လွမ်းမိတဲ့အရာ

>> Thursday, June 12, 2008


လွမ်းမိတဲ့အရာ
မဇနိ
4 June 2008

မမေအောင်ရဲ့ ခါဝဿန်ကဗျာကို ဖတ်လိုက်ရတော့ မဆီမဆိုင် အိမ်က ထမင်းဝိုင်းကို သတိရမိတယ်။ သာမန်မဟုတ်တဲ့ မိုးလေးတဖြောက်ဖြောက်ကြားက ထမင်းဝိုင်းပါ။ “မိုးကလေးညိုညို၊ လွမ်းမျက်ရည်လေးလည်၊ ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိရပါတယ်….“ ဒီလိုလေး သီချင်းဆိုရရင် အလွမ်းများပြေမလား စိတ်ကူးကြည့်မိတယ်။ တကယ်တော့ ရောက်တဲ့အရပ်မှာ မိုးရွာတိုင်း လွမ်းမိတာက ငယ်ငယ်က သူငယ်ချင်းတွေပါသလို မိသားစု ထမင်းဝိုင်းလေးလည်း ပါပါတယ်။


အိမ်မှာနေတုန်းက မိုးရွာရင် အဖေက အလုပ်မသွားရတော့ သိပ်ပျော်ပါတယ်။ မနက်လင်းလို့ မိုးသံတဖြောက်ဖြောက်ကြားရရင် “ဒီနေ့တော့ ဇိမ်ကျတော့မယ်ဟေ့“လို့ အဖေက ပြောလေ့ရှိပါတယ်။ တချိန်တည်းမှာပဲ အမေရဲ့ ကြေးစည်ထုအမျှဝေသံပါ ကြားလိုက်ရပါတယ်။ အမေက ထကြတော့ဆိုရင် စားတော်ပဲပြုတ်၊ ငါးပိထောင်းနဲ့ သရက်ချဉ်သုပ်ပါတဲ့ ထမင်းပူပူလေးက အဆင်သင့်ဖြစ်နေပါပြီ။ ရေနွေးကြမ်းနဲ့ ထမင်းပူပူလေး စားပြီးရင် အဖေက အိမ်မှာ ပြုပြင်စရာလေးတွေ ပြင်တယ်။ ဘုရားစင်ကို ရှင်းလင်းတယ်။ ကျွန်မနဲ့ အငယ်တွေကတော့ ဆူးပုပ်ညွန့်၊ သြဇာညွန့်၊ ကင်ပွန်းညွန့်စတာတွေကို ခမောက်လေးတွေဆောင်းပြီး ခူးကြတယ်။ အမေ့ကို ကူချင်ကြတာ ပြာယာခတ်နေအောင်ပါပဲ။ အမေကတော့ နေ့လည်စာချက်ဖို့ ပြင်ဆင်နေပါပြီ။ ရွာကအဒေါ်တွေ လက်ဆောင်ပေးထားတဲ့ မြေပဲအစိုတွေကို သန့်စင်ပြီး မြေပဲပြုတ်အိုးလည်း အမေက ပြင်ပြီးပါပြီ။

အိမ်မှာအဖေဆီကပ်နေဖို့ မောင်နှမတွေ နေရာလုရပါတယ်။ အဖေက မျက်မှန်ကြီးတပ်ပြီး ဘုရားဟောဇာတ်တော်တွေကို ဖတ်ပြမှာမလို့ပါ။ ပြီးအဖေ့နားမှာ အတင်းတိုးဝှေ့အိပ်ရတာ အတော်ပျော်စရာကောင်းပါတယ်။ များသောအားဖြင့်တော့ မောင်နှစ်ယောက်က အဖေ့ဘေးမှာ နေရာရပါတယ်။ အဲဒီခါကျတော့ အဖေက ငါးစပ်စောင်လို့ခေါ်တဲ့ အညာစောင်အကြီးကြီးကို ကျွန်မတို့အားလုံးလုံအောင် ခြုံပေးပြီး စာဖတ်ပြတယ်။ ပုံပြင်တွေပြောပြပါတယ်။ ခဏနေရင် မောင်ငယ်တွေက အိပ်ပျော်သွားကြတယ်။ အဖေလည်း မျက်မှန်ကြီးတပ်လျက်နဲ့ အိပ်ချင်အိပ်သွားတတ်တယ်။

ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

ကျွန်မတို့အိမ်မှာ စားပင်တော်တော်များများ ရှိပါတယ်။ အိမ်ရှေ့မှာ ခါးတက်ပင်ဆိုတာ ရှိတယ်။ သူကတော့ အရွက်နုကိုခူး ရေဆေးပြီး စဥ့်အိုးသန့်သန့်မှာ ဆန်ဆေးရည်နဲ့ စိမ်ရပါတယ်။ ပြီးရင် နေပူမှာထားရပါတယ်။ ၃ ညအိပ်ပြီးလောက်ဆိုရင် စားလို့ရပါပြီ။ ခါးတက်ချဉ်လို့ခေါ်ပေမယ့် အချဉ်အရသာမဟုတ်ပါဘူး။ ငါးပိချက်နဲ့ အတို့အမြုပ်လုပ်နိုင်သလို သုပ်စားလည်း စိမ့်တဲ့အရသာ ရှိပါတယ်။ ခါးတက်ရွက်သုပ်မယ်ဆိုရင်တော့ မြေပဲဆန်လှော်ကို ထောင်းရပါတယ်။ ကြက်သွန်ဖြူလေးဆီချက်ပြီး ပုဇွန်ခြောက်၊ ခရမ်းချဉ်သီးတလုံးနဲ့ ခါးတက်ရွက်ကို ကတ်ကြေးနဲ့ နုတ်နုတ်ကိုက်ပြီး သုပ်ရပါတယ်။ အတော်စားကောင်းလှပါတယ်။ မောင်လေးတွေက မနက်စောစော ၅ နာရီလောက်နိုးတဲ့နေ့ဆို အပင်ပေါ်တက်ပြီး အရွက်နုတွေ ခူးပါတယ်။ ကျွန်မက သူတို့ခူးလာတဲ့အရွက်တွေ သန့်စင်ပြီး အမေကို ပေးရပါတယ်။ စားလို့ရတဲ့အနေအထားရောက်လာပြီဆိုရင် အိမ်နားနီးချင်းမိတ်ဆွေများကို လိုက်ဝေငှပေးပါတယ်။ ရင်းနှီးသူတချို့ကလည်း ခါးတက်ချဉ်ရှိရင် ပေးပါလို့ လာတောင်းတတ်ပါတယ်။ ရှိတော့လည်း ပေးလိုက်တာပေါ့နော်။ ဒါလည်း ဘာအစပ်အဟပ်တည့်တယ်တော့ မပြောတတ်ဘူး။ အမေလုပ်တဲ့ ခါးတက်ချဉ်က ပိုအရသာရှိတယ်လို့ ပြောကြပါတယ်။ ကျွန်မကျောင်းသွားတက်တော့မယ်ဆို ခါးတက်ချဉ်က တပုလင်းအမြဲပါတတ်တယ်။ သူငယ်ချင်းတွေကလည်း ကြိုက်တော့ ယူသွားရပါတယ်။ ခါးတက်ချဉ်ကတော့ အိမ်မှာ မပြတ်ရှိတတ်ပါတယ်။ အခုတော့ မောင်လေးတွေလည်း ခူးကြသေးရဲ့လား မမေးမိတော့ဘူး။

ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

သြဇာပင်၊ ဆူးပုပ်လေးပင်၊ ကင်မွန်းချဉ်ပင်၊ ပင်စိမ်းပင်နဲ့ ရှောက်ပင်စတာလေးတွေ အမေက စိုက်ထားတတ်တယ်။ သြဇာပင်က စစချင်းဆို ၃ လုံးသီးတယ်တဲ့။ သြဇာပင် ၃ လုံးစသီးပြီဆိုရင် ကျွန်မကျောင်းက ပြန်လာတတ်တယ်တဲ့ အမေကတော့ အဲလို မှတ်ထားတတ်တယ်။ ဆူးပုပ်လေးပင်ဆိုတာ အရွက်အသေးလေးတွေနဲ့ ဟင်းချိုချက်သောက်ရတယ်။ ကြက်ဥနဲ့ကြော်စားရတယ်။ တပင်ရှိရင် ခူးစားလို့ မနိုင်ပါဘူး။ ဆူးပုပ်ရွက်ခူးတဲ့နေရာမှာလည်း မောင်လေးက တော်ပါတယ်။ ကျွန်မခူးရင် အရွက်လည်းမရဘူး။ ဆူးစူးလို့လည်း ငိုရပါတယ်။ ကင်မွန်းရွက်လည်း မောင်လေးပဲ ခူးပေးတတ်ပါတယ်။ ပြီးတော့ အမေက နှမ်းဖတ်ချဉ်လည်း ထည့်တတ်တယ်။ နှမ်းစေ့၊ မြေပဲစေ့ကနေ ဆီထုတ်ပြီး ကျန်နေတဲ့ အဖတ်ကို နှမ်းဖတ်လို့ခေါ်ပါတယ်။ စက်ကနေထွက်လာတာကို မသုံးပါဘူး။ နွားဆုံနဲ့နယ်ပြီးထွက်လာ တဲ့ အဖတ်ကိုမှ အချဉ်ထည့်ပါတယ်။ နှမ်းဖတ်ချဉ်ပေါ့နော်။ နှမ်းဖတ်ချဉ်ကို ရှောက်ရွက်လေးနဲ့သုပ်စားရင် အတော်အရသာရှိပါတယ်။ နှမ်းဖတ်ချဉ်ကို ၀က်သားနဲ့စပ်စပ်လေးလည်း ချက်စားလို့ကောင်းပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။

ကျွန်မတို့ အညာဖက်တွေက ဟင်းသီးဟင်းရွက်တွေ ဈေးပေါပေါလည်းရတယ်။ လတ်လတ်ဆတ်ဆတ်လည်း ရပါတယ်။ မြို့ဈေးမှာ မနက်ဝေလီဝေလင်းဆိုရင် အနီးအနားကရွာတွေက လာရောက်ရောင်းချတဲ့ ဟင်းသီးဟင်းရွက်သည်တွေနဲ့ စည်ကားလှပါတယ်။ ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ရွာတွေက လာရောက်ရောင်းချကြပါတယ်။ တချို့လည်း စက်လှေနဲ့လာကြတယ်။ တချို့လည်း ခြေလျင်လာကြတယ်။ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ သခွါးသီး၊ ငရုတ်သီးအစို၊ အခြောက်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်စသည်ဖြင့် မျိုးစုံဝယ်လို့ကောင်းလှတယ်။ ခရမ်းချဉ်သီးဆို ၅၀ သား၊ ၁ပိသာ အနည်းဆုံးထား ၀ယ်ရတယ်။ ခရမ်းချဉ်သီး ခပ်စိမ်းစိမ်းတွေကလည်း သုပ်စားလို့အနေတော်တွေပေါလှတယ်။ ခရမ်းသီးဆိုတာ အစိမ်းရောင် အကြီးကြီးတွေပါ။ တလုံးကို ၅၀ ကျပ်သားလောက်ရှိတတ်ပါတယ်။ အဲလိုအရွယ်ခပ်ကြီးကြီးခရမ်းသီးကို မီးဖုတ်ပြီး နံနံပင်လေးနဲ့ ပဲဆီမွှေးမွှေးလေးနဲ့သာ သုတ်စားလိုက်ရရင် ထမင်းစားမြိန်ပြီပဲ။ ၀က်သားနဲ့ ခရမ်းသီးနှပ်မယ်ဆိုလည်း စားလို့ကောင်းလှပါတယ်။ ဒီမှာတော့ ခရမ်းသီး အညိုရောင်တွေ အတွေ့ရများပါတယ်။ ငရုပ်သီးစိမ်းပုံတွေက ကြီးလွန်းလို့ ဈေးသည်ကိုတောင် ကွယ်လုနီးနီးဖြစ်နေတတ်တယ်။ စားစရာ အသီးတွေကလည်း မျိုးစုံပေါလှပါတယ်။ အမေနဲ့ဈေးလိုက်ရင် အပြန်မှာ မနည်းသယ်ရတယ်။



ဓာတ်ပုံကိုဒီနေရာကယူပါတယ်။


ကျွန်မတို့မြို့မှာ အိမ်ရှေ့ကိုလည်း ခေါင်းရွက်ဈေးသည်တွေ လာရောင်းတတ်ပါတယ်။ သူတို့ကတော့ မြို့ဈေးကို မနက်အစောထသွား ဖောက်သည်ယူလာပြီး တောင်းနဲ့ခေါင်းပေါ်ရွက် တအိမ်ဆင်းတအိမ်တက် လည်ရောင်းပါတယ်။ ဈေးနှုန်းကအတော်လေးကွာတော့ အမေကတော့ အရေးကြီးလှမှ ၀ယ်ပါတယ်။ ချဉ်ပေါင်ရွက်တစည်းကို ၂ ကျပ်လောက်အိမ်ရှေ့မှာပေးဝယ်ရရင် ဈေးမှာဆို ၁၀ဖိုး ၁၅ စည်းလောက်ရပါတယ်။ အပိုဆိုတာ ၂စည်း ၃စည်းပေးလိုက်သေးတယ်။ ငရုပ်သီးစီမ်း၂ကျပ်ဖိုးဆို လက်တဆုပ်စာလောက်ရတဲ့ဟာက ဈေးမှာဆို ၅ကျပ်ဖိုးလောက်ဝယ်ရင် သုံးပေတော့။ သံပုရာသီး၊ ဒညင်းသီးဆို တောင်ပုံရာပုံပေါလှတယ်။ ဒါပေမယ့်လည်း ဟင်းအိုးတည်နေရင် လိုလာတာမျိုးဆိုရင်တော့ ခေါင်းရွက်ဈေးသည်ဆီမှာ ၀ယ်ရပါတယ်။ တချို့ကတော့ ဈေးသွားမည့်သူမရှိတာ၊ သွားမ၀ယ်ချင်တဲ့အိမ်တွေကတော့ ခေါင်းရွက်ဈေးသည်တွေကို ကန်ထရိုက်ဆွဲထားတတ်ပါတယ်။ သူတို့ဖောက်သည်အိမ်ဆို ဈေးသည်တွေက ပါလာတဲ့ ထမင်းထုပ်ဖြေစားရင်း၊ ဖက်ဆေးလိပ်လေးသောက်ရင်း တမေ့တမော ဈေးရောင်းတတ်ပါတယ်။ အဲဒီဈေးသည်တွေကလည်း ဧရာဝတီမြစ်တလျှောက်ရွာတွေကနေ လှေနဲ့လိုက်လာကြပါတယ်။ သူတို့မှာ တောင်းအခွံနဲ့ ထမင်းထုပ်လေးတွေပဲ ပါတတ်ပါတယ်။ အဲဒီကနေမှ ဈေးကို ဖောက်သည်သွားယူပြီး မြို့ထဲမှာ လှည့်လည်ရောင်းချပါတယ်။ နေအတော်မြင့်ရင်တော့ သူတို့လိုတာလေးတွေ မြို့ကနေ၀ယ်ပြီး သူတို့ရွာလေးဆီ ပြန်သွားကြရင်း တနေ့စာ ၀မ်းရေးကို ဖြေရှင်းကြပါတယ်။ မနက် ၃နာရီ ပတ်ဝန်းကျင်ဆို ကျွန်မတို့မြို့လေးဆီလာနေတဲ့ စက်ဘီးသံ၊ ဆိုက်ကားသံတွေကို တောလမ်းဖက်ဆီမှာ ကြားနိုင်ပါတယ်။ တချို့ဆိုရင် ခပ်မှောင်မှောင်လရောင်အောက်မှာ ရှေ့နောက်အထုပ်ကြီး၊ အထုပ်ငယ်အသွယ်သွယ်တင်ပြီး သီချင်းလေးတောင်ညည်းလာတာတွေ တွေ့ရပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။


အမေကတော့ ငရုပ်သီးပေါ်ချိန်၊ သရက်သီးပေါ်ချိန်ဆို အဲဒီဈေးသည်တွေနဲ့ သူတို့ရွာကမှာလိုက်တယ်။ ဈေးလည်း အတော်ချိုတယ်လေ။ ပင်ရင်းကရသလိုဆိုတော့ များများဝယ်ပြီး တနှစ်စာအခြောက်လှမ်းထားတတ်တယ်။ ငယ်ငယ်ကဆို ငရုတ်သီးထောင်းစားချင်ရင် အမေလှမ်းတဲ့ ငရုတ်သီးမှည့် နီနီရဲရဲတွေထဲက ပြေးယူပြီး ထောင်းစားရတာ အတော်ကောင်းပါတယ်။ သူတို့ရွာတွေက လက်ပံကောင်းခြောက်လည်း မှာလို့ရပါတယ်။ လက်ပံပွင့်ကို အခြောက်လှမ်းထားပြီး ၁၆ ပြည်ဆန့်တဲ့တစ်တင်းမှ ၄၀ ကျပ်လောက်ပေးရတာပါ။ လက်ပံခေါင်းခြောက်ကို ပုန်းရည်ကြီး၊ ၀က်သား၊ မျှစ်ခြောက်၊ ပဲပင်ချဉ်လေးနဲ့ရောပြီးချက်ရင်တော့ ထမင်းစားလို့ကောင်းပြီပေါ့နော်။ အဲဒီဈေးသည်တွေဆီကနေ ပျားရည်စစ်စစ်လည်း မှာလို့ရသဗျ။ သရက်သီးခြောက်၊ မျှစ်ခြောက်၊ လက်ပံပွင့်ခြောက်တွေကို များများဝယ်ထားတာက မိုးရာသီဆို အတော်အသုံးဝင်တာကိုး။

နောက်တမျိုးက နေ့လည်ခင်းဆိုရင် ရွာတွေက လာရောင်းတဲ့ဈေးသည်တွေပါ။ သူတို့ကလည်း ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ သမုန်းရွက်၊ သမုန်းဖူး၊ ကင်းမုံရွက်၊ ကင်းမုံသီး၊ ကင်းမုန်ချဉ်၊ ငှက်ပျော်ဖူး၊ အဝေရာရွက်၊ မြင်းခွာရွက်စတာတွေ ရောင်းပါတယ်။ တောကန်းစွန်းခေါ်တဲ့ အညိုရောင်အရိုးနဲ့ ကန်းစွန်းရွက်ညွန့်လေးတွေက ချဉ်ဟင်းချက်ရင် ပိုကောင်းတယ်လို့ အမေကပြောပါတယ်။ သူတို့ဆီက စကောတချပ်နဲ့ ချဉ်ဟင်းချက်ဖို့ အရွက်စုံထည့်ပါဆိုရင် ၁၀ ဖိုးဆို တအိမ်လုံးစားပေတော့။ မြင်းခွာရွက်တွေက ပြောင်းခင်းတောမှာ အတော်ပေါဆိုပဲ။ မြင်းခွာရွက်သုပ်လေးလည်း စားရရင်သိပ်ကောင်းလှပါတယ်။ ကင်းမုန်ရွက်၊ ကင်းမုန်သီး၊ မန်ကျည်းရွက်လေးနဲ့သိပ်ထားတဲ့ ကင်းမုန်းချဉ်ကိုလည်း ငါးပိနဲ့ကြော်လိုက်ရင် စားလို့မြိန်တဲ့ ဟင်းတခွက်ရပါတယ်။


ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

ရွာကို အလည်သွားရင်တော့ အဒေါ်က မျှစ်စိမ်းဆန်ဟင်းအိုး တည်ထားတယ်။ အိမ်နားက ကလေးတွေနဲ့ တောထဲလိုက်သွားမယ်ဆိုပြီး အဒေါ့်ဟင်းအိုးအတွက် ဟင်းရွက်ခူးပေးခဲ့ဖူးတယ်။ အတင်းလိုက်ချင်နေလိုက်သွားဆိုပြီး ခွင့်ပြုချက်ရလို့ကတော့ ပျော်လိုက်တာ ပြောမနေနဲ့တော့။ ခြင်းတောင်းတလုံးဆွဲပြီး လိုက်သွား။ ဟိုရောက်ရင် အရွက်တွေပေါလိုက်တာ။ ကုလားပဲရွက်၊ ရေနဒေါင်းရွက်၊ ပီလောရွက်၊ ကန်းစွန်းရွက်၊ ပဲရွက်၊ ပဲသီးနုနု။ ဖရုံရွက်၊ ဖရုံသီးနု၊ ခရဲသီးနုစတာတွေပေါ့။ ရွာကန်သင်းက ဆူးပုပ်ရွက်လေးရယ်၊ ပီလောရွက်၊ ကန်စွန်းညွန့်လေးကို ရေဆေးပြီး မျှစ်စိမ်းဆန်ဟင်းအိုးထဲထည့်လိုက်လို့ကတော့ ဟင်းချိုအတွက် ပြောစရာမလိုတော့ဘူး။ ချဉ်ပေါင်သီးကို မြေပဲဆန်လေးနဲ့ထောင်း၊ ငါးပိကောင်ကြော်လေးနဲ့ ဟင်းချိုသာရောပြီး လွေးလိုက်ရရင် ဆွေမျိုးမေ့သွားမလားနော်။ အဒေါ်တို့အိမ်ဝန်းထဲက တမာရွက်ကလည်း သိပ်မခါးလှဘူး။ တရွာလုံးက အဲဒီအပင်ကို စားတမာပင်လို့ သတ်မှတ်ပြီး စားကြတယ်။ တခါတလေ တမာရွက်တို့လေးနဲ့ ငပိရည်ဖျော်လေးလည်း လွမ်းမိပါတယ်။ ပဲပိစပ်ကနေလုပ်ထားတဲ့ ပဲပုပ်ပြားကလည်း အဒေါ်တို့ရွာဖက်က အများဆုံးထွက်တာပါ။ ကြက်သွန်ဖြူတောင့်တွေနဲ့ရောလုပ်ထားတဲ့ ပဲပုပ်ပြားကို ကြော်စား၊ မီးကင်စား ကြိုက်သလိုစားလို့ကောင်းပါတယ်။ ကျောင်းသွားတက်ရင် ပဲပုပ်ပြားတွေကို ငရုပ်သီးနဲ့ကြွပ်နေအောင်ကြော်ပြီး လာပို့ပေးတဲ့အဒေါ်ကိုလည်း သတိမိပါတယ်။ မျှစ်စိမ်း၊ မျှစ်ဆူးထိုးဆိုတာတွေကလည်း ကျွန်မတို့မြို့ကို အနယ်နယ်ကတင်သွင်းတဲ့အထဲမှာ အဒေါ်တို့ဆီကလာတဲ့မျှစ်ကမှ အရသာလေးလေးပင်ပင်ရှိတယ်တဲ့။

ပဲရှည်သီးလို့ခေါ်တဲ့ ပဲလင်းမြွေသီး၊ ခ၀ဲသီး၊ ကဆစ်သီးဆိုတာတွေကလည်း ရွာမှာတော့ အတော်ပေါပါတယ်။ ကားလမ်းဘေးရွာတွေမှာဆိုရင် ပန်းမုံလာပွင့်တွေရောင်းနေတာ အလကားပေးနေသလိုပါပဲ။ မြို့ဖက်ကလူတွေဖြတ်သွားကြရင် ကားတွေရပ်ပြီး ၀ယ်ကြတာ အလုအယက်ပါ။ ကျွန်မတို့အိမ်ကတော့ ၀ယ်မစားရတာများပါတယ်။ လူကြုံတိုင်းထည့်ပေးတတ်တဲ့ အဒေါ်လက်ဆောင်တွေနဲ့တင် အိမ်နားနီးချင်းတွေပါ ပေးလို့ရပါတယ်။ တခါတလေ တနဲရည်လို့ခေါ်တဲ့ ထန်းလျက်မလုပ်ခင် သကာရည်ကိုလည်း ပို့ပေးလို့စားရပါတယ်။ ပေါက်ပေါက်ခပ်ထားတဲ့ ပေါက်ပေါက်ထန်းလျက်၊ ဇီးထန်းလျက်ကလည်း အိမ်မှာမပြတ်ပါဘူး။ ပြတ်ရင်လည်း အမေမှာ ၀ယ်ရတာပါ။ အိမ်က မောင်လေးက ထန်းလျက်ကို ဟိုဖက်ပါးစောင် ဒီဖက်ပါးစောင်အပြည့်စားတတ်တယ်။ သူက ထန်းလျက်မရှိရင် အမေ့ကို ဂျီကျတတ်လို့ အမြဲမပြတ်ဆောင်ထားရပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။

ကျွန်မတို့မြို့ကို နောက်လွမ်းစရာတခုကတော့ မွှေးကြိုင်လှတဲ့ သနပ်ခါးပါ။ သနပ်ခါးဆိုရင် အစွဲကြီးတယ်ပြောပြော မြို့ကသနပ်ခါးမှလိမ်းတတ်ပါတယ်။ အပွေးကောင်းမှ အဖြူမျိုးမှဆိုပြီးလည်း ကျွန်မက ရှာဖွေဝယ်တတ်ပါတယ်။ သနပ်ခါးကိုတော့ ကြည့်လိုက်တာနဲ့ ကောင်းမကောင်းတန်းသိပါတယ်။ မြို့လယ်မှာ အရင်က ဘုန်းကြီးကျောင်းဝိုင်းအဟောင်းတခုရှိတယ်။ ခုတော့ သနပ်ခါးပွဲရုံဝိုင်းဖြစ်သွားပါပြီ။ အလည်လာတဲ့ဧည့်သည်တွေ၊ တခြားမြို့ကို လက်ဆောင်ပေးမယ်ဆိုရင် အဲဒီမှာ သွားဝယ်လို့ရပါတယ်။ မွှေးလားဆိုတာ ကျောက်ပျဉ်လေးတွေနဲ့သွေးပြတတ်တယ်။ သနပ်ခါးအ၀ါမျိုးကို တချို့ကတော့ ကြိုက်ပါတယ်။ ကျွန်မကတော့ လိမ်းပြီးနည်းနည်းကြာရင် အရောင်မဲသွားလို့ အ၀ါမျိုးကို မကြိုက်ပါဘူး။ အိမ်ရှေ့ကိုလာရောင်းတဲ့တောသည်တွေဆီကနေ ကျောက်ကုန်းသနပ်ခါးဆိုတာလေးတွေ ၀ယ်လို့ရပါတယ်။ သူတို့ရွာတွေမှာ ယာခင်းကျောက်ကုန်းမြေတွေမှာ အလေ့ကျပေါက်တဲ့ ကုန်းသနပ်ခါးကျစ်ကျစ်လေးတွေက သိပ်မွှေးတာ။ ပိုင်ရှင်မရှိပဲ အလေ့ကျပေါက်တာဆိုတော့ လိုက်ရှာတူးပြီး ရောင်းချပါတယ်။ များသောအားဖြင့်မြေတွင်းက တူးယူရပါတယ်။ အဲဒီသနပ်ခါးတုံးအကျစ်တွေ ပိုမွှေးတော့ အမေက တောသည်တွေဆီက ၀ယ်ဝယ်ထားပါတယ်။ အမေက ၀ယ်ထားလိုက်၊ ကျွန်မက ကျောင်းကိုသယ်သွားလိုက်ပေါ့နော်။ ကျွန်မဒီကိုသွားမယ်ဆိုတော့ “အမေတို့လာရင် သနပ်ခါးတုံးယူခဲ့ပါ။ ယူသွားချင်လို့“ လို့ပြောမိပါတယ်။ အစ်ကိုတွေဝယ်ပေးလိုက်တာဆိုပြီး တတောင်ထွာလောက်ရှိတဲ့ သနပ်ခါး၁၀တုံးသယ်ချလာလို့ ရန်ကုန်က ဆရာမတွေဆီ ပြေးကန်တော့ခဲ့ရပါတယ်။ “အကုန်သယ်သွားပါအေ“ လုပ်နေလို့ အမေ့ကို မနည်းပြောခဲ့ရတာမှတ်မိပါတယ်။

နေ့လည်စာကို ဆူးပုပ်ရွက်ပဲလေးဟင်းချို၊ ငါးပိကောင်ချက်၊ မျှစ်ထောင်းလေးနဲ့ မန်းကျည်းချဉ်သုပ်နဲ့ အမေက ပြင်ဆင်ပြီးရင် တခါလွေးကြပါတော့တယ်။ နေ့လည်စာပြီးရင်တော့ အမေပြုတ်ထားတဲ့ မြေပဲပြုတ်ပူပူလေးစားရတယ်။ ညနေ ၄ နာရီလောက်ဆို အမေက ညစာချက်ပြုတ်နေပြီ။ စောင်ခြုံထဲကနေ ဟင်းနံ့တွေရလို့ ဗိုက်ဆာလှပါပြီ။ ညနေဆိုရင်တော့ မျှစ်နဲ့ချဉ်ပေါင်ကို ငရုတ်သီးစိမ်းစပ်စပ်လေးချက်ရင်ချက်တယ်။ သရက်သီးခြောက်နဲ့ ၀က်သားလေးဖြစ်ဖြစ်။ မိုးတွေရွာနေတုန်း ဟိုအိမ်က ငါးပိကြော်နံ့၊ ဒီအိမ်က ချဉ်ပေါင်ချက်နံ့နဲ့ ကလေးတွေကတော့ ဗိုက်ဆာလို့ အမေ့နားသွားသွားချောင်းနေရပါတယ်။ တအိမ်နဲ့တအိမ်ကလည်း ဘာဟင်းချက်ကြလဲ၊ ဒို့တော့ ကျက်ပြီဆိုတာတဲ့ မေးကြ၊ ဖြေကြ၊ ဟင်းတွေဝေမျှစားကြတာတွေကို မိုးအေးအေးမှာ သတိရမိရင်း အညာဒေသရဲ့ နွေးထွေးလှိုက်လှဲမှုက ဘယ်နေရာနဲ့မှ တူနိုင်မယ်မထင်ဘူးလို့ တွေးမိပါတော့တယ်။

မဇနိ

Read more...

နာရေးကူညီတယ်ဆိုတာ

>> Wednesday, June 11, 2008

သူငယ်ချင်းတစ်ယောက်က လမ်းညွှန်လို့ နာရေးကူညီမှုအသင်းရဲ့ အင်တာနက်စာမျက်နှာကို ရောက်ခဲ့ပါတယ်။ အဲဒီကနေ နိုင်ငံကျော် ရုပ်ရှင်မင်းသားကျော်သူရဲ့ ခုတ်မယ်၊ ထစ်မယ်၊ ပါပါလှီးမယ် ဆောင်းပါးကိုဖတ်ပြီး အဖြစ်အပြက်လေးတစ်ခုကို သတိရလို့ ဒီပို့စ်ကိုရေးလိုက်တာပါ။

တစ်ခါတုန်းက ကျွန်တော်တို့မြို့လေးမှာ အမျိုးသမီးတစ်ယောက်ဆုံးပါးသွားတယ်။ အသေးစိတ်တော့ မသိတော့ပါဘူး။ သူက ဆုံးသွားတာရွာပြင်မှာပါ။ ရွာပြင်မှာသေတဲ့မသာ ရွာထဲမှာ မပြင်ရဘူး။ ရွာထဲမ၀င်ရဘူးဆိုတဲ့ ပြဿနာတွေဖြစ်လာတယ်။ ကောင်မလေးကလည်း ဈေးသည်တစ်ယောက်ဖြစ်တော့ သူ့မိသားစုက သူရောင်းနေကျ ဈေးဆိုင်လေးမှာ အလောင်းပြင်ဖို့စီစဉ်ကြတယ်။ ဈေးသူဈေးသားတွေက ဈေးထဲကိုတောင် မသွင်းရဘူး လို့ပြောကြသေးတယ်။

သေသွားတဲ့ ကောင်မလေးရဲ့ ယောက္ခမကလည်း ဘာအယူမှ ရှိတာမဟုတ်ဘူး။ ဒဲ့ဒိုးသမားကြီး။ အပြောကလည်း ပက်စက်တယ်။ သူပြောတဲ့စကားက မှတ်သားလောက်ပါတယ်။

"နွားသေကောင်၊ ဆိတ်သေကောင်၊ ကြက်သေကောင်၊ ၀က်သေကောင် အသေကောင်မျိုးစုံ အ၀င်ခံနေတဲ့ဈေးက၊ လူသေကောင်မ၀င်ရဘူးဆိုတော့ လူက အဲဒီကောင်တွေထက် နိမ့်ကျနေလို့လား။"

အဲလိုဆိုတော့ လူတစ်ယောက်ကထပ်ပြောတယ်။ "ခင်ဗျားအိမ်ထဲသွင်းပါလားတဲ့"

အထက်ကလူပြန်ပြောလိုက်တာက "ကျုပ်ချွေးမ အလောင်းကိုဗျာ ရွာကသာ ခွင့်ပြုရင် ကျုပ်က အိမ်ဝိုင်းထဲမှာတင် မြေမြုပ်တယ်။"

နောက်ဆုံးတော့လည်း အ၀င်ခံလိုက်ရပါတယ်။ ဈေးထဲက သူမရောင်းနေကျ ဈေးဆိုင်လေးမှာပဲ အသုဘကို ပြင်ဆင်ပြီး ကိစ္စပြီးသွားပါတယ်။

ကျွန်တော်တို့ မြန်မာတွေများ ဗုဒ္ဒဘာသာလို့ ကိုယ့်ကိုကိုယ် ခံယူထားပြီး။ ဘုရာဟောထားတဲ့ မင်္ဂလာတရားတော်တွေကို မေ့နေကြတယ်။ လောကီမင်္ဂလာတွေကို လိုက်စားပြီး အယူသည်းကြတယ်။ ဆွေမျိုးသားချင်းသေလို့ ပူဆွေး၊ ဒုက္ခရောက်နေကြတဲ့ မိသားစုကို ကူညီဖို့ အားပေးရမယ့်အစား အနှောက် အယှက်ပေးသလိုတွေဖြစ်နေကြတယ်။

နာရေးကူညီတဲ့ အလုပ်ကို တချို့က မင်္ဂလာမရှိတဲ့အလုပ်၊ သုဘရာဇာအလုပ်လို့ ပြောချင်ကြတယ်။ အခုတော့ ကျော်သူလို နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လူအားငွေအားနဲ့ လုပ်ကိုင်ပေးနေတော့ အဲဒီအလုပ်အပေါ်မှာ လူတွေ ရှုမြင်ပုံပြောင်းလဲလာပါတယ်။ နာရေးကူညီလုပ်ဆောင်ပေးတဲ့ အလုပ်လည်း ဂုဏ်ရှိတာပါတယ်။ မင်္ဂလာရှိတယ်/ မရှိဘူးဆိုတာနဲ့ ပတ်သက်လို့လည်း ဆွေးနွေးတာတွေ ဆောင်းပါးရေးသားတာတွေ ဖြစ်လာတယ်ဆိုတော့ တစ်နိုင်ငံလုံးပြည်သူတွေကို အခန်းကဏ္ဍတစ်ခုအတွက် အမြင်မှန်စေဖို့ လမ်းညွှန်အဖွဲ့တစ်ခုသဖွယ်လည်း ဖြစ်လာတယ်လို့ ထင်မိပါတယ်။

နာရေးကူညီမှုအသင်း စာမျက်နှာ http://www.ffssyangon.com/ ကိုလည်း အလည်သွားကြပါဦး။
ကျော်သူရေးတဲ့ ဆောင်းပါးလေးကိုလည်း http://www.ffssyangon.com/images/u-kyaw-thu.pdf အားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

Read more...

ဖတ်လို့ကောင်းရင် ပြီးတာပဲ..

>> Tuesday, June 10, 2008


ဖတ်လို့ကောင်းရင် ပြီးတာပဲ..


ဟဲဟဲ..ဒီလိုပဲဗျ၊ ခင်ဗျာတို့ကြုံဖူးရဲ့လားတော့ မသိဘူး။ ကြုံဖူးတာ မကြုံဖူးတာကို နောက်မှ ပြောပြပေါ့နော။ ကျွန်တော်အရင်ပြောပြမယ်။ ကျွန်တော့်ရဲ့မဇနိပါ။ မဇနိက အလွန်အချစ်စမ်းတာဗျ။ အခုပဲ စကားပြောနေရင်း ဘလော့(ဂ်)မှာ post အသစ်ရေးရမတဲ့။ ဒါမှ စိတ်ဆိုးပြေမတဲ့။ ဘာအကြောင်းရေးရမှာလဲဆိုတော့ ဖတ်ကောင်းရင် ပြီးတာပဲတဲ့။ အခုချက်ချင်းရေးရမယ်တဲ့။ ဘာရမလဲ ကျနော်ကလည်း စိတ်ဆိုးပြေပြီးတာပဲဆိုပြီး ချရေးတော့တာ။ ဖတ်ကြပါဦး။ ပြီးရင် ဖတ်လို့ကောင်းတယ်လို့လည်း ပြောဦးနော်.. သူက ဖတ်လို့ကောင်းရင်ပြီးတာပဲဆိုတော့ ဖတ်လို့ကောင်းတယ်ဟ ဆိုပြီး ထောက်ခံပေးတဲ့သူတွေရှိမှ ရမှာကိုး။


တကယ်တော့ သူက စိတ်မြန်လက်မြန်နဲ့သူဆိုတော့ ငယ်ငယ်ကတည်းက တစ်ခုခုဆို ၀ုန်းထိုင်းဆိုလုပ်တတ်တယ်။ တခုခုဆိုလည်း စိတ်ထဲရှိရင် ဖြစ်အောင် လုပ်လေ့ရှိတယ်။ သူ့အမေက ပြောသတဲ့။ သမီးနော် နင်တော့ ငါမနိုင်ရင် နိုင်တဲ့သူတော့ ပေါ်ဦးမှာပါတဲ့။ ကျနော်နဲ့တွေ့တော့ သူကပြောတာ။ အခုတော့ အမေပြောတဲ့ နိုင်တဲ့သူပေါ်ပြီတဲ့။ ဘယ်ဟုတ်မလဲဗျာ။ အခု သူက ကျနော့်ကို နိုင်တာလေ။ အခုချက်ချင်း post အသစ်ရေးရမတဲ့။ ကျနော်လည်း ရေးပါတယ်။ စိတ်ထဲကနေ အေးပါဗျာ နောက်ကျလည်း မဇနိကို နိုင်တဲ့သူ ပေါ်ဦးမှာပါလို့ ပြောနေတော့တာပေါ့။

ဒီလိုစူပုတ်နေပြီး သူ့ကိုနိုင်တဲ့ သမီးလေးရလာဦးမှာပါ။


သူနဲ့ကျနော်ဆိုတာက တမြို့တည်းက အတူတူ ၁၀ တန်းအောင်၊ ပြီး တက္ကသိုလ်အတူတူ တက်လာတဲ့သူတွေပါ။ ပြောရရင်တော့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေပါ။ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကနေ ပိုခင်တွယ်လာတော့ တဒေါက်ဒေါက် အခေါက်ခံရတဲ့ ဘ၀ကိုရောက်တော့တာပါပဲ။ လက်ညှိုးကလေးများ ကွေးထာရင် အရောင်တွေ ထွက်လို့ပေါ။ နဖူးကို တကယ်မခေါက်ပါဘူး။ ချစ်စနိုးနဲ့သာ လက်ဟန်ပြပြီးကျီစယ်တာပါ။

သူနဲ့ကျနော့်ကြားက ရီစရာတွေ ပြောပြပါဦးမယ်။ ကျနော်ဆိုတဲ့ ကောင်က အိပ်ချင်နေလို့ကတော့ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ရသလို အိပ်တတ်ပါတယ်။ တခါက ကျနော်ရယ်၊သူရယ် ခရီးအတူသွား၊ အဝေးပြေးလိုင်းကားအတူစီးတော့ စကားတပြောပြောနဲ့ပေါ့။ ကျနော်က ညက ကောင်းကောင်းမအိပ်ခဲ့ရတော့ စကားပြောရင်း တ၀ါးဝါးသမ်းတာပေါ့။ အိပ်ချင်လည်း အိပ်လေတဲ့ မဇနိက။ ဘာရမလဲ ကျနော်ကလည်း ခွင့်ပြုမိန့်သာ ရလို့ကတော့ အိပ်ပြီးသားပဲ။ အိပ်လိုက်တာ ..အိပ်ရုံတင် ဘယ်ကမလဲ။ ဟောက်သေးတာ။ ခေါခလူးဆိုပြီး ချနေတာ။ ညနေ ၃ - ၄ နာရီလောက်ပဲ ရှိသေးတာ။ ရှေ့နောက် ဘေးဘယ်ညာက လူတွေကလည်း ကားပေါ်က ဗွီဒီယိုကြည့်နေရင်း ဘယ်က ခေါခလူးလဲဆိုပြီး လှဲ့ကြည့်။ သူ့ဘေးခုံမှာ ကျနော်က ဇာတ်ကြီး ကျိုးပြီး ခေါခလူးနဲ့ အိပ်နေတာလေ။ သူလည်း ရှက်ရှာမှာပေါ့။ ခေါခလူးကြီး ဘေးထားထိုင်နေရတာ။ သူနဲ့ မဆိုင်သလို လုပ်နေလို့ကလည်း မရဘူးလေ။ မအိပ်ခင်က ကျနော်တို့က စကားတပြောပြောကိုး။ ကျနော့်ဒဏ်တွေကို သူမ အဲသလိုလည်း ခံဖူးပါတယ်။

ကျနော့် ဒဏ်ကို သူခံရသလို သူဆိုးတဲ့ ဒဏ်တွေလည်း ခံရဘူးပါတယ်။ သူက ကျနော့်ကို စိတ်တွေဆိုးတဲ့တစ်နေ့ပေါ့။ ရန်ကုန်မှာ လိုင်းကားစီးတော့ သူကဗျာ စိတ်ဆိုးနေတော့ လမ်းတလျှောက်လုံး တိုးတိုးတိုးတိုးနဲ့ သွားအခုဆင်း၊ လိုက်မလာနဲ့၊ ကားပေါ်က ဆင်းဆိုပြီး တွန်းတွန်းလွှတ်ပါရော။ ခက်တော့တာပဲ။ ဘယ်လိုလုပ်ဆင်းရမလဲ။ တကယ်ဆင်းသွားရင်လည်း ဆင်းလို့ စိတ်ဆိုး၊ စိတ်ကောက်ဦးမယ်။ မဆင်းတော့လည်း ကျနော့်မှာ တတိုးတိုးနဲ့ အပြောခံရ။ သူဆိုးတဲ့ ဒဏ်တွေလည်း အဲသလို အဲသလို ခံရပါတယ်။

ဒီလို ပဲများများတွေလည်း သူနိုင်အောင် ထိန်းရဦးမှာ။

နောက်တစ်ခု ပြောရဦးမယ်။ သင်္ကြန်တွင်းခွင့်ရလို့ သူရော ကျနော်ရော ကိုယ့်မြို့ကို နှစ်ယောက်လုံးပြန်ရောက်တဲ့အချိန်။ သင်္ကြန်တွင်း အလည်အပတ်လည်း မထွက်ဖြစ်ပါဘူး။ မြို့တွင်းမှာ ရေပတ်နေကြတာဆိုတော့ ကိုယ့်အိမ်မှာပဲ နေကြတာပေါ့လေ။ တစ်နေ့ သူမက ရောက်လာပြီး ဦးဇောတိက ကျောင်းမှာ တရားနာသွားမတဲ့။ အိမ်ရောက်လာပါရော။ သူခေါ်တော့လည်း ကျနော်လည်း လိုက်တာပေါ့။ ဘုန်းကြီးကျောင်းက ခပ်ကျယ်ကျယ်ရယ်၊ ပရိတ်သတ်များတော့ ဘုန်းကြီးက မိုက်ကရိုဖုန်းနဲ့၊ စပိကာတွေနဲ့ ဟောတာ။ တရားနာပရိတ်သတ်ကလည်း ခပ်များများဆိုတော့ ကျောင်းမကြီးထဲမသွားဘဲ၊ လေတဟူးဟူးတိုက်တဲ့ ကျောင်းဆောင်လေးမှာ ဘုန်းကြီးဟောတဲ့တရားကို နာရတာပေါ့လေ။ အဲ တရားနာက ပြန်၊ အိမ်ရောက် ညနေကျ ကျနော်ဖျားပါလေရောဗျာ။ ချွေးအအေးပတ်တာလားမသိပါဘူး။ တကတည်း ကျော်မကောင်းကြားမကောင်း၊ တရားနာ တခါလိုက်သွားပါတယ်၊ ဖျားပြန်လာသတဲ့။ တိတ်တိတ်နေရတာပေါ့။ အိမ်က ညီမက အကိုနေမကောင်းရှာတာဆိုတော့ ဆေးတွေတိုက်ပြီး၊ ညောင်းတယ်ဆိုတော့ နင်းနှိပ်ပေးပါတယ်။ ကိုယ့်လည်း အသာလေးငြိမ်ခံရတာပေါ့။ အဲ အမေကဗျာ နင့်အကိုလေ တရားနာလိုက်သွားတာ ဖျားပါလေရောတဲ့ စကားမစပ်ဝင်ပြောပါလေရော။ ဘယ်သူနဲ့သွားတာတုန်းတဲ့။ မဇနိနဲ့ပေါ့ဆိုတော့ ဒီလိုဘူးထလို့ ဖျားတာကတော့ သေသေဗျာတဲ့ နင်းနှိပ်မပေးဘူးတဲ့။ အဲသလို တရားနာတခါလိုက်သွား တခါမှတ်စရာဖြစ်အောင်လည်း ကျန်ခဲ့ဖူးတယ်ဗျ။

ကဲဗျာ စာကတော့ ဒါလောက်ပဲဗျို့။ ဖတ်ကောင်းတယ်လို့လည်း ပြောကြဦး။ ဘာကြောင့်မှန်းမသိတဲ့ စိတ်ကောက်က ဖတ်ကောင်းတယ်ဆိုမှ ပြေမှာကိုး။ အချိန်ကုန်ခံပြီး ဖတ်တဲ့အတွက်လည်း ကျေဇူးတင်ပါတယ်။

Read more...

အိုက်ဒီယာများ ပေါလွန်လွန်းလို့


အိုက်ဒီယာများ ပေါလွန်လွန်းလို့

ကျနော်တို့သူငယ်ချင်း ကိုလူအေးကြီး သူ့ဌာနမှာ ဆရာများစွာနဲ့ အလုပ်လုပ်နေရတော့ သူဒုက္ခရောက်တာကို ပြောပြတာကို ဝေမျှလိုက်ပါတယ်။

ဒီနေ့ ငါစာထိုင်လုပ်နေတုန်း အခန်းထဲကို တစ်ခြား Lab က ပရော်ဖက်ဆာတစ်ယောက်လာတော့.. ပရော်ဖက်ဆာဆရာမကြီးက ငါ့အကြောင်းသူ့ကို.. ဟာသလေးနဲ့ပြောပြတယ်....
ရုရှားခရီးသွားအဖွဲ့က မွန်ဂိုတွေဆီယောက်တော့ တည်းတဲ့အိမ်ကလူက ရုရှားတွေက ပညာတတ်တွေဆိုတော့ အကူအညီတောင်းတယ်။ ဒီလိုဗျာ.. ကျွန်တော့အိပ်ရှေ့က ရေအိုးအကြီးကြီးထဲမှာ အိမ်ကကြက်တွေ ကျကျသေလို့။ ဘယ်လုပ်ရင်ကောင်းမလဲဆိုတော့... ရုရှားတွေတိုင်ပင်ပြီး အိမ်ရှင်ကိုပြောသတဲ့။ အိုးအဖုံးကို သုံးနားညီတြိဂံပုံလုပ်ဖုံးပေါ့နော်။ အိမ်ရှင်ကလည်း လုပ်ပြီးဖုံးလိုက်တယ်။ မနက်လင်းတော့ ကြက်နှစ်ကောင်က အဲဒီထဲမှာ ဂန့်နေပြန်ရောတဲ့။
အဲဒါနဲ့ရုရှားတွေက တိုင်ပင်ပြီး အိုးအဖုံးကို စတုဂံပုံလုပ်ဖုံးလို့ပြောတော့ လုပ်ပြီးဖုံးလိုက်သတဲ့။ နောက်နေမနက်မှာ သုံးကောင်အထဲရောက်နေသတဲ့။
အဲဒါနဲ့ရုရှားတွေတိုင်ပင်ပြီး အိုးအဖုံးကို ဆဌဂံပုံလုပ်ဖုံးလို့ပြောလို့လုပ်ဖုံးလိုက်သတဲ့။ မနက်လင်းတော့ နောက်ဆုံးကျန်တဲ့နှစ်ကောင် အထဲမှာ ဂန့်နေပြန်ရောတဲ့။ အဲဒါနဲ့ အိမ်ရှင်ပြောသတဲ့ ကိုင်းကြက်တွေလည်းကုန်ပြီဗျာဆိုတော့။
ရုရှားတွေကပြန်ပြောသတဲ့... ဟာကွာ.. ဒို့မှာ အိုက်ဒီယာတွေအများကြီးကျန်သေးတယ်။ ကြက်တွေကကုန်ပြီလားတဲ့။

သူငယ်ချင်း ကိုလူအေးကြီးလည်း ဌာနက များစွာသော ပရော်ဖက်ဆာတွေရဲ့ အိုက်ဒီယာများစွာရဲ့ဒဏ်ကို ခံနိုင်ပါစေဗျာ။

Read more...

ရှေးရှေးကအကြွေး ပေးဖို့လိုသေးလို့လားတဲ့

>> Monday, June 9, 2008

ရှေးရှေးကအကြွေး ပေးဖို့လိုသေးလို့လားတဲ့

ကျွန်တော်တို့ဆီမှာဗျာ့။ နိုင်ဝတုတ်နဲ့ နိုင်အဖျင်းတဲ့ သားအဖ ၂ ယောက် ရှိတယ်။ သူတို့က မွန်လည်းမဟုတ်ကြဘဲနဲ့ နာမည်တွေက နိုင်တွေနဲ့စကြတယ်။ ထားပါတော့ အဲဒီသားအဖ ၂ ယောက်က ဒေါ်အေးချမ်းကို အကြွေးပေးစရာရှိတယ်တဲ့။ ဒေါ်အေးချမ်းတစ်ယောက်ကတော့ အေးအေးဆေးဆေးသမား ပါ။ စာပေနဲ့ တရားပဲ သူကအဓိက ၀ါသနာပါတယ်။ ဒါပေမယ့် သူ့ရပိုင်ခွင့်တော့ ပုံမှန်တောင်းတယ်။ ဒေါ်အေးချမ်းကတော့ သူ့ဝါသနာ သူ့အကျင့်တိုင်း အတင်းအကြပ်တွေဆိုတာ မလုပ်ပါဘူး။ တိုင်လားတောလားလည်းမလုပ်ဘူး။ သူတို့သာ ကိုယ်သိက္ခာကိုယ်လေးစားရင် အေးအေးဆေးဆေး တာဝန်သိသိပေးရမှာပေါ့တဲ့။


စောစောပိုင်းတုန်းကတော့ နိုင်ဝတုတ်က အချိန်ဆွဲဖို့ကြိုးစားသေးတယ်။ နောက်တော့လည်း ပေးရတော့မယ့် အနေထားရောက်လာရော။ အဲဒီတော့ နိုင်အဖျင်းကပြောတယ် အိမ်မှာ အဖေက စိတ်ကျန်းမာရေး မကောင်းတော့ဘူးတဲ့။ အားလုံးသူ့တာဝန်ဖြစ်သွားပြီတဲ့။ ဒါလည်းဒေါ်အေးချမ်းက အေးအေးဆေးဆေးပဲ တောင်းနေပါတယ်။ နောက်တော့ နိုင်ဝတုတ်က သေကိုသွားရော။ နိုင်အဖျင်း သတ်လိုက်တာလားလို့တောင် တစ်ချို့ကတွေးသေးတယ်။

အဲဒီနောက်ပိုင်း ဒေါ်အေးချမ်းကတောင်းတော့ အိမ်တွင်းပြဿနာတွေရှိနေလို့တဲ့ အကြောင်းပြတယ်။ နောက်နောက် အခေါက်တွေကျတော့ ဟိုးရှေးရှေးက အကြွေး လာတောင်းရမို့လားဆိုပြီး သူကတောင် ပြန်အော်ချင်သေးတယ်။ ခုတော့ပြောနေပြီ ဟိုးပဝေသဏီက အကြွေးမို့ တရားရေးနဲ့ မညီတော့ဘူးတဲ့။

ဒေါ်အေးချမ်းကလည်း စကားပြောကျတော့ အကောင်းသား။

ဒီမှာ နိုင်အဖျင်း ရှေးရှေးက အကြွေး တရားရေးနဲ့ မညီဘူးဆိုရလောက်အောင် မင်းအရှက်မမဲ့ပါနဲ့။ ဒီအကြွေး အချိန်ကြာလာတာ ဘယ်သူ့မှာတာဝန်ရှိလဲ။ ကြာနေတာကိုပဲ မင်းတို့ရှက်သင့်နေပြီ။ မင်းအဖေ ကတိပေးခဲ့တုန်းက မင်းလည်း အရွယ်ရှိနေပါပြီ။ မင်းတို့ပေးခဲ့တဲ့ ကတိနဲ့ တရားဥပဒေ ဘယ်လိုရှိလဲဆိုတာ မင်းကောင်းကောင်းသိပါတယ်။ အချိန်တွေ ဘယ်လောက်ကြာကြာ အလုပ်ဆိုတာ မလုပ်ပဲ မပြီးဘူး။ အကြွေးဆိုတာ မဆပ်ပဲ မကြေဘူး။ ဒီကြွေးတောင်းတဲ့ ဒဏ် မင်းမသေမချင်း ခံနေရမယ်။ မင်းသေသွားလည်း သံသရာ ကြွေးနဲ့ သေရမယ်။

ငါသေသွားလည်း ငါ့မျိုးဆက်က တောင်းနေမှာပဲ။ စိတ်ချ တို့ဘက်က ရပိုင်ခွင့်တွက် အကြမ်းမဖက်ရင်သာနေမယ် တောင်းမြဲတော့ တောင်းနေမှာပဲ။ အရှက်ကလေး နဲနဲရှိရင် မင်းလည်း တာဝန်ယူတတ်လာမှာပါ။

Read more...

တို့ဖြင့် ဘာမှတောင် မဘာရသေးဘူး…


တို့ဖြင့် ဘာမှတောင် မဘာရသေးဘူး…

ကျနော် ၅ တန်း၊ ၆ တန်းလောက်ကပေါ့… ကိုယ့်ထက်အတန်းကြီးတဲ့သူဆို ၁ တန်းလောက်ကြီးရင်ကို အသက်အတော်ကြီးတဲ့သူလို့ထင်တာပါ။ အဲဒီတုန်းက ၈-တန်းကျောင်းသားက မိန်းမခိုးပြေးတယ်လို့လည်း ကြားဖူးပါတယ်။ ပြီး ၈-တန်းကျောင်းသူတွေ ယောက်ျားနောက်လိုက်ပြေးတယ်လို့လည်း ကြားဖူးပါတယ်။ အော် ၈-တန်းကျောင်းသားဆိုတာ အတော်ကြီးနေပါပြီပဲလို့ တွေးမိပါတယ်။ ဒီလိုနဲ့ ကျနော် ၈-တန်းရောက်လာတော့ သူများတွေ မိန်းမခိုးသလို ခိုးချင်စိတ်လည်းမပေါ်သလို ခိုးရမယ့် အရွယ်လို့လည်း မတွေးမိပါဘူး။ ၈-တန်းအရွယ်ဟာ ကျနော့်အတွက် ကြီးလှတဲ့အရွယ်လို့ မခံစားမိပါဘူး။ စာကြိုးစားရမယ့်အရွယ်ပဲရှိသေးတယ် အိမ်ထောင်ပြုဖို့ အချိန်မကျသေးဘူးပေါ့။


အဲဒီ ၈-တန်းအချိန်လောက်မှာ ၁၀ တန်း ကျောင်းသားတွေက မိန်းမခိုးတာတွေ၊ ကျောင်းသူတွေက ခိုးရာလိုက်တာတွေ ကြားရပြန်ရော။ အော် ၁၀ တန်းလောက်ဆိုရင်တော့ အသက်က အတော်ကြီးပြီကိုးလို့ တွေးမိတာပါပဲ။ ကိုယ်တိုင် ဆယ်တန်းရောက်တော့လည်း မိန်းမယူရမယ့် အရွယ်လို့ မတွေးမိခဲ့ပြန်ပါဘူး။ ဒီလိုအချိန်မှာ ကျနော်မြင်မိကြားမိတာက တက္ကသိုလ် ပထမနှစ်တွေ၊ ဒုတိယနှစ်တွေအရွယ်ဆိုရင်တော့ အိမ်ထောင်ပြုကြတယ်ဆိုပေမယ့် တက္ကသိုလ်က ဘွဲ့ရသည်အထိလည်း ကျနော် အိမ်ထောင်ပြုဖို့ မစဉ်းစားမိပါဘူး။ ဒီလိုပဲ ကျောင်းတက်ရတာ သဘောကျလို့ မာစတာတန်းဆက်တက်၊ မာစတာပြီးတော့လည်း ကျောင်းတက်ရင်း လုပ်နေတဲ့အလုပ်ကထွက်မရသေးအတူတူတော့ အလုပ်မှာဖြင့် သူများနောက် မရောက်ရအောင် နောက်ဘွဲ့ထပ်ယူမှပဲဆိုပြီး ကျောင်းဆက်တက်ပြန်ပါတယ်။ ဒီလိုနဲ့ ကျနော့်အတွက် အိမ်ထောင်ပြုဖို့အချိန်က အခုထိမရောက်သေးပါဘူး။ မိမိကိုယ်ကိုလည်း အသက်အရွယ်အတော်ရလာပေမယ့် ငယ်တုန်းရွယ်တုန်းလို့ပဲ ထင်တာပါ။

အလားတူပါပဲ ငယ်ငယ်တုန်းက ဘောလုံးပွဲတွေကြည့်တော့ အောင်မြင်တဲ့ဘောလုံးသမားတွေကို အသက်အရွယ် အတော်ကြီးတဲ့ သူတွေပဲလို့တွေးထင်ထားတာပါ။ ကျနော်လည်း တဖြည်းဖြည်းအသက်ကြီးလာတော့ ဟေး ငါနဲ့ ရွယ်တူတွေ ကမ္ဘာကျော်နေတာပါ့လားဆိုပြီး တွေ့လာရပြန်ပါတယ်။ အခုဆိုရင်တော့ ကျနော့်ထက်ငယ်တဲ့သူတွေက ကမ္ဘာကျော်နေကြပါပြီ။ ကျနော့်အခုအသက်ကို နောက် ၂ နှစ် ၃ နှစ် ပေါင်းလိုက်ရင် ကမ္ဘာ့ဘောလုံးလောကမှာ နာမည်ကြီးတွေ နာမည်ကျပြီး ချွတ်တိချွတ်ခြောက် အသင်းတွေကို ပြောင်းပြီး ဘောလုံးကန်ကျတဲ့အရွယ်ပါ။ ကျနော်ကတော့ ဘောလုံးစကားနဲ့ပြောရရင် မကန်ရသေးဘဲနဲ့ ခြေကအတော်ကျနေပါပြီ။

ကျနော့် ယောက်ျားလေးသူငယ်ချင်း တစ်ချို့လည်း အခုထိ အချိန်တွေမကျသေးပါဘူး။ တချို့တွေကတော့ ဇွတ်ရော အတင်းရော အချိန်တွေကျပြီး အိမ်ထောင်တွေပြုကုန်ပါပြီ။ အပျိုကြီးဖြစ်နေတဲ့ သူငယ်ချင်းမတစ်ချို့လည်း ကျောင်းတွေကို ရေကုန်ရေခမ်းတက်၊ အချိန်ကျသင့်ပြီလို့ သတိထားမိလိုက်တဲ့အချိန်မှာ ဘေးမှာ အဆင်သင့်လက်တွဲဖက်မရှိသေးတာ သတိရကြပါတယ်။ အိမ်ထောင်ဖက်ဆိုတာက ဈေးသွား၊ ခေါင်းခေါက်ပြီး လွယ်လွယ်ဝယ်လို့ကလည်း မရ၊ ဒီအချိန်ကျမှ ဘာလုပ်ရမှန်းက မသိ။ မထူးပါဘူး အပျိုကြီးလုပ်ပစ်မယ်လို့ကလည်း ရက်ရက်စက်စက် မတွေးဝံ့ပါဘူး။ အခွင့်အလမ်းလေးက နည်းနည်းပါးပါး ရချင်ရလာဦးမှာလေ။ လောကကြီး ဖြစ်ချင်ရာ ဖြစ်တာ။ ဘယ်သူပြောနိုင်တာမှတ်လို့နော ဆိုပြီး အားတွေပြန်တင်းတဲ့သူတွေလည်း တင်းလို့နေကြမှာပေါ့။

ငယ်ငယ်တုန်းက ကြားဖူးတာလေးတစ်ခုကို သွားသတိရမိပါတယ်။ အသက် ၄၀ လောက်ရှိတဲ့ အပျိုကြီးတစ်ယောက်က အိမ်အလုပ်တွေကို ဦးစီးပြီးလုပ်ကိုင်နေရတာနဲ့ အိမ်ထောင်ပြုဖို့လည်း စဉ်းစားမိပုံမပေါ်ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ၁၀-တန်းတောင် မအောင်သေးတဲ့ သူ့တူလေးက မိန်းမခိုးပြေးတော့ သူကပြောသတဲ့။ အောင်မလေးနော် အခုခေတ်ကလေးတွေများ အတော်ဆိုးနေပါလား။ တို့တော့ အခုထိတောင် ဘာမှ မဘာရသေးဘူး တဲ့။

မွေးနေ့မှာ ဖယောင်းတိုင် အကြီးကြီး သုံးတိုင်လောက်ထွန်းရတော့မယ့် အခုအရွယ်အထိ ဘာမှ မဘာရသေးတဲ့ သူငယ်ချင်းအပေါင်းအသင်းရောင်းရင်းမိတ်ဆွေများ(အမျိုးသားများရော၊ အမျိုးသမီးများပါ) ဖယောင်းတိုင် သုံးတိုင်ဆိုတာ ဘ၀အတွက် ဆုံးဖြတ်ချက်တစ်ခုခုချရတော့မယ့် ခရစ်တီကယ်ပွိုင့်ကို ရောက်နေပြီးနော်လို့ သတိပေးတာဖြစ်ကြောင်း အသိပေးလိုက်ပါတယ်ဗျာ။

Read more...

နတ်သမီးသို့တမ်းချင်း (သို့) မိုးရာသီအလွမ်း

>> Saturday, June 7, 2008

ကြယ်စင်ကိုစီးပြီး
နှုတ်မဆက်ပဲ
ကျွန်တော့ဘ၀ထဲက
အပြီးထွက်သွားတဲ့ နတ်သမီး…

မိုးရာသီနဲ့ ရင်းနှီးသလောက်
မိုချုန်းတာကို ကြောက်တတ်တဲ့
ကျွန်တော့်ဘ၀ရဲ့ နတ်သမီး…
တကယ်ကို မနီးတော့ဘူးပေါ့နော်။

မိုးချုန်းသံတွေကြားတိုင်း
ကျွန်တော် ပြုံး-ပြုံးနေပေမယ့်
စိတ်ကူးထဲမှာတော့
စံပါယ်တွေ တ၀ုန်းဝုန်းကြွေ…
ရင်ဘက်ထဲမှာလည်း နုံးလို့နေပါတယ်။

ဒီလောက်မှောင်တာ
ဘယ်အခါမှာမှ မရှိခဲ့ဘူးလို့
လျှပ်စီးတွေက သက်သေထူတယ်။


ဒီမယ် “ကံဇာတ်ဆရာ”
အဲဒီဇာတ်ထုတ်ကို ကျုပ်မကချင်ဘူး…။
ကျွန်တော့်ရင်ထဲမှာ
နတ်သမီးကဘယ်တော့မှ မသေဘူး။

တစ်ခုမပေးရင် တစ်ခုမရတာ
လူ့ဘ၀တဲ့လား
ရတယ်လေ ဒီလိုဆိုလည်း…
ကျွန်တော်ရယူခဲ့ သမျှအောင်မြင်မှု့တွေပြန်ပေးပြီး
နတ်သမီးရဲ့အနားမှာ တစ်ဖ၀ါးမခွါပဲပြန်နေမယ်။


ကံဇာတ်ဆရာက
ဆေးလိမ်ရောင်းတဲ့ မှော်ဆရာလိုပါပဲ
မထုံတတေးနဲ့။

စိတ်ပေါက်ပေါက်နဲ့ “တောက်”ခေါက်
အသုံးမ၀င်တော့တဲ့ အိပ်မက်တွေပြန်ကောက်ထည့်
နောက်ပြန်လှည့်မရတဲ့ဘ၀မှာ
ရပ်နေလို့လည်းမရခဲ့ဘူး။

ခြေလှမ်းကျဲကျဲနဲ့
တွေ့သမျှကို ကျိမ်ဆဲ…
စိတ်ရိုင်းတွေကြီးစိုး
စီးချင်းထိုးဖို့ နတ်သိကြားတွေကိုတောင်
စိန်ခေါ်မိခဲ့တယ်။


ခရီးပန်းလို့မှေးစက်
အိပ်မက်မှာ
နတ်သမီးလက်နဲ့ ဖန်ဆင်းပေးတဲ့
သံစဉ်တေးတွေ
အခုတော့
ကျွန်တော့ရင်ခွင်လေးထဲမှာ
အမြဲရှင်သန်လို့ နေပါတယ်…၊

ကြွေကာဝဲတတ်တဲ့ အနိစံ္စတွေကိုလက်ခံ
လောကဓံလို့လည်း ဖြေပါတယ်
ကံဇာတ်ဆရာကိုလည်း ကျေပါတယ်……။

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP