Sunday, December 14, 2008
သူစိမ်းတို့ရဲ့အလယ်မှာ (၃)
သူစိမ်းတို့ရဲ့အလယ်မှာ (၁)
သူစိမ်းတို့ရဲ့အလယ်မှာ (၂)
ဘတ်စ်ကားစီးရင်း ရထားစီးရင်း သူစိမ်းတို့အလယ်မှာ မပျော်တာကို ပိုခံစားရသလိုပဲ။ ဟုတ်တယ်လေ ကားတစင်းလုံးမှာ ကိုယ်နဲ့သိတဲ့သူ တယောက်မှ မပါဘူး။ ပါးစပ်အညောင်းပြေ ရယ်ပြချင်လို့မှ ရယ်စရာလူမရှိဘူး။ ရထားစီးလည်း ဒီလိုပဲပေါ့။ ကိုယ့်တယောက်ထဲ အိပ်လိုက်တဲ့အခါလိုက်၊ ဖုန်းကလိတဲ့အခါ ကလိနဲ့ ဖြတ်သန်းရတာ ပျင်းစရာ။ သူစိမ်းအနံ့တွေကလည်း ဟိုမှာဒီမှာ ၀န်းကျင်တခုလုံးမှာ လှိုင်လှိုင်ထနေတာများ ဘယ်ဆီမှ ပြေးထွက် အနံ့အသက်ပြောင်းဖို့ မတတ်နိုင်ဘူးလေ။
ဂျပန်စာသင်စဉ်ကာလတွေက ပိုဆိုး။ မနက်အစော အတန်းတက်ရမယ်ဆိုတော့ သူများရုံးသွားချိန်။ ရထားတွေက ကြပ်လိုက်တာလွန်ရော။ ကျောပိုးအိတ် အကြီးကြီးနဲ့ ကျွန်မကို သူတို့ တွန်းလိုက်ရင် အသက်တောင် ဘယ်လိုရှုရမှန်းမသိ။ နောက်ပိုင်းမှ မနက် (၉) နာရီ မတိုင်ခင်ထိ မိန်းကလေးသီးသန့်တွဲ ရှိတယ်ဆိုတာ သိလာတယ်။ အဲဒီမှာပဲ ခြေတချောင်းချပြီး လိုက်ရလိုက်ရ တွယ်ကပ်လိုက်ဖြစ်တယ်။ မိန်းကလေးတွဲမို့လို့ ညှာတာလားတော့ မမေးပါနဲ့။ အထက်တန်းကျောင်းသူ ငယ်ငယ်လေးများနဲ့ ဝေးဝေးမှာ နေရပါတယ်။ သူတို့နားသွားလို့ မတော်တဆ တိုးမိလို့ကတော့ ရွှေမျက်စောင်းတော် ကော့ကော့များ ကျရောက်လာပေမည်။ ကလေးတွေဆိုတော့ တက်ကြွနေတဲ့အရွယ် မာနလေးတွေနဲ့ကိုး။ ကျွန်မစီးတဲ့ လမ်းမှာ အတက်တန်းကျောင်းလည်းရှိနေတော့ မနက်ခင်းတိုင်း ရထားထဲမှာ ဆူညံနေကြတာ။ သူတို့လေးတွေက စကားလည်း တအားများတယ်။ အဲဒီနေ့မျိုးဆို သူစိမ်းတို့အလယ်ကလည်း ဆူညံလိုက်တာလို့။ မနက် (၅:၃၀) ဆို အိပ်ယာထ။ ရေပူပူနဲ့ ရေချိုး၊ ဘယ်လိုမှ စားချင်စိတ်မရှိတဲ့ မနက်ခင်းစာကို မြိုချ။ ကမန်းကတန်း ရထားဘူတာကို ပြေးရတယ်။ မြေအောက်ရထားကို နာရီဝက်စီးပြီးရင် နောက်ထပ် နာရီဝက် လမ်းဆက်လျှောက်။ ကျောင်းကုန်းအတက်ကို တက်။ မောလိုက်တာ ဟော ဟဲ ဟော ဟဲ။
ကျွန်မတို့ ဂျပန်စာအတန်းတက်တဲ့အခါ စကော်လာရသူနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လာတက်သူတွေဆိုပြီး ရှိပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သမားတွေက ပိုက်ဆံလည်း သုံးနိုင်၊ အင်္ဂလိပ်စကားလည်း ကျွမ်းကျင်ဆိုတော့ သူတို့ကြည့်ရတာ ပေါ့ပေါ့ပါးပါးပဲ။ ကံကြမ္မာက သူတို့ကို မျက်နှာသာ ပိုပေးတယ်။ အင်္ဂလိပ်စာသင်ချင်သူတွေက သူတို့ကို လိုက်ရှာနေကြတာ။ တနာရီကို ယန်း (၄၀၀၀) အနည်းဆုံးရတယ်။ တရက်ကို (၃) နာရီလောက်သင်၊ တပတ်ကို (၄) ရက်လောက်များ သင်လိုက်လို့ကတော့ သုံးချင်ရာ သုံးလို့ရပြီ။ ဒါကြောင့် သူတို့မရောက်ဖူးတဲ့ ကလပ်လည်း ရှိမည်မထင်။ မိန်းကလေးတွေကလည်း အတန်းချိန်နားတုန်း ဆယ်မိနစ်လောက်ကို သူတို့နား လာဝိုင်းနေကြတာ။ ကျွန်မတို့အတန်းမှာ အမေရိကန်ကောင်လေးနှစ်ယောက်၊ ပြင်သစ်သူနှစ်ယောက်၊ Latviaက တယောက်နဲ့ Madagascar တယောက် အားလုံးပေါင်း ရှစ်ယောက်ပဲရှိတယ်။ တခါတလေလည်း ပန်းခြံတွေ သွားကစားရတယ်။ အခန်းထဲမှာ ဂိမ်းဆော့တာလည်းရှိရဲ့။ ဆရာမတွေကလည်း နေ့တိုင်း မုန့်ကျွေးတယ်။ မုန့်မျိုးစုံ မရိုးရအောင် သယ်လာပေးတယ်။ ဘာသာစကားသင်တဲ့ ဆရာမတွေမို့လို့လားမသိဘူး ကလေးတွေလို ဆက်ဆံတာပါ။ Madagascarသူ ကျွန်မဆီ အလည်လာတော့ သနပ်ခါးတွေ အားရပါးရ သွေးလိမ်းသွားတာ။ သူတို့ဆီမှာလည်း သနပ်ခါးလိမ်းကြတယ်တဲ့လေ။
ကျောင်းဝန်းနားနီးတဲ့ ဂျပန်အိမ်ကို အလည်သွားရတုန်းကဆို တန်ပူရာ (tempura) တွေ တ၀ကြီးစားရတာ မှတ်မိနေသေးတယ်။ အဲဒီအိမ်က ဂျပန်အဖွားကြီးက အင်္ဂလိပ်စကားပြောချင်လို့ ကျွန်မတို့အတန်းမှာ လာလာလည်တတ်တာပါ။ သူလာရင် တချိန်လုံး အလုပ်ရှုပ်ပြီသာမှတ်။ စကားတလုံးပြောတာနဲ့ electronic dictionary လေး အရင်နှိပ်ပြနေလို့ စောင့်နေရတာ။ အေးခဲနေတဲ့ အိုက်စခရင်တုံးတွေကို ဆီပူပူမှာထည့်ကြော်ရင်း ဆီပေါက်လို့ အသံစုံအော်ဟစ်ရင်း ရလာတဲ့ အိုက်စခရင်တန်ပူရာလည်း စားလို့အကောင်းသား။ ဘီယာ၊ ၀ိုင်တွေ တဖျောဖျောသောက်နေတဲ့ ဂျပန်ဆရာမလေးကိုလည်း အံ့သြတကြီး ကြည့်မိတာပေါ့။ အမြဲကျောင်းနောက်ကျတတ်တဲ့ အမေရိကန်ကောင်လေး ဖိလစ်ကတော့ နောက်ကျလည်း ခပ်တည်တည်ပဲ။ စာသင်ခုံတန်းတွေကိုတောင် ကျော်ခွဝင်လာတာများ ကျွန်မတို့ဆီနဲ့ လားလားမျှမတူ။ ဆရာမကလည်း မဆူတဲ့အပြင် ရယ်မောလို့။ သူတို့လေးတွေက အသက် (၂၂) ဆိုတော့ ကလေးတွေပေါ့။ မကြာခဏဆိုသလို သူတို့အမေပို့ပေးတဲ့ မုန့်တွေလည်း စားရလို့ သူတို့ဆီမှာလည်း ချစ်တတ်ပါလားနဲ့ တွေးမိသေးတယ်။ ကလေးတွေသာဆိုတာ အရပ်တွေက မနည်းမော့ကြည့်ရတာ။ စာသင်နေရင်းလည်း ဖုန်းတဂွမ်ဂွမ်မြည်ရင် လျှာလေးထုတ်ပြ ဖုန်းဆက်ချင်ဆက်နေတာ။ လွတ်လပ်ပွင့်လင်းပြီး ကိုယ်ကြိုက်တာ လုပ်ချင်ရာ လုပ်ရဲတဲ့ အကျင့်လေးတွေနဲ့ ကြီးပြင်းလာကြသူတွေကိုး။
ရထားပေါ်ရောက်လို့ ထီးကိုယ်စီကိုင်လာတာမြင်ရင် မိုးရွာမယ်သာမှတ်ပေတော့။ ကိုယ်က မိုးရွာမလားလို့ ထီးယူသွားရင် သူစိမ်းတွေအလည်မှာ ကိုယ်တယောက်ထဲ ထီးကြီးတလက်နဲ့ အူကြောင်ကြောင်။ သူတို့က မိုးလေ၀သကို သေချာအလေးထားကြည့်တာကိုး။ ကျွန်မက မသိဘူးလေ။ ထီးမပါလို့ ကိစ္စတော့မရှိ။ ဌာနမှာ ထီးတွေပုံလို့။ မိုးရာသီရောက်ခါနီးရင် ထီးအသစ်တွေတောင် လဲထည့်ထားပေးသေး။ လမ်းမှာမိုးရွာရင်တော့ ကိုယ့်ကံပေါ့။ ကျွန်မတို့ဆီမှာ မိန်းကလေးတွေ ခေါက်ထီးအလှလေးတွေ ကိုင်ချင်ကြပေမယ့် သူတို့တွေ ခေါက်ထီးသိပ်မသုံးပါဘူး။ ထီးအရိုးရှည်တွေကို ပုံစံအမျိုးမျိုးသုံးတာများပါတယ်။ ရာသီဥတုများ ပိုပြင်းလို့ ပိုခိုင်ခံ့တာ သုံးကြလေသလား မတွေးတတ်ပါဘူး။ သေချာတာကတော့ သူတို့တွေ ထီးတလက်ကို မြန်မာပိုက်ဆံ သိန်းချီတန်တာတွေလည်း သုံးကြတာပါ။ ရောက်စကလည်း ထီးဆိုင်မှာ လူတွေ အလုအယက်တိုးနေကြလို့ သွားကြည့်ပါတယ် ထီးတလက်ကို ယန်း (၂၃၀၀၀) မို့လို့ အလုအယက်ဝယ်နေကြတာတဲ့။ ထီးတွေကြည့်လိုက်တော့ ထီးကောက်ရှည်ကြီးတွေ။ ထီးဈေးကြီးတာတော့ မဟုတ်ပါဘူး။ ယန်းတစ်ရာတန်ထီးလည်း ရှိတာပါပဲ။
ဆောင်းဦးပေါက်ပြီး တဖြည်းဖြည်းဆောင်းဝင်လာတော့တာနဲ့ အအေးဓါတ်လည်း သိသာလာသလို အရွက်တွေအရောင်ပြောင်းတာကလည်း ကျောင်းဝန်းကြီးလှပနေတယ်။ ဘာသာစကား (၆)လ တက်ပြီးတော့ ကိုယ့်မေဂျာဆီဝင်ဖို့ ဝင်ခွင့်စာမေးပွဲ ဖြေရအုံးမယ်တဲ့။ အဲလိုကြားကတည်းက လူက ဖျားချင်သလိုလို။ ကျွန်မက ဂျပန်အစိုးရပေးတဲ့ စကော်လာနဲ့ လာတာဆိုတော့ မလာခင်ကတည်းက ဒီဘွဲ့အတွက်လို့ စာမေးပွဲဖြေပြီးသားပါ။ မြန်မာပြည် ဂျပန်သံရုံးမှာ ရေးဖြေ၊ နှုတ်ဖြေ အဆင့်ဆင့် ဖြေခဲ့ပြီးသား။ ဒါပေမယ့် သူ့ကျောင်းထုံးစံအတိုင်း ဖြေရမယ်ဆိုတော့လည်း ဖြေရုံပေါ့။ အရင်ရောက်နေတဲ့ အသိတွေက ဒီစကော်လာဆို ၀င်ခွင့်က အောင်ပြီးသား။ စိတ်မပူနဲ့လို့ ပြောရှာသား။ ကျောင်းသားဆိုတာလည်း စာမေးပွဲရှိရင် ဖြစ်တတ်တဲ့သဘောက လွန်ဆန်လို့မရဘူးလေ။ ဒါနဲ့ တလနီးပါး ဖုန်းလည်း မဆက်၊ သူများဆက်လည်း မကိုင်ဘူး။ အခန်းထဲကနေ ဘယ်မှလည်းမသွား။ ဆရာကလည်း စိတ်မပူနဲ့ဆိုပြီး စာအုပ်ထူထူတအုပ်ပေးတယ်။ ဒီထဲက မေးမယ်တဲ့။ တကယ်တော့ ဒီစာအုပ်က တံတားဆိုင်ရာ သီအိုရီတွေ အများကြီး။ ကျွန်မ ဘာမှ မသိ။ အားလုံးက အသစ်။
ဖြေရမယ့် မနက်မှာ အခန်းလိုက်ရှာတော့ တကျောင်းလုံး တိတ်ဆိတ်လို့။ ကျောင်းပိတ်ထားတာကိုး။ အခန်းတွေ့လို့ ၀င်လိုက်ရင် ဂျပန်လေးတွေ အယောက် (၂၀) လောက်က ကျွန်မကို ထူးဆန်းသတ္တ၀ါလို ၀ိုင်းကြည့်ကြတယ်။ နိုင်ငံခြားသားလည်း တယောက်မှမပါ။ မိန်းကလေးလည်း မပါ။ ငါ့နှယ်နော် ဟုတ်ရော ဟုတ်ရဲ့လားပေါ့။ ဟုတ်ပါတယ်။ မကြာခင်ပဲ ဆရာ(၅)ယောက် ၀င်လာပြီး ဘာတွေပြောတယ် မသိဘူး။ ပြောချင်ရာပြော ကိုယ်လည်း လုပ်ချင်ရာလုပ်နေလိုက်တယ်။ နောက်မှ ပါလာတဲ့ ဆရာတယောက်က ကျွန်မအတွက် အင်္ဂလိပ်လိုလေး ပြောပြလို့။ စဖြေလို့ရ၊ မရ သူများ ဘာလုပ်လဲ မသိမသာကြည့်နေရသေးတယ်။ မေးခွန်းကိုကြည့်လိုက်တော့ တခုထဲ။ structure တခု earthquake နဲ့ ပတ်သက်လို့ ဘယ်လိုတွေ ဖြစ်နိုင်လဲ၊ ဖြစ်လာတာတွေ ဘယ်လို ဖြေရှင်းမလဲ၊ ဥပမာတခုကို စဉ်းစားပြပါတဲ့လေ။ အဖြေလွှာက A4 လေးရွက်ပေးတယ်။ သိသမျှကို စီစဉ်ရေးလိုက်တော့ ပြီးသွားတယ်။ ဒီကြားထဲ အခန်းစောင့်ဆရာက ခဏခြင်း လာလာချောင်းကြည့်နေလို့။
မေဂျာအတွက်ရေးဖြေ (၂) နာရီပြီးတော့ အင်္ဂလိပ်စာက (၁) နာရီ။ နောက် မာစတာလုပ်ခဲ့တာကို presentation (၂၀) မိနစ် ဆက်လုပ်ရမယ်တဲ့။ နေ့လည်မှ ပြန်စမယ်ဆိုတော့ ပါလာတဲ့ မုန့်လေး ထုတ်စား၊ ကိုယ့်ဌာန၊ ကိုယ့်နေရာလေးမှာ သွားနားတော့လည်း ဘယ်သူမှ ကျောင်းမလာဘူး။ ဆရာ့အခန်းမှာလည်း သော့ပိတ်ရက်သား။ အယ် ဆရာက မလာတာလား ဂရုလည်းမစိုက်ဘူး လို့ တချက်တွေးမိလိုက်သေးတယ်။ presentation စချိန်နား နီးလာမှ ဆရာက ပျာယာပျာယာရောက်လာပြီး ကွန်ပြူတာပါသလား၊ စာရွက်တွေ ဝေဖို့ မိတ္တူ သူကူးပေးမယ်နဲ့ လုပ်ပါရော။ ကွန်ပြူတာမပါ၊ မိတ္တူအားလုံး အဆင်သင့်ဆိုတာပြောမှ သူ့ကွန်ပြူတာ ယူလာပေးတယ်။ သူ့အခန်းရောက်တော့ မုန့်လည်း ကျွေးလိုက်သေးတယ်။ presentation မှာ ဆရာအားလုံး (၁၅) ယောက်လောက် လာတယ်။
ကျွန်မတို့ civil ဌာနတခုအောက်မှာ bridge၊ transportation၊ building၊ wind၊ coastal နဲ့ အမျိုးမျိုး ထပ်ကွဲပြန်သေးတယ်။ စာမေးပွဲလုပ်တဲ့အခါ နှစ်စဉ် progress report ဖတ်တဲ့အခါတွေမှာ ဆိုင်ရာဆရာတွေ စုလိုက်တော့ (၁၅) ယောက်လောက် ဖြစ်သွားရော။ presentation ပြီးတော့ ဆရာက လက်ဆွဲနှုတ်ဆက်တယ်။ ဒါပေမယ့် နောက်တပ် နှုတ်ဖြေကျန်သေးတယ်ဆိုတဲ့ စကားက အားကုန်သွားရော။ နောက် နာရီဝက်အကြာမှာ အစောက ဆရာများအုပ်စု တယောက်တခွန်း မေးကြ၊ နှိပ်စက်ကြလေတာ ညနေ (၃) နာရီလောက်ရောက်ရော ဒူးတွေ မခိုင်တော့ဘူး။ မတိုင်ခင် တလအကြိုက စိတ်ပင်ပန်းတာတွေ တရက်လုံး နှိပ်စက်ထားတာ ခံထားရတွေနဲ့ ယိုင်နဲ့နေပြီ။ ခဏနေမှ ဆရာက သူ့အခန်းမှာ နောက် (၁) နာရီ စောင့်ပါတဲ့။ အဲဒီအချိန်တွေကတော့ ငရဲအတိ။ ဆရာလာတဲ့အခါ မင်းအောင်သွားပြီ၊ ကွန်ကရက်ကျူလေးရှင်း၊ ကျေးဇူးတင်တယ်လို့ သူလုပ်လာတော့ ဒုက္ခခပ်သိမ်း ခေတ္တငြိမ်းချမ်းသွားတာပေါ့။ အဲဒီနေ့က နေရာတိုင်းလှနေတယ်။ အိမ်အပြန်လမ်းက တိုနေတယ်လို့ ထင်ယောင်ထင်မှားတွေနဲ့။ ဒီလိုဝင်ခွင့်ဖြေပြီး အောင်စာရင်း ချက်ချင်းသိရတယ်ဆိုတာ ဆရာအပေါ် မူတည်မယ်ထင်ပါတယ်။ တချို့ကျောင်းတွေ ဖြေပြီး အချိန်တခု ထပ်စောင့်ရတယ်။ တကယ်လို့များ ၀င်ခွင့်မအောင်ရင် ပြည်တော်ပြန်ရမယ်။ ၀င်ခွင့်အောင်ရင် နောက်ထပ်အသင့်စောင့်နေတဲ့ တောင်တလုံးကို ဆက်တက်ရမယ်။ ဂျပန်အစိုးရ စကော်လာတိုင်း ၀င်ခွင့်အောင်တာတော့ မဟုတ်ပါဘူး။ အဆင်မပြေလို့ မအောင်မြင်တာတွေလည်း ရှိတယ်ပြောပါတယ်။
ညနေခင်းအပြန် ယိုကိုဟားမားကမ်းခြေကို တယောက်ထဲ လျှောက်သွား၊ မုန့်တွေစားချင်သလိုစားရင်း အဆက်အသွယ်ဖြတ်ထားသူများကို ဖုန်းဆက်ရင်း ညမိုးချုပ်မှ အဆောင်ပြန်ရောက်တယ်။ အဲဒီစာမေးပွဲကာလတွေဟာ မမေ့နိုင်စရာကောင်းသလို နောက်ထပ် မကြုံချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ သူစိမ်းတွေအလယ်မှာ ဆက်နေရဖို့ အားမွေးရတော့မယ်။
ဆက်ပါအုံးမည်။
မဇနိ
21 comments:
  1. နိနိရေ..
    ရင်တထိပ်ထိပ်နဲ့ဖတ်နေမိတယ်..
    (အောင်ပြီးလို့ခုထိနေနေရတယ်ဆိုတာ..
    သိထားရက်နဲ့လဲ...)
    ကိုနိ...
    ကျနော်..မနက်ကတည်းက အပြင်သွားနေတာ..
    မွန်းလွှဲလောက်ပြန်ရောက်ပြီး..
    သူငယ်ချင်းအိမ်မှာ ပွားနေတာနဲ့..
    အခုမှပြန်ရောက်တယ်..
    (အဟီးး..လိမ်မာတယ်..မေးသမျှပြန်ဖြေတယ်)
    ReplyDelete
  2. ah ဘယ်သူလဲ့ကွ. တို့ ၂ ဖြစ်သွားပြီးဒ ဖတ်နေတုံးရှိသေးတယ။်
    ReplyDelete
  3. သိတ်ဖတ်လို့ကောင်းတာဘဲ ပိုပိုတိုးတက်လာတယ်။
    ReplyDelete
  4. အမလေးးးမောလိုက်တာ မနိလေးရယ်။ ကျောင်းက ဘယ်နှစ်နှစ်တောင် တက်ရမှာလဲဟင်?
    ReplyDelete
  5. kom: လင်းဘိတ်ချေး
    ReplyDelete
  6. မမတော်လိုက်တာ...
    ဒီလောက်ဥာဏ်ကောင်းတဲ့မမ..
    ဒီတိုင်းထားလို့မဖြစ်တော့ဘူး..
    ဟဲဟဲ
    ReplyDelete
  7. ဟုတ်ပါ့.. သားသားတောင် ဖတ်ရင်းရင်တွေတုန်နေပြီ.. ဒေါ်ဒေါ်နိတော့ဘယ့်နှယ့်နေမယ် မပြောတတ်။
    အောင်တယ်ဆိုလို့ ၀မ်းသာလိုက်တာ။ ကိုယ်အောင်သွားသလိုပဲ..။ တော်တယ်နော် သားသားဒေါ်ဒေါ်နိက။း)
    ReplyDelete
  8. ဆရာ ၁၅ယောက်တောင် တယောက်တပေါက် မေးခွန်းတွေနဲ့ ၀ိုင်းနှိပ်စက်ကြတာ နိနိ ကြံ့ကြံ့ခံနိုင်တာ ချီးကျူးပါတယ်။ သူ့အစား ချွေးပြန်နေတာ။
    စာမေးပွဲခန်းထဲမှာ ဆရာတွေ သူတို့လဲ ပြောချင်ရာပြော၊ ကိုယ်လဲ လုပ်ချင်ရာလုပ်ပဲ ဆိုတာတော့ အမနဲ့ တူလွန်းလို့ သဘောကျပြီး ရီလိုက်မိတယ်။
    ReplyDelete
  9. Are you studying in Yokohama National University? Where did you do your master degree? Thanks.
    ReplyDelete
  10. to anonymous - yes and in ytu.
    ReplyDelete
  11. ဖတ်သွားပါတယ် အစ်မဇနိ
    http://winzaw-mdy.blogspot.com
    ReplyDelete
  12. မမနိ ကတော်လိုက်တာ ၊ ဆက်ရန် မျှော်နေမယ်နော် :D
    ReplyDelete
  13. မမနိက တော်ပြီးသားမို့  တော်တယ်လို့ မပြောတော့ဘူးနော့် တစ်ခုတော့ ချီးကျူးအုံးမယ် ဓာတ်ပုံတွေ အရမ်းလှတာပဲ ဘောင်လေးတွေနဲ့  ဘယ်လိုလုပ်တာလဲ ။ ဟို..အ၀ါရောင် အနီရောင် အပင်တောထဲမှာ ချစ်သူနဲ့  လက်ချင်းချိတ်ပြီး သွားရတာလေးကို ကိုးရီးယားကားကြည့်တိုင်း စိတ်ကူးယဉ်မိတယ်း) ကိုနိ အလည်လာရင် သွားပြီးထပ်ရိုက်အုံးနော့် ။
    ReplyDelete
  14. ပုံလေးတွေလည်းလှ ၊ ရေးတဲ့ စာလေးတွေလည်းကောင်းတယ်၊၊ ကွိကွိ က အရမ်းတော်တယ်ဗျာ ၊၊ ဂုဏ်လည်းယူပါတယ် ကွိကွိနဲ့ခင်ခွင့်ရတာကို ၊၊ ကိုနိကြီးလည်း အရမ်းတော်ပါတယ်၊၊ လိုက်ဖက်ပါတယ်ဗျို့ ၊၊ ကွိကွိ
    ReplyDelete
  15. မဇနိရေ.. စာမေးပွဲတွေ ကျောင်းစာတွေအကြောင်းဖတ်ရရင် လူက အလိုလို သွေးတိုးလာသလိုပဲ.. :P
    မဇနိက တော်တယ်... :D
    ReplyDelete
  16. နိနိရေ… သူစိမ်းတွေ အလယ်မှာကို စောင့်ဖတ်နေတယ်နော်…
    ကိုယ်မရောက်ဘူးတဲ့နိုင်ငံရဲ့ အတွေ့ အကြုံသစ်တွေကို စာရေးကောင်းတဲ့ညီမ ရေးလိုက်တော့ အတော်ကို ဖတ်လို့ ကောင်းပါတယ်…
    သူစိမ်းတွေအလယ်က စာမေးပွဲဒဏ်ကို ခံဖူးသူမို့  ကိုယ်ချင်းစာတယ် ညီမရေ….
    ဒီနေ့  သားနဲ့ အတူ ရထားစီးပြန်လာတော့ priority seatမှာ သားကို တွေ့ လျက်နဲ့  နေရာမပေးပဲ ခပ်တည်တည်ထိုင်နေတဲ့ ကောင်မလေးကို သားက မတော်တဆထိမိလို့  ကလေးကို ထိုးတဲ့ မျက်စောင်း ကြောက်ဖို့ ကောင်းလိုက်တာ ညီမရယ်.. တကယ့် သူစိမ်းတွေပါပဲ…
    ReplyDelete
  17. နိနိက ခံစားချက်အပြည့်နဲ့ ရေးလို့ ထင်ရဲ့ ဆရာမနုနုရည် အငယ်စားလေးလိုပဲ။ စောင့်ဖတ်နေတယ်နော်။
    အာဇာနည်သီချင်းလေးနဲ့ လည်းတိုက်ဆိုင်တယ်လေ “အတူသွားအတူစားကာ ..ပြန်တွေးလိုက်တိုင်းမှာ..သူစိမ်းတွေကြားမှာ…” ဆိုတဲ့
    သီချင်းလေး။ ခေတ်က သူစိမ်းတွေကြားထဲ တိုးဝင်သွားလာနေရတဲ့ခေတ်ကိုး နိနိရဲ့။
    ReplyDelete
  18. ဘာသာစကား သင်တန်းနဲ့ ကျောင်းဝင်ခွင့် စာမေးပွဲလေးမှာ ကျောင်းဝင်ခွင့်က ပိုလို့ အသက်ဝင်နေပါတယ်။ ဘာသာစကားသင်တန်းမှာ ဒီ့ထက်ရေးစရာတွေ ရှိနေမယ်ထင်ပ။
    ဝင်ခွင့်အကြောင်းလေးကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်ဆိုရင် ဖြတ်သန်းနိုင်ပါ့မလားတောင် တွေးမိတယ်။
    ဖတ်လို့ကောင်းတယ်။
    သုခမိန်(E-Journal)
    ReplyDelete
  19. တော်၏။
    ကောင်း၏။
    အသက်ငယ်သော်လည်း
    လေးစားပါ၏။
    ReplyDelete