ရူဒေါ့ဖီအို (ဗာလန်ကျင် ရပ်စ်ပူတင်)

>> Sunday, April 29, 2007

ရူဒေါ့ဖီအို
ဗာလန်ကျင် ရပ်စ်ပူတင်
မောင်ဖြူမြန်မာပြန်သည်။
စတွေ့ဖြစ်ခဲ့တာတော့ ဘတ်စ်ကားပေါ်မှာပေါ့။ ကောင်မလေးက သူ့ပခုံးကိုတွန်းလိုက်တယ်။ သူ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ကောင်မလေးက ကားတံခါးထွက်ပေါက်ကို ညွန်ပြရင်း သူ့ကိုပြောလိုက်တယ်။
- ရှင်ဆင်းရမယ့် မှတ်တိုင် ရောက်ပြီလေ။

အဲဒီအချိန်မှာ ကားကရပ်နေပြီ။ သူလဲ လူအုပ်တွေကြားက တိုးထွက်ရင်း ကောင်မလေးနောက်ကို တစ်ရှိန်ထိုးပြေးလိုက်ခဲ့ရတယ်။ ကောင်မလေးက တော်တော်ငယ်ပါသေးတယ်။ ရှိလှမှ ဆယ့်လေး-ငါးနှစ်ပေါ့၊ အဲဒီထက်တော့ မပိုပါဘူး။ ကောင်မလေးက သူ့မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လှည့်ကြည့်တယ်။ သူ့ဆီကကျေးဇူးတင်စကားကိုမျှော်နေတာပေါ့။

- ကျေးဇူးတင်ပါတယ်ကွာ၊ မင်းသာမပြောရင် မှတ်တိုင်ကျော်သွားတော့မှာ။

သူသိတာပေါ့၊ ကောင်မလေးက အဲဒီထက်ပိုပြီး မျှော်လင့်နေတယ်ဆိုတာကိုလေ။ သူက ထပ်ပြီး ဖြည့်စွက်ပြောတယ်။

- ဒီနေ့ကတော့ ငါ့အတွက် တော်တော်အဆင်မပြေတဲ့ နေ့ပါပဲကွာ၊ တစ်နေကုန်လဲ ပင်ပန်းနေတာ။ ည ၈နာရီမှာလဲ ဖုန်းချိန်းတစ်ခုရှိတယ်လေ။ မင်း ငါ့ကို ကောင်းကောင်းကြီးကို ကူညီလိုက်တာပါပဲကွာ။

ကောင်မလေးက ကျေနပ်သွားပုံရပါတယ်။ သူတို့ နှစ်ယောက်အတူတူ အလျင်စလို မောင်းနှင်နေကြတဲ့ကားတွေကို သတိထားကြည့်ရင်း လမ်းဖြတ်ကူးလာခဲ့ကြတယ်။ လမ်းပေါ်မှာက နှင်းတွေကျနေတယ်။ ကားရှေှ့မှန်မှာ ဖုန်သုတ်တံလေးအလုပ်လုပ်နေတာကိုသူသတိထားမိလိုက်တယ်။ ခုလိုနှင်းတွေကျလာပြီဆိုရင် ဘာကြောင့်ရယ်မသိ၊ သူ့စိတ်ထဲမှာ အိမ်ကို မပြန်ချင်တော့ဘူး။ သူက ကောင်မလေးဘက်ကို လှည့်ပြီး စကားပြောဖို့ စဉ်းစားလိုက်တယ်။ ဒီအတိုင်းဘာစကားမှ မပြောဘဲ ဆက်သွားနေဖို့မသင့်တော်တော့ဘူးလို့ သူထင်တယ်လေ။ တစ်ကယ်က သူလဲဘာပြောရမှန်းမသိပါဘူး။ ဘယ်လိုစကားမျိုး ပြောသင့် မပြောသင့် စဉ်းစားနေ ယုံရှိသေးတယ် ကောင်မလေးက စပြီးစကားပြောလာတယ်။

- ကျွန်မ ရှင့်ကို သိပါတယ်။

- တစ်ကယ်! သူ အံ့သြသွားတယ်။ ဘယ်လိုလုပ်ပြီး မင်းက ငါ့ကို သိနေရတာလဲ။




- ရှင်က (၁၀၂)ရပ်ကွက်မှာ နေတယ်လေ၊ ကျွန်မက (၁၀၄) မှာလေ။ တစ်ပါတ်ကို နှစ်ခါလောက် ရှင်နဲ့ ကျွန်မ ဘတ်စ်ကားပေါ်မှာ ဆုံနေကြလေ။ ရှင်ကသာ ကျွန်မကို သတိမထားမိတာပါ။

- တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။

- ဘာများ စိတ်ဝင်စားစရာကောင်းလို့လဲရှင်။ ဘာမှ စိတ်ဝင်စားစရာမရှိပါဘူး။ ရှင်တို့လိုလူကြီးတွေက ကိုယ့်လူကြီးအချင်းချင်းပဲ စိတ်ဝင်စားကြတာမဟုတ်လား။ ရှင်တို့တွေက တော်တော်စိတ်ပျက်စရာကောင်းတဲ့ အတ္တသမားတွေပဲ။ ရှင် မဟုတ်ဘူးလို့ပြောဦးမလို့လား။

ကောင်မလေးက ခေါင်းကို ညာဘက်လှည့်ရင်း သူ့ဘေးကို အပေါ်အောက်သေချာကြည့်တယ်။ သူကတော့ သက်ပြင်းအသာချပြီး ဘာအဖြေမှ ပြန်မပေးပါဘူး။
အချိန်အတော်ကြာအောင် နှစ်ယောက်သားတိတ်ဆိတ်စွာပဲ ဆက်လျောက်လာခဲ့ကြတယ်။ ကောင်မလေးက ရှေ့တူရှုကိုကြည့်ရင်း သူဘာမှမပြောခဲ့တဲ့အနေအထားနဲ့ဆက်လျှောက်လာတယ်။

- ဒါနဲ့ ရှင့်နာမည်ဘယ်သူဆိုတာ ကျွန်မကိုပြောမပြရသေးဘူးနော်။

- မင်းအတွက် မဖြစ်မနေလိုအပ်လို့လား။

- ဒါပေါ့ ဘာများထူးခြားနေလို့လဲ။ ကျွန်မက လူတစ်ယောက်ရဲ့နာမည်ကို သိချင်ရင်၊ သူ့အတွက် အနှောက်အယှက်ဖြစ်နိုင်တယ်လို့ ဘာလို့လူတွေကယူဆထားကြလဲမသိဘူးနော်။

- ထားပါတော့ကွာ - သူကပြောတယ် - ငါ အားလုံးနားလည်ပါပြီ။ အကယ်၍ မင်းအတွက် မဖြစ်မနေလိုအပ်တယ်ဆိုရင်တော့ - ငါ့နာမည် ရူဒေါ့ဖ်။

- ဘယ်လို။

- ရူဒေါ့ဖ်။

- ရူဒေါ့ဖ် - ကောင်မလေးက ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို၊ ခွက်ထိုးခွက်လန် ရီတယ်။

- ဟာ ဘာလဲကွ။

သူမက အသောမသတ်နိုင်ဘဲ ခပ်ကျယ်ကျယ်လေးဆက်ရီနေတယ်။ သူလဲစိတ်ဆိုးစပြုလာတဲ့ပုံနဲ့ ကောင်မလေးကို ကြည့်လိုက်တယ်။

- ရူ - ဒေါ့ဖ် - ကောင်မလေးက သူ့နှုတ်ခမ်းလေးတွေကို ကွေးနေအောင်ပြုံးရင်း ထပ်ရီပြန်တယ်။

- ရူဒေါ့ဖ် အင်း ကျွန်မထင်ခဲ့တာက အဲဒီလို နာမည်မျိုး တိရိစ္ဆာန်ရုံထဲက ဆင်တွေမှာပဲ ရှိတယ်ထင်တာလေ။

- ဘာ!

- ရှင်စိတ်မဆိုးပါနဲ့။

သူမက သူ့လက်မောင်းကို အသာပုတ်ရင်း - ဒါပေမယ့် တော်တော်ရယ်စရာကောင်းတယ်။ ကျွန်မ အမှန်အတိုင်းပြောတာပါ။ အဲဒီအတွက် ကျွန်မ ဘာမှမတတ်နိုင်ဘူးလေ။

- မင်းက တစ်ကယ့်ချာတိတ်ပဲကွာ - မကျေမနပ်နဲ့ သူငြီးတွားလိုက်တယ်။

- သိပ်သေချာတာပေါ့။ ကျွန်မကချာတိတ်လေ၊ ရှင်ကတော့လူကြီးပေါ့။

- ဒါနဲ့ နေပါဦး မင်းအသက်ဘယ်လောက်ရှိပြီလဲ။

- ဆယ့်ခြောက်နှစ်။

- ငါက နှစ်ဆယ့်ရှစ်ရှိပြီ။

- ကျွန်မ ရှင့်ကိုမပြောလား။ ရှင်က လူ ၏ကြီးပါဆို၊ ပြီးတော့ ရှင့်နာမည်က ရူဒေါ့ဖ်လေ။

- မင်းနာမည်ကရော - သူက ကောင်မလေးကို မေးလိုက်တယ်။

- ကျွန်မနာမည် ဘယ်လို ဖြစ်နိုင်လဲလို့ ရှင်ခန့်မှန်းကြည့်လေ။

- မခန့်မှန်းတတ်ပါဘူးကွာ။

- ရှင်မှမကျိုးစားတာ၊ ဘယ်ခန့်မှန်းနိုင်ပါ့မလဲ။ ကျွန်မနာမည်က အီအိုလေ။

- ဘယ်လို။

- အီအို။

- ဘယ်လိုမှကို နားမလည်ဘူး။

- အီအို လေရှင်။ တာဝန်ခံအရာရှိဆိုတဲ့ အဓိပ္ပါယ်ရဲ့ အတိုကောက်လေ။ အီအို။

သူကလဲ သူ့အလှည့်တော့ရောက်လာပြီဆိုပြီး ဟန်တောင်မဆောင်နိုင်ပါဘူး၊ ခေါင်းလောင်းလို ရှေ့တိုးနောက်ငင်နဲ့ မကျေမနပ်ချက်တွေပါ အတိုးချပြီး ရီတော့တာပေါ့။ ရီလို့ဝလို့ သူမဖက်ကို လှည့်ကြည့်လိုက်တိုင်း ထပ်ရီချင်လာပြန်ရောလေ။

- မင်းခွင့်လွှတ်ပါကွာ - သူကပြုံးနေရင်း သူမနားကို ကိုယ်ကိုကွေးညွတ်လိုက်တယ်။ - ဒါပေမယ့် တစ်ကယ့်ကိုရီစရာကောင်းတာတော့အမှန်ပဲကွ။ ကဲခုတော့ ငါတို့တွေသရေဖြစ်သွားပြီနော်။ ဟုတ်တယ်မို့လား။

ကောင်မလေးက ခေါင်းကို အသာ ငြိမ့်ပြတယ်။
ပထမဆုံးက ကောင်မလေးရဲ့အိမ်။ အဲဒီနောက်ကမှ သူ့အိမ်။ အိမ်ရှေ့ရောက်တော့ ကောင်မလေးက အ၀မှာရပ်ရင်း မေးတယ်။

- ရှင့်ဖုန်းနံပါတ်ပြောခဲ့ဦးလေ။

- မင်းအတွက် အဲဒါက မလိုပါဘူးကွာ - သူကပြန်ပြောလိုက်တယ်။

- ဘာလဲ၊ ရှင်ကြောက်လို့လား။

- အဲဒီလိုလဲ မဟုတ်ပါဘူး။

- ရှင်တို့လူကြီးတွေက အရာရာကိုကြောက်နေရတာပါပဲရှင်။

- ဒါတော့ဟုတ်ပါတယ် - သူကသူမစကားကိုလက်ခံလိုက်ပါတယ်။

ကောင်မလေးက သူ့လက်ကလေးကို အင်္ကျီအိတ်ထဲကနေ ထုတ်ရင်း သူ့ဆီကို ကမ်းပေးတယ်။ လက်ကလေးက အေးစက်ပြီး ငြိမ်သက်နေတယ်။ သူက လက်ဆွဲနှုတ်ဆက်လိုက်တယ်။

- ဟုတ်ပြီလေ၊ ပြေးပေတော့ အီအို - ပြောရင်းက သူကထပ်ရီပြန်တယ်။

တံခါးဝရောက်တော့ ကောင်မလေးကအသာရပ်ရင်း
- ခုချိန်ကစပြီး ဘတ်စ်ကားပေါ်ရောက်ရင်ရှင်ကျွန်မကို မှတ်မိမှာလား။

- သေချာပေါက်ကို မှတ်မိမှာပေါ့ကွာ။

- ဘတ်စ်ကားပေါ်မှာ တွေ့တဲ့ထိနော်..- ကောင်မလေးက ခေါင်းပေါ်ကို လက်ကလေးတင်ရင်း လှမ်းအော်နှုတ်ဆက်လိုက်တယ်။
- မင်းနဲ့ငါ အတူသွားကြမယ့် နေရာလေးမှာပေါ့ - သူက သူမစကားကို ထပ်ဖြည့်စွက်လိုက်တယ်။
**********

နောက်နှစ်ရက်အကြာမှာတော့ နိုင်ငံမြောက်ပိုင်းကို အလုပ်ကိစ္စတစ်ခုနဲ့ သူခရီးထွက်ရတယ်။ နှစ်ပတ်လောက်ကြာမှ သူပြန်လာခဲ့ရတယ်။ မြို့လေးမှာတော့ ပြာလိုလို မပီမပြင် မှုန်ဝါးဝါးဆောင်းရာသီကို မောင်းထုတ်နေတဲ့ နွေဦးပေါက်ရာသီအစရဲ့ ပြင်းရှရှအနံ့တစ်ချို့ကို ခံစားနေရပါပြီ။ မြောက်ပိုင်းက တိမ်တိုက်တွေရဲ့ ဖုံးလွှမ်းမှုကို ခံရပြီးနောက်မှာတော့ မြို့လေးမှာ ပြန်လည်တောက်ပလို့ သွားလာလှုပ်ရှားနေကြတဲ့ လမ်းသွားလမ်းလာတွေရဲ့ အသံနဲ့ ပြန်လည်စိုပြည်လာခဲ့ပါပြီ။ အထူးသဖြင့်ကတော့ ဘတ်စ်ကားတွေပေါ်မှာပေါ့။
သူ့ဆီကို ဖုန်းလာတော့ သူက ရေချိုးခန်းထဲမှာရေချိုးနေတဲ့အချိန်လေ။ ရေချိုးခန်းတံခါးဝကနေ သူ့မိန်းမပြန်ဖြေနေသံကို ကြားနေရတယ်။

- ပြန်လာပါပြီ၊ ခုတော့ရေချိုးနေတယ်လေ၊ နောက်မှဖုန်းပြန်ဆက်လိုက်ပါလား။

နောက်တစ်ကြိမ် ဖုန်းထပ်လာတော့ သူအိပ်ဖို့တောင်လုပ်နေပါပြီ။

- ဟဲလို - သူအသံပြုလိုက်တယ်။

- ရူးဂျစ်က်ရေ၊ မင်္ဂလာပါ၊ ရှင်ပြန်လာပြီနော် - ဖုန်းထဲကနေ ဘယ်သူမှန်းမသိ၊ ပျော်ရွှင်နေတဲ့အသံကို ကြားလိုက်ရတယ်။

- မင်္ဂလာပါခင်ဗျာ - သူက သတိတကြီးနဲ့ နှုတ်ဆက်လိုက်တယ် - ဘယ်သူလဲဗျ။

- အို့ ရှင်တစ်ကယ် မသိဘူးလား၊ တော်တော်ဟုတ်တဲ့ ရူးဂျစ်က်ပဲ၊ ကျွန်မပါ အီအိုလေ။

- အီအို - အဲဒီအချိန်မှာပဲ သူမကို သူမှတ်မိလိုက်တယ်။ ပြီးတော့ အလိုလျောက်ပြုံးလာရင်းက - မင်္ဂလာပါ အီအို မင်းကို ကြည့်ရတာ၊ ငါ့အတွက် ပိုသင့်တော်မယ့်နာမည်တစ်ခုတွေ့သွားပြီပေါ့လေ။

- ဒါပေါ့၊ ရှင်ကြိုက်တယ်မို့လား။

- မင်းလို အရွယ်တုန်းကတော့ ငါ့ကိုဒီလိုပဲ ခေါ်ခဲ့ကြတာပဲလေ။

- ဒါဆိုလဲ ထားလိုက်ပါတော့လေ ကျွန်မကတော့…

- အဲလိုလဲ မဟုတ်ဘူးလေ၊ ဟေ့ မင်းဘယ်လိုဖြစ်။

သူတို့နှစ်ယောက် အတန်ကြာ တိတ်ဆိတ်နေကြတယ်။ အတော်လေးကြာမှ သူစိတ်မရှည်နိုင်တော့ဘဲ မေးလိုက်တယ်။

- ဟေး အီအို မင်းဘာဖြစ်နေတာလဲပြောဦးလေ။

- ရူးဂျစ်က် စောစောက တစ်ယောက်က ရှင့်မိန်းမလား။

- ဟုတ်တယ်လေ။

- ရှင်အိမ်ထောင်နဲ့ဆိုတာ ကျွန်မကို ဘာလို့ မပြောခဲ့တာလဲ။

- ငါ့ကို ခွင့်လွှတ်ပါကွာ - ရွှတ်နောက်နောက်နဲ့ သူကပြန်ဖြေလိုက်တယ် - အဲဒီကိစ္စက အရမ်းအရေးကြီးတယ်ဆိုတာ ငါမသိခဲ့ဘူးလေ။

- တစ်ကယ့်ကို အရေးကြီးတာပေါ့ရှင့်။ ဒါနဲ့ ရှင်သူ့ကို ချစ်လား။

- ချစ်တာပေါ့ကွာ - သူက ပြန်ဖြေလိုက်တယ် - အီအို၊ ငါပြောမယ်နော် ကျေးဇူးပြုပြီး နောက်ကို မင်းငါ့ဆီ ဖုန်းမဆက်နဲ့တော့နော်။

- ကြောက်သွားပြီပေါ့လေ - သူမက သီချင်းညည်းသလိုလိုနဲ့ ပြန်ပြောတယ် - ရူးဂျစ်က် ရှင်ဘာမှ စဉ်းစားမနေပါနဲ့၊ ရှင်နေချင်တယ်ဆိုရင်လဲ ရှင့်အမျိုးသမီးနဲ့နေပါ ကျွန်မမတားပါဘူး။ ဖုန်းမဆက်နဲ့လို့တော့ မပြောပါနဲ့။ ကျွန်မလဲ ကိစ္စတစ်ခုခုနဲ့ ဖုန်းဆက်ဖို့လိုအပ်လာရင် ဆက်ရမှာပဲလေ။

- ဘယ်လိုကိစ္စမျိုးတွေလဲကွ - သူက ရယ်ရယ်မောမောနဲ့ဆက်မေးတယ်။

- ဘယ်လိုကိစ္စမျိုးရမှာလဲ၊ ဥပမာ ကျွန်မအိမ်စာတွေမှာ သင်္ချာပုစ္ဆာတစ်ပုဒ်ပုဒ် တွက်လို့မရရင်ပဲဖြစ်ဖြစ်ပေါ့ - သူမ အကြောင်းပြချက်တစ်ခုရှာရသွားတယ် - အဲဒီအခါမျိုးမှာတော့ ဖုန်းဆက်နိုင်တယ်လေ၊ ဟုတ်တယ်မို့လား။

- ဒါတော့မသိဘူးလေ။

- သိပ်ရတာပေါ့။ မိန်းမကို ကြောက်မနေစမ်းပါနဲ့ရှင်၊ ရူးဂျစ်က်ရာ တစ်ကယ်ဆိုရင် ကျွန်မတို့ကနှစ်ယောက်၊ သူကတစ်ယောက်တည်းလေ။

- ဘယ်လို ဘယ်သူက တစ်ယောက်တည်းလဲ - သူကနားမလည်စွာနဲ့ပြန်မေးတယ်။

- ဘယ်သူရှိဦးမှာလဲ ရှင့်မိန်းမပေါ့။

- နောက်မှတွေ့ကြမယ်နော် အီအို။

- ရှင်ပင်ပန်းနေပြီလား။

- အင်း။

- ကောင်းပြီလေ၊ ကျွန်မကိုနှုတ်ဆက်ပြီးမှအိပ်နော်။

- အင်းပါ၊ နှုတ်ဆက်ပါ့မယ်။

- ရှင့်အမျိုးသမီးနဲ့ ထပ်ပြီးစကားပြောမနေနဲ့ဦးနော်။

- ကောင်းပါပြီဗျာ - သူကရယ်နေရင်း - မပြောပါဘူး။

သူကဆက်ပြုံးနေရင်းက မိန်းမရှိရာ ဆီလှည့်လာခဲ့တယ်။

- အီအိုတဲ့ - သူက မိန်းမကိုပြောပြတယ် - ကောင်မလေးတစ်ယောက်ကို အဲလိုခေါ်တာရယ်စရာပဲနော်၊ ဟုတ်တယ်ဟုတ်။

**********
မိုးတောင်မလင်းသေးဘူး၊ တယ်လီဖုန်းသံက မြည်လာတယ်။ ဘယ်အခန်းကမှ မီးမလင်းသေးဘူး၊ တစ်မြို့လုံးအိပ်မောကျနေကြတယ်။ တယ်လီဖုန်းသံက အဆက်မပြတ်ကိုမြည်နေတယ်။ ဖုန်းနားကို ကပ်သွားရင်း ရူဒေါ့ဖ်တစ်ယောက် နာရီကိုလှမ်းကြည့်လိုက်တယ်၊ ၆နာရီခွဲ။

- နားထောင်နေပါတယ် - စိတ်မရှည်တဲ့လေသံနဲ့သူကထူးလိုက်တယ်။

- ရူးဂျစ်က်၊ ရူးဂျစ်က်။

သူတော်တော်လေးကို စိတ်ပျက်သွားတယ်။

- အီအို မင်းကွာတော်တော်ရှုပ်တာပဲ။

- ရူးဂျစ်က် - သူမက သူ့ကိုနှစ်သိမ့်တဲ့အသံနဲ့ - ရှင်နားထောင်ပါဦး စိတ်ဆိုးဖို့ပြင်မနေနဲ့ဦး၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှင်မသိသေးပါဘူး။

- ဘာတွေဖြစ်ခဲ့လို့လဲ - တည်တည်ငြိမ်ငြိမ်နဲ့သူမေးလိုက်တယ်။

- ရူးဂျစ်က်၊ ဒီနေ့ကစပြီး ရှင်ရူးဂျစ်က်မဟုတ်တော့ဘူး၊ ရှင်ရူဒေါ့ဖီအို ဖြစ်သွားပြီ - သူမကလေးလေးနက်နက်လေသံနဲ့သူ့ကိုရှင်းပြတယ်။

- ရူဒေါ့ဖ်-အီအို သိပ်ကောင်းတဲ့နာမည်ပဲနော် ဟုတ်တယ်မို့လား။ အဲဒီနာမည်ကို စောစောကပဲ ကျွန်မ စဉ်းစားမိသွားတာလေ၊ ရူဒေါ့ဖ်နဲ့ အီအိုကို ပေါင်းလိုက်တာလေ။ ရူဒေါ့ဖီအို အီတလီလူမျိုးတွေရဲ့ နာမည်လိုလေ။ ကဲ ရှင်ပြန်ပြောကြည့်စမ်းပါဦး။

- ရူဒေါ့ဖီအို - သူ့အသံထဲမှာ စိတ်မရှည်မှုနဲ့ စိတ်ပျက်မှု တွေရောယှက်နေတယ်။

- ဟုတ်သွားပြီ၊ ခုချိန်ကစပြီး ကျွန်မတို့မှာ နာမည်တစ်ခုပဲ ရှိတော့တယ်။ ကျွန်မတို့နှစ်ယောက်ကို ခွဲခြားလို့မရတော့ဘူး၊ ယိုမီယိုနဲ့ဂျူးလိယက်တို့လိုလေ။ ရှင်လဲ ရူဒေါ့ဖီအို၊ ကျွန်မလဲ ရူဒေါ့ဖီအိုပေါ့။

-ဟေး ဒီမှာ - သူက စိတ်ကိုထိန်းရင်းပြောတယ် - မင်းကွာ နောက်တစ်ကြိမ်လောက်များ ငါ့အတွက် ပိုသင့်တော်မယ့်နာမည် ရှာမပေးနိုင်တော့ဘူးလား။

- ရှင်ကလဲ ကျွန်မဘယ်လိုမှ မစောင့်နိုင်တော့ဘူးဆိုတာကို ရှင်နားမလည်ပါဘူး။ ကောင်းပြီလေ၊ ရှင်အိပ်ယာထဖို့အချိန်တန်ပြီ။ ရူဒေါ့ဖီအို သေချာမှတ်နော် ၈ နာရီခွဲမှာ ရှင့်ကိုကျွန်မ ဘတ်စ်ကားမှတ်တိုင်က စောင့်နေမယ်။

- ငါ ဒီနေ့ဘတ်စ်ကားနဲ့ သွားစရာမလိုတော့ဘူး။

- ဘာလို့လဲ။

- ငါ ဒီနေ့အလုပ်နားတယ်လေ။

- အမ်၊ ဘာလို့လဲ။

- ပုံမှန်မဟုတ်တဲ့ အလုပ်နားရက်လေ၊ ဒါကြောင့် ငါ အလုပ်မသွားတော့ဘူး။

- အော် ဒါဆိုရင် ကျွန်မကရော။

- ဒါတော့ မသိဘူးလေ၊ ကျောင်းသွားပေါ့ ဒါပဲလေ။

- ရှင့်မိန်းမကရော အလုပ်မနားဘူးလား။

- မနားပါဘူး။

- အော် ဒါဆိုရင်လဲ မဆိုးပါဘူး။ ရှင်တစ်ခုပဲ မမေ့နဲ့၊ ခုချိန်ကစပြီး ကျွန်မတို့နာမည်က ရူဒေါ့ဖီအိုနော်။

- အေးပါကွာ။

သူက ဖုန်းခွက်ကို နေရာပြန်ထားလိုက်တယ်၊ ပြီးတော့ သက်ပြင်းတစ်ချက်ချရင်း လ္ဘက်ရည်ဖျော်ဖို့ ထွက်လာခဲ့တယ်။ ခုချိန်ကျမှတော့ ပြန်ကွေးနေလို့လဲ သူအိပ်ပျော်မှာ မဟုတ်တော့ဘူးလေ။ မျက်နှာချင်းဆိုင်အိမ်တွေရဲ့ ပြူတင်းတစ်ချို့တွေတောင်မီးတွေလင်းနေပြီပဲ။

**********
နေ့လည်ခင်းမှာတော့ အိမ်တံခါးခေါက်သံကြားရတယ်။ အဲဒီအချိန်မှာ သူက ကြမ်းတိုက်နေတယ်။ ကြမ်းတိုက်လက်စ အ၀တ်စတွေ ကပိုကရိုနဲ့ တံခါးကိုဖွင့်လိုက်တော့ သူမကိုတွေ့လိုက်ရတယ်။

- မင်္ဂလာပါ ရူဒေါ့ဖီအို။

- မင်း - သူတော်တော်အံ့သြသွားတယ်။ - ဘာဖြစ်လာတာလဲ။

- ကျွန်မလဲအလုပ်နားတယ်လေ။

သူမမျက်နှာက ကြည်ရွှင်ပြီး အပူအပင် ကင်းနေတယ်။ မျက်နှာနုနုလေးပေါ်မှာ အစက်အပေါက်တစ်ခုမှမရှိဘဲ ရှင်းသန့်နေတယ်။

- အော်ဒီလိုလား - ယောင်္ကျားကြီးတစ်ယောက်ပုံဆန်နဲ့ သူ ပြန်ဖြေလိုက်တယ်။ - သဘောကတော့ ကျောင်းပြေးလာတယ်ပေါ့လေ၊ ရောက်လာမှတော့ ၀င်ပါဗျာ၊ ငါပြီးအောင် သန့်ရှင်းရေးလုပ်လိုက်ဦးမယ်။

သူမက အပေါ်အင်္ကျီကို မချွတ်သေးဘဲ ပြူတင်းပေါက်အနားမှာရှိတဲ့ ကုလားထိုင်တစ်လုံးပေါ်ထိုင်ရင်း သူ ဘယ်လိုကြမ်းတိုက်နေတယ်ဆိုတာကို သေချာကြည့်နေတယ်။

- ရူဒေါ့ဖီအို ကျွန်မအထင်တော့ ရှင့်ဘ၀ကို ရှင်မပျော်ဘူးထင်တယ်နော်။

သူက ရုတ်တရက်ကြောင်သွားရင်း - မင်းဘာကို ကြည့်ပြီးပြောတာလဲ။

- ဒါကတော့ သိပ်လွယ်ပါတယ်လေ၊ ဥပမာ ရှင်က စိတ်မပါလက်မပါနဲ့ ကြမ်းတိုက်နေတာလေ။ ပျော်ရွှင်နေတဲ့သူဆိုရင် အဲလိုဘယ်တိုက်ပါ့မလဲ။

- အတွေးခေါင်မနေစမ်းပါနဲ့ကွာ - သူက ရယ်ရယ်မောမောနဲ့ ပြန်ပြောတယ်။

- ရှင် ပျော်နေတယ်လို့ ပြောနိုင်လို့လား။

- ဘာမှ မပြောချင်ပါဘူးကွာ။

- အဲဒါပဲကြည့်လေ။

- မင်း အနွေးထည်ချွတ်လေ။

- ကျွန်မ ရှင့်ကို ကြောက်တယ် - ပြူတင်းပေါက်ဖက်ကိုငဲ့ကြည့်ရင်းနဲ့ သူမကပြောတယ်။

- ဘာရယ်။

- အော် ရှင်က ယောင်္ကျားလေ။

- ကဲ အဲဒါပဲကြည့် - သူက တစ်ချက်ရယ်လိုက်တယ်။ - ဒါဆို မင်းဘာလို့ ဒီကို လာရဲသေးလဲ။

- အော် ဒါကတော့ ကျွန်မတို့နှစ်ယောက်က ရူဒေါ့ဖီအိုလေ။

- ဟုတ်ပါပြီ - သူက ပြန်ပြောတယ် - ငါ အဲဒါကို မေ့သွားတယ်။ အဲဒါက ငါ့အပေါ်မှာလဲတာဝန်ရှိတာပဲနော်။

- သိတ်ဟုတ်တာပေါ့ရှင်။

သူမက ခဏတိတ်သွားပြီး သူ မီးဖိုချောင်အလုပ်ပြီးတဲ့အထိ အသာလေး ငြိမ်နေတယ်။ သူ ထွက်လာတဲ့အချိန်မှာတော့၊ အနွေးထည်ကို ကုလားထိုင်နောက်ကျောမှာ ချိတ်ထားပြီး၊ မျက်နှာကတော့ တွေငေးငေးလေးနဲ့ ငြိုးနေတယ်။

- ရူဒေါ့ဖီအို ကျွန်မ ဒီနေ့ ငိုရသေးတယ်၊ သိလား။

- ဘယ်လိုဖြစ်တာလဲ အီအို။

- အီအိုမဟုတ်ဘူးလေရှင်၊ ရူဒေါ့ဖီအို။

- ဘာဖြစ်လို့လဲ ရူဒေါ့ဖီအို။

- ကျွန်မအစ်မကြီးကြောင့်ပေါ့။ ကျွန်မ ကျောင်းပြေးဖို့လုပ်တော့ အစ်မ ကကျွန်မကို ဆူတယ်လေ။

- ငါ့အထင်တော့ သူမှန်တယ် ထင်တာပဲ။

- မဟုတ်ဘူးလေ ရူဒေါ့ဖီအို၊ အစ်မက မမှန်ဘူးလေ - သူမက ထိုင်ခုံမှထရင်း ပြူတင်းပေါက်နားဆီကို လျောက်လာတယ်။ - တစ်ခါတစ်လေ ကျောင်းပျက်တာပဲဟာ၊ ခု ကျွန်မ ရှင်နဲ့စကားပြောနေရတာ ဘယ်လောက်များ ပျော်ဖို့ကောင်းလဲ။

သူမက တိတ်ဆိတ်သွားပြန်တယ်။ သူက သူမကို သေချာကြည့်နေတယ်။ ကောင်မလေးရဲ့ ပေါ်လွင်လာစ မိန်းမအလှတွေကို သူက သတိထားမိတယ်။ မကြာခင်တစ်နှစ်လောက်ဆိုရင် သူမမျက်နှာလေး ပိုရှည်လာပြီး ပိုလှလာလိမ့်မယ်။ သူမမှာ အဖော်ချစ်သူတစ်ယောက် အဲဒီအချိန်မှာ ရလာမှာကို တွေးရင်းက သူဝမ်းနည်းလာတယ်။ သူက ကောင်မလေးအနားကို တိုးသွားရင်း ပုခုံးကို အသာပုတ်လိုက်တယ်။ ပြီးတော့ အသာပြုံးရင်း

- အားလုံးအဆင်ပြေမှာပါကွာ။

- တစ်ကယ်ပြောတာနော် ရူဒေါ့ဖီအို။

- တစ်ကယ်ပေါ့ကွာ။

- ကျွန်မ ရှင့်ကိုယုံပါတယ် - သူမက လေးလေးနက်နက်ပုံလေးနဲ့ ပြောတယ်။

သူက မီးဖိုချောင်ထဲဝင်သွားရင်း၊ လဘက်ရည်တည်ဖို့ပြင်တယ်။

- ရူဒေါ့ဖီအို

သူမက စာအုပ်စင်နားမှာစာအုပ်တစ်ချို့ကိုလှန်လှောရင်း မေးတယ်။

- ရူဒေါ့ဖီအို ကျွန်မတို့မှာ အလှဆုံးနာမည်လေးရှိတယ်နော်။ ဒီမှာလဲ ကြည့်ပါဦး၊ စာရေးဆရာတွေမှာတောင် ကျွန်မတို့လောက်လှတဲ့နာမည် မရှိကြဘူးနော်။ - သူမက အတော်ကြာတိတ်ဆိတ်သွားပြီးမှ - ဒီစာရေးဆရာနာမည်ကတော့ မဆိုးပါဘူး၊ ဘာတဲ့ အက်ဇူပယ်ရီတဲ့။ လှတယ်နော် ဟုတ်လား။

- အင်း - သူကပြန်ဖြေတယ် - မင်းသူ့ကိုမသိဘူးလား။

- မသိပါဘူး။

- ယူသွားပြီး ဖတ်ကြည့်လေ။ ကျောင်းမပြေးပဲတော့ ဖတ်ရမှာနော် သဘောတူလား။

- အိုကေလေ သဘောတူပါတယ်။

သူမက ပြန်ဖို့အနွေးထည်ပြန်ဝတ်တယ်။

သူမပြန်သွားတော့ သူ့စိတ်ထဲမှာ ဘာရယ်မသိ ၀မ်းနည်းကျန်ခဲ့တယ်။ သူ့စိတ်ထဲမှာ ဘာမှန်းမသိတဲ့ အမည်မဖော်တတ်တဲ့ ဝေဒနာတစ်ခု ခံစားနေရတယ်။ သူလဲအ၀တ်လဲရင်း လမ်းမဘက်ကို ထွက်လာခဲ့တယ်။
နွေဦးပေါက်ရာသီက သတိတောင်မပေးဘဲ ၀င်ရောက်လာပြီးနေပြီလေ။ လူတွေက ဒီရက်ပိုင်းအတွင်းမှာ ပိုပြီးပျော်ရွှင်နေကြသလိုပဲ။ အဲဒီရက်တွေဆိုတာလဲ သူတို့အတွက်တော့ မျှော်လင့်နေတဲ့အချိန်ကနေ ရရှိလာတဲ့အချိန်ကို ကူးပြောင်းတဲ့ကာလလေးပါပဲ။ ဘာလို့လဲဆိုတော့ နွေဦးပေါက်ရာသီရဲ့ အိပ်မက်တွေဟာ အတွေ့အကြုံရင့်ကျက်နေပြီဖြစ်တဲ့ ဗေဒင်ဆရာရဲ့ ဟောကိန်းနဲ့အတူ သူတို့အတွက် ပျော်ရွှင်မှုနဲ့ ချစ်ခြင်းတရားကို သယ်ဆောင်လာခဲ့ပြီလေ။
*********************

သူက သူမဆီချက်ချင်းဖုန်းဆက်ဖို့ ပြင်လိုက်တယ်။ မိန်းမ ပြန်မလာခင်ဆက်မှ အဆင်ပြေမှာလေ။

- ရူဒေါ့ဖီအို - ကောင်မလေးက
ပျော်သွားတယ်ဆိုတာ သူမအသံကနေ သိသာနေတယ်။ - ရှင်အရမ်းကို တော်တာပဲနော်၊ ရူဒေါ့ဖီအို ကျွန်မငိုရပြန်ပြီသိလား။

- ခဏခဏငိုရတာ မကောင်းဘူးလေကွာ။

- အဲဒါတွေအားလုံးဟာ “မင်းသားငယ်လေး” ဆိုတဲ့ဝတ္ထုကြောင့်ပေါ့။ ကျွန်မဖြင့် သူကိုသိပ်သနားတာပဲ။ သူကကျွန်မတို့ကမ္ဘာမှာ တစ်ကယ်ရှိခဲ့တာလားဟင်။

- ငါ့အထင်တော့ တစ်ကယ်ထင်တာပဲ။

- ကျွန်မလဲ အဲလိုထင်တယ်။ ကျွန်မတို့ သေချာတော့ မသိဘူးပေါ့နော် တော်တော်ဆိုးတာတော့ အမှန်ပဲ။ အက်ဇူပယ်ရီသာမဟုတ်ရင် အဲဒီအကြောင်းတွေကို ဘယ်လိုမှ သိခဲ့ကြမှာ မဟုတ်ဘူးနော်။ သူ့မှာကျွန်မတို့လို နာမည်လှလှလေးရှိနေတာ ဆိုးတယ်လို့မဆိုသာပါဘူး။

- ဟုတ်တာပေါ့။

- ကျွန်မထပပြီးစဉ်းစားမိတာကလေ၊ သူက မင်းသားလေးအဖြစ်နဲ့ ကျန်နေခဲ့တာ ကောင်းပါတယ်လေ။ ဘာလို့လဲဆိုတော့ တစ်ကယ်လို့ သူသာ သာမာန်လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ထူးဆန်းနေမှာနော်။ ကျွန်မတို့မှာ သာမာန်လူဆိုတာက ပေါပါဘိ။

- အင်း ဒါတော့မသိဘူး။

- ကျွန်မကတော့ သေချာပေါက်သိတယ်။

- ဒါနဲ့ “လူတို့ရဲ့ကမ္ဘာဆီသို့” ဆိုတာရော မင်းဖတ်ပြီးပြီလား။

- ကျွန်မ အကုန်ဖတ်ပြီးသွားပြီ ရူဒေါ့ဖီအို။ ကျွန်မအထင်တော့လေ အက်ဇူပယ်ရီက တော်တော်ပညာရှိတဲ့ စာရေးဆရာပဲနော်။ ပြီးတော့ သဘောလဲကောင်းလောက်တယ်။ ရှင်မှတ်မိလား ပေါင်ထားတဲ့သင်္ဘောကြီးကို ပြန်ရွေးတဲ့ပိုက်ဆံတွေ သူ့ကိုပေးတော့ သူက ကလေးတွေ ဖိနပ်အတွက်သုံးရင်း နောက်ဆုံးတစ်ပြားမှမကျန်ဘဲ ကျန်ခဲ့တာလေ။

- အင်း - သူကပြန်ဖြေတယ် - မင်းရော ဘွန်နာဖူးစ်ကို မှတ်မိလား၊ အာရပ်တွေကို ဓါးပြတိုက်ပြီးဖျက်ဆီးတဲ့ တစ်ယောက်လေ၊ အာရပ်တွေက သူ့ကိုမုန်းပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ကိုချစ်နေကြတာလေ။

- ဘာလို့လဲဆိုတော့ သူ မရှိရင် သူတို့အတွက် ကန္တာရကြီးက မထင်မရှားဖြစ်သွားမှာလေ။ သူက အဲဒီကန္တာရကြီးကို အန္တရာယ်များအောင် ကဗျာဆန်အောင်လုပ်ခဲ့တာလေ။

- မင်းက သိပ်တော်တာပဲ၊ အားလုံးကို မှတ်မိနေတယ်နော် - သူက ချီးကျူးလိုက်တယ်။

- ရူဒေါ့ဖီအို - ခေါ်ပြီးမှ သူမက တိတ်ဆိတ်သွားတယ်။

- ငါနားထောင်နေတယ်လေ - သူက သူမကို သတိပေးလိုက်တယ်။

ဒါပေမယ့် သူမက ဆက်လက်တိတ်ဆိတ်နေတယ်။

- ရူဒေါ့ဖီအို - ဘာကြောင့်ရယ်မသိ သူက တုန်ခါနေတဲ့အသံနဲ့ - ငါ့ဆီကို ခုလာခဲ့လေ၊ ငါခုတစ်ယောက်တည်း။

*********************
ဟိုကြည့်ဒီကြည့်ပုံစံလေးနဲ့ သူမက ထိုင်ခုံရှိရာဆီ မ၀ံ့မရဲလှမ်းလာပြီးထိုင်လိုက်တယ်။

- ဟေး မင်းဘာဖြစ်လို့ဒီလောက်ငြိမ်နေတာလဲ။

- ဟိုတစ်ယောက်မရှိဘူးဆိုတာတစ်ကယ်လားဟင်။

- ဘယ်သူလဲ ငါ့မိန်းမလား။

- အင်း ဟုတ်တယ်။

- မရှိဘူးလေ။

- ရှင့်မိန်းမက “မီးမရာ (အလကားမိန်းမ)”ပါရှင်။

- မင်းအဲဒီစကားလုံးကို ဘယ်ကဘယ်လိုရလာတာလဲ။

- သိပ်ပြီးကြီးကျယ်မြင့်မြတ်တဲ့ ရုရှားဘာသာစကားထဲကပေါ့။ အဲဒီထဲမှာ သူနဲ့သင့်တော်တဲ့ တစ်ခြားစကားလုံးမရှိတော့ဘူး။

- အီအို၊ အဲလိုမပြောရဘူးလေ။

- အီအိုမဟုတ်ပါဘူး၊ ရူဒေါ့ဖီအိုပါဆို။

- အော်အင်း။

- ရူဒေါ့ဖီအို ကျွန်မကသူ့ထက်သာတယ်ဟုတ်။ တစ်ကယ်ဆိုရင် ကျွန်မက လှလာသင့်သလောက်မလှသေးလို့နော်၊ ကျွန်မရှေ့မှာ မျှော်လင့်ချက်တွေကတစ်ပုံကြီးကျန်သေးတယ်။

သူကတစ်ချက်ပြုံးလိုက်ရင်း အသာခေါင်းငြိမ့်ပြတယ်။

- ဒီမှာကြည့်လေ။ ကျွန်မအထင်တော့ ရှင်သူနဲ့လမ်းခွဲသင့်ပြီ။

- ပေါက်တတ်ကရတွေလျှောက်ပြောမနေစမ်းပါနဲ့ကွာ - သူက သူမစကားကိုကြားဝင်ဖြတ်ပြောလိုက်တယ် - ငါမင်းကိုအများကြီးကိုခွင့်ပြုထားတာလေ။

- အချစ်ကြောင့်ပေါ့နော်၊ ဟုတ်တယ်မို့လားဟင်။

- မဟုတ်ဘူး၊ ခင်မင်ရင်းနှီးမှုကြောင့်ပါ။

ကောင်မလေးက ချက်ခြင်းမျက်နှာမသာမယာဖြစ်သွားပြီး နှုတ်ဆိတ်သွားတယ်။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး၊ မတ်တပ်ထရပ်ရင်း မျက်လုံးအစုံကိုအသာပိတ်လို့ စကားဆက်ပြောတယ်။

- ရူဒေါ့ဖီအို ကျွန်မတော့ ပုံမှန်မဟုတ်ဘူးထင်တယ်နော်။ ကျွန်မကိုခွင့်လွှတ်ပါ၊ ကျွန်မရည်ရွယ်မထားခဲ့ပါဘူး။

- ငိုတော့မငိုလိုက်ပါနဲ့ကွာ - သူကနှစ်သိမ့်လိုက်တယ်။

- မငိုတော့ပါဘူး။

သူမက ပြူတင်းပေါက်ရှိရာဆီထထွက်သွားတယ်။

- ရူဒေါ့ဖီအို - တည်ငြိမ်နေတဲ့အသံနဲ့ဆက်ပြောတယ် - ကျွန်မတို့ဒီလိုသဘောတူကြမယ်၊ ဒီနေ့ ကျွန်မရှင့်ကို ဘာမှမပြောခဲ့ဘူးလို့လေ၊ ဟုတ်ပြီနော်။

- ဟုတ်ပါပြီကွာ။

အဲလိုပြောပြီးတဲ့နောက် သူမချက်ချင်းပြန်သွားတော့တယ်။
၅မိနစ်လောက်အကြာမှာတော့ တယ်လီဖုန်းသံမြည်လာတယ်။

- နောက်မှတွေ့ကြမယ်နော် ရူဒေါ့ဖီအို။

- တွေ့ကြတာပေါ့ကွာ။

သူက ကောင်မလေးဘာဆက်ပြောဦးမလဲလို့ ဆက်စောင့်နေသေးတယ်။ ဒါပေမယ့် သူမကအဲဒါပဲပြောပြီး ဖုန်းချလိုက်တယ်။

*******************************

ကောင်မလေးက သူ့ဆီနောက်ထပ်ဖုန်းမဆက်တော့ပါဘူး၊ တော်တော်ကြာအောင်လဲ သူနဲ့မဆုံဖြစ်ကြဘူး။သူလဲ အလုပ်ကိစ္စနဲ့ ခရီးထွက်နေရတာနဲ့ မေလလောက်မှပြန်လာဖြစ်တာလဲပါတာပေါ့။ နွေနေမင်းက သူ့ရဲ့နွေးထွေးတောက်ပတဲ့ အလင်းတန်းတွေနဲ့အတူ နွေဦးပေါက်ရာသီကို အပြီးတိုင်မောင်းထုတ်နေပြီလေ။
တစ်နေ့မှာတော့ သူတို့နှစ်ယောက်မမျှော်လင့်ပဲပြန်တွေ့ဖြစ်ကြတယ်။ သူတို့ရဲ့ဘူမိနက်သန် ဘတ်စ်ကားပေါ်မှာပဲပေါ့။ သူက ကောင်မလေးကိုမြင်တော့ စိတ်မရှည်နိုင်စွာပဲ သူမထွက်သွားမှာကိုလန့်နေမိတယ်။ တစ်ကယ်လဲ ကောင်မလေးက နောက်တစ်မှတ်တိုင်မှာဆင်းတော့မယ့်ပုံပဲ။ သူက ကောင်မလေးဆင်းမယ့်နောက်ကို လိုက်မဆင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကောင်မလေးက မဆင်းပဲ ကားပေါ်မှာဆက်ပါလာတယ်။ သူအရမ်းပျော်သွားတယ်ဆိုတာ သူ့ကိုယ်သူသတိထားမိလိုက်တယ်။ အဲဒီပျော်ရွှင်မှုဆိုတာလဲ ခင်မင်ရင်းနှီးမှုကလာတဲ့ပျော်ရွှင်မှုထက်ပိုတယ်ဆိုတာ သူသိတယ်။

- ဟေး အီအို - ကောင်မလေးပုခုံးကို အသာပုတ်ရင်းနဲ့ သူနှုတ်ဆက်လိုက်တယ်။

ကောင်မလေးက ရုတ်တရက်လန့်သွားပြီးလှည့်ကြည့်လိုက်တယ်။ သူ့ကိုမြင်တော့ ပျော်ရွှင်သွားတဲ့ပုံလေးနဲ့ ခေါင်းငြိမ့်ပြတယ်။

- အီအိုမဟုတ်ဘူးလေ၊ ရူဒေါ့ဖီအိုလေ - အရင်ကလိုပါပဲ၊ သူမက သူ့အမှားကိုပြင်ပေးလိုက်တယ်။

- ကျွန်မတို့နှစ်ယောက်က ခုချိန်ထိသူငယ်ချင်းတွေနော်၊ ဟုတ်တယ်မို့လား။

- ဒါပေါ့ ရူဒေါ့ဖီအို။

- ရှင်ပြန်လာပြီလား။

- အင်းဟုတ်တယ်။

ဘတ်စ်ကားပေါ်မှာက လူအအများကြီး၊ ပြီးတော့ သူတို့နှစ်ယောက်ကိုတစ်ချိန်လုံးတွန်းတိုက်နေကြတယ်။ ကောင်မလေးရဲ့ ခေါင်းလေးက သူ့မေးစေ့အောက်မှာရောက်လို့ နှစ်ယောက်သားပူးပူးကပ်ကပ်ရပ်နေရတယ်။ ကောင်မလေးက မျက်နှာကိုမော့လိုက်ပြီး သူကခါးကိုကွေးညွတ်လိုက်တဲ့အခါမှာတော့ သူတို့နှစ်ဦးရဲ့ မျက်ဝန်းနှစ်စုံက အတော်ကိုနီးကပ်သွားခဲ့ပါပြီ။

- ရူးဒေါ့ဖီအို ရှင်နားထောင်မယ်ဆိုရင် ကျွန်မတစ်ခုပြောပြမယ်။ - ကောင်မလေးက သူ့ကို မေးလိုက်တယ်။

- နားထောင်ချင်တာပေါ့။

ကောင်မလေးက ခေါင်းကိုထပ်မော့လိုက်တယ်။ ပြီးတော့သူ့မျက်နှာနားအသာကပ်ရင်း သူ့မျက်လုံးတွေကိုမခွာတမ်းကြည့်ပြီးပြောလိုက်တယ်။

- ရှင့်ကိုကျွန်မတစ်ချိန်လုံးလွမ်းနေခဲ့ရတယ်သိလား ရူဒေါ့ဖီအို။

- တော်တော်မိုက်မဲတဲ့ကလေးပါပဲကွာ - သူကပြန်ပြောလိုက်တယ်။

- ကျွန်မသိပါတယ် - သူမက အသက်တစ်ချက်ရှူရင်းဆက်ပြောတယ် - ဘယ်ကောင်လေးတွေကိုမှ ကျွန်မမလွမ်းခဲ့ဖူးဘူး၊ သူတို့က ကျွန်မအတွက် လိုလဲမလိုအပ်ဘူးလေ။

ဘတ်စ်ကားရပ်တော့ သူတို့နှစ်ယောက်အတူတူဆင်းခဲ့ကြတယ်။

နှစ်ယောက်သား မြစ်ရှိရာဘက်ဆီ လမ်းအတိုင်းမလျှောက်ဘဲ ချုံနွယ်တွေကြားကကျော်ရင်းလွှားရင်းနဲ့ သူက ကောင်မလေးလက်ကိုကိုင်ရင်း ဖေးမရင်းနဲ့ လျှောက်လာခဲ့ကြတယ်။
ကောင်မလေးက တစ်ချိန်လုံးတိတ်ဆိတ်နေတယ်။ သူမပုံစံကအရင်ကနဲ့မတူဘူး။ သူလဲသူမလိုပဲ စိတ်လှုပ်ရှားမှုတွေနဲ့ နှုတ်ဆိတ်နေတယ်။
တစ်ယောက်လက်ကိုတစ်ယောက်ဆက်ဆုတ်ကိုင်ထားရင်း မြစ်ဟိုဖက်ကမ်းကိုကြည့်လိုက် မြစ်ရိုးတစ်လျှောက်ကိုကြည့်လိုက်နဲ့ ငေးမှိုင်နေကြတယ်။

- ရူဒေါ့ဖီအို - ကောင်မလေးက တိတ်ဆိတ်မှုကိုဆက်သည်းမခံနိုင်တော့ပဲ စကားစပြောလာတယ်၊ - ကျွန်မကို ခုချိန်ထိ ဘယ်သူမှ မနမ်းဖူးသေးဘူး။

သူက ကိုယ်ကိုအသာညွတ်ရင်း ကောင်မလေးရဲ့ပါးပြင်ကိုနမ်းလိုက်တယ်။

- နှုတ်ခမ်းကိုနမ်းလေ - ကောင်မလေးက သူ့ကိုထပ်ပြီးတောင်းဆိုလိုက်တယ်။

- နှုတ်ခမ်းကိုနမ်းတယ်ဆိုတာ အရမ်းနီးကပ်တဲ့သူတွေအတွက်ပဲလေ။

- ဒါဆို ကျွန်မကရောဟင်။

ကောင်မလေးက ရုတ်တရက်သူ့နားကနေခွာလိုက်တယ်။ သူသတိထားမိတဲ့အချိန်မှာတော့ ကောင်မလေးကသူ့ကိုထုရိုက်ပြီး သူ့ပါးပြင်ကိုတစ်ချက်ရိုက်လိုက်တယ်။ သူလဲအသိစိတ်နဲ့ကိုမကပ်ပဲ ကြောင်နေမိတယ်။ အဲဒီနောက်မှာတော့ မျှော်လင့်တဲ့စိတ်၊ ရှက်တဲ့စိတ်၊ လှုပ်ရှားနေတဲ့စိတ်တွေနဲ့ ကောင်မလေးက သူ့ဆီကပြေးထွက်သွားခဲ့တယ်။ သူကမလှုပ်မယှက်ရပ်နေရင်း ကောင်မလေးပြေးသွားရှာဆီ ကြောင်ငေးနေမိတယ်။ ကောင်မလေးကို လှမ်းခေါ်ဖို့ နောက်ကနေပြေးလိုက်သွားဖို့ အင်အားလဲ သူ့မှာမရှိတော့ဘူး။ ကိုယ့်ကိုယ်ကို မကျေနပ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုမုန်းတီးတဲ့ခံစားမှုတွေနဲ့ သူအကြာကြီးရပ်နေမိတယ်။

*************************

အဲဒီအဖြစ်အပျက်က စနေနေ့မှာဖြစ်ခဲ့တာ။ တနင်္ဂနွေနေ့ နံနက်စောစောရောက်တော့ ကောင်မလေးအမေက သူ့ဆီ ဖုန်းဆက်တယ်။

- ရူဒေါ့ဖီအို၊ ခွင့်လွှတ်ပါနော် ငါမင်းကိုနားလည်ပါတယ်။

အဖွားကြီးအသံက ကတုန်ကယင်ဖြစ်နေတယ်။

- ကျွန်တော်နားထောင်နေပါတယ်ခင်ဗျာ - သူကပြန်ထူးလိုက်တယ်။

- ရူဒေါ့ဖီအို၊ ညက အီအို အိမ်ကိုပြန်မအိပ်ဘူးကွယ်။

သူ့အဖို့တစ်ခုခုပြန်ပြောဖို့ကောင်းတာပေါ့၊ ဒါပေမယ့် သူအသာတိတ်ဆိတ်နေခဲ့တယ်။

- ငါတို့လဲ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပါဘူးကွာ။

- အရင်ဆုံးစိတ်အေးအေးထားပါအန်တီ - နောက်ဆုံးတော့သူနှစ်သိမ့်လိုက်တယ် - သူ့သူငယ်ချင်းတစ်ယောက်ယောက်အိမ်မှာသွားအိပ်နေတာဖြစ်မှာပါ။
- မသိတော့ပါဘူးကွာ။

- ခဏလောက်ဒီတိုင်းစောင့်ကြည့်ပါလား၊ တစ်ကယ်လို့ နောက်နှစ်နာရီလောက်ကြာမှ သူပြန်မလာဘူးဆိုရင် ကျွန်တော်တို့ လိုက်ရှာကြတာပေါ့။ စိတ်သာအေးအေးထားပါအန်တီ၊ နောက်နှစ်နာရီလောက်ကြာရင် ကျွန်တော်ဖုန်းပြန်ဆက်လိုက်ပါ့မယ်။

သူဖုန်းခွက်ကိုပြန်ချရင်းစဉ်းစားနေတယ်။ ပြီးတော့ သူ့ကိုယ်သူပြန်ပြောနေမိတယ်။ - မင်းလဲ ကိုယ်စိတ်ကိုယ်ထိန်း၊ သူ့သူငယ်ချင်းအိမ်သွားအိပ်နေတာလဲဖြစ်နိုင်တာပဲ။ ဒါပေမယ့် သူဘယ်လိုမှစိတ်အေးအေးထားလို့မရဘူး။ စိုးရိမ်ထိတ်လန့်မှုတွေက သူ့ကိုထိုးနှက်နေတယ်လို့ သူခံစားနေရတယ်။ စိတ်ပြေလက်ပျောက်ငြား စာအုပ်ဟောင်းတွေထားရာ စတိုခန်းဆီသူထွက်လာခဲ့ပြီး စာအုပ်ဟောင်းတွေကို မွှေနှောက်ရှာဖွေနေမိတယ်။ အထက်တန်းကျောင်းတုန်းကတွက်ခဲ့တဲ့ သင်္ချာစာအုပ်တွေကိုလှန်လှောကြည့်ရင်း သူ့ရဲ့စိတ်တွေက ပျံ့လွင့်နေတယ်။
ဖုန်းခွက်ကတော့ ခုထိငြိမ်သက်နေတယ်။ သူက မီးဖိုခန်းတံခါးကို အသာပိတ်ရင်း သချာင်္စာအုပ်တစ်အုပ်ကို စလှန်တယ်။ ပုစ္ဆှာက အကယ်၍ နှစ်နာရီနေလို့မှ ဒီဖက်ကန်ထဲကရေတွေဟာ ဟိုဖက်ကန်ကိုမရောက်ဘူးဆိုရင်
အဲဒီအချိန်မှာပဲ တယ်လီဖုန်းမြည်သံကြားလိုက်ရတယ်။

- သမီးပြန်လာပြီ - စိတ်သက်သာရာရသွားတဲ့အသံနဲ့ ကောင်မလေးအမေကပြောတယ်။
သူကရပ်ပြီး ဆက်နားထောင်နေတယ်။

- ရူဒေါ့ဖီအို၊ ကျေးဇူးပြုပြီး ငါတို့အိမ်ကို လာခဲ့ပါလားကွာ။

အဖွားကြီးက ပြောပြီးငိုပြန်တယ်။ ပြီးတော့ထပ်ပြောတယ်။

- သူ့ကြည့်ရတာ တစ်ခုခုဖြစ်လာခဲ့တယ်ထင်တယ်။

***************************************
ခွင့်ပြုချက်တောင်မတောင်းပဲ သူအပေါ်ကုတ်အင်္ကျီကိုချွတ်လိုက်တယ်။ အဖွားကြီးက ဘာမှမပြောပဲ သူမအခန်းကို လက်ညိုးညွန်ပြတယ်။

အီအိုက ပြူတင်းပေါက်အပြင်ဖက်ဆီ မလှုပ်မယှက်ငေးကြည့်ရင်း ကုတင်ပေါ်မှာ ခြေနှစ်ချောင်းကို တင်ပြင်ခွေလုပ်ပြီး ထိုင်နေတယ်။

- ရူဒေါ့ဖီအို - သူကအသာခေါ်လိုက်တယ်။

ကောင်မလေးက သူ့ကိုတစ်ချက်လှည့်ကြည့်ပြီး စကားတစ်ခွန်းမှမပြောဘူး။

- ရူဒေါ့ဖီအို - သူကထပ်ခေါ်လိုက်တယ်။

- လာမခေါ်နဲ့ - မကျေမနပ်ပုံနဲ့ ကောင်မလေးက မျက်နှာကိုရှုံ့ထားတယ်။ - ရှင်ဟာ တကယ့်ရူဒေါ့ဖီအို တကယ်ကိုဘာမှမဟုတ်တဲ့ ရူဒေါ့ဖီအိုပဲ၊ အဲဒါကို ရှင်နားလည်ရဲ့လား။

ကောင်မလေးက သူ့ကိုရိုက်နှက်နေလိုက်တာ သူ့တစ်ကိုယ်လုံးနာကျင်လာတဲ့အထိပါပဲ။ သူကဘာမှမပြောပဲ ငြိမ်ခံနေလိုက်တယ်။ အတော်ကြာမှ ပြူတင်းပေါက်ရှိရာဆီလှမ်းသွားပြီး ဘောင်ပေါ်မှာမှီနေလိုက်တယ်။
ကောင်မလေးက တစ်ကိုယ်လုံးရှေ့နောက်ယိမ်းထိုးပြီး သူ့ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတယ်။

- ကောင်းပြီလေ - သူက ကောင်မလေးကိုနှစ်သိမ့်ရင်း - မင်းဘယ်ရောက်နေခဲ့တာလဲဆိုတာ ပြောပြပါဦး။

- ရှင်သွားသေလိုက် - ကောင်မလေးကလှည့်မကြည့်ပဲနဲ့ သူ့ကိုပြန်အော်လိုက်တယ်။

သူကအသာခေါင်းငြိတ်လိုက်တယ်။ တိတ်ဆိတ်နေတဲ့ ကောင်မလေးအမေရဲ့မေးခွန်းတွေကို ပြန်မဖြေပဲ ကုတ်အင်္ကျီကိုအသာပြန်ဝတ်ရင်း လှေကားတစ်လျှောက် ဆင်းလာခဲ့တယ်။ ကောင်မလေးပြောသလိုပဲ သူကိုယ်တိုင်လည်း လဲသေချင်နေတာပါ။ တနင်္ဂနွေနေ့ရဲ့ နံနက်စောစောဆိုတော့ လမ်းပေါ်မှာလူတွေက သိပ်မရှိကြပါဘူး။ အားလုံးကလဲ လှုပ်ရှားသွားလာနေကြတယ်။ သူလဲ မြစ်ရှိရာဘက်ဆီထွက်လာခဲ့တယ်။ မြစ်ကမ်းပါးတစ်လျှောက်ဆက်လျှောက်နေရင်း ဘယ်သွားရမလဲဆိုတာ စဉ်းစားလို့မရဘူး။ ဘယ်ကိုများဆက်သွားရဦးမှာလဲ။ ။
ပြီးပါပြီ။
29.04.2007
မောင်ဖြူ

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP