RUSSIAN PROVERBS

>> Monday, July 7, 2008


ရုရှားစကားပုံတွေ

စကားပုံဆိုတာဘာပါလဲ။ ကျနော် ၀ီကီမှာရှာဖတ်တော့ စကားပုံဆိုတာ ရိုးရှင်းတိကျပြီး လူသိများ၊ အသုံးများတဲ့ ဆိုရိုးစကားတွေပါပဲ။ သူတို့တွေက တကယ့်လူမှုနေ့စဉ်ဘ၀ကို အခြေခံပြီးထွက်ပေါ်လာတဲ့ အမှန်တရားတွေပေါ့။ ဥပစာတွေနဲ့ တင်စားသုံးနှုန်းကြပါတယ်။ ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာတွေပြောပြတဲ့ စကားပုံတွေကြတော့ နီတိတွေလို့ခေါ်ပါတယ်။ အခုကျနော် အင်တာနက်မှာ လျှောက်ရှာဖတ်တော့ ရုရှားစကားပုံတွေတွေ့ပါတယ်။ ကျတော်တို့ ဘာသာစကားသင်စဉ်တုန်းကလည်း ဆရာမတွေက ရုရှားစကားပုံတွေကို အဆင်သင့်သလို ပြောပြပါတယ်။ ဘယ်လူမျိုးတွေနဲ့ပဲဖြစ်စေ သူတို့နဲ့ စကားပြောတဲ့အခါ အလျင်းသင့်သလို သူတို့လူမျိုးတွေရဲ့ သင့်တော်တဲ့ စကားပုံတွေထည့်ပြောတတ်ရင် ကိုယ်က သူတို့ဘာသာစကားကို အတော်ရင်းနှီးကျွမ်းဝင်တယ်ဆိုတာကို ဖော်ပြရာရောက်ပါတယ်။

အခုကျနော် ရုရှားစကားပုံတချို့ကို ဘာသာပြန်ပြပါဦးမယ်။ အဓိပ္ပါယ်တွေ လွဲချော်စွာ ထွက်နေတယ်ဆိုရင် ကျနော့်ဘာသာပြန်အားနည်းချက်ဖြစ်ပါလိမ့်မယ်။



o Аппети́т прихо́дит во вре́мя еды́.
o Transliteration: Appetit prikhodit vo vremya yedy
o Translation: The appetite comes when eating
o English version: The appetite comes when eating
o ခံတွင်းတွေ့တယ်ဆိုတာ စားသောက်နေတုန်းဖြစ်တာပါ။

o Без кота́ мыша́м раздо́лье.
o Transliteration: Bez kota mysham razdol'ye.
o Translation: Without a cat mice have no restrictions.
o English version: When the cat is away, the mice will play.
o ကြောင်မရှိ ကြွက်ထ။

o Береги́ пла́тье сно́ву, а честь смо́лоду.
o Transliteration: Beregi plat'ye snovu, a chest' smolodu.
o Translation: Take care of clothes since [when they are] new, take care of [your] honor
since [you are] young.
o အင်္ကျီကို အသစ်ကတည်းက ဂရုစိုက်သလို ရိုးသားမှုကိုလည်း ငယ်စဉ်ကတည်းက ထိန်းသိမ်းပါ။

o Вре́мя — лу́чший до́ктор
o Transliteration: Vremya — luchshiy doktor.
o Translation: Time [makes the] best healer.
o English version: Time heals all wounds.
o Modern mockery: Время — лучший доктор, но ужасный косметолог. (Time is the best
healer, but a terrible cosmetologist.)
o အချိန်ဟာ အကောင်းဆုံ သမားတော်။

o Лу́чше по́здно, чем никогда́.
o Transliteration: Luchshe pozdno, chem nikogda.
o Translation: Better late than never.
o English version: Better late than never.
o နောက်ကျတယ်ဆိုတာ ဘယ်သောအခါမှထက်သာတယ်။

o Москва́ не сра́зу стро́илась.
o Transliteration: Moskva ne srazu stroilas'.
o Translation: Moscow wasn't biult at once.
o English version: Rome wasn't built in a day.
o မော်စကိုမြို့တော်ကို တရက်တည်းဖြင့်တည်ဆောက်ထားခြင်းမဟုတ်။

o На Бо́га наде́йся, а сам не плоша́й.
o Transliteration: Na boga nadeysya, a sam ne ploshay
o Translation: Hope for God, but do not be reliant.
o English version: Trust in God, but lock your car.
o ဘုရားသခင်ကိုဆုမတောင်းနဲ့၊ ကိုယ့်ကိုကို အမှားမလုပ်မိစေနဲ့။ (မိမိကိုယ်ကို စောင့်ရှောက်သူသာ၊ ဘုရားသခင်က စောင့်ရှောက်တယ်။)

o Не зна́я бро́ду, не су́йся в во́ду.
o Transliteration: Ne znaya brodu, ne suysya v vodu.
o Translation: Don't wade into a river without knowing a ford.
o Moral: Don't rush into something without throughly studying the matter first.
o English version: Wait for the cat to jump.
o ရေတိမ်မသိရာ မြစ်ထဲမဆင်းရ။

o Не име́й сто рубле́й, а име́й сто друзе́й.
o Transliteration: Ne imey sto rubley, a imey sto druzey.
o Translation: Don't have a hundred rubles, but have a hundred friends.
o ပိုက်ဆံတစ်ရာမရှိရင်နေပစေ၊ အပေါင်းအသင်းတစ်ရာ ရှိပါစေ။

o От ма́ленькой и́скры большо́й пожа́р быва́ет.
o Transliteration: Ot malen'koy iskry bol'shoy pozhar byvayet.
o Translation: A little spark may cause a big fire.
o အမှိုက်ကစ ပြဿဒ်မီးလောင်။

o Повторе́нье - мать уче́нья.
o Transliteration: Povtoren'ye — mat' uchen'ya.
o Translation: Repetition is a mother of learning.
o Moral: The more often you repeat your lesson, the more likely you are to memorize it.
o Mockery: Повторе́нье - мать пита́нья (Repetition is a mother of feeding).
o အခါခါလေ့ကျင့်ခြင်းဟာ သင်ယူခြင်းမှာ အခရာ။

o Пого́нишься за двумя́ за́йцами, ни одного́ не пойма́ешь.
o Transliteration: Pogonishsya za dvumya zaytsami, ni odnogo ne poymayesh.
o Translation: If you start chasing two hares, you [will] catch none.
o English version: If you run after two hares, you will catch neither., Grasp all, lose all.
o ယုန်နှစ်ကောင်နောက်လိုက်ရင် တစ်ကောင်တောင်မိမှာမဟုတ်။

o Пуста́я бо́чка гро́мче гремит.
o Transliteration: Pustaya bochka gromche gremit.
o Translation: An empty barrel rattles louder.
o Moral: Who does the least, brags the most.
o ဘာမှမရှိတဲ့စည်က အသံပိုထွက်တယ်။

o Пья́ный проспи́тся, дура́к — никогда́.
o Transliteration: P'yanyy prospitsya, durak — nikogda.
o Translation: The drunken will sleep it over, the fool - never.
o အမူးသမားက အိပ်လိမ့်မယ်၊ အရူးက ဘယ်တော့မှ မအိပ်။

o Рыба́к рыбака́ ви́дит издалека́.
o Transliteration: Rybak rybaka vidit izdaleka.
o Translation: A fisherman can tell another fisherman from afar.
o English version: Birds of a feather flock together.
o Mockery: Дурак дурака видит издалека. (A fool can tell another fool from afar.)
o တံငါးသမားက တံငါးသမားကိုအဝေးကမြင်တယ်။ (မြွေမြွေချင်း ခြေမြင်တယ်။)

o Семь раз отме́рь, оди́н отре́жь.
o Transliteration: Sem' raz otmer', odin otrezh.
o Translation: Measure seven times, cut once.
o English version: Measure twice, cut once.
o ခုနှစ်ကြိမ်တိုင်းပါ၊ တစ်ကြိမ်တည်းနဲ့ဖြတ်ပါ။

o Умный лю́бит учи́ться, а дура́к учи́ть.
o Transliteration: Umnyy lyubit uchit'sya, a durak uchit.
o Translation: Clever person likes to learn, and the fool - to teach.
o လူတော်တွေက သင်ယူချင်တယ်၊ လူမိုက်တွေက သင်ပေးချင်တယ်။

အခုကျနော်ဘာသာပြန်ထားသလိုပဲ ဘလော့ဂ်ဖတ်သူဘော်ဘော်တွေလည်း ကိုယ်ရောက်နေတဲ့ နိုင်ငံ၊ဒေသရဲ့စကားပုံတွေရှိရင်လည်း ဝေမျှစေချင်ပါတယ်။ အခု က ကျနော် ဖတ်ကြည့်ပြီး သဘောကျတာတွေကို ထုတ်နုတ်ဘာသာပြန်ထားတာပါ။ ကျနော်တွေ့တဲ့ စာအုပ်ကို ဒီမှာ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။

Read more...

မသိုးအလှမြတ်သင်္ကန်းလှူကြမယ်

>> Saturday, July 5, 2008


မဇနိ
5 July 2008




ဝါဆိုလပြည့်နေ့နီးလာပြီဆိုတော့ ၀ါဆိုပန်း၊ ၀ါဆိုသင်္ကန်းကပ်ဖို့ အမေပြင်ဆင်လောက်ပြီလို့ သတိရမိပါတယ်။ တဆက်တည်းမှာပဲ ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းကပ်လှူကြတဲ့ တန်ဆောင်မုန်းလကိုလည်း သတိရမိသွားတယ်။ တန်ဆောင်မုန်းလရောက်ရင် ကထိန်ပွဲတွေရှိတော့ ဈေးဝယ်သွားရတယ်။ ပဒေသာပင်သီးရတယ်။ အိမ်နားနီးချင်းတွေရော အိမ်ရှိလူကုန်ပါမကျန် အလုပ်တွေရှုပ်ကြပါတယ်။ ဒါတင်မကသေးပါဘူး ရွာကအမတွေ မသိုးသင်္ကန်းယက်ပြိုင်ပွဲလာမှာဆိုတော့ ဂျင်းပေါက်တွေ ၀ယ်ရတယ်။ လက်ဖက်နှပ်ရတယ်။ အမတွေက ၁၄ ရက်နေ့ည မသိုးသင်္ကန်းပြိုင်ပွဲလာမယ်လို့ အကြောင်းကြားလာရင် ကျွန်မတို့ကလေးတွေကလည်း ပျော်ပါတယ်။



ကျွန်မတို့အဒေါ်တို့ရွာက အညာထည်အမျိုးမျိုးရက်လုပ်ပါတယ်။ တရွာလုံး ကောင်မလေးတွေက ယက္ကန်းအလုပ်ပဲ အားထားလုပ်ကိုင်ကြတော့ လက်ကသွက်တယ်။ ချည်စောင်အမျိုးမျိုး၊ မြန်မာလွယ်အိတ်အမျိုးမျိုးထွက်ပါတယ်။ အမေဆို ကျွန်မတို့ငယ်ငယ်က သူ့အမတွေပို့ပေးတဲ့ လုံချည်ကသာ ထူထူထဲထဲရှိတာဆိုပြီး အမြတ်တနိုးဝတ်တာပါ။ အခုမှသာ အမေရယ် ချည်လုံချည်တွေက ထူတော့ လေးလို့ပါဆိုပြီးပြောမှ သိပ်မ၀တ်တော့တာ။ အဲလို ယက္ကန်းအဓိကထားတာရယ် ဥက္ကဌကြီးက စည်းရုံးရေးကောင်းတာရယ် ရွာကလူညီတာရယ်နဲ့ ကျွန်မတို့မြို့မှာ မသိုးသင်္ကန်းရက်ပြိုင်ပွဲဆိုရင် နှစ်တိုင်းနီးပါး ဆုရတယ်။ သူတို့အခေါ်တော့ ဘကြီးသာဒိုးလို့ သူကြီးကို ခေါ်သံကြားဖူးပါတယ်။ အဲဒီသူကြီးကလည်း ချည်ပုဆိုးအကွက်ကျဲကြီးဝတ်လို့ တိုက်ပုံအကျီင်္ပင်နီရောင်နဲ့ ချည်တဘက်ကြီး ခေါင်းပေါင်လို့။ ရွာက အိမ်ထောင်သည်ထဲက ချမ်းချမ်းသာသာမိန်းမကြီးတွေ သူတို့က ယက္ကန်းလည်း နိုင်နင်းတဲ့သူတွေဆိုတော့ ခေါင်းဆောင်အမျိုးသမီးတွေပေါ့။

မသိုးသင်္ကန်းကို တစ်ညထဲ အပြီးရက်လုပ်ပြီး မနက်အာရုံတက်မှာ မြတ်စွာဘုရားကို ဆက်ကပ်လှုဒါန်းလို့ ရက်မကူးတာကြောင့် မသိုးသင်္ကန်းလို့ ခေါ်တာပါ။ ကထိန်ခင်းတဲ့နောက်ဆုံးရက် တန်ဆောင်မုန်းလပြည့်မှာ အမှီဆက်ကပ်လှူဒါန်းကြတဲ့ ရိုးရာပွဲတော် တခုပါ။ ကျွန်မတို့မြို့ရဲ့ သီဟိုရ်ရှင်(ဒီနေရာမှာ ဖတ်နိုင်ပါတယ်။) ဘုရားပရ၀ုဏ်အတွင်းမှာ အဖွဲ့ ၇ ဖွဲ့အနည်းဆုံးလောက် ၀င်ပြိုင်ကြပါတယ်။ ၀ိသာခါ စင်တော်၊ သုမနဒေ၀ီစင်တော်စသည်ဖြင့် နာမည်လှလှလေးတွေ ပေးကြပြီး နေရာယူထားကြပါတယ်။ မသိုးသင်္ကန်းပြိုင်ပွဲဝင်တော့မယ်ဆိုရင် ခေါင်းဆောင်အမျိုးသမီးကြီးတွေက အသက် ၃၅ ပတ်ဝန်းကျင်တွေပါ။ အပျိုကြီးခေါ်တဲ့ အသက် ၃၀ ပတ်ဝန်းကျင်တွေကလည်း ၄ ယောက်လောက်ပါတယ်။ အသက်ခပ်ငယ်ငယ် ၂၅ ပတ်ဝန်းကျင်တွေက ၄ ယောက်လောက်ပါပါတယ်။ အသက် ၁၂ နှစ်အရွယ် သွက်လက်ချက်ချာတဲ့ ကလေးမပေါက်စတွေက ၄ ယောက်လောက်ရယ်၊ စက်ချုပ်မြန်တဲ့သူက ၂ ယောက်လောက်ပါရပါတယ်။ ယောက်ျားလေးသန်သန်မာမာက ၄၊ ၅ ယောက်ပါသေးတယ်။

အဒေါ်တို့ရွာက ကျွန်မတို့မြို့နဲ့ ၄၅ မိနစ်လောက် ကားစီးရတယ်ဆိုတော့ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ မနက်ဆိုရင် သူကြီးအိမ်ရှေ့မှာ ကားကြီး ၂ စီးနဲ့ ယက္ကန်းပစ္စည်း အစုံအလင်တင်ကြ၊ လူစုကြနဲ့ တရွာလုံးဆူညံနေပါတော့တယ်။ နေ့လည် ၁၂ နာရီပတ်ဝန်းကျင်ဆိုရင် ဘုရားဝန်းထဲရောက်ပြီး နေရာပြင်ကြဆင်ကြလုပ်ပါတယ်။ အဒေါ်တို့ရွာနဲ့ အဆက်အစပ် မြို့နေဆွေမျိုးတွေကတော့ ညထမင်းတာဝန်ယူတဲ့အိမ်က ယူတယ်။ ကျွန်မတို့အိမ်ကတော့ ဒန်အိုးအကြီးကြီးတွေနဲ့ လက်ဖက်သုပ်၊ ဂျင်းသုပ်တွေ ပို့ပါတယ်။ ညနေ ၄ နာရီလောက်ဆိုရင် အစ်ကိုလာခေါ်တဲ့ ဂျစ်ကားစုပ်ကြီးနဲ့ ကျွန်မတို့ ကလေးတသိုက် ပျော်ပျော်ပါးပါးလိုက်ကြပါတယ်။ ညနေ ၅ နာရီမှာ ပွဲစတင်တော့မှာဆိုတော့ ၄ နာရီလောက်ဆို အားလုံးနေရာယူကြတာနဲ့ ကြည့်မည့်သူတွေကလည်း အလှတွေပြင်ပြီး စောင့်နေကြပါတယ်။ ကိုယ့်ရပ်ဆွေရပ်မျိုးတွေကလည်း ကိုယ့်ရွာအဖွဲ့ကို အားပေးဖို့ ၀ိသာခါစင်တော်ဘေးမှာ တိုးဝှေ့နေကြပါတယ်။

ညနေ ၅ နာရီထိုးခါနီး ၁၅ မိနစ်အလိုလောက်ဆိုရင် တာဝန်ကျရာနေရာအသီးသီးမှာ နေရာယူနေကြပါပြီ။ ၅ နာရီထိုးတာနဲ့ အကြီးအမှူးလူကြီးများက စည်တော်တီးပြီး အချက်ပေးပါတယ်။ ဆိုင်းတွေဝိုင်းတွေကလည်း တက်တက်ကြွကြွ အားပေးနေပါတယ်။ တညလုံးလည်း အဆက်မပြတ် နာမည်ကြီးဆိုင်းဝိုင်းတွေနဲ့ အားပေးနေကြပါတယ်။ ဘုရားဝန်းထဲမှာတော့ ခြေချစရာတောင် နေရာမရှိအောင် လူတွေပြည့်သိပ်နေပါတယ်။ ၀ိသာခါစင်တော်ဝန်းလို့ သတ်မှတ်ထားတဲ့ နေရာအတွင်းမှာ လက်နဲ့ လွန်းထိုးရတဲ့ လက်ယက္ကန်းစင်အပု ၅ စင်၊ အ၀တ်ချုပ်စက် ၂လုံး၊ ချည်ဆိုးရန် မိုးပြဲဒယ်တင်ထားသော မီးဖို၊ ရဟတ်၊ ရစ်စတာတွေနဲ့ နေရာယူထားပါတယ်။ ပါဝင်ကြမည့်သူတွေက ရွာထွက်ချည်ထည်လုံချည်၊ အကျီင်္တွေကို ဆင်တူဝတ်ဆင်ထားပါတယ်။ အပျိုမတွေကတော့ သနပ်ခါးပါးကွက်ကြားနဲ့ စပယ်ပန်းကုံးတွေကို ဖွေးနေအောင်ပန်ထားကြပါတယ်။ စပယ်ပန်းတွေကလည်း ရွာကသီကုံးပြီး ငှက်ပျောဖက်နဲ့ ထုပ်လာကြတာပါ။ ဖျာကြမ်းတွေခင်းထားတဲ့အပေါ်မှာ ၀ါပေါက်တွေဖြန့်ခင်းထားပါတယ်။

ပွဲစတာနဲ့ မိန်းမပျို ၅ ယောက်လောက်က ၀ါကောက်ခြင်းလုပ်ငန်းကို စတင်ပါတော့တယ်။ သွက်လိုက်တဲ့လက်တွေက ဇယ်စက်သလို ခဏချင်းပြီးသွားပါတယ်။ ရလာတဲ့ဝါဂွင်းကို ၀ါကြိတ်၊ ဗိုင်းတောင့်လုပ်တဲ့အဆင့်တွေကတော့ တကယ်ရက်လုပ်တဲ့နေရာမှာ ချန်လှပ်ပြီး ဗိုင်းငင်တဲ့အဆင့်ကို ကျော်လိုက်ပါတယ်။ အဆင်သင့်ဗိုင်းတောင့်တွေကနေ ရစ်နဲ့ ဗိုင်းငင်ပါတယ်။ ရွာသူပေါက်စကလေးတွေက ဗိုင်းငင်တဲ့နေရာမှာ ပြိုင်စံရှားပါ။ အမြန်ပြီးစေဖို့ ဖင်ချမထိုင်ဘဲ ဒူးထောက်လျက် ဗိုင်းငင်ပါတယ်။ ချည်ထွက်ကောင်းကောင်းနဲ့ လက်သွက်တဲ့သူတွေကို ရွေးခေါ်လာတာပါ။ ဗိုင်းငင်တဲ့နေရာကထွက်လာတဲ့ ချည်ဝင်တွေကို ချည်သေ့တဲ့သူက ဆက်လုပ်နေပါတယ်။ ကြားက ချည်ဝင်တွေကို အားတဲ့လူက ချည်သေ့တဲ့ဆီ ပို့ပေးနေတယ်။ သူကြီးကိုယ်တိုင်လည်း အားမလိုအားမရ ၀င်ကူနေတာလည်းရှိရဲ့။ ဟိုအော်ရ ဒီငေါက်ရနဲ့ဆိုတော့ မိုးလင်းရင် သူကြီးခမျာ အသံမထွက်တော့ပါဘူး။ ပြိုင်ပွဲဝင်ရာမှာလည်း အမှန်ကန်ဆုံး၊ အသန့်ရှင်းဆုံးဖြစ်အောင် အကဲဖြတ်ဒိုင်လူကြီးများက အဆက်မပြတ်လှည့်လည် စောင့်ကြည့်နေရပါတယ်။ ဗိုင်တောင့်ကနေ ဗိုင်းငင်း၊ ချည်သေ့ပြီးမှ ချည်ခင်ရလာတဲ့ အဆင့်မှာ အချိန်အတော်အတန်ပေးရတဲ့အတွက် အဆင်သင့်ချည်ခင်တွေနဲ့ အစားထိုးတာတွေရှိတတ်လို့ပါ။ အဖြူစင်ဆုံး အသန့်ရှင်းဆုံး မသိုးသင်္ကန်းစစ်စစ်ဖြစ်စေရန်အတွက် လူကြီးများက စောင့်ကြပ်ရခြင်းဖြစ်ပါတယ်။

ချည်သေ့လို့ရလာတဲ့ ချည်ခင်တွေကို ကိုကိုကာလသားတို့ မီးဖိုပေါ်မှာမိုးပြဲဒယ်ကြီးထဲမှာ ချည်ဆိုးပါတယ်။ ဗိုင်းငင်တဲ့လူက ဆက်ငင်၊ ချည်သေ့တဲ့သူကသေ့၊ ချည်ဆိုးတဲ့သူကဆိုးနဲ့ လက်မလည်အောင် လုပ်နေရပါတယ်။ ဆိုင်းဝိုင်းသံတညံညံ၊ လက်ခုပ်သံတဖျောင်းဖျောင်းက ပြိုင်ပွဲဝင်တဲ့သူတွေကို အားအင်ဖြစ်စေပါတယ်။ ချည်သေ့နေတဲ့လူက ရဟတ်လေးများ တခုခုပျက်သွားရင် ကြည့်နေတဲ့သူတွေမှာ “ဟာ၊ ဟင်”တွေဖြစ်ရပါတယ်။ ချည်ဆိုးရာကရလာတဲ့ ချည်ခင်တွေကို ချည်စာတင်ရတော့မှာပါ။ မိန်းမကြီးတွေက ဆန်ကွဲကိုချက်ထားတဲ့ ထမင်းနဲ့ရောပြီး ကျောက်ပြားပေါ်မှာ ခြေထောက်နဲ့နင်းရပါတယ်။ ဒါကလည်း ချည်စာတင်ကျွမ်းကျင်တယ်လို့ နာမည်ရှိတဲ့သူကလုပ်မှ ချည်စာကောင်းပါတယ်။ ချည်စာကောင်းမှ ယက္ကန်းရက်တဲ့နေရာမှာ ခဏခဏမပြတ်မှာပါ။ ချည်စာတင်ပြီးတဲ့ချည်တွေကို ဖြန့်ပြီး ယက္ကန်းရှည်ရပါတယ်။ ယက္ကန်းရှည်တယ်ဆိုတာ အထည်ရက်ဖို့ အတိုင်ချည်ရအောင်လို့ပါ။ ရလာတဲ့ အတိုင်ချည်ထွေးကြီးကို ရက်သွားမှာ ကော်စီကော်ရပါတယ်။ ဟိုဖက်ကချည်ပင် ဒီဖက်ရောက်အောင် ကော်စီကော်ပြီးရင်တော့ ယက္ကန်းစတင်ရက်လို့ရပါပြီ။

တယောက်က ရက်လုပ်နေရင် တယောက်က နောက်ကချည်ထွေးကြီးကို ရှင်းလေးပေးနေပါတယ်။ ချည်တွေ မပြတ်အောင်ရှင်းပေးရတာပါ။ လွန်းကျရင် အနားမှာစောင့်နေတဲ့သူက အဆင်သင့်တခြားလွန်းပေးပါတယ်။ တယောက်လက်အံသေသွားရင် နောက်တယောက်က အစားဝင်ပါတယ်။ ဒီလိုနဲ့ ည ၁၂ နာရီလောက်မှာ ဗိုင်းငင်တာ ရက်ဖောက်ယောက်တာတွေ အားလုံးလက်စသိမ်းပြီးလို့ ရက်လုပ်ခြင်းတခုပဲကျန်ပါတော့တယ်။ သူကြီးကလည်း ဂျင်းသုပ်လေးစားလိုက် ဟိုလူ့အော်လိုက် ဒီလူ့အော်လိုက်ပေါ့။ ကြည့်နေတဲ့သူတွေကလည်း တခြားစင်တော်တွေကို သွားကြည့်ရသေးတယ်။ ဘယ်စင်တော်က ဘယ်လောက်ပြီးပြီနဲ့ ကြည့်ရတာ မောလှပါတယ်။ ချည်ဆိုးပါလာတဲ့ ကိုရင်သာအေးကလည်း ယက္ကန်းရက်နေတဲ့ မရွှေမိကို ချောင်းရတာရော ပြီးစေချင်တာတွေရောနဲ့ ခေါင်းပေါင်းမှာ ချွေးပြန်နေပါတယ်။ မနက် ၄ နာရီအာရုံမတက်ခင် နောက်ဆုံးလို့ သတ်မှတ်ထားပေမယ့် ၂ နာရီလောက်ဆိုရင် တချို့စင်က အထည်ရနေပါပြီ။ စက်ချုပ်တဲ့သူက ချုပ်လုပ်ပြီးရင်တော့ ငွေလင်ဗန်းကြီးနဲ့ စင်တော်ရှေ့မှာ ကြွားထားပါပြီ။ မနက် ၃ နာရီပတ်ဝန်းကျင်ဆိုရင် စင်တော်အသီးသီးရှေ့မှာ သက္ကန်း ၁ စုံ၊ ၂စုံရနေကြပါပြီ။ ပထမရတဲ့ ၀ိသာခါစင်တော်ခေါ် အဒေါ်တို့ရွာက စင်တော်ကတော့ မနက် ၃ နာရီဝန်းကျင်ဆို အားလုံးပြီးစီးလို့ အကဲဖြတ်လူကြီးတွေက ငွေလင်ဗန်းလာယူသွားပါပြီ။ မြတ်စွာဘုရားကို ကပ်လှူတာတွေ လုပ်ဆောင်ပြီးရင်တော့ လပြည့်နေ့မနက်မှာပဲ ဆုပေးပွဲတွေ ကျင်းပပေးပါတယ်။ ဆုရတဲ့ရွာက သူကြီးကတော့ ခေါင်းပေါင်းစ တလူလူနဲ့ ဆုဖလားတက်ယူပါတယ်။

ကျွန်မတို့လို ငေးမောအားပေးတဲ့လူတွေကလည်း ဆုပေးပွဲပြီးမှ အိမ်ပြန်ပြီး အမေချက်ထားတဲ့ ထမင်းပူပူလေးစား အိပ်ယာဝင်လိုက်ကြတာ ညနေစောင်းမှ အနိုင်နိုင်နိုးကြပါတော့တယ်။

မဇနိ

Read more...

သင်္ချာတွက်ကြည့်ရအောင်


အခုဖိုင်လေးက သူငယ်ချင်းမောင်ပိန် ပို့ပေးလို့ကြည့်ရတာပါ။ အလည်လာတဲ့သူတွေလည်း ကြည့်ကြပါဦး။


Read more...

ကျွန်မချစ်သောဆရာများ

>> Thursday, July 3, 2008


မဇနိ
3 July 2008

“အာစရိယ ဂုဏော အနန္တောပါ မြတ်ဆရာ၊ သားတို့ချစ်တဲ့ မြတ် မြတ်ဆရာ၊ သမီးတို့ချစ်တဲ့ မြတ်မြတ်ဆရာ“ ဒီသီချင်းသံကြားပြီဆိုရင် ကျွန်မ အလိုလို မျက်ရည်ဝိုင်းမိတတ်တယ်။ ဆရာဆိုတာ စေတနာ၊ ၀ါသနာ၊ အနစ်နာအပြည့်နဲ့ အရောင်အသွေးစုံတဲ့ မျိုးဆက်သစ်လူငယ်လေးတွေကို ပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ ကျေးဇူးရှင်တွေပါ။ ဘယ်ကလေးက ဘယ်လိုစရိုက်ရှိတယ်ဆိုတာ သိပြီး ဘယ်လိုထိန်းရမယ်ဆိုတာ နားလည်တဲ့သူတွေဟာ မိဘနဲ့ ဆရာတွေပါ။ ချော့တခါ၊ ငေါက်တလှည့်နဲ့ လိုသလို ပုံသွင်းပေးခဲ့တဲ့ ဘ၀ပုံဖော်ပန်းချီဆရာတွေဆိုလည်း သူတို့ပါပဲ။ ကျွန်မဘ၀မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီး ကြုံတွေ့ခဲ့ဖူးပါတယ်။ ဆရာအားလုံးဟာ ကျွန်မအတွက် ကျေးဇူးရှင်တွေပါ။ ကျွန်မစိတ်ထဲ အားကျ၊ အတူယူ၊ ချစ်ခင်မိတဲ့ဆရာတွေ အမှတ်ထင်ထင်ရှိခဲ့ဖူးပါတယ်။


ကျွန်မလေးစားမိပြီဆိုရင် အဲဒီဆရာတွေ ဘာလုပ်လုပ် သဘောကျနေတော့တာပါ။ ကျွန်မ သူငယ်တန်းကနေ ၄ တန်းထိ အတန်းပိုင်ဆရာမက ပထမဆုံး ကျွန်မရင်ထဲ ရောက်ခဲ့တဲ့သူပါ။ ဆရာမက ရုပ်မချောပါဘူး။ အသားခပ်ညိုညိုနဲ့ အရပ်အမောင်းကတော့ ကောင်းပါတယ်။ ဆရာမရဲ့ ထူးခြားချက်က စိတ်နှစ်မျိုးပိုင်ဆိုင်တယ်။ စာတွေမရတဲ့အခါ၊ စည်းကမ်းပျက်တဲ့အခါမျိုးမှာ ကြိမ်လုံးနဲ့ ခြေသလုံးကို ခပ်ဆတ်ဆတ်လေးရိုက်တတ်ပါတယ်။ မျက်နှာထားလည်း တင်းနေတတ်တယ်။ ဒါပေမယ့် ကလေးတွေ ကျောင်းမလာတဲ့အခါ အိမ်အထိလိုက်မေးတတ်တယ်။ နေမကောင်းရင် ဆေးလုံးလေးတွေ ယူလာပေးတတ်တယ်။ စာအုပ်မတတ်နိုင်တဲ့သူဆိုရင် စာအုပ်လေးတွေ ပေးတယ်။ ခဲတံ၊ ပေတံကအစ ဆရာမက ပေးပါတယ်။ ကျောင်းကျန်းမာရေးလာလို့ ဆေးထိုးရမည့် ကလေးတွေဆို ဆရာမကိုယ်တိုင် လိုက်ပို့ပေးတယ်။ ကြောက်အားကြီးနေတဲ့ကလေးတွေကို ဆရာမက သူ့ကိုဖက်ထားပြီး အားကိုးစေခဲ့တယ်။ ကလေးတွေကလည်း ချစ်ကြောက်ရိုသေကြပါတယ်။ စကားပြောကောင်းတဲ့ဆရာမက မိဘဆရာအသင်း ဆုပေးပွဲတွေမှာဆို မိန့်ခွန်းအမြဲပြောတယ်။ ဆရာမမိန့်ခွန်းပြောတဲ့အချိန်ဆို ကျွန်မရင်ထဲမှာ ဆရာမက သူရဲကောင်းကြီးကို ဖြစ်လို့နေမိတယ်။ တတန်းလုံး သိပ်ချစ်တဲ့ဆရာမက ၄ တန်းနှစ်ရောက်တော့ ချစ်သူရှိတယ်လို့ ကြားရတယ်။ ကလေးတွေ ငိုကြတယ်။ ညအပိုချိန်တွေခေါ်ရင် အဲဒီလူကြီး လိုက်တာတတ်တယ်။ ကျွန်မတို့ ဆရာမကို စိတ်ဆိုးကြတယ်။ အဲဒီလူကြီးကို စကားမပြောဘူး။ ချစ်စရာကောင်းတဲ့ဆရာမက သူ့ကလေးတွေ အဲဒီလူကြီးကိုချစ်အောင် စာဝင်သင်ခိုင်းတယ်။ သူကိုယ်တိုင်ကျောင်းဆရာဖြစ်တဲ့ အဲဒီလူကြီးက ပုံပြင်တွေပြောပြပြီး ကျွန်မတို့ တတန်းလုံးကိုစည်းရုံးပြီး ကျွန်မတို့ပိုင် ဆရာမလေးကို အပိုင်ယူချသွားတယ်။ ပြန်တွေ့တဲ့အချိန်တိုင်း ဆရာမရှေ့မှာ ကလေးပေါက်စပြန်ပြန်ဖြစ်သွားရတယ်။ ကျွန်မလက်ရေးလေးတွေက ဆရာမလက်ရေးနဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့အထိ ကျွန်မ လေးစားချစ်ခဲ့မိတယ်။

ကျွန်မချစ်မိတဲ့နောက်ဆရာမကတော့ ယောက္ခမလောင်း မေမေဆရာမပါ။ ကျွန်မ ၈ တန်းနှစ်က အတန်းပိုင်ဆရာမဖြစ်ခဲ့ဖူးတယ်။ မနက်ခင်းတိုင်း ညနေတိုင်းမှာ အတန်းကို အပြေးရောက်လာပြီး စာကျက်ပါ၊ စာကျက်ပါလို့ မမေ့မလျော့ လာပြောတဲ့ ချစ်ဆရာမပါ။ အမြဲတန်း လိမ္မာအောင်၊ စာကြိုးစားအောင် သင်ပေးတဲ့ ဆရာမပါ။ ပိုက်ဆံရှိတာမရှိတာကို အလေးမထားဘဲ စာကြိုးစားတဲ့သူကို မြေတောင်မြှောက်ပေးလို့ ချစ်ခဲ့ရတာပါ။ ကျွန်မတို့ တက္ကသိုလ်တက်တော့လည်း သူ့သားဆီလာရင်းနဲ့ တမြို့ထဲကလေးတွေကို သူ့သားသမီးတွေလို ထမင်းတွေ အမြဲလိုက်လိုက်ကျွေးတတ်ပါတယ်။ စားကောင်းသောက်ဖွယ်တွေကို သားတို့စား သမီးတို့စားဆိုပြီး ပန်းကန်တွေထဲ အတင်းထည့်ပေးပြီး ကျွေးတတ်တယ်။ ကျောင်းသွားတက်တဲ့အခါတိုင်း လက်ဖက်၊ စားစရာနဲ့ သနပ်ခါးတုန်းတွေ ပေးတတ်တယ်။ ကျွန်မတို့ အောင်မြင်မှု တခုခုရလျင် ဂုဏ်ယူနေတတ်တယ်။ ရှုံးနိမ်မှုနဲ့ကြုံရရင် အားမငယ်ဖို့ အားတွေပေးတတ်တယ်။ ကျွန်မကျောင်းပြန်လာလို့ အိမ်သွားလည်ရင် ကျောင်းသွားမည့်ခြင်းတောင်းချပြီး ကျောင်းမသွားဘဲ စကားတွေထိုင်ပြောနေတတ်တယ်။ ကျွန်မဘ၀ရဲ့ အဆိုးအကောင်းအားလုံး မျှဝေခံစားပေးတဲ့ ဆရာမတယောက်ဖြစ်လို့လည်း လေးစားချစ်ခင်မိပါတယ်။

ကျွန်မလေးစားချစ်ခင်ရတဲ့ ဆရာကြီးတယောက်ကတော့ ၀ိုင်တီယူက ကျွန်မတို့ ဌာနမှုးဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ ပင်စင်ယူသွားပါပြီ။ ကျောင်းသားတွေ သိပ်ချစ်ကြတဲ့ ဆရာကြီးရဲ့ ပင်စင်ယူနှုတ်ဆက်ပွဲမှာ ၀ိုင်တီယူရဲ့ ဟောလ်ခန်းကြီးလျှံထွက်နေပါတယ်။ “ကျုပ်ကို တာဝန်အရ ပင်စင်ပေးပေမယ့် ကျူပ်ဒီကျောင်းကြီးကိုတော့ လာနေမှာပဲ၊ ဘယ်သူမှ ကျုပ်ကိုတားလို့မရဘူး“လို့ ပြောခဲ့တဲ့ ဆရာကြီးရဲ့အသံကို မမေ့နိုင်ပါဘူး။ အခုချိန်ဆို ဆရာကြီး ကျောင်းကို သတိရတိုင်းလာနေလေမလား။ သူကိုယ်တိုင်ဒီဇိုင်းဆွဲဆောက်ထားတဲ့ နန်းတော်တမျှခမ်းနားတဲ့အိမ်ကြီးကို အရောက်သွားလို့ကန်တော့တဲ့အခါ “ငါ့အတွက် ဘာမှမလိုဘူး၊ အခုချိန်ပေါ့လေ။ နောင်လိုရင် မင်းတို့မပေးလည်း လာတောင်းမယ်၊ ပြန်ယူသွား“ဆိုပြီး လက်မခံခဲ့တဲ့ဆရာကြီး။ အတန်းနားချိန် ၁၀ မိနစ်ပေးရင် “ကဲ ကဲ လွတ်လွတ်လပ်လပ်အနားယူ“ဆိုပြီး ခပ်ဝေးဝေးမှာ ကုလားထိုင်လေးတလုံးနဲ့ သွားနေခဲ့တဲ့ဆရာကြီး။ ကျွန်မတို့မေဂျာမှာ ခက်တယ်လို့ယူဆရတဲ့ဘာသာကို ဟန်ပါပါနားလည်အောင် တွေးခေါ်တတ်အောင် သင်ပေးတဲ့စသင်တဲ့နည်းဗျူဟာတွေ ပိုင်တဲ့ဆရာကြီး။ စကော်လာလျှောက်ရင် recommendation letter မှာ လက်မှတ်ထိုးဖို့ကို လမ်းမှာမြင်ရင်တောင် လှမ်းတောင်းပြီး လက်မှတ်ပေးခဲ့တဲ့ဆရာကြီး၊ စကော်လာမပါရင် “စိတ်မပျက်နဲ့ငါ့တပည့်၊ ဆရာတုန်းက ၈ ခါမြောက်မှာ အင်္ဂလန်ကို သွားရတာ“ ဆိုပြီး အမြဲအားအင်တွေပေးခဲ့တဲ့ ဆရာကြီး၊ တပည့်တွေကို လူကြီးလိုဆက်ဆံတတ်တဲ့ဆရာကြီး thesis ခေါင်းစဉ်တွေရွေးတဲ့အခါ “ဖြစ်နိုင်မလား မင်းနဲ့ငါ စဉ်းစားကြည့်ကြမယ်ကွာ“ ဆိုပြီး ယုံကြည်မှုတွေ ထားတတ်အောင် သင်ပေးခဲ့တဲ့ ဆရာကြီးကို ကျွန်မသိပ်လေးစားချစ်ခင်မိပါတယ်။ တကယ်တော့ ဆရာကြီးဟာ ပညာလည်း သိပ်တော်ခဲ့တယ်။ ထက်မြက်တယ်။ အင်မတန် ရိုးသားတည်ကြည်တယ်။ ဆရာကြီးပင်စင်ယူနှုတ်ဆက်ပွဲမှာ နိုင်ငံတကာရောက်နေတဲ့ သူ့တပည့်တွေ ပြန်လာကြတယ်။ အမြို့မြိုရောက်နေတဲ့ တပည့်တွေလည်း တက်ရောက်ခဲ့ကြတယ်။ အဲဒီပွဲမှာ ကျွန်မတို့က ငချွတ်ကလေးတွေအနေနဲ့ တက်ခဲ့ရတာပါ။ အားလုံးက အင်ဂျင်နီယာကြီးတွေ အရေးပါတဲ့လူကြီးတွေ တက်ရောက်ကြတဲ့ပွဲပါ။ ဆရာ့တပည့်ဟောင်း ကျောင်းသားတယောက်ကတော့ “ဆရာကြီးအလုပ်က ပင်စင်ယူပေမယ့် ကျွန်တော်တို့ရင်ထဲက ဆရာကြီးကို ဘယ်တော့မှ ပင်စင်မပေးပါဘူး၊ အမြဲတန်းဆရာကြီးပါ။ ကျွန်တော့်အမျိုးသမီးကလည်း ဆရာ့တပည့်မဆိုတော့ teacher in law လဲ ဆရာကြီးပါ၊“ လို့ လှိုက်လှိုက်လှဲလှဲ ပြောသွားခဲ့ပါတယ်။ ကျွန်မရင်ထဲက ဆရာကြီးကို လေးစားတဲ့စိတ်ကလည်း ဘယ်တော့မှ ပင်စင်မပေးဘဲ ထာဝရဖြစ်တည်နေမယ်ဆိုတာ အသေအချာပါပဲ။

နောက်ဆုံးကျွန်မချစ်မိတဲ့ ဆရာကတော့ အခု လက်ရှိဆရာပါ။ အင်တာနက်ကနေ ကျောင်းရှာတုန်းကတည်းက “သူ့ဆီတော့ မလျှောက်ဖူး၊ ခပ်တည်တည်ကြီး ကြောက်တယ်တော့“လို့ ကိုဇနိကို ပြောဖူးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူဆီမှ ကျောင်းလာတက်ဖြစ်ပါတယ်။ လူမျိုးမတူပေမည့် ကျောင်းသားတွေအပေါ်ကို စာနာနားလည်မှုတွေ ပေးခဲ့တယ်။ ကျောင်းကို ဘယ်နှစ်နာရီလာရမယ်။ ဘယ်လိုနေမှ ကြိုက်တယ်ဆိုတာ တခွန်းမှ မပြောခဲ့ပါဘူး။ သူ့ပညာရပ်မှာ နာမည်ကြီးတဲ့ ဆရာကြီးပါ။ ကျွန်မတို့ကိုတော့ ဖခင်တယောက်လို ဆက်ဆံပါတယ်။ အသံတိုးတိုးပြောတတ်တဲ့ ကျွန်မစကားပြောတဲ့အခါ နားနားကပ်နားထောင်ပေးတဲ့ဆရာကြီးကို ကျွန်မ ချစ်ခင်မိပါတယ်။ လက်ချာလိုက်တဲ့အချိန်တိုင်းမှာလည်း ဆရာ့ရဲ့ ပညာတွေကို လေးစားမိရပြန်တယ်။ ဒီနေ့လည်း အင်တာနက်ကြိုးဟောင်းနေတယ် လဲပေးမယ်ဆိုပြီး သူ့ဟာသူ လာလဲတပ်ပေးပါတယ်။

ကျွန်မ ငယ်ငယ်ကလေးကတည်းက တွေ့ခဲ့ကြုံခဲ့သင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ဆရာတွေအများကြီးပါ။ အခုရေးပြခဲ့တဲ့ဆရာတွေကတော့ မှတ်မှတ်ထင်ထင်လည်းရှိလို့ သူတို့အကြောင်းကိုရေးခဲ့တာပါ။ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဒီနေရာမှ ဂါရ၀ပြုလိုက်ပါတယ်။

မဇနိ

Read more...

အချစ်ဆုံးသို့...

Read more...

နိပွန်ပြည်မှာ အိမ်ငှားမယ်

>> Tuesday, July 1, 2008


နိပွန်ပြည်မှာ အိမ်ငှားမယ်
မဇနိ
1 July 08

လူတိုင်းဟာ နားခိုစရာနေရာလေးတွေ မရှိမဖြစ်လိုအပ်ကြပါတယ်။ စား၊ ၀တ်၊ နေရေးဆိုပြီး မရှိမဖြစ်ဆိုတော့လည်း ဘယ်နေရာ ဘယ်ဒေသရောက်ရောက် နေစရာအိမ်လေးတွေ ရှာကြရတာပါ။ နေစရာရှာတဲ့အခါမှာ ကာလ၊ ဒေသပေါ်မူတည်ပြီး ဒုက္ခအမျိုးမျိုး ကြုံတွေ့ကြရတယ်။ စင်္ကာပူမှာ အိမ်ရှာကြရတဲ့အကြောင်းကိုလည်း “ကျွန်တော်နှင့် စင်္ကာပူမှ ခရုခွံလေးများ” ဖတ်ရတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ WeSheMe မှာလည်း “၀င်ကစွပ်”ဆိုပြီးရေးထားလို့ ဖတ်ရပါတယ်။ ကိုအန်ဒီပေးတဲ့နာမည်လေးကို အတော် သဘောကျမိပါတယ်။ ကျွန်မတို့ ရောက်တဲ့နေရာမှာ နေစရာလေးတွေရှာပြီး ပြီးရင် ထားခဲ့ကြရတာမလို့ပါ။


မိဘအရိပ်မှာ ခိုခဲ့စဉ်ကတော့ အပူအပင်မရှိပေါ့။ အိမ်ငှားရတဲ့ ဒုက္ခဆိုတာ နားမလည်ခဲ့ပါဘူး။ နိပွန်ပြည်ရောက်တော့ လာကတည်းက သူတို့စီစဉ်ထားတဲ့ အဆောင်တော်ကြီးမှာ နေခဲ့ရတယ်။ ဒုက္ခဆိုတာ နားမလည်ခဲ့ပြန်ဘူး။ အစစအရာရာ အဆင်ပြေတဲ့နေရာမှာ တက်နေခဲ့ရတာဆိုတော့ အိုကေမှာစိုပြေပေါ့။ ဒါပေမယ့် အဆောင်က ၁ နှစ်ပြီးတော့ ထွက်ရမယ်တဲ့။ အဲဒါမှ ဒုက္ခနဲ့လှလှတွေ့ရပါတော့တယ်။ အချိန်မပြည့်ခင် ၂ လအလိုကတည်းက အိမ်ရှာဖို့ ပြင်ဆင်ရပါတယ်။ ပိုက်ဆံလည်း ကြိုစုရပါတယ်။ စကားကလည်း ကောင်းကောင်းမတတ်တော့ စိတ်ညစ်မိတာ အမှန်ပါ။ အိမ်မရှာလည်း နေစရာမရှိတော့ အိမ်ရှာပုံတော် ထွက်ဖို့ ပြင်ရတော့တယ်။

ဂျပန်မှာ အိမ်ငှားတော့မယ်ဆိုရင် ယန်းသောင်း ၂၀ အနည်းဆုံး လက်ထဲမှာ အဆင်သင့်ဖြစ်နေရမယ်။ ဒါကလည်း အတော်အသင့်အိမ်လောက်ပဲ ရှာမှာမလို့ပါ။ သူတို့ ဂျပန်တွေနေသလို အိမ်ရှာမယ်ဆိုရင်တော့ သောင်း၃၀ လောက်ရှိရမှာပါ။ အိမ်ရှာပေးတဲ့ မီနီလေးတွေက နေရာအနှံ့ ပေါလှပါတယ်။ ဂျပန်မှာ အိမ်ပိုင်မယ်ဆိုရင် အတော်အဆင်ပြေတဲ့သူတွေပါ။ တော်တော်များများက အိမ်ငှားနေကြရပါတယ်။ မီနီတွေဒီလောက်များတာ အကုန်များ အိမ်ငှားနေကြတာလားလို့တောင် စဉ်းစားမိပါတယ်။

အိမ်ငှားတဲ့ မီနီတွေ သွားရင် ပွဲစားခပေးရမှာ ကြောက်လို့ ကျောင်းက Co-op ကိုပဲ သွားကြည့်ပါတယ်။ အဲဒီမှာ စာအုပ်တွေနဲ့ အိမ်လိပ်စာ၊ ဈေးနှုန်း၊ ဘယ်ဘူတာကနေ ဘယ်နှစ်မိနစ်လမ်းလျှောက်ရတယ် စသည်ဖြင့် ကြည့်ရှာနိုင်ပါတယ်။ အရေးကြီးတာက ဘယ်လောက်ကျယ်လဲ ရေချိုးခန်း၊ အိမ်သာက ပါပြီးသားလားဆိုတာ ကြည့်ရတယ်။ တချို့ အခန်းတွေမှာက ရေချိုးခန်း၊ အိမ်သာက ဘုံသုံးရပါတယ်။ မီးဖိုဆိုလည်း ဘုံသုံးရပါတယ်။ ဘုံသုံးရတယ်ဆိုပေမယ့် အခန်း ၃၊ ၄ ခန်းကို ရေချိုးခန်း၊ မီးဖို၊ အိမ်သာ စုသုံးရတယ်ပေါ့။ သပ်သပ်ရပ်ရပ်ရှိပေမယ့် ကိုယ့်က မိန်းကလေးတယောက်ထဲ နေမယ်ဆိုရင် အခန်းထဲမှာ အစုံပါပြီးသားကမှ ပိုအဆင်ပြေပါတယ်။ ဈေးချိုတယ်ဆိုပြီးသွားကြည့်လိုက်ရင် တခုမဟုတ်တခုလိုအပ်နေလို့သာ ဈေးချိုတာများပါတယ်။ ညက ဂျာမဏီက သူငယ်ချင်းပြောသလို သူနေတဲ့မြို့ကကို ပိုဈေးကြီးနေလို့တဲ့။ ကျွန်မနေတဲ့မြို့မှာလည်း ဈေးကြီးပါတယ်။ အတန်ငယ်သေးငယ်တဲ့ မြို့တွေထက်တော့ ၂ ဆနီးပါး ပိုပေးရတာပါပဲ။

ဘူတာနားလည်း နီးရမယ်၊ စူပါတွေလည်း နီးရမယ်ဆိုရင် ယန်း ၇၀၀၀၀ တန်က အနည်းဆုံးပါ။ ဒါကြောင့် အိမ်ငှားမယ်ဆို သောင်း ၂၀ လောက်ကုန်တယ်လို့ ခန့်မှန်းထားရပါတယ်။ ပွဲစားကို ၁ လစာ၊ deposit က ၁ လစာ၊ insurance (မီး၊ ငလျင်) က ယန်း ၁၄၀၀၀ ပေးရပါတယ်။ deposit ၁ လစာအိမ်ဆိုတာ အင်မတန်ရှာရခက်ပါတယ်။ နေရာကောင်းရင် ယန်း ၁၅၀၀၀၀ လောက် ပေးရပါတယ်။ အိမ်ဆောက်ထားတဲ့ သက်တမ်းပေါ်လည်း မူတည်ပြီး ဈေးကွာပါတယ်။ ဒီနိုင်ငံမှာက ငလျင်ကို အမြဲစဉ်းစားနေရတော့ သက်တမ်းကြာတဲ့အိမ်တွေဆို မနေချင်ကြပါဘူး။ ငလျင်ကလည်း တခါတလေ နေ့တိုင်းလောက်လှုပ်နေတာပါ။ တနေ့ ၂ကြိမ်ဆိုတာ ထက်ထက်မိုးဦးသီချင်းမဟုတ်ဘဲ ဒီမှာတော့ ငလျင်ဖြစ်နေပါတယ်။ ရောက်ခါစကဆို ဘာလုပ်ရမှန်း မသိအောင်ကြောက်ပေမယ့် အခုတော့ ဒန်းစီးရသလို ငြိမ့်နေမိတယ်။ ၆.၈ ငလျင်လောက်ကတော့ ကြုံဖူးနေတော့တာပါ။ ခပ်ပြင်းပြင်းငလျင်လှုပ်ပြီးခါစဆိုရင် အရေးပေါ်ကားသံတွေ ဆူညံနေတော့တယ်။ ထိခိုက်ဒဏ်ရာတွေလည်း ရကြတယ်။ ကျွန်မဆီမှာ ငလျင်လှုပ်ရင် အမ မမေအောင်နဲ့ ညီမပါ သူ့မြို့ကနေ ဘုရားစာရွတ်ပေးနေရပါတယ်။

အိမ်စရှာပြီဆိုတာနဲ့ တနေကုန်ခြေတိုအောင် သွားရပါတယ်။ ဒီအိမ်ကြည့်မယ်ဆိုပြီး ပြောလိုက်ရင် အိမ်ပိုင်ရှင်က ကားနဲ့လာခေါ်ပါတယ်။ ကားအကောင်းစားတွေနဲ့လာခေါ်ပေမယ့် အိမ်ကိုမကြိုက်ရင် အားနာစရာမလိုပါဘူး။ အားနာလို့ ငှားမိရင် ကိုယ်ပဲနေရတော့မယ် ၁ နှစ် ၂ နှစ်ပေါ့။ ဒီမှာက အိမ်ပိုင်ရှင်က သိပ်မာနကြီးကြတယ်။ တချို့က နိုင်ငံခြားသားဆို မငှားဘူး။ တချို့က ကျောင်းသားဆို မငှားပါဘူး။ အိမ်ငှားတဲ့နေရာမှာ သူတို့လူမျိုးတွေလည်း ကျွန်မတို့လို ပင်ပန်းကြတယ်လို့ ဘာသာစကားသင်တဲ့ ဆရာမက ပြောဖူးပါတယ်။ ကျွန်မတို့ကတော့ ဘာသာစကားအခက်အခဲက ပိုပါလာသေးတယ်။ အာမခံလက်မှတ်ထိုးရတဲ့နေရာမှာတော့ ကျွန်မတို့လို နိုင်ငံခြားသားက ပိုအလုပ်ရှုပ်ပါတယ်။ တချို့ကလည်း တာဝန်ကြီးတော့ လက်မှတ်မထိုးပေးချင်ကြပါဘူး။ ကျွန်မအိမ်ငှားတုန်းကတော့ ဂျပန်နဲ့အိမ်ထောင်ကျတဲ့ တခြားနိုင်ငံက သူငယ်ချင်းစုံတွဲက လိုက်ကူပေးပါတယ်။

အိမ်လည်းကြိုက်ပြီ၊ အာမခံပေးမယ့်လက်မှတ်လည်းရပြီဆိုရင် စာချုပ်ချုပ်လို့ရပါပြီ။ စာချုပ်တဲ့နေ့မှာ အိမ်သော့လည်းပေးလိုက်ပါတယ်။ ဒါပေမယ့် သော့လဲပေးမယ့် ကုမ္ပဏီကလာရင် သော့ဖိုး ယန်း ၁၇၀၀၀ ပေးလိုက်ရပါသေးတယ်။ စာချုပ်တဲ့နေ့ကရတဲ့ သော့က အရင်လူတွေသုံးသွားတာဆိုတော့ စိတ်မချရဘူးဆိုတဲ့သဘောနဲ့ လဲရတာပါ။ နေရာတိုင်းစိတ်ချရအောင် လိုက်စဉ်းစားပေးတာကတော့ ဟုတ်ပါတယ်။ ပိုက်ဆံတွေလည်း လိုက်လို့မနိုင်ဘူးပေါ့။ အဲဒီအဆင့်ရောက်ဖို့က စိတ်မောလူမောနဲ့ပါ။ ကျွန်မဆို တပတ်လောက်က အိမ်မတွေ့ပါဘူး။ ကျောင်းသားတွေကလည်း မတ်လကုန်ဆို ထွက်တဲ့သူက ထွက်တယ်။ ပြောင်းရမည့်သူတွေကလည်း အိမ်ရှာရတယ်။ တချို့ကလည်း သူတို့နေတဲ့အခန်းဆက်နေမလား။ deposit မပေးရဘူးပေါ့။ ဈေးသက်သာလို့သွားမနေလိုက်ပါနဲ့ ပိုဆိုးမယ်။ အိမ်ပျက်စီးတာတွေ ကိုယ်ထွက်မှ စုလျော်နေရမှာမလို့ပါ။

တနေ့တော့ ကျွန်မက ယန်း ၅ သောင်းအိမ်ကို သွားကြည့်နေတုန်း ထိုင်းက သူငယ်ချင်းက ယန်း ၄ သောင်းတန်ကို သွားကြည့်နေပါတယ်။ သူသွားကြည့်မယ့်အိမ်က ပိုတန်ပါတယ်။ မီးဖိုခန်း သီးသန့်ပါတယ်။ ရေချိုးခန်းသပ်သပ်၊ အိမ်သာသပ်သပ်၊ deposit က ၁ လစာ၊ ပွဲစားက ၁လစာဆိုတော့ ကျွန်မလည်း အဲဒီအိမ်လေးလိုချင်တယ်။ သူက ဂျပန်စကားပိုတတ်တော့ သူရှာတွေ့တာပါ။ ကံကောင်းချင်တော့ သူက ဖုန်းခေါ်လာပါတယ်။ သူ့အိမ်ဘေးမှာ ပုံစံတူ၊ ဈေးတူတအိမ်ရှိသေးတယ်တဲ့။ အပြေးလေး သွားကြည့်တာပေါ့။ ကုမ္ပဏီက ကားနဲ့လာခေါ်ပါတယ်။ ကားပေါ်မှာ ဖိနပ်ကို အိတ်နဲ့ယူလာပေးတယ်။ အိမ်ထဲဝင်ခါနီးရင် ဖိနပ်လေးချပေးပါတယ်။ အိမ်လေးကိုမြင်တော့လည်း ကျောင်းနဲ့က ၇ မိနစ်လောက် လမ်းလျှောက်ရတာဆိုတော့ သဘောကျသွားပါတယ်။ ကျောင်းကလည်း တနေကုန်နေကြတာဆိုတော့ ကျောင်းနားနီးမှ အဆင်ပြေပါတယ်။ ဒါနဲ့ပဲ ဈေးအားလုံးတွက်လိုက်တော့(Reservation fee (tetsukekin)၊ Deposit (shikikin)၊ Key money (reikin)၊ Service fee (chukai tesuryo)) ယန်း ၂၀ သောင်းကုန်သွားပါတယ်။ အမှိုက်ပစ်ခက တစ်လကို ယန်း ၂၀၀၀ ပါသေးတယ်။

အိမ်ပြောင်းတော့မယ်ဆိုရင် မတိုင်ခင် ၃ ရက်လောက်မှာ ရေ၊ မီး၊ ဂက်စ် ကို ဖုန်းဆက်ပြောရပါတယ်။ ဘယ်သူမှ ကူမည့်သူမရှိတော့ ကိုယ်တိုင်ပဲ တတ်သလောက်ချရပါတယ်။ ရေ နဲ့ မီးကတော့ ကိုယ်ပြောင်းတဲ့နေ့ ဘယ်နှစ်နာရီရစေမယ်ဆို အတိအကျရပါတယ်။ သူတို့မေ့နေရင် ဘယ်လိုလုပ်ပါ့မလဲလို့ စိတ်မပူရပါဘူး။ ဂက်စ်ကတော့ လူကိုယ်တိုင်လာပါတယ်။ ဘယ်ချိန်လာရမလဲဆိုတာ ချိန်းပြီး အတိအကျပဲလာပါတယ်။ ဂက်စ်မီးဖိုပိုက်တပ်ပေးတယ်။ ရေချိုးခန်းပိုက်တွေ တပ်ပေးတယ်။ ဒုက္ခရောက်တာက အင်တာနက်ပါ။ အရင်အဆောင်မှာတော့ ပိုက်ဆံလည်း မပေးရ၊ ရောက်တာနဲ့ အင်တာနက်ကြိုးက အဆင်သင့်ဆိုတော့ အဆင်ပြေလှပါတယ်။ အပြင်လည်းရောက်တော့ ဒုက္ခတွေမျိုးစုံစတွေ့တော့တာပါ။ သူတို့က ရောက်စတုန်းက အစစ အဆင်ပြေလှတဲ့နေရာမှာ ပစ်ထည့်ထားတော့ ခုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေပြီလို့ သူငယ်ချင်းတွေနဲ့ ပြန်ပြောမိပါတယ်။ အင်တာနက်လျှောက်တာကလည်း တစ်လလောက်ကြာပါတယ်။ provider နာမည်မျိုးစုံရှိနေတော့ ဟိုဟာယူရမှလိုလို၊ ဟိုကပဲ ၂ လ အလကားပေးတာ၊ ဒီက ipod လက်ဆောင်ပေးတာ၊ ဟိုက ၆ လ အလကားနဲ့ ဘယ်ရွေးရမှန်းမသိတော့ ၁ လခွဲလောက်ကြာပါလေရော။ အင်တာနက်မရှိရင် မနေတတ်တဲ့သူဆိုတော့ ပိုပင်ပန်းတယ်ထင်ပါတယ်။

တချို့တော့လည်း အိမ်ကို ရှယ်ယာနေကြပါတယ်။ သူငယ်ချင်း ၂ ယောက်က ၃ ယောက်ရှယ်ယာနေဖို့ ပြောပေမယ့် မနေဖြစ်ခဲ့ပါဘူး။ အိမ်က မိသားစုတွေ သူငယ်ချင်းတွေလာလည်မယ်ဆိုရင် ကိုယ်တယောက်ထဲနေတဲ့အတွက် ဘယ်သူ့ကိုမှ တိုင်ပင်နေစရာမလိုတော့ပါဘူး။ ရှယ်ယာနေမယ်ဆိုရင် ကျွန်မလို ဟင်းအမြဲချက်၊ ရေနွေးအသုံးများ၊ heater မဖွင့်ရင် ချမ်းတတ်တဲ့သူအတွက် မလွယ်ဘူးဆိုတာ တွေးမိတော့ အစကတည်းက တယောက်ထဲ ဈေးနိုင်မည့်နေရာမျိုး ရှာခဲ့တာပါ။ အခုအိမ်လေးကတော့ နေရတာ အဆင်ပြေပါတယ်။ အိမ်ပိုင်ရှင်ကလည်း အဝေးမှာနေတဲ့အတွက် အနေကျုံ့စရာမရှိပါဘူး။ အိမ်လခကိုလည်း ဘဏ်အကောင့်ထဲ ထည့်ပေးရတဲ့အတွက် အခုချိန်ထိ အိမ်ပိုင်ရှင်ကို မမြင်ဖူးပါဘူး။ တချို့တော့လည်း အိမ်ပိုင်ရှင်နဲ့ အပေါ်ထပ်၊ အောက်ထပ်နေရတဲ့အခါ အနေကျုံ့ကြတယ်ပြောပါတယ်။ ဧည့်သည်လာရင် လာပြန်ပေါ့ဆိုပြီး အမျိုးမျိုးဆင်ခြင်နေရတယ်ပြောပါတယ်။

အိမ်အသစ်ပြောင်းမယ်ဆိုရင် အိမ်အဟောင်းကိုလည်း ဒီတိုင်းထွက်လာလို့မရပါဘူး။ အဆောင်မှာ ဘယ်လိုသန့်ရှင်းခဲ့ရမယ်ဆိုတာ တီဗွီကြည့်ရပါတယ်။ သန့်ရှင်းရေးပစ္စည်းတွေကို သူတို့ဆီက ယူလို့ရပါတယ်။ အဲယားကွန်းကိုဖြုတ် အထဲက စကာတွေကို ဆေးကြောရတယ်။ လိုက်ကာတွေ အ၀တ်လျှော်စက်ထဲ ထည့်ရတယ်။ မီးဖိုခန်းကို သန့်ရှင်းရေးလုပ်ရတယ်။ မီးဖိုခန်းက အနံ့စုပ်ပန်ကာတွေ ဆေးရတာ လက်တွေတောင် နာပါတယ်။ ရေချိုးခန်းဆေးရတယ်။ ကြမ်းတိုက်ရတယ်။ ပြောင်လက်ရဲ့လားလို့ အခါခါပြန်ကြည့်ရပါတယ်။ ကိုယ်စနေတော့လည်း သူတို့က ပြောင်လက်နေတဲ့အခန်း ပေးခဲ့တာပါ။ အိမ်ငှားတဲ့အခါလည်း သန့်ရှင်းပေးထားပါတယ်။ ကျွန်မပြန်ထွက်တဲ့အခါမှာလည်း ပြန်ရှင်းပေးခဲ့ရအုံးမှာပါ။ ကူမည့်သူမရှိတော့လည်း အစစ ကိုယ်တိုင်လုပ်ရတော့တာပါပဲ။ အိမ်ပြောင်းတဲ့လက ကျောင်းလုံးဝ မသွားနိုင်ပါဘူး။ ပြန်လာရင် ပင်ပန်းပြီး ဘာမှမလုပ်နိုင်တော့ပါဘူး။ ပြောင်းပြီးတဲ့အခါ ရပ်ကွက်ရုံးကို လိပ်စာသွားပြောင်းရတယ်။ စာတိုက်မှာ လိပ်စာသွားပြောင်းရပါတယ်။ အားလုံးပြီးစီးသွားပြီဆိုရင်တော့ လူလဲ အတော်ပင်ပန်းသွားပါပြီ။ နောင်တခါ အိမ်ပြောင်းရမှာ တွေးတောင်မတွေးချင်တော့ပါဘူး။ မနေ့ညက ဂျာမဏီက သူငယ်ချင်းလည်း အိမ်ရှာရတာ မောလိုက်တာလို့ ညည်းလာလို့ ဒီပို့စ်ရေးလိုက်တာပါ။ အားလုံးပဲ အဆင်ပြေတဲ့ နားခိုစရာလေးတွေ ရှာတွေ့ကြပါစေ။

မဇနိ

Read more...

ဖတ်ဖူးတဲ့ ဟာသလေးတွေ


အရင်တုန်းက ဖတ်ဖူးတဲ့ ဟာသလေးတွေပါ။ ဘယ်မှာ ဖတ်ဖူးတာလဲ မသိတော့ဘူး။ မှတ်မိနေလို့ ပြောပြပါဦးမယ်။ အလုပ်ထဲမှာ ပင်ပန်းနေတုန်း နည်းနည်း ပြုံးလိုက်ရရင်တောင် မဆိုးဘူးမဟုတ်လား။

ဦးအောင် ပြေးထားမှ...

သုဿန်ဝန်းတစ်ခုထဲမှာ လူနှစ်ယောက်က အုတ်ဂူတစ်လုံးပေါ်မှာ ထိုင်ပြီး တောထဲက ခူးလာခဲ့ကြတဲ့ သစ်သီးတွေကို ခွဲဝေယူနေကြသတဲ့။ သုဿန်ခြံစည်းရိုးက အပင်တွေနဲ့ဆိုတော့ အထဲက သူတို့နှစ်ယောက်ကို လမ်းသွားလမ်းလာတွေက မမြင်ရဘဲ သူတို့ အသံတွေပဲ ကြားရပါတယ်။
“ရော့ မင်းတစ်ခု ငါတစ်ခု”
“ရော့ မင်းတစ်ခု ငါတစ်ခု”
“ရော့ မင်းတစ်ခု ငါတစ်ခု”
......
......
အဲဒီအချိန်မှာ ကောင်လေးငယ်ငယ်လေးတစ်ယောက်က သုဿန်ခြံစည်းရိုးဘေးက လမ်းပေါ်ကနေ ဖြတ်အလျှောက် “ရော့ မင်းတစ်ခု ငါတစ်ခု” ဆိုတဲ့အသံတွေကြားတော့ သကြားမင်းနဲ့ယမမင်း လူ့ပြည်က လူတွေကို တစ်ယောက်တစ်ဝက်ခွဲယူနေပြီဆိုပြီး အတွေးပေါက်သွားတယ်။ မဖြစ်ဖူး အဖိုးကို သွားပြောမှပဲ ဆိုပြီး အိမ်ကို အပြေးပြန်တာပေါ့။ အိမ်ရောက်တော့ “အဖိုးရေ ..... အဲသလိုပဲဗျ” ဆိုပြီးပြောတာကို အဖိုးက “ငါ့မြေးရာ မဖြစ်နိုင်တာ၊ ကဲ လာ အဲဒီဆီကို အဖိုးလိုက်ခဲ့မယ်၊ သွားစို့” ဆိုပြီး မြေးလက်ကိုဆွဲပြီး အဲဒီ သုဿန်ဆီကို ထွက်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ ဟိုမှာက သစ်သီးတွေခွဲနေတုန်း သစ်သီး အကြီးတလုံးရယ်၊ အငယ်တလုံးရယ်က သုဿန်ထဲကနေ လမ်းမဘက်ကို လိမ့်ပြီး ထွက်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မြေးအဖိုးနှစ်ယောက်လည်း အဲဒီနားရောက်ရော...အထဲက ပြောသံကြားလိုက်ရတယ်...
“အပြင်ဘက်လမ်းမပေါ်က အကြီးရယ်၊အငယ်ရယ်ကို ခွဲယူလိုက်ရင် မင်းနဲ့ငါ ညီပြီ”
အဲဒီအသံလည်းကြားရော အဖိုးက အော်ပြီး ထိပ်ဆုံးက ပြေးပါလေရော။
“ မြေးရေ မင်းပြောတာ ဟုတ်တယ်ဟ ပြေးထား”


အဟိ! ပြေးတော့

ကောင်လေးငယ်ငယ်လေးတစ်ယောက်က ခြံတံခါးဝတစ်ခုမှာ မမှီတမှီ ခုန်ခုန်ပြီးတော့ လူခေါ်ခေါင်းလောင်း ခလုတ်ကို နှိပ်နေသတဲ့။ မနှိပ်မိသေးဘူးပါဘူး။ ခုန်ဆွ ခုန်ဆွနဲ့ပေါ့။
အဲဒီအချိန်မှာ ဘုန်းကြီးတစ်ပါးက ကြွလာတာ၊ ကောင်လေး ခုန်ဆွခုန်ဆွလုပ်နေတဲ့နားရောက်တော့ အင်း ကူညီလိုက်ဦးမှပဲဆိုပြီး စိတ်ကူးရလို့ လူခေါ်ခေါင်းလောင်းလေးကို နှိပ်ပေးလိုက်တယ်။
ဘုန်းကြီးက ကောင်လေးကို “ဒကာလေး ဘာဆက်ကူညီရဦးမလဲ”ဆိုပြီး ကောင်လေးကို မေးလိုက်တယ်။
ကောင်လေးက “အဟိ! ပြေးတော့”ဆိုပြီး ထွက်ပြေးသွားပါလေရောတဲ့။

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP