ စိတ်ကူးထားပေမယ့် ပြန်လာရင် မနိုင်မနင်း သယ်ပြန်ရတာချည်းပါ။ အဆင်တွေကလှ၊ ဟိုဟာလေးလိုချင်၊ ဒီဟာလေးလည်း လက်ကမချချင်နဲ့ လုံချည်စတွေပေါ်မှာ လက်နှစ်ဖက်လုံး ရှုပ်ရှက်ခတ်နေပါတော့တယ်။ အကျီင်္စလေးတွေကလည်း လှရှာတယ်ဆိုတာထက် အသားကောင်းတာပါ။ ချည်သားစစ်စစ်တွေဆိုတော့ အမေကတော့ လူကြီးဖြစ်လို့ အေးအေးလေးတွေ ဝတ်ရတာကြိုက်သတဲ့။ ချည်သားပါတိတ်တွေကလည်း အသားကောင်းတယ်။ ကီမိုနိုဆိုင်ကပြန်လာရင် မြန်မာပြည်ပြန်ချင်စိတ်တွေ ကြီးစိုးနေတော့တာပါ။ မြန်မာလုံချည်လေးဝတ်ချင်လို့။ အိမ်ရောက်ပြန်ရင် လက်ဆောင်ပေးဖို့ လူပုံစံနဲ့ လိုက်မယ်ထင်တဲ့အဆင်တွေ ခွဲခြားတဲ့အခါ အတော်ဒုက္ခရောက်ပါတယ်။ “ဒါလေးက သိမ်းထားပေး ပြန်လာရင် ဝတ်မယ်၊” “အယ် ဒီအဆင်လေးက ကြိုက်တယ် အပြန်ကျ ဝတ်မှာနော်”၊ “ဒါကတော့ အသားလေးက အိနေတာ ငါယူမယ်” ဆိုပြီး ဖယ်ထားလိုက်တာ နောက်ဆုံး လက်ဆောင်မပေးချင် ဖြစ်ရတော့တယ်။ နောက်တော့လည်း ပြန်ရွေးပြီး မျက်နှာလေးအသာလွှဲ လက်ဆောင်ပို့ပေးလိုက်ရတော့တာပါ။

စိတ်ဝင်စားလို့ သွားဝယ်ချင်တဲ့သူတွေ ဖတ်မိစေချင်တာရော အပျင်းပြေ ဓါတ်ပုံလေးတွေကြည့်စေချင်တာရောနဲ့ ဒီပို့စ်လေး တင်လိုက်ပါတယ်။










မဇနိ

Read more...

Yokohama Sea Paradise

>> Monday, October 6, 2008


ယိုကိုဟားမားကိုအလည်တခေါက် ရောက်လာမယ်ဆိုရင် သွားလည်ရမည့်နေရာလေးတခု တွေ့ထားပါတယ်။ တိုကျိုနဲ့လည်း သိပ်မဝေးလှတော့ မြန်မာပြည်ကနေ အလည်လာတဲ့ သူငယ်ချင်းများလည်း ကမကုရဘုရားကိုလာရင် Sea Paradise ကို ၀င်မယ်ဆိုရင် လမ်းညွှန်လိုက်ပါတယ်။

ယိုကိုဟားမားဘူတာကနေ Keihin kyuko line နဲ့ Kanazawa hakkei station ကိုစီးရတယ်။ အဲဒီဘူတာကနေတဆင့် Seaside line နဲ့ (၄) ဘူတာစီးပြီးရင် Hakkeijima station ကိုရောက်တယ်။ လမ်းနည်းနည်းလျှောက်လိုက်ရင် အေးချမ်းပြီး စိတ်အပမ်းဖြေနိုင်မည့် Sea paradise ကို ရောက်ပါပြီ။ တနေကုန်လျှောက်လည်လို့ မရိုးနိုင်အောင် လည်စရာတွေများလှပါတယ်။

တနေကုန်နေရာအနှံ့လည်မယ်ဆိုရင် ယန်း(၄၉၀၀) လက်မှတ်ဝယ်နိုင်ပြီး Aqua museum တခုပဲဝင်မယ်ဆိုရင် ယန်း ၂၇၀၀ တန် လက်မှတ်ကို ၀ယ်ရပါမယ်။ Aqua museum ကို လျှောက်လည်လိုက်တာနဲ့တင် ခြေထောက်တွေ တအားညောင်းပြီး Surf coaster လေးများစီးလိုက်လို့ကတော့ ချာချာတွေလည်သွားပြီသာ မှတ်ပေတော့။ ဒါပေမယ့် ပျော်စရာကောင်းပါတယ်။ Dolphin Dance ကိုကြည့်ရတာ စိတ်ဝင်စားစရာကောင်းသလို သနားစရာလည်းကောင်းနေတယ်။ ကကွက်တခုကလိုက်မှ သူတို့ကိုအစာကျွေးတာဆိုတော့ သူတို့ခမျာ အတော်လိမ်မာကြတယ်။


အသည်းယားစရာကောင်းလှတဲ့ blue fall လည်း စီးလို့ရတယ်။

အ၀င်ပေါက်မှာ ဓါတ်ပုံရိုက်လိုက်တယ်။

အပေါ်ကနေ ခြံကြည့်လိုက်ရင် ဒီမြင်ကွင်းလေးတွေက လှတယ်။

ဒီလိုလေးတွေစီးမလား

Aqua stadium မှာ လင်းပိုင်တွေကတာကို စောင့်ကြည့်ရတာလည်း စိတ်ဝင်စားစရာအကောင်းသား


ဖျော်ဖြေတဲ့မမတွေကို သူတို့လေးတွေက ခေါင်းပေါ်တင်ထားရှာတာ


မမတွေက တာ့တာလုပ်တော့ သူတို့တွေက အမြီးလေးတွေထောင်ပြီး တာ့တာလိုက်လုပ်ကြတယ်

သူတို့ကိုယ်ပေါ်မှာလည်း တက်လို့ရတယ်

တီးလုံးလေးတွေအလိုက် ကကြတာလည်း သနားစရာကောင်း

ဒါလေးကလည်း အံ့သြစရာ

ဓာတ်ပုံကင်မရာနဲ့ ဗွီဒီယိုရိုက်ယူလာတာလည်း ယူကျူ့မှာတင်လိုက်ပါတယ်။ ဆိုက်အလျော့လွန်သွားလို့ နည်းနည်းဝါးသွားတာ သည်းခံပြီးကြည့်ကြပါနော်။

ဒါကြီးကလည်း ၀က်ကြီးနဲ့တူလိုက်တာ

လိပ်ကြီးလည်း အတော်ကြီး


Sea Horse တွေ

ငါးတွေ

ရေဝက် (နာမည်အမှန်ကို မသိပါ။)

အရုပ်တွေ

ကြည့်ရတာ လှတယ်

ပင်ဂွင်းလေးတွေ

Surf coaster

ဒီနေရာကို သွားပြီး info ကြည်နိုင်ပါတယ်။
မဇနိ

Read more...

မဇနိ၏ လက်ရာများ


မဇနိရဲ့ အစားအစာတွေကို ကျနော် ကိုဇနိက တင်ပေးလိုက်ပါတယ်။
ညီလေး မောင်မျိုးက ထိုးထည့် သိပ်ထည့် ပို့စ်ရေးတော့ သွားကြော်ငြာမိသေးတယ်။ ဒီနေ့ မဇနိက သူချက်စားတာတွေ တင်ဦးမှာလို့။ လာငေးစားလို့။ သူ့လို မလုပ်တတ်ပေမယ့် ဘယ်လိုပဲနေနေ ကိုယ့်ဗိုက်ကလေးတော့ ပြည့်အောင် ဖြည့်ရမှာ မဟုတ်လား။ တော်ကြာ အစားပုံမှန်မစားမလို့ ဗိုက်ဒုက္ခရောက်မှာ စိုးရတယ်လေ။ ကျနော်က ကြားထဲက လေဝင်ရှည်နေတာ မဇနိရဲ့ လက်ရာတွေကို မြည်းစမ်းစားကြည့်ပါဦး။


ကြာဆံကြော်


ဒီကနေ့ ရာသီဥတုက အေးတယ်။ ထမင်းမစားချင်ဘူး။ မနက်စာဘာလုပ်စားရမလဲ စိတ်ကူးလိုက်တော့ မစားရတာကြာနေတဲ့ ကြာဆံကြော်ဖို့ လုပ်လိုက်တယ်။
အချဉ်အတွက် ဂေါ်ဖီထုပ်ပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်းလေးညှပ်ထားပြီး သံပုရာရည်နဲ့ လုပ်ထားလိုက်တယ်။
ကြာဆံကို နာရီဝက်လောက် ရေစိမ်ထားတယ်။
ပုဇွန်၊ ၀က်အူချောင်း၊ ကြက်သွန်ဖြူကို အဆင်သင့်လုပ်ထားလိုက်ပြီး ဆီဆူရင် ကြက်သွန်ဖြူဆီသတ်တယ်။
ပုဇွန်ကို နောက်မှထည့်ရင် ညှီမှာစိုးလို့ ဆီသတ်ကတည်းက ထည့်ပါတယ်။ အညှီဆို ကြောက်တတ်လို့ ဘာသားဖြစ်ဖြစ် အရင်ထည့်ကြော်ချင်နေတာပါ။ မန်ကျည်းမှည့်ကို ရေဖျော်ထားတယ်။ ကြိုက်တတ်ရင် မန်ကျည်းမှည့်ရည်လေးပါ ထည့်ကြော်ဖို့။ ဆီသတ်ထားတဲ့ထဲကို ကြာဆံထည့်၊ ငံပြာရည်၊ ငရုပ်သီးမှုန့်၊ မန်ကျည်းမှည့်ရည်လေးပါ ထည့်ပြီး ကြာကြာကြော်ပါတယ်။ ခြောက်ခြောက်လေးစားချင်လို့ပါ။ ပူစီနံရယ် အချဉ်ရယ်ပါ တွဲစားလိုက်ရင် မနက်စာတော့ အိုကေသွားတယ်။ ပူစီနံကလည်း ရွှေထက်ရှားတော့ ၀ယ်လို့ရတုန်းလေး အသုပ်လေးတွေပါ လုပ်စားရတာ။ တကယ်တော့ မြန်မာစာကို ကြိုက်တတ်တဲ့သူအတွက် ပိုက်ဆံပိုကုန်ပါတယ်။ အသားများများစားမယ်ဆိုရင် ဈေးဝယ်ရတာ အကုန်သက်သာမလား တွေးမိပေမယ့် ကိုယ့်အကြိုက်နဲ့ ကန့်လန့်ဖြစ်နေတော့ ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ သဘောထားပြီး မသိချင်ယောင်ဆောင် နေရတော့တာ။

မုန့်ဖတ်သုပ်


ညပိုင်းဗိုက်ဆာလို့ သတ်သတ်လွတ်မုန့်ဟင်းခါးဖတ် သုတ်စားဖြစ်တာလည်း ပြောလိုက်အုံးမယ်။ မုန့်ဖတ်ကို ပြုတ်ပြီး ရေစစ်ထားလိုက်တယ်။ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်ချက်ထားတယ်။ မုန့်ဖတ်ရယ် ဆီချက်ရယ် ပဲမှုန့်ရယ်နဲ့ အသားမပါ သတ်သတ်လွတ် မုန့်ဖတ်သုပ်ပေါ့။ နံနံပင် ပူစီနံလည်း ထည့်သုပ်တော့ မွှေးရှာပါတယ်။

ကြက်သားသုပ်



တနေ့ကတော့ ကြက်သားသုပ်စားတယ်။ ပို့စ်မတင်ဖြစ်လို့ အခုတခါထဲ ပေါင်းတင်လိုက်ပါတယ်။ ကြက်သားသုပ်တာကတော့ လွယ်ပါတယ်။ ကြက်သားကြော်ကို အမွှာလေးတွေလုပ်ထားပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ နံနံပင်၊ ကြက်သွန်နီလေးနဲ့ သုပ်လိုက်တာပါ။ ငရုပ်ကောင်းကြိုက်တတ်ရင် ငရုပ်ကောင်းမှုန့်လေးထည့်မွှေလိုက်လည်း စားကောင်းပါတယ်။ အမြဲတမ်းမစားချင်ပေမယ့် တခါတလေတော့ ကြက်သားသုပ်လေးနဲ့ ထမင်းလေးစားရတာ မဆိုးပါဘူး။

မဇနိ

Read more...

ဖြစ်သလိုလေး စားလိုက်တယ်

>> Saturday, October 4, 2008


သူများတွေ ဖြစ်သလိုစားတဲ့အကြောင်း ပို့စ်တင်တာတွေ့လို့ မဇနိလည်း ဖြစ်သလိုစားတာလေး တင်လိုက်ပါတယ်။
လုပ်စားဖြစ်တာတွေကတော့ ခေါက်ဆွဲကြော်ရယ်၊ ပဲပြုတ်သုတ်ရယ်၊ ချဉ်ပေါင်းဟင်းရယ်ပါ။
ကြိုက်သူတွေ စားသွားကြပါဦး။



ခေါက်ဆွဲကြော်ကို တယောက်စာ မြန်မြန်လေးကြော်စားလိုက်တော့ ဒီပုံလေးအတိုင်းရပါတယ်။
ခေါက်ဆွဲအစိုဖတ်ကို ရေနွေးဖျောပြီး ရေစစ်ထားလိုက်တယ်။
ကြက်သားပြုတ်ကြော်လုပ်ထားတဲ့ထဲက လိုသလောက်ခွဲယူပြီး နွှာထားတယ်။
ကန်စွန်းရွက်ကိုသင်၊ ရေဆေး ရေစစ်ထားတယ်။
ဆီပူပူမှာ ကြက်သွန်ဖြူဆီသတ်ပြီး ကြက်သားနွှာထားတာကိုပါ ဆီသတ်တဲ့အထဲထည့်ထားတယ်။
ခဏမွှေပြီး ကန်စွန်းရွက်ထည့်ကြော်၊ ခေါက်ဆွဲဖတ်ပါထည့်ပြီး အတန်ကြာကြာလေးကြော်ပါတယ်။
ကြာညို့မကြိုက်လို့ မထည့်ပါဘူး။ ငံပြာရည်လိုသလောက်ထည့်တယ်။

ဒါနဲ့အတူ ရေနွေးကြမ်းသောက်ရင်စားဖို့ ပဲလည်းပြုတ်ထားတယ်။
ပဲပြုတ်ကို ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီလေးနဲ့ သုပ်လိုက်တယ်။
ပဲက မပြုတ်ခင် (၁) နာရီလောက် ရေစိမ်ထားလိုက်လို့ အနေတော်စားလို့ကောင်းပါတယ်။

ပဲပြုတ်လို့ရလာတဲ့ ပဲရေကိုတော့ အချဉ်ပေါင်းချက်စားဖြစ်တယ်။
လက်ပံခေါင်းခြောက်၊ ရုံးပတီသီး၊ ချဉ်ပေါင်ရွက်ခြောက်၊ မျှစ်ခြောက်၊ သရက်သီးခြောက်နဲ့အတူ ငါးခြောက်သေးသေးလေးတွေပါရောပြီး ချဉ်ပေါင်းဟင်းချက်လိုက်တာ အတော်စားကောင်းပါတယ်။
ပဲပြုတ်ကလည်း မစားရတာကြာလို့လားမသိ (၂) ခါခွဲသုပ်တာ တခါထဲစားလို့ကုန်သွားရော။

မဇနိ

Read more...

အုန်းလက်မြင်းစီးခြင်း

>> Friday, October 3, 2008



နယ်ဖက် ရွာဖက်က ကလေးတွေ အုန်းလက်မြင်း စီးတာတွေ့ဖူးကြတယ် မဟုတ်လား။ မတွေ့ဖူးလည်း ပြောပြမယ်။ အုန်းလက်ဆိုမှတော့၊ အုန်းပင်ကရတာပေါ့နော။ အဲဒီအုန်းလက်ရဲ့ အလယ်အရိုးကနေ ဖြာထွက်နေတဲ့ အရွက်တွေကို သင်လိုက်တော့ အလယ်အူရိုးရှည်ကြီးရရော။ အဲဒီ အူရိုးအရှည်ကြီးရဲ့ ထိပ်တစ်ထွာသာသာလောက်ကို ဓါးနဲ့ ပြတ်သွားအောင်မဟုတ်ဘဲ၊ ချိုးချလို့ရယုံ ခုတ်လိုက်၊ ပြီး ချိုးချလိုက်တော့၊ မြင်းခေါင်းကြီးလို ဖြစ်သွားရော။ အုန်းလက်မြင်းကြီးကို စီးချင်ရင် အုန်းလက်ရှည်ကြီးကို ခြေနဲ့ခွလိုက်၊ အုန်းလက်မြင်းကို လက်က အမြဲကိုင်မထားချင်တော့ အုန်းလက်ရှည်ရဲ့ ထိပ်ပိုင်းနဲ့ နောက်ပိုင်းကို ကြိုးနဲ့ခပ်ရှည်ရှည်နဲ့ ချည်လိုက်တော့ ပုခုံးမှာသိုင်းစရာ ကြိုးရတာပေါ့။ အဲဒီ ကြိုးကို ပခုံးမှာ လွယ်တယ်။ တကယ့်မြင်းစီးနေသလို ဖြစ်အောင် မြင်းခေါင်းပုံစံဖြစ်အောင် ရှေ့နားက ခုတ်ထားတဲ့နေရာမှာ ဇက်ကြိုးစတိုင်ကြိုးတစ်ခု လုပ်ပြီးကိုင်ရတာပေါ့။


ကျနော်တို့ နယ်ဖက်က ကလေးတွေမှာ ကစားစရာဆိုပြီး ဘာထူးထူးဆန်းဆန်းမှ ရှိတာမှမဟုတ်တာ။ ခေတ်ပေါ်ပစ္စည်းတွေလည်း မဝယ်နိုင်တော့ မရှိဘူးလေ။ ဒါပေမယ့် ကလေးတိုင်းမှာ အုန်းလက်မြင်းတခုစီတော့ ရှိတာပဲ။ သူကကျတော့ အဆင့်မြင့်နည်းပညာလည်း မလိုဘူး။ အုန်းပင်အမြင့်ပေါ်က အုန်းလက်ကို ချိုင်ချထားလို့ မြင့်တာဆိုလို့ အဲဒီအမြင့်တခုပဲ ပြောစရာရှိတာ။ အိမ်က အဖေ စိတ်ရှည်ရင် ရှည်သလောက် အုန်းလက်မြင်းက လှတာကိုး။ အိမ်က အမေ ချက်တုန်းပြုတ်တုန်း တခုခုလိုလို့၊ ရွာလည်က ဈေးဆိုင်ကို "သား သွားစမ်း ဆီသွားဝယ်လိုက်စမ်း" လို့ အမေက ခိုင်းလိုက်ရင်၊ ကလေးကလည်း မြန်အောင်လို့ အုန်းလက်မြင်းကို ခွစီး၊ ဆီပုလင်းလေးကို ကိုင်ပြီး "ဟဲ့မြင်း" ဆိုပြီး ကိုယ့်ခြေထောက်ကို ကဆုန်ဆိုင်းရတော့တာပါပဲ။ မြင်းမြန်မြန်ပြေးစေချင်လေ၊ ကိုယ့်က အားကုန်ပြေးရတာပေါ့။

ရွာက ကလေးတွေက အုန်းလက်မြင်းစီးလည်း ပြိုင်ကြတယ်။ မြင်းကို လှအောင် ပန်းတွေဘာညာတွေလည်း အလှဆင်ကြတယ်။ ငါ့မြင်းကလှတယ်၊ သူ့မြင်းကလှတယ်နဲ့ ပြောရတာလည်း အမော။ ပြီးတော့ မြင်းစီးပြိုင်ရင် အနိုင်က ရချင်တာကိုး။ ငါ့မြင်းက အပြေးမြန်တယ်လို့ ပြောချင်တော့ မြင်းစီးပြိုင်ရင် အသာကုန်ပြေးရတာ။ အမြန်ပြေးတော့ လမ်းမှာ အဆင်မပြေရင်၊ တခုခုနဲ့တိုက်မိခိုက်မိရင် မှောက်ရက်ကလဲသေးတာကလား။ မှောက်ရက်လဲလို့ကတော့ မျက်နှာမှာ ပေါင်ဒါဖြူးထားသလား ထင်ရအောင်၊ ဖုန့်မုန့်တွေကတင်လို့။ မြေကြီးပေါ် မှောက်ရက်လဲတာ မွှေ့ယာပေါ်မှာ လဲကျတာမှ မဟုတ်တာ လူလည်း နာတာပေါ့။ မြင်းစီးနေတာ မျက်စိနောက်တဲ့ ခွေးက လိုက်ဆွဲလို့ ကုန်းရုန်းပြေးရတာကလည်း ရှိသေး။ ဒါပေမယ့် ပန်းတိုင်ကို အစောဆုံးရောက်လို့ ကိုယ့်မြင်းကနိုင်ရင် ပျော်နေတာပေါ့လေ။ ပြေးမှတော့ မောပေမယ့်၊ ပျော်နေတော့ မမောနိုင်ပါဘူး။ ကလေးတုန်းက အုန်းလက်မြင်း စီးရတာ "မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး" - ဆိုတဲ့ သီချင်းအတိုင်းပါပဲ။

အပေါ်က စာတွေက ငယ်တုန်းက အုန်းလက်မြင်းစီးပြီး ကစားတာကို သတိရလို့ ရေးလိုက်တာပါ။ အသက်အရွယ်ရလာတော့ အုန်းလက်မြင်းတော့ မစီးတော့ဘူးပေါ့- လို့ ဆက်ရေးမလို့ တွေးနေမိသေးတယ်။ အမလေး ဘယ်ဟုတ်လဲ။ စီးလိုက်ကြတဲ့ အုန်းလက်မြင်းတွေ။ လူတစ်ယောက်ကို အုန်းလက်မြင်း တစီးလောက်ရှိတယ်။ အသက် ၃၀ ကျော် ၄၀ နားနီးတွေရော၊ အသက်၂၅ - ၃၀ တွေရော။ အဲ အသက် ၁၆- ၂၀ - ၂၅ တွေရော။ အသက်အရွယ်ပေါင်းစုံလေ။ ကိုယ်စီးတဲ့ မြင်းကို အလှတွေကလည်း ပြင်ကြသေးတာကလား။ အရောင်တွေချယ်တယ်။ ပန်းကုန်းတွေ ပန်ပေးတယ်။ အသံတွေထွက်အောင်လည်း လုပ်ကြတာပဲ။ နင့်မြင်းလေးက လှလိုက်တာဆို ပျော်နေတာ။ ကိုယ့်မြင်းလေးကလှတော့ လူတွေ ဝိုင်းအုံကြည့်နေရင် ပါးစပ်ကြီးတောင် မစေ့နိုင်ဘူး။ တဟီးဟီးနဲ့ ပျော်နေရတာလေ။

ကျနော်နဲ့ ဘော်ဒါတစု အခုလည်း အုန်းလက်မြင်းလေးကို စီးပြီး ရွာရိုးကိုးပေါက် လျောက်သွားနေတာပါပဲ။ အုန်းလက်မြင်း စီးသူအချင်းချင်း လမ်းမှာတွေ့ရင် နှုတ်ဆက်ကြ။ သူများမြင်းလေးလှရင် ဟယ် နင့်မြင်းလေးက လှလိုက်တာလို့ ပြောလိုက်။ ကိုယ့်မြင်းလေးကိုလည်း လှအောင် ပြင်လိုက်။ ကိုယ့်မြင်းလေးဆီကိုလည်း လူလာများအောင်၊ အမြဲတမ်း ပြင်ဆင်နေရတာပါပဲ။ "မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး"ဆိုသလိုပဲ ကိုယ့်ဘလော့ဂ်မြင်းလေးကို ဘလော့ဂ်ရွာထဲမှာ မမောနိုင် မပန်းနိုင် အပေါင်းအသင်းတွေနဲ့အတူ ဆက်ပြီး စီးလိုက်ဦးမယ်ဗျာ။

Read more...

နှုတ်တစ်ရာ စာတစ်လုံး

>> Wednesday, October 1, 2008



တခုခုဆို မေ့လျော့တတ်တဲ့ကျွန်မအတွက်တော့ စာအုပ်လေးမှာ မှတ်ထားလိုက်ရမှ အဆင်ပြေတယ်။ ပျင်းလို့မမှတ်မိလိုက်ရင် အသုံးလိုတဲ့ချင်တဲ့အချိန် ဒုက္ခရောက်ရော။ မမှတ်မိလို့ ကိစ္စတွေ တလွဲဖြစ်ရတာလဲ ခဏခဏပါ။ အဲဒီလို မှတ်မထားမိတဲ့အခါ “ငါ အမေ့စကား နားမထောင်မိတာကိုး” လို့ ပြန်သတိရမိပေမယ့် နောင်တခါတော့ ဒီလိုပဲ မေ့ထားမိပြန်တယ်။


အဆောင်မှာနေပြီး လိုချင်တဲ့အချိန် ပြေးမေးလိုက်လို့ရနေတော့ စာတလုံးလေးတို့ရမှာ ပျင်းတဲ့အကျင့်ပါနေတာလည်း ဖြစ်မယ်ထင်တယ်။ သူငယ်ချင်းတွေ အများကြီးစုနေကြတော့ ဘယ်ချိန်ဘာလိုလို မေးလိုက်လို့ရတာကိုး။ တခါတလေ ကိုယ့် presentation နေ့တောင် မေ့နေရင် ကိုယ်နဲ့ အုပ်စုတူတဲ့သူဆီပြေးပြီး “ငါတို့တွေ ဘယ်နေ့ presentation” လုပ်ရမှာလဲဆို တယောက်မဟုတ် တယောက်က သိနေကြတာပါ။ ကံဆိုးတဲ့အခါတော့ ကိုယ့်လိုမေ့တတ်ပြီး စာတလုံး မတို့ကြသူချင်း တွေ့တတ်ပါတယ်။ အဲဒီတော့လည်း သဘောကောင်းတဲ့ဆရာမဆီ ဖုန်းဆက်မေးရတာပေါ့။ ကျောင်းပိတ်လို့များ အိမ်ပြန်ရတော့မယ်ဆို ကားလက်မှတ်ဘွတ်ကင်လုပ်ဖို့ ဖုန်းနံပါတ်ရှာပုံတော် ဖွင့်ရတယ်။ ကားလက်မှတ်အဟောင်းလည်း သိမ်းတဲ့အကျင့်မရှိ၊ ဖုန်းနံပါတ်လည်း တို့မထားမိတော့ ဟိုလူ့မေး ဒီလို့မေးနဲ့ သံသရာတွေ တကွေ့ကြီးလည်ပြီးမှ လိုချင်တာ ရတတ်ပါတယ်။ ကိုယ့်အကြောင်းသိတဲ့ အခန်းဖော်သူငယ်ချင်းကတော့ ကိုယ့်မြို့က ကားဂိတ်ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ မဆီမဆိုင်မှတ်ထားပေးဖော်ရတယ်။

ဘာပဲလုပ်လုပ် စာအုပ်မှာ မှတ်ထားတတ်အောင် အဖေက သတိပေးတယ်။ သူကိုယ်တိုင်လည်း အမြဲမှတ်ထားတယ်။ သားသမီးတွေ ဘယ်ခုနှစ်မွေးတယ်ဆိုတာကို အိမ်မှာ မြေဖြူနဲ့မှတ်ထားပြီး ကျွန်မတို့အိမ်ဝင်တာနဲ့ အဖေမှတ်ထားတဲ့ မြေဖြူတန်းလေးကို တန်းမြင်နိုင်ပါတယ်။ တခါကတော့ အဖေမှတ်ထားတဲ့ သားသမီးသုံးယောက်ခုနှစ်တွေကို အလည်လာတဲ့လူတယောက်ကကြည့်ပြီး နောက်ဆုံးတလုံးဆီယူ ချဲထိုးတာ ပေါက်ဆိုပဲ။ အဖေက လူတွေကို အားနာတတ်တယ်။ အားနာတော့ လူတွေက တင်စီးကြတာပေါ့။ အမေက စိတ်တိုလို့ အဖေ့ကိုပြောတဲ့အခါ မှတ်သားတတ်တဲ့အဖေ မြေဖြူလေးနဲ့ တို့တော့တယ် “အားနားလို့သည်းခံတာ “အ” တယ်လို့ မထင်ပါနဲ့၊ မ “အ” လို့ အားမနာသည်းမခံရင် ဆိုးတယ်လို့ ထင်ကြမှာပေါ့” တဲ့လေ။ ဘယ်လောက်ထိ မှတ်တမ်းမှတ်ရာထားတတ်လဲဆို အဖေက ကျွန်မကို ကျောင်းထားတဲ့စရိတ်တွေ ဘယ်နေ့က ဘယ်လောက်ငွေပို့ရတယ်ဆိုတာ အကုန်ရှိတယ်။ ဗလာစာအုပ်တအုပ်တောင် မဆံ့တော့လို့ နောက်အသစ်ထပ်ထားရတယ်ထင်တယ်။ နောင်ကြုံမှ အဖေ့ကို မေးကြည့်ရအုံးမယ် “စုစုပေါင်း ငွေဘယ်လောက်ပို့ရသလဲဆိုတာ”။ ဒီလောက်မှတ်သားတတ်တဲ့အဖေက သူပေးစရာစာရင်းမှတ်ထားတာတော့ မတွေ့ဖူးဘူးရယ်။ ပေးစရာမရှိတာလား၊ အဖေများ မသိချင်ယောင်ဆောင်နေတာလားတော့ မသိဘူး။

ကျွန်မအဖေကမှ မှတ်သားသလားအောက်မေ့တယ် ကိုဇနိတို့အိမ်အလည်သွားတော့ ပိုအံ့သြရပြန်ရော။ ကျွန်မကျောင်းတက်သွားမလို့ သွားနှုတ်ဆက်တော့ ကျောင်းနာမည်၊ သွားရမယ့်မြို့တွေကို သူ့အဖေက မေးပါတယ်။ ကျွန်မပြောတာတွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါ သူ့စာအုပ်လေးမှာလိုက်မှတ်တယ်။ ကျွန်မပြောတဲ့နေ့စွဲပါ မှတ်သားနေတာ မြင်ရတော့ “အဲ ငါတော့ ကိုဇနိကို ထားခဲ့လို့မရအောင် သက်သေလုပ်နေပြီလားမသိ” လို့ စိတ်ထဲတွေးမိရင်း ပြုံးစိစိဖြစ်မိတယ်။ တကယ်တော့ သူ့အဖေနဲ့ အမေက ကျောင်းဆရာ၊ဆရာမတွေဖြစ်လို့လားမသိ ပိုမှတ်သားတတ်တယ်။ ပိုပြီးလည်း စနစ်ကျပါတယ်။ မေ့တတ်လို့မှတ်တာထက် စနစ်ကြီးတဲ့သူတွေမို့လို့ မှတ်တာလည်း ဖြစ်မယ်။ ကိုဇနိအမေကလည်း စာအုပ်လေးနဲ့မှတ်တာကိုး သူမမှတ်ချင်ရင် ကိုဇနိတို့အဖေကို “မှတ်လိုက်စမ်းပါ” လို့ ခိုင်းတာတွေ့ဖူးပါတယ်။ ကျွန်မဆီလူကြုံရှိလို့ စားစရာတွေပို့ရင်လည်း စာရွက်လေးမှာ “ဘယ်ဟာဘယ်လောက်ပေးလိုက်တယ်”၊ “ဘယ်ဟာကတော့ ဘာလေးနဲ့ချက်စား” ဆိုပြီး စနစ်တကျ ရေးပို့တတ်ပါတယ်။

သူ့အဖေတွေဆီက အကျင့်ပါလာတယ်ဆိုရမယ် ကိုဇနိလည်း တခုခုဆို စနစ်တကျလုပ်တတ်တယ်။ မှတ်သားတတ်တယ်။ သူငယ်ချင်းတယောက်က ဖုန်းနံပါတ်ပေးတယ်ဆို ကျွန်မကတော့ တွေ့ရာနေရာလေးမှာ မှတ်ထားမိတယ်။ နောက်လိုတဲ့အချိန် ပြန်ရှာဆို ဘယ်မှတ်ထားမိမှန်း မသိတော့ဘူး။ “ကိုဇနိရေ ဟိုနေ့ကလေ ဘယ်သူ့ဖုန်းနံပါတ်လေး ဘယ်ထားမိမှန်းမသိဘူးတော့” နဲ့ လုပ်ရင် သူ့ကွန်ပြူတာမှာ ဂျောက် ဂျောက် လုပ်လိုက်ပြီး “နံပါတ်ဘယ်လောက်လေ”လို့ ပေးပါတယ်။ သူက ကျွန်မကိုလည်း သူလိုမှတ်စေချင်လို့ သတိပေးတဲ့အနေနဲ့ မှတ်ထားတဲ့notepad လေးပါ ပို့ပေးတတ်တယ်။ ကျွန်မကလည်း အမှတ်မရှိဘူး။ အခုတော့ မှတ်ပေးတဲ့သူရှိလို့ ပိုဆိုးလာသလား မသိတော့ပါဘူး ဘာမှကို မမှတ်ချင်တော့သလိုပဲ။ ရန်ကုန်မှာ သူရှိနေတုန်းကတော့ ကျွန်မကို စာရွက်လေးမှာ အရေးကြီးတဲ့ဖုန်းနံပါတ်လေးတွေ စနစ်တကျရေးပေးပြီး ပိုက်ဆံအိတ်ထဲ ထည့်ပေးထားရှာတယ်။

လမ်းခရီးသွားရင်လည်း ကျွန်မက သူများနောက်လိုက်တယ်။ ဘယ်တော့မှ မှတ်မထားဘူး။ ရန်ကုန်မှာဆို မာစတာတက်တော့ သူငယ်ချင်းလက်ကိုဆွဲလိုက်တာများတယ်။ ဘယ်ကားမှ မှတ်မထားဘူး။ မှတ်တိုင်မှာ ကားစောင့်နေပြီး သူငယ်ချင်းက “ကားလာပြီ တက် တက်” ဆိုမှ နံပါတ်မကြည့်ဘဲ တက်ခဲ့တာ။ ကျောင်းပြီးလို့ ကိုယ်ကဆက်တက်နေတော့ သူက မတက်တော့တဲ့အခါ ဒုက္ခလှလှကြီးတွေ့တော့တာပဲ။ စာထည့်ချင်တယ် စာတိုက်ကို ဘယ်ကားစီးသွားရမလဲမသိ။ ဈေးဝယ်ချင်တယ် လှည်းတန်းကို ကားမှားစီးတာ အကြိမ်ကြိမ်၊ ကားကြီးကွင်းသွားလည်း စော်ဘွားကြီးကုန်းမရောက်တဲ့ (၄၅) ကိုစီးမိတဲ့အခါရှိ။ အဆောင်ပြန်ဖို့ အာစီတူးထဲမ၀င်တဲ့ (၅၁) ကိုစီးမိလို့ အဆောင်ပိတ်ချိန်မမှီပြန်။ သင်ခန်းစာအမျိုးမျိုးတွေ ရပြီးနောက်မှ မဖြစ်ချေဘူးနဲ့ သတိလေးထားရတော့တယ်။ စာအုပ်အသေးလေးနဲ့ မှတ်သားထား။ တနေရာသွားမယ်ဆို သိတဲ့သူကို မြေပုံလေးအခြစ်ခိုင်းမှ အဆင်ပြေသွားတော့တာ။ နောက်ပိုင်းတော့ ကိုယ့်တယောက်ထဲ သွားတတ်လာတတ် တိုးတက်လာတဲ့အခြေအနေဖြစ်လာပါတယ်။

အခုဒီရောက်တော့လည်း ဖုန်းနံပါတ်ဆို အကုန်ဖုန်းထဲမှာထည့်ထားတယ်။ အပြင်စာအုပ်လေးနဲ့မှတ်ထားတာ မရှိဘူး။ ကိုဇနိက သတိပေးပါတယ် “စာအုပ်လေးမှာ မှတ်ထားစမ်းပါ၊ ဖုန်းက တခုခုဖြစ်သွားရင် ဘယ့်နှယ့်လုပ်မလဲ” လို့ ပြောတယ်။ “အင်း မှတ်ထားအုံးမှပါ” လို့ တွေးမိပါတယ်။ ဒါပေမယ့် ခုထိတော့ မမှတ်ရသေးပါဘူး။ သူငယ်ချင်းတယောက် အလည်လာတော့ ဘူတာကို သွားကြိုရတယ်။ ဖုန်းမဆက်လာ မဆက်လာနဲ့ သူ့ဖုန်းက ဘက်ထရီကုန်သွားတာတဲ့။ သူ့မှာ ကျွန်မဖုန်းနံပါတ်လည်း မှတ်မထားဘူး။ လူတွေများတော့လည်း ဘယ်မှာသွားရှာမလဲသူမသိဘူး။ ကျွန်မအိမ်လိပ်စာလည်း သူယူမထားဘူးလေ။ တက္ကစီ ငှားသွားမယ်ဆိုရင်တောင် ဘယ်ဆီပို့ခိုင်းရမှန်းမသိဖြစ်တော့ သူက ထိုင်ငိုတယ်။ နောက်ဆုံးတော့ ဂျပန်လူမျိုးတယောက်က ဖုန်းလာပေးလို့ သူမှတ်မိတဲ့သူ့ဆီ ကျွန်မဖုန်းနံပါတ်လှမ်းတောင်းရင်း ရောက်လာခဲ့တယ်။ တနေရာသွားမယ်ဆို ဘယ်တော့မှ စာအုပ်မှာ မမှတ်ချင်ပါဘူး။ နောက်မှ ဖုန်းလေးနဲ့ဆက်ပြီး ချိန်းချင်ကြတာ အကျင့်ပါနေတာကိုး။ တနေ့ကို အကြိမ်များစွာခေါ်ဖြစ်တဲ့ သူငယ်ချင်းတွေဖုန်းနံပါတ်တောင် အလွတ်မရတော့လောက်အောင် ဖုန်းထဲမှတ်တာကို အားကိုးမိနေတောတာပါ။ သူငယ်ချင်းအဲဒီလိုဖြစ်တော့ ငါလည်းစာအုပ်လေးမှာ မှတ်ထားမယ်လို့ စိတ်ကူးမိပါသေးတယ်။ ခုထိတော့ အကောင်အထည်မဖေါ်မိသေးဘူး။

နေရာစိမ်းတဲ့ဆီတွေသွားရင် ဘယ် exit ကနေ ထွက်ရတယ်ဆိုတာသိမှ ကိုယ်သွားချင်တဲ့ဆီရောက်တာကိုး။ အကိဟဘရ က AKKY ကိုသွားချင်ရင် electric town exit သိမှ အဆင်ပြေတယ်။ တခြား exit ကနေ သွားရင် ရောက်တော့ရောက်တယ်။ ကိုယ်က လမ်းသိပ်မသိတော့ ရှာဖွေပြီးမှ လိုချင်တဲ့ဆီရောက်တာကိုး။ ဒီတော့ AKKY electric town exit လို့များ စာအုပ်လေးမှာ မှတ်ထားလိုက်ရင် သွားတဲ့အခါ အဆင်ပြေတာပေါ့။ ဒါလည်း အပျင်းကြီးပြီး မမှတ်ပါဘူး။ ဟိုရောက်လို့ မတွေ့မှ “အမရေ ဘယ် exit လဲ လုပ်ပါအုံး” နဲ့ ဖုန်းဆက်မေးရတာ။ အဆိုးဆုံးက kannai က တရုတ်ဆိုင်ကို သွားတာ။ exit နံပါတ်ကို မမှတ်မိရင် ကိုယ်သိတဲ့တရုတ်ဆိုင်ကို မရောက်တော့ဘူး။ အခေါက်ခေါက်အခါခါ ခြေတိုအောင်သွားပေမယ့် မတွေ့ဘဲပြန်လာရတာလဲ ရှိသေးတယ်။ အခုတော့ သွားချင်တဲ့ဆီနဲ့ exit နံပါတ်လေးတွေတော့ မှတ်တတ်နေပါပြီ။ immigration office ကိုသွားချင်ရင် exit 4 လို့ တွဲမှတ်ထားလိုက်ပြီ။ ဒါတောင် လွဲတဲ့အခါ လွဲတတ်တယ်။ စိတ်ထဲက မှတ်ထားလို့ကတော့ သွားချင်တဲ့ဆီရောက်မှ exit နံပါတ်ကို လှမ်းမေးရတယ်။ ကိုယ်ယူထားတဲ့မေဂျာအရဆိုရင် မြေပုံကို ပိုင်ပိုင်နိုင်နိုင်သိရမှာ မြေပုံလည်း ယောင်ဝါးဝါးကြည့်တတ်တော့ ကိုယ်နားလည်သလို စာအုပ်လေးမှာ မှတ်သွားတာက ပိုအဆင်ပြေလှပါတယ်။ ကိုယ်နဲ့အတူသွားတုန်း စာအုပ်ကြီးနဲ့လိုက်မှတ်နေရင် ရှက်သလိုလိုက ဖြစ်တတ်သေးတာ။ တကယ်ကျ ကိုယ်လည်း အိမ်ပြန်ရောက်ရင် မှတ်ရတာကို မေ့နေတတ်တယ်။

တချို့တော့လည်း အမှတ်အသားလက်ဖျားခါရတယ်။ ကျွန်မတို့အိမ်နားက ကျောင်းဆရာမအပျိုကြီးတယောက်ရှိတယ်။ သူက တခုခုပြောတော့မယ်ဆိုရင် စာအုပ်တွေကြည့်ပြီး ပြောလေ့ရှိတာ။ ရေသောက်တဲ့မတ်ခွက်ကိုတောင် “ဒီခွက်က ဘယ်နှခုနစ်က ဘယ်လောက်ပေးရတာ ဘယ်မှာဝယ်တာလေ၊ ဒီမှာဖတ်ကြည့်ပါလား” နဲ့ သူ့မှတ်စုစာအုပ်ကြီး ပေးဖတ်ပါတယ်။ အဲလိုမှတ်ထားတော့လည်း အဆင်ပြေသားပေါ့။ အခုတော့လည်း အရာရာကို အဆင်ပြေအောင် အဖေသင်ပေးသလို စာတလုံးလေးတို့ထားအုံးမယ်လို့ စိတ်ကူးထားတယ်။ စိတ်ကူးတုန်းရှိသေးတာ တကယ်တော့ မအောင်မြင်သေးပါဘူး။ အော် အမေကလည်း ခဏခဏပြောတတ်ပါတယ် “နှုတ်တစ်ရာစာတစ်လုံးမှတ်နော် သမီး” လို့။ အမေမှတ်ထားတဲ့ စာရွက်ဝါဝါလေးထဲမှာတော့ “သမီး ကဆုန်လပြည့် မနက် ၄ နာရီ လေတိုက်” တဲ့။ကျွန်မမွေးတဲ့အချိန်ကို သူမှတ်ချင်သလိုလေး မှတ်ထားတာ တွေ့ဖူးတာပါ။

မဇနိ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP