Tuesday, September 30, 2008

ကြက်မြစ်ကြက်သည်းဟင်း


မဇနိနဲ့ ကျနော် အခုရက်ပိုင်းလေးမှာ အလုပ်တွေက နည်းနည်းလေးရှုပ်နေတော့ ဘလော့ဂ်ဖက်ကို မလှည့်နိုင်ဖြစ်နေကြပါတယ်။ ပို့စ်အသစ်မရှိတော့ အလည်လာတဲ့ မိတ်ဆွေတွေကို အားလည်းနာမိတယ်၊ အလည်လာလို့ ကျေးဇူးလည်းတင်ပါတယ်။ နောက်ထပ် အားနာရတဲ့သူတစ်ယောက်ကတော့ ကိုအန်ဒီပါ။ သူ့ ဝီရှီမီမှာ ကျနော်တို့ဘလော့အတွက် ရှယ်ယာသုံးနေရာပေးထားတော့ ကိုယ်က အခုအချိန် ပို့စ်မတင်နိုင်သေးတဲ့အချိန်မှာ စိတ်ထဲက အားနာနေတာပါ။ တဆက်တည်းပဲ အကယ်ဒမီပေး(မခင်ဦးမေ စတိုင်နဲ့ပြောတာပါ)တဲ့ ကိုအန်ဒီကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။

ဒီလိုနဲ့ ဟိုတစ်နေ့က မဇနိလုပ်စားဖြစ်တဲ့ ဟင်းလေးကို တင်လိုက်ပါတယ်။


ကြက်မြစ်ကြက်သည်းဟင်း

ပထမဆုံး ကြက်မြစ်ကြက်သည်းကို ရေးစင်အောင်ဆေးပါတယ်။ ကြက်မြစ်ကြက်သည်းထဲကို ဂျင်း၊ ကြက်သွန်ဖြူ ထောင်းထားတာရယ်၊ ငံပြာရည် ဆနွင်းမှုန့်အနည်းငယ်ရယ် ထည့်နယ်ပါတယ်။ ပြီးတော့ ရေမြှုပ်လောက်ရုံထည့်ပြုတ်ပါတယ်။ ရေခန်းသွားပြီဆိုရင် မီးဖိုပေါ်က ချထားလိုက်မယ်။ ငရုတ်ပွသီးကို လေးစိပ် စိပ်ထားပါတယ်။ ပဲသီးကို အနေတော်လေးတွေ သင်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ခရမ်းချဉ်သီးလိပ်အောင် ဆီပူပူမှာ ထည့်လှိမ့်ပါတယ်။ ခရမ်းချဉ်သီးလိပ်ရင် ပြုတ်ထားတဲ့ ကြက်မြစ်ကြက်သည်းကို ထည့်မွှေပါတယ်။ ငရုတ်ပွသီးရယ်၊ ပဲသီးရယ်ကိုထည့်၊ ခပ်ဖွဖွ မွှေပြီး ရေစပ်စပ်လေး ထည့်ချက်လိုက်ပါတယ်။ ရေအတော်အသင့် ခမ်းလို့ ကိုယ့်စိတ်ကြိုက်အနေအထားရရင်၊ နံနံပင်လေးခပ်ပြီး ချလိုက်လို့ရပါပြီ။ ကြက်မြစ်ကြက်သည်းပြုတ်တုန်းက များတယ်ဆိုရင် ဟင်းချက်ဖို့ အတော်အသင့်ခွဲထားပြီး ကျန်တာကို ပါးပါးလေးတွေ လှီးပါတယ်။ ဆီမှာ ထည့်ကြော်ပြီး ကြက်သွန်ဖြူလေးပါအုပ်လိုက်ပါတယ်။ အစပ်ကြိုက်တတ်တဲ့သူတွေကတော့ ငရုတ်သီးအကြမ်းမှုန့်ပါထည့်ပြီး ကြွပ်ကြွပ်လေးကြော်ထားလိုက်ရင် ရက်ရှည်ထားလို့ရပါတယ်။ မနက်အစော ထမင်းပူပူလေးနဲ့ တွဲစားသလို၊ ရေနွေးလေးနဲ့လည်း မြည်းလို့ရပါတယ်။

Friday, September 26, 2008

သူတို့ဓလေ့



မောင်လေးလာရင် ကိုယ်နေရတဲ့အခန်းကျဉ်လေးကို ဘယ်လိုပြောမလဲလို့ စိုးထိတ်မိနေတယ်။ သူကလည်း ရောက်ရောက်ချင်းကိုပြောပါတယ် “မမအခန်းကလည်း ကျဉ်းကျဉ်းလေးနော်” တဲ့။ ဒါတောင် အမေမမြင်သေးလို့။ အမေသာသိရင် “ညည်းတို့အခန်းကလည်း အသက်ရှုကြပ်လိုက်တာအေ”၊ “ငါ့ကို ပြန်ပို့ပါ” လို့ ပြောပေလိမ့်မည်။ အမေက ရန်ကုန်ကို အလည်ခေါ်ရင် သိပ်မလာချင်ဘူး။ “ညည်းတို့ ရန်ကုန်က မျက်စိရှုပ်၊ နားရှုပ်တယ်အေ” လို့ ပြောတတ်တယ်။ ညဆို လေလေးတဖြူးဖြူးနဲ့ အညာက အိမ်လေးမှာပဲ အမေက ပျော်တယ်ထင်ပါ့။ ငယ်ငယ်က မဇနိလည်း အိမ်လေးကို သိပ်ခင်တွယ်တာပါ။ မိသားစုအိပ်ခန်းလေးကိုပဲ ဘယ်တော့မှခွဲမသွားဘူးလို့ ခဏခဏပြောမိတယ်။


ကျွန်မပြောချင်တဲ့ အညာဆိုတာ တကယ့်ကို အညာပိုစစ်ပါတယ်။ အဒေါ်တို့ရွာက အိမ်ဝိုင်းတွေက အကျယ်ကြီးတွေ။ အဲဒီအဒ်ါက ကျွန်မတို့အိမ်ဆို သူ့ညီမကို သတိရပေမယ့် မလာချင်ပါဘူး။ သူကလည်း အသက်ရှုကြပ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့မြို့လေးကနေ ကားနဲ့သွားရင် (၁၂)နာရီလောက် သွားရတယ်။ အညာနေကပူတော့ ကားတွေညဖက်ပဲ မောင်းပါတယ်။ ကျွန်မတို့မြို့ကနေ ညနေ(၄)နာရီလောက် စထွက်ရင် အဒေါ်တို့ရွာကို မိုးမလင်းတလင်း ရောက်တယ်။ လမ်းမှာလည်း ထမင်းဆိုင်တွေက ထမင်းသုပ်နာမည်ကြီးတော့ စားကောင်းတယ်။ အကိုတွေက ကားသမားတွေမလို့ ထမင်းဆိုင်တွေမှာ ရှယ်စားရတာပေါ့။ သူတို့ဆီက ထမင်းဆိုင်တွေက ကားပိုင်၊ ကားဒရိုင်ဘာတွေကို ပိုက်ဆံမယူပါဘူး။ စားပွဲဝိုင်းမှာ ဟင်းမျိုးစုံသီးသန့်လုပ်ပေးတဲ့အပြင် ကြက်သားသုပ်ကိုလည်း ရှယ်သုပ်ပေးတာပါ။ ကားသမားဆိုတော့ အမြည်းနေမှာပေါ့။ ကျွန်မတို့ပါလာရင် အကိုက “မြို့က ကျနော့်ညီမ ပါလာတယ်နော်” လို့ ဆိုင်ကို အသိပေးလိုက်တာနဲ့ ကြက်တောင်ပံကြော်ပူပူလေးပါ အဆစ်ပါလာတတ်တယ်။ အဲဒီရွာလေးက ထမင်းဆိုင်တွေ နာမည်သိပ်ကြီးသကိုး။ မြို့ကလူငယ်တွေဆို စာမေးပွဲအောင်စာရင်းထွက်တဲ့ရက်လိုမျိုး ဆိုင်ကယ်တွေနဲ့ အပျော်သွားစားကြတာလည်း အဲဒီဆိုင်လေးတွေဆီပါ။ နာမည်ကြီးဆို ကြက်သားသုပ်က ပူစီနံလတ်လတ်ဆတ်ဆတ်၊ ခရမ်းချဉ်သီးစိမ်းတွေနဲ့ စားလို့အတော်ကောင်းတာ။ အဖေကတော့ အဲဆိုင်တွေမှာ မစားတော့ပါဘူး။ စားတဲ့သူများတော့ တခါတလေ ကြက်တွေက ကိုယ့်ခြေထောက်အောက်ကနေ ထွက်ပြေးနေတာတဲ့။ လိုက်သတ်နေလို့လေ။ အမေအတွက်တော့ ရွာကအပြန်မှာ ကြက်သားသုပ်၊ ဝက်အူချောင်းနဲ့ မုန့်ပျားသလက် မမေ့အောင် ဝယ်သွားရပါတယ်။

ထမင်းစားနားပြီးရင် ကားကိုဆက်မောင်းတာ မနားတမ်းမောင်းမှ မနက်မလင်းခင် ရွာကို ရောက်တာကိုး။ ချောင်းရေများကျနေရင် ကားကူးရတာ ခက်သေးတယ်။ လမ်းဘေးဝဲယာမှာ ခြောက်ကမ်းပါးတွေနဲ့ အသည်းတထိတ်ထိတ်။ ရွာထိပ်က ကားသံကြားရင် အဒေါ်တို့အိမ်က မီးထွန်းပြီးသား ဖြစ်နေပြီ။ မီးစက်မောင်းရတာဆိုတော့ လိုတဲ့အချိန်မှာ စက်နှိုးရတာပါ။ တခါက မှတ်မှတ်ရရ အကိုတွေက ကက်ဆက်အသစ်ကြီးဝယ်လာတာ။ “မေးပါရစေ အမေရေ ဘာမေးချင်လို့လဲ ဘာသိချင်လို့လဲ” ဆိုတဲ့ သံချပ်အခွေပေါ်ကာစ အဲဒီသီချင်းကြီးကို ကက်ဆက်အသစ်နဲ့ အကျယ်ကြီးဖွင့်ပြီး ကားဝင်သွားတာ မနက်မလင်းခင်။ ဘာပြောကောင်းမလဲ ရွာမှာ လူမမာတယောက်ကလည်း ရှိတယ်ဆိုတော့ သူတော့ဆုံးရှာပြီပေါ့။ နောက်နေ့မှာ အကိုတွေ အဆူခံရတော့တာ။ အကိုဝမ်းကွဲတွေ (၆) ယောက်ရှိတယ်။ သူတို့က ကားလည်းရှိတယ်ဆိုတော့ ရွာမှာတော့ စူပါပေါ့။ အကိုတယောက်က အသားဖြူဖြူ၊ ဗီဇကလည်းပါတော့ ရည်းစားတအားများတာ။ “နေညိုချိန်နေ့ကူးရင် မ ဆီက ပြန်စာလေးကို မျှော်နေမယ်နော်” ဆိုတဲ့ အဆုံးသတ်ပါတာ မှတ်မိသေးတယ်။ အဲဒီတပုံစံထဲစာကို ရွာကကောင်မလေး၊ မြို့ကကောင်မလေး၊ နောက်ဆုံး သူ့စာသင်ပေးတဲ့ဆရာမပါမကျန် လိုက်ပေးတတ်တယ်။ တညတည်း ကောင်မလေးနှစ်ယောက်ကို ချိန်းတွေ့တတ်တဲ့ အကို။ သူတို့ရွာနဲ့ သူတို့ဓလေ့တော့ ပျော်စရာကောင်းပါတယ်။

အမဝမ်းကွဲက နှစ်ယောက်ရှိတယ်။ တယောက်က မြို့ကိုလာ ကျောင်းတက်တဲ့ တက္ကသိုလ်ကျောင်းသူ။ တယောက်က အိမ်မှာ စက်ချုပ်တယ်။ သူတို့နှစ်ယောက်ရှိတော့ သင်္ကြန်တွင်းဆို တခြားရွာတွေက ကာလသားတွေပါ ရေလာလောင်းကြတာ။ အဒေါ်တွေ ဥပုသ်စောင့်သွားရင် စကားနည်းပြီး ခပ်အေးအေးနေတဲ့ အကိုတယောက်ကို နှမတွေအစောင့်ထားခဲ့တယ်။ ရေပုံးကိုယ်စီနဲ့ ကာလသားတွေလာရင် ရောက်ရာနေရာကနေ ဝုန်း ဒိုင်းပြေးပြီး ပုန်းရတယ်။ အိမ်အပေါ်ထပ်မှာ ဝါထည့်ထားတဲ့ ယိုင်တွေရှိတော့ အဲဒီထဲ ဝင်နေရပါတယ်။ တချို့ တားမရဘူး အိမ်ပေါ်ထိတက်ရှာတာကိုး။ တက်ရှာလို့မိရင် တွေ့တဲ့နေရာမှာ ရေဝိုင်းလောင်းတာ။ ဝါဂွမ်းပုံထဲဆို လောင်းလို့မရပါဘူး။ တခါတလေ အခန်းကို မင်းတုန်းချထားရင် ဝိုင်းတွန်းကြလို့ မင်းတုန်းတွေလည်း ပျက်ရတယ်။ သူတို့နှစ်ယောက်ကို မတွေ့ရင် တွေ့တဲ့ကျွန်မကို လောင်းသွားတာ။ ကျွန်မက ကလေးဆိုတော့ ညိုမြလုပ်ချင်တာနဲ့ အမြဲမိတာပါပဲ။ အမအကြီးက ဘယ်မှမထွက်ဘဲ မာနလည်းကြီးတော့ ကြောက်ကြတယ်။ အမအငယ်က ကျောင်းသူဆိုတော့ ရွာမှာ စူပါစတား။ သူကစွာတော့ ကြောက်ကြတယ်။ ဥက္ကဌသမီးတွေဆိုတာ ရွာမှာ နာမည်ကြီးကိုး။ အမတွေက အသားအရေဝင်းဝင်းလေးတွေနဲ့ လှကြတယ်။ သူတို့ရွာက ရေခံမြေခံကောင်းလို့ ရွာသူတွေက လှတာလို့ အမေကတော့ ပြောတာပဲ။ ကျွန်မတို့က မြို့သူသာပြောတာ ရွာသွားရင် ရှက်တောင်ရှက်တယ် အသားမဲလို့လေ။

သူတို့ဆီက သင်္ကြန်တွင်းမှာ ဘယ်သူ့ကိုဖြစ်ဖြစ် အိမ်ပေါ်ထိရေတက်လောင်းလို့ ရတယ်။ ညလည်း လောင်းလို့ရတယ်။ အပျိုတွေရှိတဲ့အိမ်တွေမှာ ညဆိုရေလောင်းတွေနဲ့ ဆူညံနေတာ။ စကားနည်းတဲ့အကိုက ရေလောင်းတွေလာရင် အထူးမပြောရအောင် ကိုက်တတ်တဲ့ခွေးကို ကြိုးဖြေပေးထားပြီး သူကအိမ်အောက်မှာ အိပ်ချင်ယောင်ဆောင်နေတတ်တယ်။ ရေလောင်းတွေမှာ အကိုခွေးကြည့်ပေးအုံးလည်း မပြောရဲ၊ အိမ်ပေါ်တက်မယ်ပြင်တော့လည်း ခွေးက ကိုက်မယ်တပြင်ပြင်နဲ့ အတော်ဝရုန်းသုန်းကားနိုင်သလို ပျော်စရာကောင်းလှပါတယ်။ နှစ်ဆန်း (၁) ရက်နေ့မှာ ရွာဦးဘုန်းကြီးကျောင်း ဆွမ်းကြီးလောင်းပွဲရှိပါတယ်။ မိန်းကလေးအားလုံး အလှဆုံးပြင်ဆင်ပြီး ဆွမ်းကြီးလောင်းပွဲကို သွားကြတယ်။ မုန့်ဖက်ထုပ်၊ မီးချစ်ပုံး၊ ထန်းလျက်၊ ဆွမ်း၊ ဟင်းလျာ စတာတွေကို ခြင်းလေးတွေနဲ့ထည့်ပြီး ဆွမ်းကြီးလောင်းပွဲကို သွားကြတာပါ။ ရွာတိုင်းမှာ ဆွမ်းကြီးလောင်းပွဲရှိတော့ ဘယ်ရွာမှာ ဘယ်သူ့သမီးက ချောတယ်ဆိုတာ ကာလသားတွေ စာရင်းလုပ်ထားပါတယ်။ အပျိုချောချောရှိတဲ့ရွာဆို ရွာနီးစပ်က ကာလသားတွေ စုပြုံလာကြတယ်။ ဆွမ်းလောင်းပွဲအပြီးဆိုရင် ဘုန်းကြီးကျောင်းရဲ့ လေးဖက်လေးတန်အပေါက်တွေမှာ လူစုခွဲရေပုံးတွေနဲ့ စောင့်နေကြတာပါ။ ဘယ်အပေါက်ကပြေးပြေး မလွတ်မှန်းသိပေမယ့် ပြေးလိုက်ရမှ အရသာရှိတယ်ထင်တော့ ပြေးကြတာပေါ့။ ကျွန်မနဲ့ အမတွေက ခွေးတိုးပေါက်ကနေ ပြေးကြဖူးတယ်။ တလမ်းလုံးလွတ်လာပေမယ့် အိမ်ရှေ့မှာ အစုလိုက်စောင့်နေကြတာ မလွတ်တော့ပါဘူး။ ရေလောင်းရင် နောက်ကျောကို လက်လေးနဲ့ ဗန်း ဗန်း ဆိုပြီး ပုတ်လောင်းတဲ့ သူတို့အလေ့က မသိရင် စိတ်ဆိုးချင်စရာပါ။

ကျွန်မအဒေါ်က ချမ်းသာသလောက် ကပ်စေးနဲပါတယ်။ မနက်ခင်းဆို (၄) နာရီမထိုးခင်ကတည်းက “ဖိုးကျော်”၊ “ဖိုးမော်” ဘယ်သူဆိုပြီး အကုန်အိပ်မရအောင် နှိုးပါတယ်။ ဒီချိန်ထိအိပ်ရင် ဘာလုပ်ကိုင်စားကြမလဲလို့လည်း ဆူပူပါတယ်။ ညက အလည်လွန်တဲ့အကိုတွေလည်း အိပ်ယာက ကမူးကတူးထပြီး နွားစာကျွေး၊ နွားတပ်၊ တောသွားကြရပါတယ်။ အမနဲ့ ကျွန်မက မီးဖိုခန်းနဲ့ အိမ်မကြီးကြားက လသာခန်းမှာ အိပ်ကြတယ်။ အဒေါ်တက်မလာမချင်း ခိုးအိပ်ကြတာ။ သူကလည်း ပါးနပ်တယ်။ “ဟဲ့ကောင်မလေးတွေ မီးမမွှေးသေးဘူးလား” နဲ့ လုပ်တတ်တယ်။ အဲလောက်အလုပ်ကြိုးစားလို့ သူတို့ယာခင်းက အထွက်နှုန်းတွေက ကောင်းလှပါတယ်။ ပဲကြီးဖြူဆို တင်း(၁၅၀) အသာလေးထွက်တာပါ။ စပါးဆိုတာ စားအိုးကြီးတဲ့အိမ် တနှစ်ပတ်လုံးစားဖို့အပြင် ရောင်းရတာလည်း မနည်းပါဘူး။ ရွာကိုအလည်သွားရင် မီးဖိုခန်းမှာ ကူရတာ ပျော်စရာကောင်းသလို စိတ်လည်း ညစ်ရပါတယ်။ ဦးကြီးအတွက် ဆတ်သားကြော်၊ ငါးကြော်၊ ငါးခြောက်ဖုတ်၊ ကြက်သားကြော် တမျိုးမျိုးနဲ့ ရေနွေးအကြမ်းအိုးက တနေကုန်သူ့ရှေ့မှာ ထားရပါတယ်။ အမကလည်း သူ့အဖေကို ဘုရင်တဆူလို အမြည်းမပြတ်စေရအောင် ဂရုစိုက်တယ်။ အကိုတွေကလည်း အဲဒီအမြည်းမှ စားချင်နေကြတာ။ ကျွန်မက ဘီဒိုသော့ကိုင်ပြီး ဦးကြီးအတွက် အမြည်းတွေ သိမ်းဆည်းရေးလုပ်တယ်။ စားချင်တဲ့အကိုတွေက ကျွန်မနားကပ်တောင်းရတာကိုး။ ကျွန်မချစ်တဲ့အကိုဆိုရင် နဲနဲပေးကျွေးပါတယ်။ မဟုတ်လို့ကတော့ အမရေ ဒီမှာလာတောင်းနေတယ်လို့ အော်တိုင်တယ်။ ခက်တာက တနေကုန် မီးဖိုထဲက မထွက်ရလောက်အောင် ချက်ပြုတ်နေရတာပါ။

မနက်ခင်းဆို ညကချက်ထားတဲ့ ထမင်းကြမ်းတွေ ဒယ်အိုးထဲမှာ ကြော်ရတယ်။ ဆီအိုးဆိုတာ စဥ့်အိုးအကြီးကြီးထဲမှာ ပဲဆီမွှေးမွှေးတွေ။ ဘယ်တော့မှမလျော့ဘူး။ မလျော့ဆို နေ့တိုင်းနီးပါး ဖြည့်နေတာကိုး။ အဒေါ်က ကပ်စေနဲသလောက် ကျွန်မတို့က ဆီသုံးကြမ်းတယ်။ လက်ဖက်သုပ်လေးလည်း ဆီရွှဲလိုက်ရမှ။ ငရုတ်သီးထောင်းဆို ဆီပါမှမွှေးတာနဲ့ပေါ့။ ထမင်းကြမ်းက နှစ်ခါပြန်လောက်ကြော်ရတယ်။ ငရုတ်ဆုံဆိုတာ မန်ကျည်းအမြစ်ဆုံအကြီးကြီး။ မြေကြီးထဲမှာ တဝက်မြှုပ်ထားတယ်။ သံကျည်ပွေ့နဲ့ထောင်းတာများတော့ တခြမ်းခွက်နေပြီ။ ငရုတ်သီးက မိုးမျှော်ငရုတ်သီးအစပ်မျိုးကို ထောင်းရတာ။ ကူလီခေါ်ထားတဲ့အလုပ်သမားက အယောက် (၂ဝ) ကအနည်းဆုံး၊ အိမ်တင်လူက ဆယ်ယောက်လောက်ဆိုတော့ မနက်မနက် ထောင်းလိုက်ရတဲ့ငရုပ်သီး။ ငရုပ်သီးမြင်ရင် စိတ်တောင်နာတယ်။ ငရုပ်သီးက ခြောက်ရင်ထောင်းရလွယ်ပေမယ့် မိုးတွင်းဆို မိုးဓါတ်လေးနဲ့ ထိုင်းနေတော့ ထောင်းရတာ မညက်လွယ်ပါဘူး။ ကျွန်မကို အထောင်းခိုင်းလို့ကတော့ ရေဆွတ်ပြီး ထောင်းတာ။ မြန်မြန်ညက်အောင်လို့။ ကြက်သွန်နီက စကာကုံးနဲ့ တနေ့ကို နှစ်ခါလောက် အိမ်အောက်က ကြက်သွန်လှမ်းထားတဲ့နေရာကို သွားယူရတယ်။ အိမ်အောက်မှာ ယိုင်ပတ်ထားပြီး ဝါးစင်တွေနဲ့ ကြက်သွန်ကိုထားတာ။ အလုံးကြီးပေ့ဆိုတာရွေးယူတာပေါ့။ ကြက်သွန်နီကို ခပ်ကြီးကြီးလှီးပြီး မညက်တညက်ထောင်းရတယ်။ သရက်ချဉ်ပေါ်ချိန်ဆို သရက်ချဉ်တလုံးလောက် တဆုံကိုထည့်ထောင်းတယ်။ ချဉ်ပေါင်နဲ့ မျှစ်ကို မြေအိုးကြီးနဲ့ တအိုးကြီး၊ ငရုပ်သီးကလည်း စပ်ပါပေ့။ ထမင်းကြော်တွေကို ဒန်အိုးနဲ့ခွဲပြီး ထည့်ရတယ်။ လူများတဲ့ယာခင်းအတွက်ဆို ဒန်အိုးကြီးကြီးပေါ့။ လူနည်းတဲ့ယာခင်းဆို ဒန်အိုးငယ်ငယ်နဲ့ အမျိုးမျိုးထည့်ရတယ်။ ဟန်းဂေါချိုင့်လို့ခေါ်တဲ့ နှစ်ဆင့်ချိုင့်ကြီးတွေမှာ အပေါ်ဆင့်ထဲကို ငရုတ်သီးထောင်းထည့်၊ အောက်မှာချဉ်ပေါင်ချက်ထည့်ရတယ်။ ထမင်းမလောက်ရင် အပူကို ဆီ၊ဆားလူးပြီး ထည့်ရသေးတာ။

ရေနွေးအိုးကလည်း ဓါတ်ဗူးလေးငါးဗူးလောက် လက်ဖက်ခြောက်ခပ်ထားတယ်။ ရေနွေးကရားတွေထဲထည့် ချည်ပုဆိုးလေးပတ်ပြီး အဆင်သင့်ဖြစ်ရင် အဒေါ်နဲ့ ဦးကြီးတို့က လှည်းကော့ပြီး ယာထဲသွားပို့ကြပါတယ်။ သူတို့နှစ်ယောက်သွားရင် ကျွန်မတို့က လွတ်လပ်ရေးရပြီဆိုပြီး နေ့လည်စာမချက်သေးဘဲ ငေးမောလေပေါနေကြပါသေးတယ်။ အိမ်လသာဆောင်ကနေ အမက သူငယ်ချင်းတွေနဲ့ လှမ်းစကားပြောလိုက်၊ အိမ်ရှေ့က ဖြတ်သွားတဲ့ ကောင်လေးတွေက အမကို လှမ်းငမ်းသွားရင် “ငါ့များလာကြည့်နေသေးတယ်” ဆိုပြီး လှောင်ရယ်လိုက်ကြနဲ့ ပျော်စရာကောင်းခဲ့တယ်။ ပျော်လို့မဆုံးသေးခင် ဘယ်ယာခင်းမှာ လူထပ်ထည့်လိုက်လို့ ထမင်းကြမ်း (၅) ယောက်စာခူးပေးအုံးဆိုလာပြန်တယ်။ ဒါဆိုရင် ငရုတ်သီးထောင်းပေတော့။ ကျွန်မက မန်ကျည်းပင်သိပ်တက်ချင်တော့ အမက ပေးတက်တယ်။ အစတော့ ကလေးဆိုပြီး စိတ်ပူကြတာပေါ့။ နောက်ပိုင်းတော့ ဒီမန်ကျည်းပင်ပဲ တက်နေရတယ်။ “ကလေးရေ မန်ကျည်းပင်ပေါ်တက်ပေးအုံး” ဆို လွယ်အိတ်လေးနဲ့ တက်ရတာ။ ကိုယ်ကလဲ အိမ်မှာမလုပ်ရတော့ ဘာမဆို လုပ်ချင်တာ အံကိုက်ပဲပေါ့။

တခါတလေ ယာခင်းကို ညီအမနှစ်ယောက်သွား ထမင်းပို့ခိုင်းရင် လမ်းမှာဆော့သွားကြသေးတာ။ သူပြန်မကြိုက်နိုင်တဲ့သူတွေ လယ်ထွန်နေတဲ့ လယ်တဲကို တချက်လောက်ငဲ့ပြီး ကလိချင် ကလိသွားတဲ့အမ။ ဟိုရောက်ရင် လယ်သမားတွေစားဖို့ယူသွားတဲ့ ထမင်းကို ကိုယ်ကပါ စားချင်လာတာ။ တောထဲမှာစားရတဲ့ ထမင်းက ပိုမြိန်သလိုထင်မိတယ်။ ပဲကြီးခင်းထဲက ပဲရွက်နုလေးတွေကို ခူး၊ ရေလေးဆေးပြီး ငရုတ်သီးထောင်းနဲ့ မြုပ်စားရင် အတော်ကောင်း။ အကိုတွေကလည်း စားချင်နေမှန်းသိတော့ ကျွေးပါတယ်။ အမကတော့ အိမ်ရောက်မှစားဆိုပြီး အကိုတွေမသိအောင် လက်နဲ့ဆွဲဆိတ်တယ်။ သူ့ဟာသူဆိတ်ချင်ဆိတ် မသိချင်ယောင်ဆောင် စားတာပဲ။ အပြန်မှာ လယ်ထဲက ပဲရွက်နု၊ ပဲသီးနု၊ ချဉ်ပေါင်ရွက်ခူးကြတယ်။ လမ်းမှာ သူများစိုက်ခင်းက ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းလည်း ဝင်ခူးလို့ရတယ်။ မြို့မှာမရှိတဲ့ အလေ့တွေဆိုတော့ ကျွန်မက သိပ်ပျော်တာပါ။ မနက်ထမင်းကြမ်းပို့သွားတဲ့ ညီအမနှစ်ယောက်က မွန်းတည့်မှ ပြန်ရောက်ချင်ရောက်တာမို့ အဒေါ်က ဖြစ်နိုင်ရင် ကျွန်မတို့ကို မလွှတ်ချင်ပါဘူး။

ရွာမြောက်ဖက် ခပ်ဝေးဝေးမှာ ယောချောင်းရှိတော့ ချောင်းတလျှောက်ကြက်သွန်စိုက်ကြတယ်။ ချောင်းရေတက်လာရင် ညကြီးအချိန်မတော် သွားနှုတ်ရတာတွေရှိတယ်။ မနှုတ်နိုင်ရင် ရေထဲပါသွားလို့။ အကိုတို့အခင်း ရေတက်လာလို့ ကြက်သွန်သွားနှုတ်မယ်ဆိုပြီး ရရာလူနဲ့ လှည်းတွေနဲ့ ပြေးရတာပေါ့။ ဟိုရောက်တော့ ရေကလည်း တရိပ်ရိပ်တက်နေတာနဲ့ မနားတမ်းကြက်သွန်နှုတ်လိုက်တာ နေ့လည်မွန်းတည့်လည်း မနားကြသေးဘူး။ ကျွန်မက တခါမှမလိုက်ဖူးလို့ လိုက်ကြည့်ချင်လို့ဆိုပြီး လိုက်သွားတာပါ။ နောက်ဆုံးနေကလည်း ပူ၊ ဗိုက်ကလည်းဆာတော့ ထိုင်ငိုပြစ်လိုက်မိတယ်။ အခုထိ အကိုတွေက “ကြက်သွန်နှုတ်လိုက်အုံးမလား” လို့ စကြရင် “တော်ပြီ” လို့ ပြန်ပြောမိအောင် မှတ်သွားတာပါ။ လယ်မရှိဘဲ အခစားလိုက်တဲ့ ကူလီတွေရှိသလို လယ်ပိုင်အချင်းချင်းလိုက်တာလည်း ရှိပါတယ်။ သူ့လယ်ကူ၊ ကိုယ့်လယ်ကူမျိုးကို လက်စားလိုက်တယ်လို့ ခေါ်ပါတယ်။ မနက်ခင်း လယ်ထဲမှာ ပဲရိတ်တာမျိုး၊ ကြက်သွန်နှုတ်မှာမျိုး လူများများလိုလာရင် အမနဲ့နှစ်ယောက် “လက်စား ဘယ်သူလိုက်မလဲ၊ ကူလီဘယ်သူလိုက်မလဲ” လိုက်မေးရပါတယ်။ ကိုယ့်လယ်ကိုလိုက်ထားတဲ့သူဆို သူတို့နေ့လည်း ကိုယ်က မမေ့မလျော့ ပြန်လိုက်ရတယ်။ ကိုယ်တိုင်မလိုက်နိုင်ရင် လူစားထည့်ပေးရပါတယ်။ ကူလီဖြစ်စေ၊ လက်စားဖြစ်စေ အားလုံးအတွက် လယ်ပိုင်ရှင်က ထမင်းပို့ပေးရတာပါ။

ကြက်သွန်အမြိတ်ဖြတ်တဲ့နေ့ဆိုရင် အိမ်ရှေ့တလင်းပြင်မှာ ကလေးတွေတအားပေါပဲ။ ကလေးပေါက်စတွေလည်း လာဖြတ်တာပါ။ ဘယ်သူဖြစ်ဖြစ် တင်းတောင်းတစ်တင်းဖြတ်ရင် တစ်ပြီလက်ခရပါတယ်။ မြန်တဲ့ကလေးတွေက တစ်တင်းခဏနေပြည့်သွားတော့တယ်။ အပြိုင်အဆိုင်ဆိုတော့ ဆူညံပြီး ပျော်စရာကောင်းပါတယ်။ နေ့လည်ဆို ပြောင်းဖူးပြုတ်တွေ ဝေတယ်။ ပြောင်းပင်ကြီးတွေဆိုတာ လူတရပ်မကပါဘူး။ စိမ်းမှောင်နေတဲ့ ပြောင်းခင်းတွေက ဟိုဖက်၊ ဒီဖက် လှမ်းမမြင်နိုင်ပါဘူး။ ကြက်တူရွေအုပ်လိုက်လာလို့ “တဟေး ဟေး” ခြောက်ရသေးတယ်။ ကျွန်မတို့ဆီမှာ ကြက်တူရွေးရှားပါးတော့ ဖမ်းချင်တာ။ ပြောင်းခင်းအောက်ခြေမှာ မြင်းခွာရွက်တွေက နွယ်လိုက်ပေါက်နေတာပါ။ နွယ်တအုပ်လောက် မ လာရင် တခါသုပ်စားလို့ရပါတယ်။ အရွက်တွေကလည်း အကြီးကြီးတွေပါ။ ကျွန်မတို့ဆီမှာ ဝယ်စားရတာဆိုတော့ တမက်တမော စားတာပေါ့လေ။ အကိုတွေစောင့်တဲ့ ပြောင်းခင်းမှာ ပြောင်းဖူးမီးဖုတ်စားရင် မွှေးမွှေးလေးနဲ့ သိပ်ကောင်း။

ကပ်စေးနဲတဲ့အဒေါ်ဆီကို ဈေးသည်လေးတွေ လာရောင်းရင် တအားရယ်ချင်မိတယ်။ ချောင်းထဲကရလာတဲ့ ငါးသည်လေးတွေ အိမ်လာရင် ငါးကို ဖင်ပြန်ခေါင်းပြန်ကြည့်တယ်။ ဈေးသည်လေးတွေကလည်း အဒေါ်တို့က ရွာမှ ဥက္ကဌအချမ်းသာဆုံးဆိုတော့ မှီခိုရတယ်။ သည်းခံပြီး ရောင်းကြရတယ်။ ပြီးရင် ပိုက်ဆံမပေးဘူး “ဆီ ယူမလား ဆန်ကွဲ ယူမလား” မေးပါတယ်။ ဆီယူမယ်ဆိုရင် အနယ်မကျသေးတဲ့ ဆီပေးတယ်။ ဆန်ကွဲယူမယ်ဆို ဖွဲလုံးချင်းနဲ့ ဆန်ကွဲကို ပေးပါတယ်။ ဆီဆိုတာ ပုလင်းအသေးလေးနဲ့ (၂) ကျပ်ခွဲသား၊ (၅) ကျပ်သားပေးရတာပါ။ ငှက်ပျော်ဖက်ပေါ်ပုံထားတဲ့ ငါးတပုံကို ဆီ (၂) ကျပ်ခွဲသားလောက်နဲ့ လှယ်ရတယ်။ ကျွန်မတို့ကို ပုလင်းအပ်လိုက်ရင်တော့ ပိုပိုသာသာထည့်လွှတ်လိုက်တယ်။ အဒေါ်တို့အိမ်မှာ ဆီစက်၊ ဆန်ကြိတ်စက်၊ နွားစာစဉ်းစက်ရှိတယ်။ အင်ဂျင်စက်နဲ့ အတွဲလိုက်ကြီးလည်ရပါတယ်။ တခါတလေလည်း ဆီကြိတ်တာနဲ့ ဆန်ကြိတ်တာတွဲလုပ်ပါတယ်။ ရွာနီးစပ်တွေမှာ သူတို့ဆီစက်ပဲရှိတော့ ဆီလာကြိတ်တဲ့သူတွေက နေ့ညမပြတ်ပါဘူး။ လာမပြတ်တာက အရေးမကြီးပေမယ့် ဆီကြိတ်ရင် ရေနွေးထည့်ကြိတ်ရတော့ ကျွန်မတို့က ရေနွေးမပြတ်တည်နေရတာက ပြဿနာပါ။ နေပူပူမှာ ရွာအဝင်တံခါးက နှမ်းတောင်းကြီးရွက်လာတဲ့သူကို အမုန်းဆုံးပါ။ ရေနွေးတည်ရမှာ ကြောက်လို့၊ နေပူလို့ပါ။ လာသမျှလူကို အဒေါ်က “ထိုင်အေ လက်ဖက်စားအေ” နဲ့ ဧည့်ခံတတ်ပါတယ်။ သူ့လက်ဖက်အုပ်သွားကြည့်ရင် ဆီမပါလို့အရောင်မဲနေတဲ့ လက်ဖက်ကို မြေပဲဆံပိန်ပိန်လေးငါးဆံလောက်နဲ့ နယ်ထားတာ တွေ့ရတယ်။ ဒါလည်း မစားဘူးမထင်ပါနဲ့ လာတဲ့သူတွေက သူ့လောက်မှမစားနိုင်တော့ စားကြတာပါပဲ။ ပါလာတဲ့ကလေးတွေဆို လက်ဖက်စားချင်လို့ လက်တို့တို့တောင်းတာကို အိမ်ပေါ်ကနေ ကျွန်မချောင်းကြည့်ခဲ့ဖူးပါတယ်။

အဒေါ်က နှမြောတာလွန်ပေမယ့် သူ့ဆီစက်က ညရပ်ထားတဲ့အချိန်ကျလာတဲ့ဆီကိုက တနေ့ကို (၅ဝ) သား အနည်းဆုံးရတယ်။ တအိမ်လုံးက အလုပ်များတော့ အဲဒီဆီကို ဘယ်သူမှယူဖို့ သတိမရပေမယ့် ကျွန်မရှိနေချိန်ဆို ဒန်အိုးလေးနဲ့ မမေ့အောင်သွားခံထားတတ်လို့ အကိုတွေပြုံးစိစိလုပ်ကြတယ်။ ဆန်ကြိတ်စက်က ဆန်ကွဲတွေမနည်းရပေမယ့် ဖွဲနဲ့ရောနေတဲ့ ဆန်ကွဲအဖြားကိုမှ ဆင်းရဲသားတွေကို ပေးတတ်တဲ့ အဒေါ်ပါ။ သူတို့ဆီမှာ နောက်စိတ်ဝင်စားမိတာက ကောက်သင်းကောက်တာပါ။ ပဲကြီးဖြူက ဈေးကြီးတော့ ကောက်သင်းကောက်တဲ့သူတွေလည်း အဲဒီအချိန်ဆို မဆိုးဘူးပြောရမယ်။ ကောက်သင်းကောက်တယ်ဆိုတာ အခင်းပိုင်ရှင်က ရိတ်သိမ်းပြီးသွားရင် ကျန်ခဲ့တဲ့ အပင်လေးတွေ၊ ကြွေကျနေတဲ့ပဲတောင့်လေးတွေကို ယူကြတာပါ။ ကြက်သွန်ခင်းဆိုလည်း ကြက်သွန်ကောက်သင်းကောက်တာက တနှစ်စာလောက် စားဖို့ရတတ်ပါတယ်။ ကလေးပိစိတွေလည်း ကောက်သင်းကောက်ကြပါတယ်။

အမအကြီးက အိမ်ထောင်ကျပြီး အိမ်ဆိုင်ရောင်းတော့ ကောက်သင်းကောက်တဲ့ ကလေးတွေ သူတို့ရလာတာကို ဆန်၊ ဆီ၊ မုန့်ပဲသွားရေစာနဲ့ လာလဲကြပါတယ်။ အဲဒီအမကြီးကလည်း တခြားက တဥျီးတည်းသောသားကိုရထားပြီး အတော်ချမ်းသာပါတယ်။ သူတို့နယ်က ထွက်သမျှ ပဲမျိုးစုံ၊ ကြက်သွန်အားလုံး ဝယ်ပါတယ်။ သူတို့ကားနဲ့ပဲ မြို့ကို ကိုယ်တိုင်တက်ရောင်းပါတယ်။ သူတို့ဆိုင်ကို ပဲတောင်းလေးတွေကိုင်လာတဲ့ ကလေးတွေမျက်နှာက အလုပ်ရဖို့ အင်တာဗျူးလာဖြေတဲ့သူမျက်နှာလို မျှော်လင့်ချက်အပြည့်၊ မဝံ့မရဲလေးတွေပါ။ အမက ပဲတောင်းကို လက်နှိုက်ပြီး အထက်အောက်လှန်ကြည့် မကြိုက်ရင် လဲမပေးပါဘူး။ စားစရာနဲ့ အပျော်လာလဲတဲ့ကလေးတွေရှိသလို အိမ်အတွက် ဆန်နဲ့လာလဲတဲ့ကလေးတွေလည်း ပါပါတယ်။ ကောက်သင်းကောက်တာကတော့ အရင်းမစိုက်ရဘဲရလာတဲ့ အမြတ်ကလေးတွေပါ။ အမက သူရောင်းတဲ့ပစ္စည်းဆို ချိန်ခွင်လျှာမသာစေရဘူး။ လာဝယ်တဲ့သူတွေကလည်း သာသာလေးပေးပါလို့ မတောင်းရဲပါဘူး။ သူ့ဆီလာရောင်းတဲ့ ပဲ၊ မန်ကျည်းဆိုရင် ချိန်ခွင်သာသာထိုးထိုးချိန်ယူပါတယ်။ ဒီကြားထဲ အမှိုက်ပါတယ်၊ မသန့်ဘူးဆိုတာက မနားတမ်းပြောသေးတာ။ သူ့လည်ပင်းက ကျောက်စိမ်းဆွဲကြိုးမှ အားမနာပါဘူး။ ဆံပင်လည်း ဝယ်တယ်။ ဆံပင်ဆိုတာ အကြာကြီးစုထားမှ အလေးချိန်နည်းနည်းလေးရတာကို သူက သာသာထိုးထိုးချိန်ယူတယ်။ သူက ပြန်သွင်းရင် “အမလေး မနည်းစုထားရတာ ရွာဖက်မှာ ဒီနှစ်ရှားတယ်တော့” ဒါမျိုးလုပ်တာ။ ဆီပုလင်းကို ပြောင်းဖူးရိုးလေးဆို့ထားပြီး မဲညစ်ညစ်ကလေးလေးတွေ ဆီလာဝယ်တာ မျက်စိထဲမှာ မြင်ယောင်မိနေဆဲပါ။ ကျွန်မက ဈေးကူရောင်းပေးရင် သူမသိအောင် ပိုပိုသာသာလေး ထည့်ပေးလိုက်တာပါ။

ငယ်ငယ်တုန်းက အလည်သွားခဲ့ရတဲ့ တောရွာဓလေ့လေးတွေက ရသမျိုးစုံခံစားခဲ့ရပါတယ်။ တနေ့ကတော့ အဖေနဲ့ဖုန်းပြောရင်း “သမီးရေ အဖေတို့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးတွေလည်းခေါင်တယ်၊ ရွာတွေမှာလည်း ရှားပါးလိုက်တာ၊ ထမင်းတနပ်ကို အတော်ခက်ခဲနေကြတယ်” လို့ ပြောပြတယ်။ “အဖေ ပြည့်ပြီးသားအိုးကို မဖြည့်နိုင်ချင်နေပါ၊ ဆင်းရဲနေတာတွေကို တတ်နိုင်သလောက်လှူပါ၊ အဖေတို့လည်း တရားလုပ်ပြီး ကုသိုလ်သာလုပ်လိုက်ပါ” လို့ ကျွန်မမှာတော့ ”အေးပါ အဖေတို့လည်း ကိုယ်လက်လှမ်းမှီသလောက် လှူပါတယ်” လို့ ပြောရှာပါတယ်။ အဖေနဲ့ ဖုန်းပြောပြီး အတော်ကြာတဲ့ထိ လူက ငူငူငိုင်ငိုင်နဲ့ ဘာစကားမှမပြောနိုင်ဖြစ်သွားမိပါတယ်။ တောရွာတွေ အရင်တုန်းကလို တောင်သူစာမရကြတာလည်း ကြာပြီထင်ပါတယ်။ ရာသီဥတုက မကောင်း၊ အရင်းအနှီးက မရှိ။ တောင်သူတွေရဲ့ ဘဝက ကြာလေဆိုးလေဖြစ်နေပြီလားလို့ တွေးရင်း စိတ်မကောင်းဖြစ်မိပါတော့တယ်။

မဇနိ

Thursday, September 25, 2008

ခေါက်ဆွဲသုပ်နဲ့ ငါးကြော်



Macaroni လေးတွေကို ၁၅ မိနစ်ခန့် ပြုတ်ပြီး ရေအေးနဲ့ဆေး အအေးခံထားလိုက်တယ်။
ခရမ်းချဉ်သီးနဲ့ ကြက်သားကို ရေစပ်စပ်လေးချက်ထားတယ်။
ပဲသီးတောင့်လေးတွေ နုတ်နုတ်လှီးပြီး ဟင်းထဲထည့်ချက်ထားပါတယ်။
နံနံပင်ကြိုက်တတ်ရင် ထည့်စားပေါ့နော်။
ကြက်သားဟင်းက မွှေးလို့လားတော့ မသိဘူး စားရတာ မွှေးမွှေးလေးဖြစ်နေတာ သတိထားမိတယ်။



ခေါက်ဆွဲနဲ့တွဲစားဖို့ ငါးသေးသေးရလာလို့ ကြော်လိုက်ပါတယ်။
ငါးကို ရေဆေး၊ ဆားဆနွင်းနယ်ပါတယ်။
ဆန်မှုန့်ကို ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ်နယ်ထားပါတယ်။
ဆီပွက်ပွက်ဆူလာရင် ငါးလေးတွေကို ဆန်မှုန့်နယ်ထားတဲ့အထဲမှာ လူးပြီး ကြော်လိုက်တယ်။
ငါးဟင်းမကြိုက်ပေမယ့် ငါးကြော်လေးတော့ အကြိုက်သား။

မဇနိ

နောက်ဆုံး ၁၀ ရက် နှင့် ပထမဆုံးများ


Dream တက်တာရော မသက်ဝေ တက်တာရော အခုမှပဲ ပေါင်းရေးလိုက်တော့တယ်။ Dream ရေ ရေးတာ နောက်ကျသွားလို့ တောင်းပန်ပါတယ်။


Dream တက်ထားတဲ့ သေခါးနီး ၁၀ ရက်အလို

တကယ်တော့ လူဆိုတာ ဘယ်အချိန်မဆိုသေသွားနိုင်ပါတယ်။ ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီမဟုတ်လား။ အကယ်၍ လူ့လောကထဲမှာ နေဖို့ရာ ၁၀ ရက်သာ ကျန်တော့တယ်ဆိုတာကို အသေအချာသိနေရင် ဘာလုပ်ရပါလိမ့်။ သူများတွေ ရေးထားတာတွေလည်း လိုက်ဖတ်ကြည့်ပါရဲ့။ လူအမျိုးမျိုး အတွေးအမျိုးမျိုးပေါ့။ ကြားဖူးတာတခုရှိပါတယ်။ ရောဂါတခုခုကြောင့် သေတော့မယ်ဆိုတာ အတိအကျသိနေရင် သေရမှာ မကြောက်ပါဘူးတဲ့။ ရောဂါကို ပျောက်ကင်းအောင် တတ်နိုင်သမျှ အစွမ်းကုန်တော့ ကြိုးစားရမှာပါ။ ကုသလို့မှ မရတော့ဘူးဆိုရင်လည်း သေရဲအောင် လေ့ကျင့်ရတော့မှာပေါ့။ လေ့ကျင့်ဖို့ရာကလည်း ၁၀ ရက်နဲ့ ကျနော်တို့အဖို့ လုံလောက်ပါ့မလား။ ဒီတော့ သေဖို့ရာ ၁၀ ရက်လိုသေးတယ်မဟုတ်ဘဲ ယခုပစ္စုပ္ပန်ရဲ့နောက် ကပ်လျက်အချိန်တိုင်းမှာ ငါသေသွားနိုင်တယ်ဆိုတာကို နှလုံးသွင်းပြီး နေသမျှ အချိန်တိုင်း လောဘ၊ ဒေါသ၊ မောဟတွေနည်းနည်းနဲ့ နေတတ်အောင် သေတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။
(အခုအထိတော့ ကျနော်လည်း မလေ့ကျင့်ရသေးပါဘူး။)
စကားစပ်လို့ပြောရရင် - Randy Pausch ဆိုတဲ့ ပရော်ဖက်ဆာကို သဘောကျမိပါရဲ့။ သေမှာကို သိသော်လည်း လုပ်နိုင်သမျှတွေကို လုပ်သွားတဲ့သူပါ။

ဒီနေရာမှာ သူမသေခင်ပြောသွားတဲ့ The Last Lecture ကိုသွားကြည့်နိုင်ပါတယ်။

အော် မဇနိကပြောတယ် Dream ရေ သူလည်း အပေါ်က ပြောသွားသလိုပဲတဲ့။

ပထမဆုံးများ

အမသက်ဝေ တက်ထားတဲ့ ပထမဆုံးများကိုလည်း အခုတပါးတည်းရေးလိုက်ပါတယ်။ သူများတွေရဲ့ ပထမဆုံးတွေကို လိုက်ဖတ်တော့ အခြားလူတွေ တော်တော်များများက ငယ်ငယ်က ပထမဆုံးတွေကို မှတ်မိလိုက်ကျတာ။ ကျနော်ကတော့ ပထမဆုံးတွေကို အားလုံး မမှတ်မိဘူးဗျ။
ကဲ ပထမဆုံးတွေ စရေးကြည့်လိုက်ဦးမယ်။

ပထမဆုံးတက်ရသည့် ကျောင်း
ကိုဇနိ - အ.ထ.က (ဂန့်ဂေါ) မှာ တရားဝင် သူငယ်တန်းကို တက်ခဲ့ပါရဲ့။ အဖေအမေက ကျောင်းဆရာ၊ ဆရာမဆိုတော့ ကျောင်းဆိုတာကို ပေါက်စကတည်းက ရောက်ဖြစ်တာပါ။
မဇနိ - ပခုက္ကူမြို့ရဲ့ မူလတန်းကျောင်း အမှတ် (၇)မှာပါ။

ပထမဆုံး အတန်းပိုင်ဆရာ
ကိုဇနိ - တကယ့်ကို မမှတ်မိတော့ပါဘူး။ နောက်ဆုံတန်းပိုင်ဆရာမကတော့ မဇနိပါပဲ။ (သူသာလျှင် ကျနော့်ဆရာမ)
မဇနိ - ဒေါ်သန်းသန်းဝင်း တဲ့။ (သူ့ကို မေးမေးရေးရတော့ နောက်ဆုံးက "တဲ့"ကလေးတော့ ထည့်ပါရစေ။)

ပထမဆုံးသော သူငယ်ချင်း
ကိုဇနိ - ကျနော့်အတွက်တော့ ခက်ပြန်ပါပြီ။ မဇနိပဲ အဖြေခိုင်းတော့မယ်။
မဇနိ - သူမကလည်း ခက်ပြန်ပါပြီတဲ့။

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော)
ကိုဇနိ - ဆရာ သာဓု ရေးတဲ့ အတာ ကို ခိုးခိုးဖတ်ခဲ့ရတာ။ အိမ်က ကျောင်းစာမဖတ်လို့ ဆူတာခံရတယ်။
မဇနိ - သူမကတော့ မောင်သစ်ဆင်း ရဲ့ "ကျိန်စာ" ဝတ္ထုတိုပါတဲ့ အတိုတွေ စုထားတဲ့ စာအုပ်ကို သတိရသတဲ့။ (ကျနော် သူမကို ငေါက်မိပြီး ချော့လက်ဆောင်ပေးလို့ မှတ်မိနေတာ။ တကယ်တော့ ဒီထက်စောဖတ်ဖူးတဲ့ စာအုပ်တွေက ရှိတယ်ရယ်။)

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ)
ကိုဇနိ - နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း။
မဇနိ - ဘယ်သွားနေလဲ မောင်ရေခဲ။ (ပြန်လာရင် ပါလာမယ့် မုန့်တွေ စားချင်လို့တဲ့။)

ပထမဆုံး ရဖူးသောဆု
ကိုဇနိ - သူငယ်တန်းတုန်းက မရဘူး။ တတိယတန်းလောက်မှ စရဖူးတာ။ (အဲသလိုတော်တာ။ ဒါတောင် ဘယ်အဆင့်မှန်းမမှတ်မိတော့ဘူး။)
မဇနိ - ပထမဆု- သူငယ်တန်း။ (တော်လိုက်တာနော်။ အမှန်အတိုင်းရေးရတာ ကြွားသလိုကြီး ဖြစ်သွားရင် ဆေားတီးတဲ့။ ဆုယူသွားတော့ ကိုယ့်ဟာကိုယ် အလှပြင်တာ ခေါင်းက အုန်းဆီတွေ နားထင်ပေါ်စီးကျနေတဲ့ ကော်လက်ကောက်လေးနဲ့ ဓါတ်ပုံလေး ကိုဇနိကို မပြဘူး ထွက်ပြေးမှာကြောက်လို့။)

ပထမဆုံး စီးရသော ဘတ်စ်ကား
၂ ယောက်လုံး မန္တလေးနည်းပညာတက္ကသိုလ်သွားတက်တော့ ၅-ကားကို ပထမဆုံး စစီးဖူးတာပေါ့။ (((((ရန်ကင်းတောင်၊ရေကြည်၊ အမ်အိုင်တီ)))) စပယ်ယာ အော်သံ

ပထမဆုံး ဆိုခဲ့သော သီချင်း
ကိုဇနိ - အိုး..မောင်း…
(အို. မောင်တို့အညာမှာ တမာတွေပွင့်ရင်ဖြင့် - ဆိုတဲ့ သီချင်းကို စကားပြောတတ်စက လိုက်ဆိုတာ " အိုး..မောင်း…" နဲ့ တင် ရပ်ရပ်သွားတယ်တဲ့ အမေ၊အဖေ ပြန်ပြောပြထားတာ မှတ်မိနေတာ။)
မဇနိ - "ပုဇွန်ဆိတ်လေးဘယ်လိုငယ်..ပင်လယ်ကူးတတ်တယ်"(ဘာမသိညာမသိဆိုတာပါ အမေက အဆူခံရတယ်)

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင် (မှတ်မိသမျှ)
ကိုဇနိ - ညွှန့်ဝင်းစက်ပိ
(ကလေးတုန်းက အမေနဲ့အတူသွားကြည့်တာ ဂန့်ဂေါမှာလေ၊ ညွှန့်ဝင်းကြီး စက်ရုံမှာ စက်ပိလို့ ခြေထောင်မကောင်းတော့တဲ့ ဇာတ်ကား။ ဇာတ်လမ်းနာမည်က မမှတ်မိတော့လို့ အမေပြက္ခဒိန်မှာ ရေးမှတ်သလို ရေးလိုက်တာ။)
မဇနိ - ချစ်ခြင်း ရင်ခုန် ယုံကြည်စွာဖြင်။့

ပထမဆုံး ကဗျာ
ကိုဇနိ - တက္ကသိုလ်ရောက်တော့ သူများတွေ ကဗျာရေးတယ်ဆိုတော့ ကိုယ်လည်း လိုက်ရေးတာ။ ဘယ်ဟာက ပထမဆုံးလည်းတော့ မသိဘူး။ ဒီနားမှာပြန်တင်ထားတယ်။ ဖတ်ကြည်။
မဇနိ - အဖေ၊အမေ့ကို သတိရလို့ ဒိုင်ယာရီထဲမှာ ရေးတဲ့ကဗျာ။

ပထမဆုံးရောက်ခဲ့သော အခြားမြို့
ကိုဇနိ - ဂန့်ဂေါ။
မဇနိ - ပုပ္ပါး။

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား
ကိုဇနိ - ရုရှား။
မဇနိ - ဂျပန်။

ပထမဆုံး သောက်ဖူးသော ဆေးလိပ်
ကိုဇနိ - ဖက်ကြမ်း။ နာမည်က "မလေး" မှတ်တယ်။ မသေချာတော့ဘူး။
မဇနိ - မသောက်ဖူးရှာပါဘူးတဲ့။

ပထမဆုံး သောက်ဖူးသော အရက်
ကိုဇနိ - ရမ်။
မဇနိ - မသောက်ဖူးရှာပါဘူးတဲ့။

ပထမဆုံး ချက်ဖူးသော ဟင်း
ကိုဇနိ - ကိုယ်တိုင်က ရုရှားရောက်တော့ စဟင်းချက်ဖြစ်တာ။ ဘာဟင်းလည်းတောင် မမှတ်မိဘူး။ အရင်ကတော့ ကြက်ဥတောင်ကြော်ဖူးတာ မဟုတ်ဘူး။ အခုတော့လည်း စားဖြစ်သောက်ြဖစ်က ချက်တတ်နေပါပြီ။
မဇနိ - ချဉ်ပေါင်းချက် (ပုန်းရည်၊ ချဉ်ပေါင်၊ လက်ပံခေါင်း၊ ပဲပင်ချဉ်၊ ဝက်သား) အမေက ချဉ်ပေါင်းချက်မကျွေးလို့ ကိုယ့်ဟာကိုယ်ချက်စားတာ။

ပထမဆုံး ပစ်ဖူးသော သေနတ်
ကိုဇနိ - ငယ်တုန်းက ဘုရားပွဲတုန်းက ဒက်ဒက်ဒက်မြည်တဲ့ ဝါးသေနတ်။
မဇနိ - လေသေနတ်။ (ငယ်တုန်းက လေပေါတယ်ဆိုလို့ ကျနော်ပြောလိုက်တာ။ သူဘာသေနတ်မှ မပစ်ဖူးဘူးရယ်။)

ပထမဆုံး ဘလော့ပို့စ်
ကိုဇနိ - မဇနိ ဂျပန်စထွက်တဲ့ နေ့မတိုင်ခင်တရက်က post အသစ်စတင်ဖြစ်တာ။ စတင်ခြင်းဆိုပြီးတော့ ဘာမှလည်း ထူးမရေးခဲ့ပါဘူး။ ၂ ကြောင်းတည်းပဲ။ မနက်ဖြန်ဆို သူထွက်တော့မယ်ဆိုပြီး ဘလော့ဂ်ကို စတင်ဖြစ်တာ။
မဇနိ - ဒီနားမှာ စရေးတာ။

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
ကိုဇနိ - ငယ်တုန်းက ကျောင်းမပြေးဖူးဘူး (အဖေ၊အမေက ဆရာဆရာမတွေလေ)။ တက္ကသိုလ်ရောက်တော့ ပျင်းလို့ စာသင်ခန်းမသွားဘဲ ကန်တင်းမှာ ထိုင်ပြီး ဘော်ဒါတွေနဲ့ လေပေါတာ။ တခြားနေရာကို ထူးထူးခြားခြားမရောက်ဘူး။
မဇနိ - ၈-တန်းမှာ ကျောင်းပြေးပြီး ဧရာဝတီသောင်ပြင်ပေါ်မှာ ခရုသွားကောက်ကြတာ။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
ကိုဇနိ - ကြာပြီ - ကိုမောင်လှနဲ့ ညီလင်းဆက်ဖြစ်မယ်။
မဇနိ - အိုးဝေပဲပေါ့။ အစတုန်းက ကျနော်ပေးတာပဲ သူဖတ်တာလေ။ အခုတော့ သူ့ဟာသူလည်း အလည်တွေ ထွက်နေပါပြီ။

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
ကိုဇနိ - ခင်တာတွေက အများကြီးပဲ (စိတ်ထဲမှာ)။ နှုတ်ဆက်တာနည်းတော့ ဘယ်သူ့ကိုမှ အရမ်းကြီး ရင်းနှီးမသွားခဲ့ဖူးဘူး။
မဇနိ - သူလည်းကျနော်လို့ပါပဲ။
(အခုနောက်ပိုင်းတော့ ကိုကြီးဝီ၊ မမဂွိ၊ ညီမလေး ခွိ တို့နဲ့ စီဘောက်မှာ အရုပ်ကစားရင်း တော်တော်ခင်သွားတယ်။ စီဘောက်အပြင် ချက်တွေမှာတော့ အခြားဘလော့ဂါတွေနဲ့ စကားမပြောဖူးပါဘူး။ မောင်မျိုးကတော့ပထမဆုံး ဂျီတော့ပြောဖူးတဲ့ ဘလော့ဂါပေါ့။)

ကဲ ခေါင်းနည်းနည်းခြောက်သွားတယ်။
ပြီးသွားပေါ့။

Wednesday, September 24, 2008

ကန်စွန်းရွက်သုပ်





အဆောင်မှာ သူငယ်ချင်းတွေနဲ့ ညဖက်မှာ သုပ်စားကြတဲ့ ကန်းစွန်းရွက်သုပ်ပါ။ နူးညံ့ပြီး အရသာရှိတယ်။ အပျင်းပြေစားလို့ကောင်းတယ်။
ကန်စွန်းရွက်ကို ရေနွေးဖျောပြီး ရေစစ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြူဆီချက်တယ်။
ကြက်သားကို အမွှာလေးတွေ နွှာထား၊ ကြက်သွန်နီ၊ ဂေါ်ဖီ ကို ပါးပါးလှီး ရေဆေး ရေစစ်ထားလိုက်တယ်။
ငရုပ်သီး သုံးလေးတောင့်ကို လှော်ထားတယ်။
လှီးထားတဲ့ခရမ်းချဉ်သီးရယ် ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကြက်သားမွှာ၊ ဆီချက်၊ ပဲမှုန့်အကျက်တို့ကို ထည့်ပြီး သံပရာရည်လေးပါ ညှစ်ထည့်ပါမယ်။
ကန်စွန်းရွက်ကို ရေစင်အောင်ညှစ်ပြီး ကပ်ကြေးနဲ့နုပ်နုပ်ကိုက်၊ စောစောကပြင်ထားတာတွေထဲမှာ ထည့်လိုက်ပါတယ်။
ဆားသင့်တင့်အောင်မှန်းထည့်ပြီး ခပ်စေးစေးလေးနဲ့ အသားကျအောင် သေချာနယ်လိုက်ရင် သွားရည်စာစားလို့ကောင်းတဲ့ ကန်စွန်းရွက်သုပ်လေးရပါပြီ။
ရေနွေးကြမ်းနဲ့ ဒီအသုပ်လေးကိုစားပြီး စာကြည့်မယ်ဆိုရင် ဇိမ်ကို ကျနေတာပါပဲ။ စာရတာ မရတာတော့ မသိဘူး ခဏခဏသုပ်စားချင်အောင် အရသာရှိရှာပါတယ်။
ငရုပ်သီးစိမ်းနဲ့သုပ်တာထက် ငရုပ်သီးလှော်လေးနဲ့သုပ်တာ ပိုလိုက်ဖက်ပါတယ်။

မဇနိ

Tuesday, September 23, 2008

The Geometry of Imaginary Space



The Geometry of Imaginary Space
Horacio Garcia Rossia and Grav
The State Hermitage Museum, St. Petersburg
08-08-08


















ဘယာကြော်သုပ်





အပေါင်းကြော်တွေကို ခရမ်းချဉ်သီးနဲ့သုပ်စားရတာကြိုက်တဲ့ ကျွန်မအတွက် အခုတလောစားချင်မိတာက ဘယာကြော်သုပ်ပါ။
ကုလားပဲကို အရင်နေ့ကတည်းက ရေစိမ်ထားလိုက်တယ်။
နောက်တနေ့မနက်မှာ ရေစိမ်ထားတဲ့ ကုလားပဲကို ငရုပ်ဆုံနဲ့ မညက်တညက်ထောင်းပါတယ်။ လုံးကွဲလုံးကြေလေးက ကြော်လိုက်ရင် ပိုစားကောင်းတယ်လို့ ထင်မိလို့ပါ။
ဂျင်း၊ ကြက်သွန်ဖြူထောင်းတာကိုလည်း ကုလားပဲထောင်းထားတဲ့အထဲမှာ ထည့်မွှေထားတယ်။
ဆန်မှုန့်အစိမ်းအနည်းငယ်ရောပြီး ရေခပ်ပျစ်ပျစ်လေးနဲ့ ဆားပါထည့်နယ်ထားပါတယ်။
ဒယ်အိုးမှာဆီဆူရင် ထည့်ကြော်လို့ရပါပြီ။
ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ကြက်သွန်နီကို ပါးပါးလှီး ရေဆေး ရေစစ်ထားတယ်။
ရလာတဲ့ဘယာကြော်ကို နည်းနည်းချေပြီး မဆလာလေးပါကြိုက်ရင်ထည့်၊ လှီးထားတဲ့ခရမ်းချဉ်သီး၊ ဂေါ်ဖိ၊ ငရုပ်သီးစိမ်း နံနံပင်လေးနဲ့ ခပ်ဖွဖွလေးနယ်သုပ်လိုက်ပါတယ်။
သံပရာသီးလေးပါ ညှစ်ထည့်လိုက်ရင် ချဉ်ချဉ်စပ်စပ်လေးနဲ့ အနံ့လေးလည်း အမွှေးသား။
တခါတလေတော့လည်း ဒီလိုအသုပ်လေးနဲ့ ထမင်းပူပူလေးစားလို့ ကောင်းပါတယ်။ ကိုဇနိဆိုရင်တော့ အသားဟင်းမပါဘဲ ဒီအသုပ်နဲ့ထမင်းကျွေးရင် ဇွန်းနဲ့ပန်းကန်ခေါက်နေမှာ မြင်ယောင်မိပါသေးတယ်။

မဇနိ

Saturday, September 20, 2008

တကယ်ချစ်တယ်ဆိုရင်



သူငယ်ချင်းဆိုတာ ငယ်ငယ်တုန်းက ကစားဖော်၊ ကစားဖက် ချစ်ကြ ခင်ကြတယ်။ နောက်အတန်းဖော်ဆိုတော့ စာတူတူကျက်ကြ၊ ကျောင်းတူတူသွားကြဖြစ်လာတယ်။ ငယ်ငယ်က အိမ်နားမှာ ရွယ်တူမရှိသလောက်ရှားတော့ အတန်းဖော်၊ ကျောင်းသွားဖော်တွေက ကျွန်မဘဝမှာ နောင်တချိန်ထိ အမှတ်ထင်ထင်ရှိနေမည့် သူငယ်ချင်းတွေ ဖြစ်လာပါတယ်။


မာစတာတက်နေတုန်းက စာသင်ချိန်တနှစ်ကုန်ခါနီး သင်ခန်းစာတွေ ပြတ်သွားတော့ ဆရာမနဲ့ စကားတွေထိုင်ပြောဖြစ်ကြတယ်။ မှတ်မှတ်ရရပြောရရင် ဝိုင်တီယူဆင်ဝင်အပေါ်က လသာဆောင်နေရာလေးမှာ။ မိန်းကလေးသူငယ်ချင်း (၄) ယောက်ရယ် ဆရာမရယ်နဲ့ နေကြာစေ့စားရင်း စကားပြောနေခဲ့ကြတယ်။ ပြောနေတုန်းက အမှတ်တမဲ့ပေမယ့် ဆရာမပြောခဲ့တဲ့ စကားလေးတခွန်းက ကျွန်မအတွေးတွေကို ပြန်ဆင်ခြင်မိစေခဲ့တယ်။ ဆရာမရဲ့ငယ်ငယ်က သူငယ်ချင်းတယောက် အဲဒီနေ့မှာ မင်္ဂလာဆောင်တဲ့အကြောင်းပါ။ အဲဒီသူငယ်ချင်းက ဆရာမနဲ့သိပ်ချစ်ကြတယ်။ ဘယ်သွားသွားအတူတူတွဲကြတာပေါ့။ သူ့ကိုကြိုက်တဲ့ကောင်လေးတွေဆို ဆရာမက ပြန်မကြိုက်ဖို့ ပြောခဲ့တယ်။ ကျောင်းတက်တုန်း ရည်းစားမထားဖို့ သူငယ်ချင်းနှစ်ယောက်ပြောခဲ့ကြတာ။ တက္ကသိုလ်တက်တော့ တယောက် တနေရာစီ ကွဲသွားကြတယ်။ ဆရာမက ချစ်သူတွေ့ အိမ်ထောင်ပြုပေမယ့် သူငယ်ချင်းကတော့ ချစ်သူလည်း မရှာတော့ဘူးတဲ့။ သူကျောင်းတက်စဉ်က လာကြိုက်ခဲ့တဲ့သူကို စိတ်ဝင်စားခဲ့တော့ နောက်ပိုင်း ဘယ်သူ့မှ စိတ်မဝင်စားတော့ဘူး။ ဒီလိုနေလာပေမယ့် အသက် (၄၀) ရောက်မှ အိမ်နားက ကားဝပ်ရှော့လုပ်တဲ့ အလုပ်သမားနဲ့ မင်္ဂလာဆောင်တော့တယ်။ အဲဒီသူငယ်ချင်းအမေက ဆရာမဆီ ဖုန်းဆက်လာတာက “ငါ့သမီး မတူးမတော်ဖြစ်တာ ငယ်ငယ်က နင်တားခဲ့လို့” ဆိုပြီး အပြစ်တင်သတဲ့။ အဲဒီမှာတင် ဆရာမလည်း သူ့ကိုယ်ကိုယ် ပြန်စဉ်းစားမိတာတဲ့။ “ဟုတ်တယ် ဆရာမကသာ အိမ်ထောင်ပြုလိုက်တာ ငယ်ငယ်က သူ့ကိုဆို အမြဲတားခဲ့တာ” လို့ စိတ်မကောင်းသံနဲ့ ပြန်ပြောပါတယ်။

ကျွန်မတို့ဆရာမက ပွင့်ပွင့်လင်းလင်းနဲ့ ကျောင်းသူတွေကို စကားပြောနေကြပါ။ “နင်တို့တွေလည်း ငယ်ရွယ်တုန်း သင့်တင့်တာရှာကြ၊ သူငယ်ချင်းကိုလည်း တကယ်ချစ်တတ်ပါစေ၊ တကယ်ချစ်တတ်ရင် သူ့ကိုလည်း မတားရဘူး” လို့မှာတယ်။ ကျွန်မတို့မေဂျာကလည်း ဆရာမပြောရင် ပြောချင်စရာပါ။ မိန်းကလေးတွေက အပျိုကြီးတွေစုနေတဲ့မေဂျာလို့ အပြောခံရပါတယ်။ ခုတော့ အသီးသီး စွံနေကြပြီ။ ပြီးတော့ ဆရာမက သူ့အဒေါ် အပျိုကြီးတယောက်အကြောင်း ဆက်ပြောပြတယ်။ အဒေါ်က ရုပ်ရည်သန့်ပြီး ချောချောဆိုတော့ ဘာလို့အိမ်ထောင်မပြုသလဲ စိတ်ဝင်စားလို့ ဆရာမတို့ ညီအစ်မတတွေ ဝိုင်းအင်တာဗျူးကြတာ။ “ဒေါ်ဒေါ်က ချစ်တဲ့သူမရှိလို့လား ပြန်မကြိုက်နိုင်လို့လား” လို့ မေးကြတော့ “ငါတို့က ရပ်ကွက်ထဲမှာ ချမ်းသာတယ်ဆိုပြီး ပြောရရင် မာနလေးနဲ့နေတာ၊ ကြိုက်လည်း လာမပြောရဲကြဘူး၊ မိန်းကလေးဆိုတာ မြောင်းတော့ နဲနဲဖောက်ပေးရတယ်၊ မျက်လုံးလေးနဲ့လည်း ကြည့်တတ်ရတယ်၊ ငါတို့က အဲလိုမလုပ်တတ်ဘူးအေ့” လို့ ပြန်ပြောသတဲ့။ “ညည်းတို့လည်း ကိုယ်စိတ်ဝင်စားတဲ့သူဆို အမူအယာလေး နဲနဲတော့ ပြကြပေါ့၊ ပြီးမှ တလွဲတွေ မဖြစ်စေနဲ့၊ မိန်းကလေးဆိုတာ ဒါလေးတွေလည်း တတ်ရတယ်နော်” လို့ ဆရာမက ပြောရှာတယ်။ ကျွန်မတို့မှာ “ဟာ ဆရာမကလဲ အဲလိုတော့ မလုပ်ချင်ပေါင်” ဆိုပြီး တဝါးဝါး တဟားဟားရယ်မိကြတာပေါ့။ တကယ်တော့ ဆရာမက ချစ်လို့ပြောတာပါ။ အနေကြာလာတော့ သူ့တပည့်မတွေ အားလုံး မစွံဘူးဆိုတာ သူသိနေတယ်။ “နင်တို့မေဂျာက အပျိုကြီးတွေလေ သူတို့က ဘယ်လို” ဆိုပြီး သူများတွေက လာလာပြောတဲ့အထိ မစွံကြပါဘူး။ သူတို့ကို ကြိုက်တဲ့သူတွေရှိပါတယ်။ ပဲများနေကြသူနဲ့ ဂျီးများနေကြသူနဲ့ဆိုတော့ မစွံတော့ဘူးပေါ့။

ဆရာမက ပြောသွားတာ ကြုံလို့ရယ်စရာပြောပေမယ့် ကျွန်မမှာ မရယ်နိုင်ပါဘူး။ ကျွန်မကိုယ်တိုင် ပြန်မေးကြည့်မိတယ် “ငါ သူငယ်ချင်းကို တကယ်ချစ်ရဲ့လား” လို့ပါ။ ကျွန်မမှာ စာအတူတူကျက်၊ ကျောင်းအတူတူသွားတဲ့ သူငယ်ချင်းတယောက်ရှိပါတယ်။ သူနဲ့ကျွန်မက သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပေမယ့် အရာရာဟာ ဆန့်ကျင်ဖက်တွေနဲ့ပါ။ မတူညီတဲ့နှစ်ယောက် အတူတွဲလို့လား မသိဘူး လူတိုင်းသတိထားမိကြတယ်။ ကျွန်မက ဆင်းရဲတယ်။ သူက ချမ်းသာတယ်။ (၈) တန်းမှာ ကျွန်မက စက်ဘီးအဟောင်းလေးနဲ့ ကျောင်းသွားချိန်မှာ သူက ဆိုင်ကယ်နဲ့ ကျောင်းတက်တယ်။ ကျွန်မ တက္ကသိုလ်သွားတက်ချိန်မှာ သူက ကားကိုယ်တိုင်မောင်းပြီး မြို့က တက္ကသိုလ်မှာ တက်နေခဲ့တယ်။ ကျွန်မက ရုပ်ဆိုးတယ်။ သူက ရုပ်ချောတယ်။ ပြီးတော့ သူက အတော်လေး အနေအေးပါတယ်။ ကျွန်မကိုလည်း အမြဲကူညီတယ်။ ဘယ်ချိန်ဘာလိုလို အားနာစရာမလိုလောက်အောင် ပြောလို့ရတယ်။ သူက ကျောင်းမှာ နာမည်ကြီးတော့ စိတ်ဝင်စားတဲ့သူတွေက အများသား။ မနက်ခင်း ကျူရှင်သွားရင် ဆောင်းတွင်းဆိုတော့ အလင်းရောင်မရှိသေး။ ဝါးတားတားမနက်ခင်း ချမ်းကလည်းချမ်းသေး။ ဒါလည်း လမ်းထိပ်မှာ အငိုက်ခံ၊ အအေးခံလာစောင့်နေကြတာ ဟိုနားတစု၊ ဒီနားတစု။ ကျွန်မနဲ့အတူဆို သိပ်မကပ်ရဲကြဘူး။ ကျွန်မက ဒိုင်ခံရန်ဖြစ်ပေးတယ်။ သူကအေးတော့ “ဘယ်သွားမလို့လဲ” လို့လာမေးရင် “ကျူရှင်” တို့ “ဘုရား” တို့ အဲလိုပြန်ဖြေတတ်တယ်။ ကျွန်မက အဲလိုပြန်စကားပြောတဲ့နေ့ဆို သူ့အိမ်ဆီ အမြန်စက်ဘီးနင်းပြီး သူ့အမေကို တိုင်ပြောတာ။ ဘယ်ကောင်လေးလိုက်စကားပြောတယ် သူက ပြန်ဖြေနေတယ်ပေါ့။ အဲလောက် ကျွန်မသူ့အပေါ်လွှမ်းမိုးချင်ခဲ့တာ။

သူကလည်း ပြောရှာတယ် “နင်နဲ့ငါ ရည်းစားမထားရဘူးနော်“ တဲ့။ အရင်တုန်းကတော့ ကျွန်မလည်း “အေး မထားဘူး ဘာလုပ်မှာလဲနော် ရှုပ်တာပဲရှိတာ”၊ “ငါကျောင်းသွားတက်ရင် ဘယ်သူ့ကို ပြန်မကြိုက်နှင့်နဲ့နော်” လို့ မှာထားခဲ့တာ။ သူကလည်း မကြိုက်ရှာပါဘူး။ တခါကလည်း သူကျွန်မဆီဖုန်းဆက်လာတယ် “ငါ့ကို ဗိုလ်တယောက်နဲ့ လာစေ့စပ်နေတယ် ဘယ်လိုလုပ်ရမလဲ” တဲ့။ “နင်ကြိုက်သလား မကြိုက်ရင် မကြိုက်ဘူးပြောလိုက်” လို့ ပြန်ပြောလိုက်တယ်။ သူလည်း လက်မခံခဲ့ပါဘူး။ ကျွန်မကာဆီးကာဆီးလုပ်ခဲ့တာမှန်ပေမယ့် သူ့ရင်ထဲကို ရောက်နေတဲ့သူမရှိသေးလို့လည်း သူရည်းစားမထားသေးတာပါ။ ကျွန်မက ကျောင်းတွေတက် ကိုဇနိနဲ့ ကြိုက်ပြန်လာတော့လည်း သူဝမ်းသာအားရ ကိုဇနိကို ကြိုဆိုပါတယ်။ နောက်ပိုင်း မြို့ကိုပြန်ရင် ကိုဇနိရယ် သူငယ်ချင်းရယ် ကျွန်မတို့သုံးယောက်တူတူ လျှောက်သွားကြတာတွေရှိပါတယ်။ အစကတော့ ကျွန်မလည်း ရည်းစားထားတာ သူ့ကို မပြောရဲဘူး ဝေ့လည်လည်လုပ်နေတာ။ သူလည်းသိပါတယ်။ သဘောထားတိုက်ဆိုင်တဲ့ သူနှစ်ယောက်လို့ ပြောတယ်။

အဲဒီမှာ အတွေးတွေပြောင်းကုန်တာက ကျွန်မပါ။ ဆရာမစကားကြားပြီးကတည်းက နောင်တချိန်မှာ သူ့အမေကများ သူ့သမီးမစွံခဲ့တာ “ကျွန်မကြောင့်” လို့ ပြောလာရင် ကျွန်မလည်း စိတ်မကောင်းဖြစ်မိမှာပါ။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ဖုန်းဆက်တိုင်းမေးရတယ် “နင် တွေ့နေပြီလား ဟိုကောင်လေးကရော ဒီကောင်လေးက မဆိုးပါဘူး” လုပ်တော့တာ။ သူငယ်ချင်းက ရယ်တယ် “နင်ဘာဖြစ်နေတာလဲ နင့်ဟာနင် ကိုဇနိနဲ့ ပျော်ပျော်နေစမ်းပါ ငါမှ ဘယ်သူ့မှ ကြိုက်လို့မရသေးတာ” လို့ ဆိုလာတယ်။ ခုတော့ သူက စီးပွားရေးမှ စီးပွားရေးသမားဖြစ်နေပြီ။ ဘယ်လိုမှ နားချလို့လည်း မရဘူး။ ကိုယ့်စိတ်ထဲက တော်တော်တန်တန်လူကိုလည်း သူနဲ့သဘောမတူချင်။ သဘောတူစရာတွေ့တော့လည်း သူတို့ချင်းက သံယောဇဉ်မဖြစ်။ ကျွန်မလည်း သူအိမ်ထောင်ဖက်မတွေ့မချင်း စိတ်ပူနေရအုံးမယ်ထင်ပါတယ်။ ယောက်ျားလေးသူငယ်ချင်းတွေက “နင့်သူငယ်ချင်း ဘယ်သူ့ကို ပြောပေးစမ်းပါ” လို့ ဆိုလာရင် ကိုယ့်သူငယ်ချင်းမိန်းကလေးတွေကို ကပ်စေးနဲတတ်တယ်။ “မပြောပေးဘူး ကိုယ့်ဟာကိုယ်ပြောပေါ့” နဲ့ လုပ်တတ်တယ်။ သူငယ်ချင်းကိုကျတော့ “နင့်ကို ဘယ်သူက အပြောခိုင်းနေတယ်၊ နင်ပြန်မကြိုက်နဲ့နော် အဲကောင်ကဖြင့် ဘယ်လို” အဲလိုလုပ်တာ ကျွန်မက။ ကိုယ့်သူငယ်ချင်းဆို ဘယ်သူနဲ့မှ တူတယ်တန်တယ် မထင်ချင်ဘူး။ တချို့တော့လည်း ကျွန်မကို ဖြတ်ကျော်ပြီး အိုကေသွားကြတာတွေလည်း ရှိပါတယ်။ သူတို့အဆင်ပြေသွားရင်တော့ နှစ်ယောက်စလုံးကို ချစ်တာပါပဲ။

အခုတော့ အသက်လည်း ကြီးလာပြီ။ သူငယ်ချင်းတွေကိုလည်း မနှမြောတော့ပါဘူး။ တော်နေကြာ သူတို့မစွံတာ ကိုယ့်ပယောဂဖြစ်နေရင် ကိုယ်လည်း စိတ်ကောင်းမှာမဟုတ်ဘူး။ သူငယ်ချင်းကို တကယ်ချစ်တယ်ဆိုရင် သူတို့အိမ်ထောင်ဖက်ရွေးတဲ့နေရာမှာ ကိုယ်က ကန့်လန့်ကြီးမဖြစ်အောင် နေတတ်အောင်ကြိုးစားနေရတော့မယ်။ ကိုယ်ချစ်တဲ့သူကို လမ်းမှန်ရောက်အောင် လုပ်သင့်တာ လုပ်အောင် တိုက်တွန်းပေးရမယ်။ ကိုယ်တတ်နိုင်တာ ပြောပြပြီး ကိုယ့်သူငယ်ချင်းတွေကို တကယ်ချစ်တတ်အောင် နည်းလမ်းမှန်နဲ့ ချစ်တတ်အောင် ကျွန်မကြိုးစားနေပါပြီ။

မဇနိ

Friday, September 19, 2008

သံယောဇဉ်ဆက်ထုံး



ကြိုးတချောင်းပြတ်သွားရင် ပြန်ဆက်လို့ရပေမယ့် ဆက်ထုံးလေးကရှိတော့ ချောချောမွေ့မွေ့မရှိပါဘူး။ ပြန်ကြည့်လိုက်တိုင်း အထုံးနေရာလေးက အဖုအထစ်လေးရှိနေတာပါ။ ဒီလိုပဲ တယောက်နဲ့တယောက်ထားကြတဲ့ သံယောဇဉ်ကြိုးတွေမှာလည်း ဆက်ထုံးလေးတွေ ရှိနိုင်ပါတယ်။ ချောမွေ့တဲ့ သံယောဇဉ်ကြိုးဖြစ်ဖို့ကတော့ အထုံးလေးတွေမဖြစ်အောင် ရှောင်ကြရမယ်။ တယောက်က စိတ်ဆိုးရင် တယောက်က စိတ်လျှော့ရမယ်။ နှစ်ယောက်စလုံးအပြိုင်တင်းနေရင်တော့ သံယောဇဉ်ကြိုးလေးပြတ်တော့မယ်။ ပြတ်သွားရင် မနေနိုင်လို့ ပြန်ဆက်မယ်ဆို အထုံးလေးက ပါတော့မယ်။ ပြန်ပြန်စဉ်းစားရင် အဖုအထစ်လေးဖြစ်နေတော့မယ်။


မနေ့ညက ကိုဇနိနဲ့ စိတ်ကောက်ကြတယ်။ စိတ်ကောက်တယ်ဆိုတာ ကျွန်မက ကောက်တာပါ။ တဖက်သတ်စိတ်ကောက်တယ်ပေါ့။ သူကတော့ ကျွန်မစိတ်ကောက်လည်း ပြုံးပြုံးနဲ့ ချော့ရှာပါတယ်။ သူတနေကုန်အလုပ်ရှုပ်နေတော့ ကျွန်မကို ခါတိုင်းလို ဂရုစိုက်တဲ့စကားတွေ မပြောနိုင်ဘူး။ ဘယ်ရမလဲ ညကျတော့ စကားမပြောတော့ဘူး။ စိတ်ဆိုးနေတာ။ အစကတော့ တကယ်စိတ်ဆိုးနေတာပါ။ နောက်ကျ သူက တောင်းပန်တာတွေလုပ်လာတော့ စိတ်ဆိုးတာက ပြေနေပြီ။ ဒါပေမယ့် သူ့ကို စချင်တာနဲ့ စကားကောင်းကောင်းပြန်မပြောဘဲ ထားလိုက်တယ်။
ကိုဇနိ။ ။ ဝေးး စိတ်ကောက်နေတာလား
မဇနိ။ ။ ကောက်ပါဘူး
ကိုဇနိ။ ။ အမ် ဒါဆို စကားပြောလေ
မဇနိ။ ။ ပြောချင်ဘူး
ကိုဇနိ။ ။ ဟောဗျာ ဒါဆို ဘာဖြစ်
မဇနိ။ ။ စိတ်နာနေတာ
အဲ ဒီက စိတ်နာတယ်ပြောလိုက်ရင် သူနေထို ထိုင်မသာဖြစ်လာပြီဆိုတာ သိတယ်။ ဒီဖက်မှာ သာသာလေးပြုံးနေလိုက်တယ်။

ကိုဇနိ။ ။ မနာပါနဲ့ကွာ။ တောင်းပန်ပါတယ်။ အလုပ်ကနည်းနည်းလေး အရေးကြီးနေလို့ပါ။ စိတ်နည်းနည်းလျှော့လိုက်နော်။
မဇနိ။ ။ လျှော့ပါဘူး။ နေကောင်းလား တခွန်းမမေးဘူး။
ကိုဇနိ။ ။ အမလေး မေးပါတယ်ဗျာ။ အိပ်ယာထစတုန်းက “နေကောင်းလား။ ထမင်းစားပြီးပြီလား” မေးတယ်လေ
မဇနိ။ ။ အင်းလေး တခါထဲမေးရသေးတာ
ကိုဇနိ။ ။ ကဲ ခုထပ်မေးတယ်နော် နေကောင်းလား
မဇနိ။ ။ ခုမှ လာမမေးနဲ့ အချိန်လွန်သွားပြီ မရတော့ဘူး
ကိုဇနိ။ ။ အေးအေး ဒါဆို စိတ်မကောက်နဲ့တော့နော် ချော့တယ်နော်
မဇနိ။ ။ မရတော့ပါဘူးဆို
ကိုဇနိ။ ။ ဘာမှလည်း မလုပ်ရဘဲ စိတ်မကောက်ပါနဲ့ကွာ
မဇနိ။ ။ ဟုတ်တယ် ငေါက်လည်းငေါက်လိုက်သေးတယ်
ကိုဇနိ။ ။ ဘယ်မှာငေါက်လို့လဲ
မဇနိ။ ။ ဟိုနားလေးမှာလေး အဲ ဟိုနားလေးမှာ ခဏ ပြန်စဉ်းစားလိုက်အုံးမယ် သတိရပြီ “အေးနေမယ် အနွေးထည် အခုသွားယူ” ဆိုပြီး လေသံမာမာနဲ့ပြောတာ
ကိုဇနိ။ ။ အာ အဲဒါ နေမကောင်းပြီးစမို့လို့ ပြောတာ။ မငေါက်ပါဘူး။ စကားပြောရင် လေသံမာတာ သိရဲ့သားနဲ့။ ဘယ်လိုလုပ်ငေါက်ပါ့မလဲ။
မဇနိ။ ။ ဒီတိုင်းသာဆို မဖြစ်နိုင်တော့ဘူး
ကိုဇနိ။ ။ ဟေ့ ဟေ့ အဲလို မပြောပါနဲ့ကွာ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ပြင်ပါ့မယ်။ စကားပြောတဲ့ လေသံမမာအောင်လို့ နော် နော်။
မဇနိ။ ။ တော်ပီ မဖြစိနိုင်တော့ပါဘူးဆို
ကိုဇနိ။ ။ ဟာကွာ မလုပ်ပါနဲ့ ဖြတ်စကားပြောတာလား
မဇနိ။ ။ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ပါ
ကိုဇနိ။ ။ မပြတ်နိုင်ပါဘူး မင်းမရှိရင် မနေတတ်ပါဘူး မခွဲနိုင်ပါဘူးကွာ
မဇနိ။ ။ အပိုတွေ မပြောနဲ့ နားထဲမဝင်ဘူးနော် မဖြစ်နိုင်တော့လို့ပါ ဆို
ကိုဇနိ။ ။ ဒါဆို အချိန်လေးတော့ နည်းနည်းထပ်ပေးပါ မကြိုက်တာတွေ ပြင်ပါ့မယ် နော် လို့။ ဖြတ်တော့ မဖြတ်ပါနဲ့ကွာ
မဇနိ။ ။ ဘာလဲ အချစ်လျော့လို့ ဖြတ်စကား ပြတ်စကားပြောတာလား
ကိုဇနိ။ ။ အမ် ဘယ်လို မလျော့ရပါဘူးဗျာ
မဇနိ။ ။ ဟုတ်တယ် ဘယ်တုန်းက ဖြတ်မယ်ပြောမိလို့လဲ သူ့ဟာသူ အချစ်လျော့နေလို့ အဲဒါတွေတွေးနေတာ နေမယ်
ကိုဇနိ။ ။ မဖြစ်နိုင်တော့ဘူးဆို
မဇနိ။ ။ အင်းလေ မဖြစ်နိုင်တာကတော့ မဖြစ်နိုင်ဘူး
ကိုဇနိ။ ။ ဒါဆို ဘယ်လို
မဇနိ။ ။ အာကွာ စိတ်နာလို့ မဖြစ်နိုင်တော့ဘူး။ စိတ်ဆိုးပြေနေပြီ လို့ပြောတာ ။ ဘာမှန်းကို မသိဘူး

တကယ်က မဇနိ ညစ်ကျယ်ကျယ်နေတာပါ။ ဒီဂွင်ထဲဝင်လာအောင် သူ့ကို အသာလေးခေါ်လာတာ။ ရစ်ချင်လို့။

ကိုဇနိ။ ။ ဟိ ဟိ ဟိ တကယ်လားကွ အဲလိုလုပ်ပါ
မဇနိ။ ။ အင်း ဒါနဲ့ ဟိုဘလော့က ဘယ်လို သိလား။ ဘယ်ကိုသွားဖတ်အုံး အသစ်တက်နေပြီ
(ဘယ်ရမလဲ တနေကုန် အခြေအနေမပေးလို့ ဘလော့ဂ်ကြောင်း မပြောရသေးတာ ခုတော့ စိတ်ကောက်ပြေတာနဲ့ တန်းစီပြောချလိုက်တယ်)
ကိုဇနိ။ ။ အင်း
မဇနိ။ ။ ထမင်းစားပြီးပြီလား။ အလုပ် လုပ်နေတာ ညောင်းနေပြီလား
ကိုဇနိ။ ။ အင်း
မဇနိ။ ။ ပို့စ်လေး ရေးနေတာလေ သိလား ပို့လိုက်မယ်နော် ဖတ်ကြည့်
ကိုဇနိ။ ။ အင်း ကောင်းပါတယ်
မဇနိ။ ။ အသံကလည်း အထုံးသံကြီးနဲ့
ကိုဇနိ။ ။ ဟာ ဘာအထုံးသံလဲ (ပြူးတူးပြာတာနဲ့ မေးသံ) နောက်တခါ ထပ်တပတ်လည် စိတ်ကောက်မှာကြောက်လို့
မဇနိ။ ။ ဟုတ်တယ်လေ အစောက စိတ်ဆိုးထားတော့ အထုံးဖြစ်နေတာ အခု စကားပြောတော့ ထစ် ထစ် အ အ နဲ့
ကိုဇနိ။ ။ မဟုတ်ရပါဘူးဗျာ
မဇနိ။ ။ ဒီက အထုံးပြေနေပြီနော်
ကိုဇနိ။ ။ ဒီက ထုံးကို မထုံးတာ။ ဟား ဟား
မဇနိ။ ။ အထုံးသံကြီးနဲ့ မရယ်နဲ့ စိတ်ဆိုးလိုက်မယ်
ကိုဇနိ။ ။ ဟား ဟား အထုံးဆိုတာ ပြတ်မှ ထုံးရတာ ဒို့က ဘယ်တုန်းကမှ အထုံးမရှိဘူးလေ
မဇနိ။ ။ မသိဘူး ပြတ်ပြတ် မပြတ်ပြတ် ထုံးတယ် ဒါပဲ
ကိုဇနိ။ ။ ဟား ဟား အချိုးလေး

အဲလို အဲလို စိတ်ကောက်ခဲ့ရာက သံယောဇဉ်အထုံးလေးဆီ စိတ်ရောက်သွားလို့ပါ။ ကျွန်မတို့နှစ်ယောက်မှာ တကယ်ကို ဘာအထုံးမှ မရှိခဲ့ဖူးပါဘူး။ ကျွန်မက ညစ်ကျယ်ကျယ်ဆိုးရင် သူက တချိန်လုံးရယ်ပြီး ချော့ပါတယ်။ ချောမွေ့တဲ့ သံယောဇဉ်ကြိုးလေးကမှ ကောင်းတာ လို့ သူလည်း ခဏခဏပြောဖူးနေတာပါ။ အထုံးလေးတွေ ပုလဲလုံးလို ကြိုးမှာ တန်းစီလာရင်တော့ ဘယ်ကောင်းတော့မလဲနော်။

သူငယ်ချင်းနှစ်ယောက်အတွဲကတော့ ခဏခဏ ပြတ်ကြတယ်။ ငိုကြတယ်။ ကိုယ်က သွားပြီး “နင်ဘာလို့ ဒီလို လုပ်သလဲ ခဏခဏလုပ်တာ မကောင်းဘူး” နဲ့ ပြောမိလို့ကတော့ “နင်ဘာမှမသိပါဘူး ပြတ်သွားပြီး ပြန်ချစ်ရတာ အရသာရှိတယ် နင်နားမလည်ပါဘူး” တဲ့။ တကယ်လည်း သူဘာကိုပြောမှန်း ခုထိ နားမလည်သေးပါဘူး။ သူကပဲ သံယောဇဉ်အထုံးလေးတွေကို နှစ်သက်တဲ့သူဖြစ်နေသလား မပြောတတ်ပါဘူး။ အင်းလေ လုံးလုံးပြတ်သွားတာနဲ့စာရင်တော့ အထုံးလေးရှိနေသေးတာ တော်သေးတာ အောက်မေ့ရမယ်။

ချစ်သူရည်းစားမှာတော့ အထုံးလေးဖြစ်ရင် သိပ်ကိစ္စမရှိပေမယ့် အိမ်ထောင်ကျသွားရင်တော့ အဖုအထစ်ရှိရင် ဘယ်ကောင်းမလဲနော်။ အဖေနဲ့ အမေတို့မှာ ပြတ်တယ် ဖြတ်တယ်ဆိုတာ ကြားလည်း မကြားဖူးပါဘူး။ တခါကတော့ အမေက စိတ်ကောက်ပြီး အိမ်ကထွက်သွားတာတဲ့။ ကျွန်မတို့ကို မမွေးသေးပါဘူး။ အိမ်မှာ ကျောင်းလာတက်နေတဲ့ အမေ့တူတွေရှိတယ်။ သူတို့ကျောင်းကပြန်လာတော့ အဖေက “မင်းတို့အဒေါ် ငါ့ကို စိတ်ဆိုးပြီး အိမ်က ထွက်သွားတယ်ကွာ လုပ်ပါအုံး လိုက်ရှာပေးကြပါအုံး” လို့ လုပ်သတဲ့။ အကိုတွေလည်း ကျောင်းကပြန် ဗိုက်ကဆာပေမယ့် မဖြစ်ဘူး လိုက်ရှာမှာပေါ့။ စိတ်လည်း ပူသွားကြတယ်။ ညနေရောက်လည်း သတင်းဘယ်ကမှ မရတော့ စိတ်ပျက်ပျက်နဲ့ ပြန်လာကြတာ။ အိမ်ရောက်တော့ အမေနဲ့ အဖေက ပြုံးရွှင်ပြီး ထမင်းအတူတူစားနေကြသတဲ့။ အကိုတွေဆိုတာ ရယ်ရအခက်၊ ငိုရအခက်ဆိုပဲ။ ခုချိန်ထိ သတိရတိုင်း အကိုတွေ ပြန်ပြန်ပြောနေကြအကြောင်းလေးပါ။ ကျွန်မတို့ အမှန်းသိတတ်ကတည်းက သံယောဇဉ်အထုံးဖြစ်ဖို့ဝေးစွ စိတ်ဆိုးတယ်ဆိုတာကို မရှိသလောက်ပါပဲ။

အားလုံးသောသံယောဇဉ်ကြိုးတွေကို အထုံး၊ အဖု၊ အထစ်မရှိအောင် ချောမွေ့တဲ့ သံယောဇဉ်ကြိုးလေးတွေ ဖြစ်အောင် ကြိုးစားလိုက်ကြအုံးစို့။ နော် ကိုဇနိ။

မဇနိ

မိုးနံ့လေးသင်းလာရင်


တကယ်တော့ အညာမှာ မိုးကသိပ်မရွာဘူးဆိုတော့ မိုးရွာမယ်ဆို သိသာတယ်။ မိုးနံ့လေးသင်းလာရင်ကို လူတွေပျော်လာကြတယ်။ ကောင်းကင်မှာ လျှပ်စီးလက်တာကို တမေ့တမောနဲ့ သဘောကျပြီး မိုးမျှော်နေကြတဲ့ ကလေး၊ လူကြီးတွေ အများကြီးပါ။ အိမ်မှာ မိုးရေစိုတဲ့နေရာက ပစ္စည်းတွေဆို အိမ်ထဲသွင်းကြတယ်။ ကလေးတွေကတော့ မိုးနဲ့ ကစားရတော့မယ်ဆိုပြီး ပျော်တယ်။ အဖေလည်း အလုပ်နားရတော့မယ်။ အိမ်က ဟင်းသီးဟင်းရွက်ပင်တွေလည်း စိုစိုရွှဲရွှဲလေး ဖြစ်လာတော့မယ်။ မိုးအမြဲရွာတတ်တဲ့ ရန်ကုန်ကလူတွေကြားရင် ရယ်ချင်ကြမယ်ထင်တယ်။ အညာမှာမိုးဖွဲဖွဲကျလာရင်ကို အပြင်မသွားကြတော့ဘူး။ အကျီင်္လက်ရှည်လေးတွေ ထုတ်ဝတ်တယ်။


မိုးနဲနဲသည်းလာလို့ အိမ်ရှေ့မှာ ရေမြောင်းလေးများပေါ်လာလို့ကတော့ “ချောင်းလာပြီ၊ ချောင်းလာပြီ” လို့အော်ပြီး ပျော်မြူးနေတဲ့ကလေးတွေက လမ်းတိုင်းမှာ အပြည့်။ တခါတလေ ညကြီးမိုးရွာပြီး မနက်ကျတိတ်သွားရင် “ညက မိုးတွေ သည်းချက်တော့ ချောင်းကျတာ ဒို့အိမ်ရှေ့မှာ ဒူးဆစ်လောက် ရောက်တယ်တော့” လို့ ကလေးချင်း ကြွားရတာအမော။ တကယ်တော့ ဒူးဆစ်လောက်ချောင်းကို ကိုယ်လည်းမမြင်ပါဘူး။ အအိပ်ပုပ်နေတာ။ အိမ်ကလူကြီးတွေပြောသံကြားတာနဲ့ ရမ်းရွှီးရတာ ပျော်စရာတော့အကောင်းသား။ ဘောင်းဘီရှည်တွေ ထုတ်ဝတ်တဲ့သူက ဝတ်ကြတယ်။ လမ်းအနိမ့်အမြင့်တွေမှာ တဝေါဝေါစီးလာတဲ့ မိုးရေတွေကို ထီးလေးတွေ ခမောက်လေးတွေဆောင်းပြီး ကြည့်ကြတယ်။ စက္ကူလှေလေးတွေ လွှတ်ကြတယ်။ စက္ကူလှေမရှိတဲ့ကလေးက ပါလာတဲ့ဖော့ဖိနပ်ကို ချွတ်ပြီး လှေလုပ်မျှောတယ်။ မြောသွားရင် လိုက်ဆယ်တယ်။ အိမ်ဖက်တွေဆီက ဟင်းနံ့တွေက တလှိုင်လှိုင်ဆိုတော့ ရေကြည့်ရင် ဗိုက်ထဲက တဂွီဂွီထမြည်လိုက်သေး။ မိုးအုံ့အုံ့မှာ အဖေ့စောင်ထဲ တိုးပြီး ကွေးနေရတာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။ အဖေပြောတဲ့ပုံပြင်တွေကလည်း ဘယ်တော့မှ မရိုးဘူး။

အိမ်မှာက အသီးခြောက်၊ အသားခြောက်ဆိုတာ အမြဲဆောင်ထားတာကိုး။ မိုးနံ့လေးသင်းလာရင် အခြောက်အခြမ်းလေးတွေ ချက်စားကြတာ။ အမေသိမ်းထားတဲ့ အသီးခြောက် အသားခြောက်ကလည်း အမျိုးမျိုး၊ စားလို့လည်း ကောင်းတယ်။ နွေရာသီဆိုရင် အိမ်နောက်ဖက်က အဖီပေါ်မှာ အခြောက်လှမ်းထားတာတွေ ပြည့်နေတာ။ ဟော မိုးတွေများစွေနေရင် ဘာမှ ပူစရာမလိုတော့ဘူး။ မိုးရွာရင် ကျွန်မတို့အိမ်နားနီးချင်းတွေက အဖေနဲ့အမေကို ရယ်စရာလုပ်နေကြတာ ။ ကျွန်မအဖေကို အိမ်နားလူတွေက အမေ့ကို တအားချစ်နိုင်၊ စိတ်ရှည်နိုင်လို့ဆိုပြီး ပြောကြပါတယ်။ မိုးရွာရင် ဘာလို့ရယ်ကြသလဲဆို အမေလှမ်းထားတဲ့ အခြောက်အခြမ်းတွေ အဝတ်တွေ အားလုံးမိုးလွတ်အောင် သိမ်းရတယ်။ သိမ်းနေရင်း မိုးများသည်းလာရင် အဖေက “မ..မ..” ဆိုပြီး အမြဲမပြတ်ခေါ်တယ်။ ပြီးတော့ “မ..ရေ ခေါင်းပေါ်မိုးမိမယ် အဝတ်လေးတင်ပြီးမှ အပြင်က ပစ္စည်းတွေသိမ်း” လို့လည်း မိုးသံတွေကြားက အမေကြားအောင် အော်ပြောနေတာ။ အိမ်နားကလူတွေကလည်း ကြားတာပေါ့။ အဖေတို့အကြောင်းသိမထားရင်တော့ ဟိုအိမ်က အိမ်ရှင်မ မိုးရွာထဲ ပစ္စည်းတွေ ထွက်သိမ်းနေရတယ်လို့ ထင်မှာပါပဲ။ တကယ်က မဟုတ်ပါဘူး။ အမေက မိုးလုံလေလုံအိမ်ထဲမှာ ထိုင်နေပြီး အဖေက အဝတ်တွေလဲရုတ်လာတယ်။ အခြောက်အခြမ်းလှမ်းထားတာတွေ ခမောက်ကြီးဆောင်းပြီး လိုက်သိမ်းနေတာပါ။ ဒါကြောင့် ငယ်ငယ်ကဆို ကျွန်မပါရောပြီး အိမ်နားနီးချင်းတွေနဲ့ပေါင်းပြီး အဖေက အမေ့ကို ချစ်တတ်လိုက်တာလို့ တခွိခွိ သဘောကျခဲ့တာပါ။

လက်ပံခေါင်း၊ သရက်သီး၊ ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်သီး မျှစ်၊ ခရမ်းသီး စတာတွေကို အခြောက်လှမ်းထားတော့ အရေးအကြောင်းဆို ထုတ်ချက်လို့လည်း ရတယ်။ ငရုပ်သီးမှည့်ပေါ်ချိန်ဆို ကျွန်းထဲက ဈေးသည်တွေ အိမ်ရှေ့ကို တအားလာတာ။ ပုဆိုးကွင်းကို တောင်းထဲမှာထည့်ပြီး ငရုပ်သီးတွေက ပုဆိုးထဲမှာ အပြည့်ရွက်လာတယ်။ အမေတို့က ဈေးတော်လို့ ကြိုက်တယ်ဆိုရင် တတောင်းလုံးဝယ်ထားလိုက်တယ်။ သူတို့က ရောင်းစရာလည်းကုန်တော့ ပါလာတဲ့ထမင်းဗူးလေးတွေ အိမ်ရှေ့က တမာပင်ရိပ်မှာ စားကြတယ်။ ဖက်ဆေးလိပ်သောက်ပြီး တရေးတမောနားပြီးမှ ပြန်ကြတယ်။ ဝယ်ထားတဲ့ငရုပ်သီးမှည့်နီနီတွေကို တလင်းပြင်မှာ လှမ်းထားလိုက်ရင် တနှစ်စာ ငရုပ်သီခြောက်လုံလောက်တယ်။ သရက်သီးလာရောင်းတဲ့သူတွေလည်း ပေါတယ်။ လက်ပံခေါင်းကိုတော့ အခြောက်ဝယ်ရတယ်။ တောင်းကြီးတတောင်းလုံးမှ တစ်ရာလောက်ပေးရတာပါ။ ခရမ်းသီးအစိမ်းသီးတွေက တလုံးကို (၅ဝ) သားလောက်ရှိတယ်။ ပါးပါးလှီးပြီး နေပူလှမ်းထားရင် မိုးတွင်းစာရတယ်ပေါ့။ အိမ်မှာလည်း အမေ့ဟင်းသီးဟင်းရွက်အခြောက်ထုပ်တွေ မနည်းပါဘူး။ မိုးရွာရင် လက်ပံခေါင်း၊ ချဉ်ပေါင်၊ ပုန်းရည်ကြီးတွေနဲ့ ချဉ်ပေါင်းချက်စားရင်လည်း အနံ့လေး သိပ်မွှေးပြီး ထမင်းစားလို့ကောင်းလှတယ်။

အခုလည်း မိုးတွေရွာနေတယ်။ အညာမဟုတ်တော့ မိုးနံ့လည်း မသင်းပါဘူး။ ဒါပေမယ့် အညာသူဆိုတော့ မိုးရွာရင် အိမ်ထဲမှာနေချင်တယ်။ စောင်ခြုံလေးနဲ့ ကွေးချင်တယ်။ ရေနွေးလေးတည်ပြီး ဟင်းပူပူလေးတွေ စားချင်တယ်။ ဒီနေ့ မိုးရွာနေတော့ အမေချက်သလို အမဲသားခြောက်လေး ချက်စားကြည့်ချင်လာတယ်။

အမဲခြောက်ဟင်းချက်မယ်ဆိုတော့ ဘာနဲ့တွဲချက်ရမလဲ စဉ်းစားလိုက်တာ ပဲဟင်းပူပူလေးက တခွက်၊ မျှစ်ကြော်ကတခွက်၊ အသီးအရွက်ကတခွက်ဆိုပြီး ချက်ဖြစ်သွားတယ်။ အမဲခြောက်ကို ရေခဏစိမ်ထားလိုက်တယ်။ ခဏနေတော့ မွမွလေးဖြစ်အောင်ထုထားတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငါးပိကို ခရမ်းချဉ်သီးလိပ်အောင် လှိမ့်လိုက်ပြီး အမဲသားကို ထည့်လိုက်တယ်။ အသားထဲဟင်းအနှစ်စိမ့်ဝင်အောင် မွှေပြီးမှ ရေထည့်ပြီး အဖုံးအုပ်ထားလိုက်တယ်။ (၂)ရေလောက်ခမ်းအောင် ချက်တယ်။ နောက်ဆုံးမှ ရေနည်းနည်းကျန်အောင်ထားတယ်။ ရေနည်းနည်းနဲ့ ဆီပဲကျန်တော့တဲ့အချိန်မှာ ထက်ခြမ်းခွဲထားတဲ့ ရုံးပတီသီးကို ထည့်ပြီး ခဏအဖုံးအုပ်ထားလိုက်တယ်။ ပြီးရင် အမဲခြောက်ဟင်း စားချင့်စဖွယ်လေးရပါပြီ။

ပဲနီလေးကို ကြာဇံနဲ့ ဟင်းချိုခပ်ကျဲကျဲလေးချက်ထားတယ်။

မျှစ်ကို ငါးပိနဲ့ ကြော်ထားတယ်။

အသီးအရွက်ကတော့ မှို၊ ငရုတ်ပွ၊ ပဲသီးရောပြီး အစိမ်းကြော်မစားချင်တာနဲ့ ခရမ်းချဉ်သီးနဲ့ ရေစပ်စပ်လေးနဲ့ချက်လိုက်တယ်။

အင်း ပဲဟင်းပူပူလေးနဲ့ ထမင်းစားလို့တော့ အကောင်းသား။

မဇနိ

Thursday, September 18, 2008

မှတ်မှတ်သားသား ရယ်စရာလေးများ



ကလေးအဖေ ဘလော့ဂါတွေက သူတို့ကလေးတွေနဲ့ ပတ်သက်ပြီး ရယ်စရာလေးတွေ ရေးကြတယ်။ ကလေးအတွေးဆိုတော့ လူကြီးနဲ့ မတူပဲ တစ်မျိုးဖြစ်နေတော့ ရယ်ရတာပေါ့။ ကျွန်တော်လည်း ကလေးတွေနဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့ ရယ်စရာလေးတွေ သတိရလာလို့ တင်ပေးလိုက်ပါတယ်။


မနော့နေ
ကျွန်တော့ တူမလေးက 'မနေ့က' ရယ် 'မနက်ဖြန်' ရယ်ကို သူမကွဲဘူးဖြစ်နေတယ်။ လူကြီးတွေက ပြောရင် သူနားလည်တယ် ဒါပေမယ့် သူ့ဟာသူ ပြောဖို့တော့ တော်တော် စဉ်းစားပြီးပြောရတယ်။ နောက်တော့ စာလုံးတစ်လုံးသူထွင်လိုက်တယ် 'မနော့နေ' တဲ့ မနေ့ကလည်း မနော့နေ၊ မနက်ဖြန်လည်း မနော့နေ သူ့အတွက်ကတော့ အဆင်ပြေနေတာပဲ။ လူကြီးတွေကလည်း နားလည်ပါတယ်။ ကလေးလေးဆိုတော့ ချစ်ဖို့လည်း ကောင်းပါတယ်။

ရော့ရော့...
ကျွန်တော့ညီဝမ်းကွဲလေးတစ်ယောက်က သူ့မှာ အမတွေကများတော့ ကလေးတုန်းက လက်ပေါ်က မဆင်းပဲ အမြဲလိုလို အချီခံထားရတယ်။ အမတွေက တစ်ရောက်နဲ့ တစ်ယောက် ကလေး လက်လွှဲတဲ့အခါမှာ 'ရော့၊ ရော့' လို့ပြောပြီး လွှဲတတ်ကြတယ်။ ကလေးက အဲဒီစကားကို မှတ်ထားပြီး သူ့ကိုအမတစ်ယောက်ယောက်က လာချီစေချင်ရင် ခုတင်ပေါ်ကနေ လက်ကိုကားပြီး 'ရော့ ရော့' နဲ့ အော်နေတတ်တယ်။

ကလေးမကြိုက်အောင်တွေ လုပ်နေပြီ
အဲဒီကလေးက အငယ်ဆုံးလည်း ဖြစ်တယ် အကိုအမတွေလည်းပေါတယ်ဆိုတော့ ခဏခဏ အငိုရှာခံရတယ်။ ကလေးကငိုပြီဆိုရင် ကလေးအငိုရှာတဲ့သူကို လူကြီးတွေက 'ကလေးမကြိုက်အောင်တွေ မလုပ်စမ်းနဲ့၊ ကလေးကို အငိုမရှာနဲ့' လို့ ဆူတတ်တယ်။ ကလေးက အဲဒါလေးကို မှတ်ထားပြီး သူကိုလာစရင် နောက်ကျတော့ အော်ပြီးတိုင်တတ်လာတယ်။ 'အမေ ဒီမှာ ကလေးမကြိုက်အောင်တွေ လုပ်နေတယ်။ အမေ ကလေးကို အငိုရှာနေတယ်' တဲ့။

ဒါမျိုးလာချော့လို့ ဘယ်ရမလဲ
တစ်ခါလည်း ဆန်ရောင်းတဲ့ အိမ်တစ်အိမ်မှာ ကလေးအငယ်လေးကို အကြီးကောင်က ငိုအောင်လုပ်လိုက်တယ် နောက်ကလေးငိုတဲ့ အခါကျတော့ သူက ဆန်တောင်းထဲက ဆန်တွေကို မြှောက်မြှောက်ပြီး ကစားပြလိုက်တယ်။ ကလေးက အပေါ်တတ်သွားတဲ့ ဆန်တွေကို စိုက်ကြည့်ပြီး အငိုတိတ်သွားပါတယ်။ ဒါပေမယ့် အဖေလုပ်တဲ့လူက အကြီးကောင်ကို 'ဆန်တွေနဲ့ ဘာလို့ကစားရတာလဲ' လို့ဆူလိုက်တော့ 'ကလေးအငိုတတ်အောင် ချော့တာပါ' လို့ ပြန်ပြောလိုက်တယ်။ အဲဒီမှာ ကိုလူလည် ကလေးက 'ငါ့အငိုတိတ်အောင် ချော့တာတဲ့' ဆိုပြီး နောက်တစ်လော ဆက်ငိုတော့တာပဲ။

သူခေါ်ခိုင်းလို့လည်း ခေါ်ရသေးတယ်၊ :(
တစ်ခါတုန်းက အိမ်နီးချင်း အပျိုမကြီးတစ်ကြီး မမတစ်ယောက်ပါ၊ ကလေးလည်းအရမ်းချစ်တတ်တော့ အိမ်နားက ကလေးကို ခေါ်လာတယ်။ ထိမ်းမယ်ပေါ့။ ကလေးကလည်း သူ့ကိုချစ်ရှာပါတယ်။ သူ့စကားလည်းနားထောင်တယ်။ ငိုလည်းမငိုတတ်ရှာဘူး။ သူကအိမ်မှာ နေတာ အဖွားရယ်၊ အမေရယ်နဲ့ နေတယ်။ သူ့ကိုလူကြီးတွေက 'သီရိ' လို့ခေါ်တယ်။ ကလေးနဲ့ကျတော့ သူက မမ အခေါ်ခံချင်တာ။ သူ့ကိုသူ မမလို့လည်း ပြောတယ် ကလေးက အဲဒီ စကားကို နားမဝင်ဘူး။ လူကြီးတွေခေါ်သလို သီရိလို့ပဲခေါ်တယ်။ ကလေးက သီရိခေါ်ရင် သူကရိုက်တယ်။ အဲလိုမခေါ်ရဘူးလို့လည်း ပြောတယ်။ ခဏနေတော့ ကလေးက အဲလိုပဲထပ်ခေါ်တယ်။ အဲဒီတော့ သူက 'ပြန်ခေါ်စမ်း၊ ပြန်ခေါ်စမ်း' လို့ပြောတယ်။ ကလေးက ခေါ်ခိုင်းတယ်ထင်လို့ ခေါ်တယ်။ သူကရိုက်တယ်။ ကလေးက နားမလည်သလိုလေးကြည့်နေတယ်။ သူက ခေါ်ခိုင်းလိုက် ကလေးက ခေါ်လိုက် ရိုက်လိုက်နဲ့ တော်တော်ကြာသွားတယ်။ နောက်တော့ ကလေးရဲ့ မမကရောက်လာပြီး 'ကလေးက ခေါ်ခိုင်းလို့ ခေါ်နေတာ၊ ခေါ်စမ်းခေါ်စမ်း ဆိုတာကို သူက တကယ်ခေါ်ခိုင်းတယ် ထင်နေတာ' လို့ ပြောပြလိုက်မှ ကလေးလည်း သက်သာရာရသွားတယ်။ သူ့အမရင်းကသင်ပေးတော့မှ ကလေးက 'မမ' လို့ ခေါ်တတ်သွားပါတယ်။

Monday, September 15, 2008

ဖွယ်ဖွယ်ရာရာ စားကြမယ်


မောင်လေးကို ဟင်းကြော်နဲ့ ကျွေးနေတာ နှစ်ရက်လောက်ရှိနေပြီ။ ဒီနေ့တော့ လူလည်းနေကောင်းလို့ ဟင်းချက်ကျွေးလိုက်အုံးမယ်လို့ စိတ်ကူးရတော့တယ်။


ပထမဆုံးငါးသေတ္တာချက်ဖို့ မန်ကျည်းသီးမှည့်ရေဆေး၊ ရေစိမ်ထားလိုက်တယ်။ ငါးသေတ္တာကို သူ့အတိုင်းချက်ရင် အကြောတက်ချင်တာရယ်၊ ညှီမှာကြောက်တာရယ်နဲ့ မန်ကျည်းမှည့်လေးနဲ့ချက်ရင် အရသာကောင်းတာရယ်ကြောင့် ချဉ်စပ်လေးချက်ဖို့ စဉ်းစားလိုက်တာပါ။ မီးဖိုပေါ်ကဒယ်ထဲက ဆီဆူရင် ခရမ်းချဉ်သီးတလုံး၊ ငါးပိအနည်းငယ်၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူကို လှိမ့်လိုက်တယ်။ ခရမ်းချဉ်သီးလိပ်လာရင် ငရုပ်သီးအရောင်တင်မှုန့်၊ အကြမ်းမှုန့်ထည့်မွှေပါတယ်။ မွှေနေရင်းနဲ့ အသင့်ဖျော်ထားတဲ့ မန်ကျည်းရည်ကို ထည့် ဆီသတ်ပါတယ်။ ဟင်းအနှစ်အသားကျနေချိန်မှာ ငါးသေတ္တာကို ဖောက်ထည့်တယ်။ ချက်ချင်းမမွှေသေးဘဲနဲ့ ခဏနေမှ အထက်အောက်လှန်ပေးလိုက်တယ်။ ငါးသိပ်ကြေသွားမှာစိုးလို့ပါ။ မန်ကျည်းရေရယ် ငါးသေတ္တာအနှစ်ရည်ရယ်ဆိုတော့ ရေထပ်မထည့်တော့ဘဲ နံနံပင်လေးအုပ်ချ ချလိုက်ရင် ချဉ်ချဉ်စပ်စပ်လေးလေးနဲ့ အရသာရှိတဲ့ ငါးသေတ္တာဟင်းရပါပြီ။

မိုးအေးအေးမှာ အမေကြော်တတ်တဲ့ ငရုပ်သီးစိမ်း ငါးပိကြော်လေးလည်း သတိရတာနဲ့ ကြော်စားဖြစ်ပါတယ်။
ဆီဆူလာရင် ဆနွင်းမှုန့်နည်းနည်းလေးထည့်မွှေထားလိုက်ပြီး ငါးပိခပ်များများကို ထည့်ကြော်မှာပါ။ ငါးပိက ဟင်းချက်ရင် မျှင်ငါးပိကို သုံးပေမယ့် အခုလို ငါးပိကြော်လေးဆိုရင် ပုဇွန်ငါးပိကို သုံးရင် ပိုမွှေးပါတယ်။ အိမ်မှာတော့ အမေက ငါးပိကို သုံးမျိုးလောက် ခွဲထားတယ်ထင်ပါတယ်။ ချဉ်ဟင်းချက်ရင်သုံးတဲ့ ငါးပိက တစ်မျိုးပါ။ ကင်းမွန်တံဆိပ်ပုဇွန်ငါးပိကို အခုတော့ သုံးပါတယ်။ ဆီဆူဆူမှာ ချက်ခြမ်းခွဲထားတဲ့ ငရုပ်သီးစိမ်းကို ထည့်ကြော်လိုက်တယ်။ ငရုပ်သီးနည်းနည်းနွမ်းရင် ပန်းကန်မှာ ဆယ်ထားလိုက်ပြီး ငါးပိထည့်ကြော်ပါတယ်။ ငါးပိအရောင်ရဲလာရင် ကြက်သွန်ဖြူထည့်မွှေ၊ ပြီးတော့ ဆယ်ထားတဲ့ငရုပ်သီးကြော်ကို ထည့်မွှေပြီး ခဏနေမီးပိတ်လိုက်ပါတယ်။

အုအဲနိုက အမဲသားတုံးတွေဝယ်လာဖြစ်တော့ အမဲသားငရုပ်သီးစိမ်းငါးပိချက်လေး ချက်စားဖြစ်ပါတယ်။ အခုအိမ်နားက ဆိုင်တွေမှာဆို အမဲသားအလွှာပဲ ၀ယ်လို့ရပါတယ်။ အမဲသားကို ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းနဲ့ချက်စားရလိုက်တော့လေ တခါတလေမှာ စားလို့ကောင်းပါတယ်။ မဆလာကြိုက်ရင် မဆလာထည့်ချက်တော့ အနံ့မွှေးတဲ့ အမဲသားဟင်းလေးက တမျိုးအရသာရှိပါတယ်။ ထမင်းစားတဲ့အခါ ဇွန်းထိလိုက်တာနဲ့ နူးအိနေအောင်လို့ မီးအေးအေးနဲ့ ရေခဏခဏထည့်ပေးပြီး နှပ်ထားလိုက်ပါတယ်။

ကြက်သားဆီပြန်ဟင်းတွေ မစားချင်ရင် ကြက်ပုန်းရည်လေးချက်စားလည်း ကောင်းတာပါပဲ။ ကြက်သားကို ဂျင်း ကြက်သွန်ဖြူနဲ့ ပြုတ်လိုက်ပါတယ်။ ကြက်သားနူးရင် ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူလေးနဲ့ လှိမ့်ပါတယ်။ ခရမ်းချဉ်သီးလိပ်ရင် ပုန်းရည်မှုန့်ဖောက်ထည့် မွှေတယ်။ ရေနည်းနည်းထည့်ပြီး နှပ်ထားလိုက်ပါတယ်။ ရေအတော်ခမ်းသည်အထိချက်ပြီး ဆီအတိုင်းကျန်အောင်ထားလိုက်ရင် ကြက်ပုန်းရည်ကောင်းကောင်းရပါပြီ။


မဇနိ

Sunday, September 14, 2008

အဖိုးအို





Старик
1814—1815

Уж я не тот любовник страстный,
Кому дивился прежде свет:
Моя весна и лето красно
Навек прошли, пропал и след.
Амур, бог возраста младого!
Я твой служитель верный был;
Ах, если б мог родиться снова,
Уж так ли б я тебе служил!

А.С.Пушкин


အဖိုးအို

ရမ္မက်ခပ်ပြင်းပြင်းနဲ့ အဲသလို ချစ်တတ်သူတစ်ယောက် မဟုတ်တော့ပါဘူး
အလင်းရောင်အောက်မှာ ဘယ်သူက အံ့စရာကောင်းနေလို့လဲ
ငါ့နွေဦးနဲ့ နွေဟာ လှပစွာ
ထာဝရထွက်ခွာသွားကြပြီ၊ ခြေရာတွေလည်း ပျောက်ခဲ့ပြီ။
မြားနတ်မောင်၊ နုနယ်တဲ့အရွယ်ရဲ့ ဘုရားသခင်!
ကျွန်ုပ်က သင့်ရဲ့ သစ္စာရှိ အစေအပါးပါ
အသစ်တဖန် ပြန်မွေးဖွားခွင့်ရှိရင်
အသင့်ထံပါးမှာ ဒီလို ထပ်ပြီး ထမ်းဆောင်ပါရစေ။

အာ. အက်(စ). ပုရှကင်

Saturday, September 13, 2008

Jokes From RD





ဒီလို လိုချင်ရင် ဒါမျိုး လုပ်ရတယ်

ရေပိုက်ပြင်သမားက ဆရာဝန်တစ်ယောက်အိမ်မှာ ရေပိုက်ကိုပြင်ပြီးတော့ ဒေါ်လာ ၁၀၀၀ ကျသင့်ကြောင်း တောင်းလိုက်ပါတယ်။
- "ခင်ဗျားအလုပ်က ကောင်းလိုက်တာဗျာ၊ ကျနော့်ဘဝမှာ ဆေးကုတာ အဲသလောက် တခါမှ မတောင်းဖူးသေးဘူး"
ရေပိုက်ပြင်သမားက ဆရာဝန်အား ပြန်ပြောလိုက်လေသည်။
- "ကျနော်ဆရာဝန်လုပ်တုန်းကလည်း အဲသလောက်တခါမှာ မတောင်းဖူးဘူးဗျ။"


စာနာစမ်းပါ

တိရိစ္ဆာန်ဥယျာဉ်တွင် လှောင်ချိုင့်တစ်ခု လွတ်နေသည်ကို တွေ့သောအခါ အလည်လာသူတစ်ယောက်က မေးလေသည်။
- "ဒီလှောင်ချိုင့်ထဲက မျောက်တွေအားလုံး ဘယ်ရောက်ကုန်တာလဲဗျ။"
- "မိတ်လိုက်တဲ့ ရာသီဆိုတော့ သူတို့တွေက အတွင်းဖက်ထဲ ရောက်နေကြတယ်။" ဟု အစောင့်မှ ပြန်ပြောလေသည်။
- "မြေပဲဆံပစ်ကျွေးလိုက်ရင် သူတို့ထွက်လာလောက်သလားဗျ။"
- "ခင်ဗျားဆိုရင်ရော ထွက်လာမှာမိုလို့လားဗျာ။"

ဒါလေးလောက်တော့ သိတာပေါ့

ကျမစာတိုက်အတွင်းသို့ ဝင်လိုက်သောအခါ စာပို့သမားအမျိုးသမီးက ကျမနားတွင်ပန်ထားသော နားကပ်ကို မြင်သောအခါ ပြောလေသည်။
- "ဒီနားကပ်က စိန်တွေက အစစ်တွေပဲ။"
- "ဟုတ်တယ် အစစ်တွေပေါ့။ ရှင်ဘယ်လိုလုပ်ပြီး စိန်အစစ်မှန်း သိပါလိမ့်။"
- " အင်း သိတာပေါ့ ဘယ်သူကမှ စိန်အတုဆိုရင် ဒီလောက်သေးသေးလေးကို မဝယ်ဘူးလေ။"

အံ့သြသွားစေရမယ်

ကျမခင်ပွန်း နိုင်ငံခြားတွင် နေစဉ် လေးနှစ်အရွယ် သမီးလေးက မောင်ငယ်လေးတစ်ယောက် လိုချင်ကြောင်း ပြောလေသည်။
- "ဟုတ်တယ် သမီး၊ ဒါပေမယ့် ဖေဖေပြန်လာမှ သမီးကို မွေးပေးမယ်နော်"
သို့သော်လည်း သမီးလေးတွင် ပိုကောင်းသော အကြံဉာဏ်ရှိနေလေသည်။
- " ဖေဖေပြန်လာရင် တခါတည်း အံ့သြသွားအောင် အခု မွေးထားမယ်လေ။"

Friday, September 12, 2008

ထမင်းစားလို့သိပ်မကောင်းတဲ့အခါ



နေမကောင်းပြီးခါစ ဘာဟင်းမှ မစားချင်သလို ဖြစ်နေလို့ တို့ဟူးသုတ်ချဉ်ငံစပ် သုပ်စားကြည့်လိုက်တယ်။ ထမင်းပူပူလေး နဲနဲရယ် တို့ဟူးသုပ်လေးရယ် ခံတွင်းတွေ့တယ်ပေါ့။ ပဲမှုန့်အစိမ်းကို ရေနဲ့ဖျော်ထားလိုက်တယ်။ ဂျင်း၊ ကြက်သွန်ဖြူထောင်းပြီး ပဲမှုန့်ထဲထည့်မွှေလိုက်ရင် တို့ဟူးရတဲ့အခါ မွှေးမွှေးလေးရအောင်လို့ပါ။ မုန့်ကြွပ်လေးကြော်ပြီး ပန်းကန်ခြောက်ခြောက်ထဲ ထည့်ထားလိုက်တယ်။ စိုက်ထားတဲ့ အိုးခင်းထဲက နံနံပင်နဲနဲ ခူးထားလိုက်ပါတယ်။ ငရုပ်သီးဆီချက်၊ ကြက်သွန်ဖြူဆီချက်၊ မန်ကျည်းမှည့်ဖျော်ကို အဆင်သင့်ပြင်ထားရပါတယ်။ ပဲမှုန့်ဖျော်ရည်ကို မီးဖိုပေါ်တင်ပြီး ခပ်ပျစ်ပျစ်ဖြစ်လာတဲ့အခါ မီးပိတ်ပြီး ပန်းကန်မှာ တို့ဟူးကိုထည့်၊ အအေးခံထားလိုက်ပါတယ်။ တို့ဟူးတုံး အေးလာရင် ခပ်သေးသေး အတုံးလေးတွေလှီး၊ ငံပြာရည်၊ ဆီချက်၊ မုန့်ကြွပ်၊ နံနံပင် လိုသလိုထည့်ပြီး ချဉ်ငံစပ်လေး သုပ်စားလိုက်ရင် နေမကောင်းတဲ့သူပါ ချွေးထွက်ကုန်ပါတယ်။



ကြက်သားဟင်းစားရတာလည်း ကြာတော့ငြီးငွေ့လာပါတယ်။ ထမင်းစားပျက်နေတဲ့ အချိန်မျိုးဆို ကြက်သားဟင်းကို မမြင်ချင်အောင်ဖြစ်ရပါတယ်။ ဒါဆိုရင် ဘာလုပ်စားရပါ့မလဲ။ စိတ်အပြောင်းအလဲလေးဖြစ်အောင် ကြက်သားကို ကြော်စားမယ်စိတ်ကူးလိုက်မိတယ်။ ကြက်သားကို အတုံးသေးသေးလေးတွေတုံးပြီး ရေစင်အောင် ဆေးပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူထောင်းပြီး အသားကို ငံပြာရည်နဲ့ရော နယ်လိုက်ပါတယ်။ ဆနွင်းနဲနဲထည့်ပြီး ရေနဲ့ ပြုတ်လိုက်ပါတယ်။ ရေခမ်းသွားရင် ဆီပူပူမှာ ထည့်ကြော်ပါတယ်။ ကြက်သားအရောင်ရဲလာရင် ကြက်သွန်ဖြူထောင်းထားတာကို ထည့်မွှေလိုက်ပါတယ်။ အနံ့မွှေးအောင်လို့ပါ။ အနေတော်ကျက်လာတဲ့အခါ ငရုပ်သီးအကြမ်းမှုန့်လေးပါဖြူးပြီး မွှေချ ချလိုက်ရင် မွှေးကြိုင်တဲ့ ကြက်သားကြော်ရပါပြီ။


အမဲသားကြော်ကလည်း နေမကောင်းတဲ့အချိန်၊ နေပြန်ကောင်းခါစဆို စားချင်စိတ်ဖြစ်တတ်ပါတယ်။ အမဲသားကိုလည်း အတုံးသေးသေလေးတွေလှီးပြီး ဂျင်းများများ၊ ကြက်သွန်ဖြူထောင်းပါ ရောပြီး ဆနွင်းမှုန့်အနည်းငယ်ထည့် သေသေချာချာလေး နယ်ပါတယ်။ ရေထည့်ပြုတ်ပြီး ရေခမ်းသည်အထိပြုတ်ပါတယ်။ ဂျင်းအရသာတွေပါ အသားထဲစိမ့်ဝင်အောင်လို့ပါ။ ဆီပူပူမှာကြော်ပြီး အသားအတော်ကြွပ်လာပြီဆိုရင် ကြက်သွန်ဖြူလှီးထားတာလေးတွေ အုပ်လိုက်ပါတယ်။ အသားလည်းအတော်ကြွပ်၊ ကြက်သွန်ဖတ်လည်းကျက်ရင် အရသာရှိလာတဲ့ အမဲသားကြော်ရပါပြီ။


ဒီနေ့တော့ ပုဇွန်ခြောက်ဆန်ပြုတ်လေးကို ငရုတ်ကောင်းလေးဖြူးလိုက်ပြီး သောက်လိုက်၊ အမဲသားကြော်လေးစားလိုက် တို့ဟူးသုပ်လေးစားလိုက်နဲ့ ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနေတာ ပျောက်သလောက်ဖြစ်သွားပါပြီ။

မဇနိ

Thursday, September 11, 2008

ထိုတနေ့



နေမင်းသည်ကား လောကကြီးတခွင်အား အပူငွေ့များဖြင့် အစွမ်းကုန် ဖြန်းပက်ထားလေသည်။ အသင်နေမင်း တလောကလုံးအား စိတ်ရှိသမျှ ဖြန်းပက်ပါလေ။ အကျွန်ုပ်ပုခုံးပေါ်တွင် ခေါင်းလေးတင်ကာ မှီနေရှာသော မယ်မဒီလေးတစ်ယောက်ကိုသာ ချမ်းသာပေးပါ။ ဖန်တီးလို့ရလျှင်ကား အပူ နှစ်ဆ အကျွန်ုပ်ပေါ်ကို ဖြန်းချလိုက်ပါ။ ဇင်ယော်တောင်ပံ မျက်တောင်လေးတွေ စင်းနေရှာသော မယ်မဒီလေးခမျာ၊ ခရီးသွားလို့ ပန်းလှတဲ့ ဒဏ်အပြင်၊ နွေနေအပူကပါ ထပ်ဆင့်လောင်းထားတော့ မျက်နှာသွင်ပြင်မှာကား ဖျော့တော့တော့ရှိချေလှ၏။


"ဝေး…"
အကျွန်ုပ် နှုတ်ခမ်းမှ အသံခပ်ဖွဖွဖြင့် ခေါ်လိုက်လေသည်။ မယ်မဒီလေး၏ ညာဖက်မျက်တောင် တချက် ဖြတ်ကနဲအပေါ်ကို ကွေးတွန့်သွားသလို ဖြစ်ပြီး အသာပင် ပြန်ငြိမ်သွားပြန်ရှာ၏။ သူကလေး အတော်ပင်ပန်းရှာနေပြီ။ ဒီတိုင်းတော့လည်း မဖြစ်ရှာချေ။ တတ်သမျှပညာစွမ်းဖြင့် မယ်မဒီလေး အေးမြစေရမည်။ အကျွန်ုပ်၏ နှုတ်ခမ်းအား စုကာ မယ်မဒီ၏ မျက်နှာကလေးအား သာသာယာယာ လေမှုတ်ပေးနေလေ၏။ နက်မှောင်နေရမည့်အစား၊ ဖုန်တင်နေသောကြောင့် အနည်းငယ် အဝါရောင်သမ်းနေသော ဆံနွယ်လေးများသည် လေထဲတွင် ဝဲကာနေလေသည်။ လောကတခွင်လုံး ပူလောင်နေသော်လည်း မယ်မဒီလေးကို ကြည့်မြင်ရသည်မှာ အလွန်ပင် ကျက်သရေရှိလှပေသည်။

ထိုအခိုက် "နာနတ်သီးစိတ်၊ နာနတ်သီးစိတ်"ဆိုသော အသံခပ်စူးစူးနဲ့အတူ ခေါင်းပေါ်တွင် နာနတ်သီးဗန်းကလေးတင်ပြီး လာရောင်းသော ဈေးသည်မိန်းကလေး၏ အသံကို ကြားရသောအခါ မယ်မဒီလေး၏ မျက်လုံးကလေးက ကလယ်ကလယ်နဲ့ ပွင့်လာပြီး "စားချင်တယ်၊ ဝယ်ပေးနော်" ဆိုသော အသံကလေး ထွက်လာသောအခါ ကျွန်ုပ်သည် နာနတ်သီးသည်အား လက်ပြ၍ခေါ်လိုက်သည်။ နာနတ်သီးဈေးကလည်း အလွန်ချိုသလောက်၊ နာနာသီးစိတ်ကလည်း အရည်ရွှန်းရွှန်းနဲ့ စားလို့လည်း အလွန်ချိုလေသည်။ အကျွန်ုပ်နှင့် မယ်မဒီလေးသည် အသံများပင် မထွက်နိုင်ဘဲ နာနတ်သီးများကို ကုန်းရုန်းစားကြလေသည်။ တစ်ယောက်တစိတ်စားပြီးမှသာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အပြုံးပန်းချင်း ဖလှယ်နိုင်လိုက်ကြသည်။ "စားလို့လည်း ကောင်းတယ်နော်။" - ဆိုသော သူမ၏ အသံခပ်ချိုချိုထွက်လာသောအခါ "ထပ်ဝယ်လိုက်မယ်နော်"ဆိုသော အကျွန်ုပ်အသံက ကပ်ရပ်ထွက်သွား၏။ "ဒီမှာ အများကြီး ရှိသေးတယ်လေ၊ ထပ်မဝယ်နဲ့တော့နော်" ဆိုသောအခါ "အင်းအင်းအင်း" ဟု အကျွန်ုပ်ဖြေလိုက်လေသည်။

ကျောပိုးအိတ်ထဲတွင် ရန်ကုန်ကဝယ်လာသော၊ ခရီးသွားစဉ် လမ်းမှာမစားဖြစ်၍ ကျန်နေသေးသော ယိုသွပ်ပေါင်မုန့်များလည်းရှိသေး၏။ "ဗိုက်ဆာရင် စားလိုက်လေ" ဆိုတော့ "ဟင့် အင် ဗိုက်က ပြည့်သွားပေါ့" ဆိုကာ အကျွန်ုပ်အား ပြန်ကျွေးလေသည်။ ကျောပိုးအိတ်ထဲတွင် ရှိနေသေးသော ဖျော်ရည်ဗူးကလေးကို ကျွန်ုပ်ယူလိုက်ပြီး ပိုက်ကလေးတပ်ကာ "ဒါလေး သောက်လိုက်နော်" ဆိုပြီး မယ်မဒီလေးအား ထပ်ကာပေးလိုက်ပြန်သည်။ ဖျော်ရည် အနည်းငယ်သာ သောက်ပြီး ကျွန်ုပ်အား ပြန်၍ ကမ်းပေးလေသည်။ ဘေးမှာ ထိုင်နေကြသော လူအများက ဒီနှစ်ယောက် မုန့်လေးတခု၊ အအေးလေး တဗူးကို သူမစား ငါမစား အချစ်တွေ ပိုနေကြပါ့လား ဆိုသော အနည်းငယ် ချဉ်စပ်စပ်အဓိပ္ပါယ်ရောက်သော အကြည့်များဖြင့် ကြည့်ကြလေကုန်၏။ ကြည့်ကြပါလေ မိတ်ဆွေတို့၊ အကျွန်ုပ် ဂရုမစိုက်နိုင်။ ကျွန်ုပ်၏ကလေးမ အစာစားမှသာ ခရီးကြောင့် ပင်ပန်းသည့် ဒဏ် ခံနိုင်သော အားရပေလိမ့်မည်။

ဤသို့ဖြင့် လူပြည့်ကျပ်နေသည့် မှန်လုံးကားကလေးတွင် ထိုင်ခုံမရသဖြင့် တံခါးဝအနီး သစ်သားတန်းကလေးတွင် နှစ်ယောက်သား တက်၍ထိုင်လိုက်ကြသည်။ အခြားကားကို မျှော်သော်လည်း ပေါ်မလာသောအခါ ဆိုက်ကားသမားတစ်ယောက် အသံခပ်ကျယ်ကျယ်ဖြင့် "ဒီကားက နောက်ဆုံးကားပါဗျာ၊ လိုက်သွားစမ်းပါ" ဟုဆိုကာ ကျောပိုးအိတ်ကို အတင်းဆွဲ၍ လိုက်ပို့သောကြောင့် အခုစီးနေသော ကားသို့ရောက်ရပါသည်။ ကျေးဇူးကြီးသော ဆိုက်ကားဆရာပါပေ။ သစ်သားတန်း ထိုင်ခုံပေါ်တွင် ဘေးချင်းယှဉ်ကာ ထိုင်သောအခါတွင်လည်း မယ်မဒီငိုက်ကာ ကားတံခါးကြားဆင်းသွားမှာ စိုးရိမ်၍ လက်ဖြင့် သူမ၏ နောက်ကျောမတံခါးအဝနား ကိုင်စရာတခုကို ကိုင်ကာ နောက်မှီစရာအဖြစ် ဖန်းတီးပေးထားရ၏။

အချိန်အခါကျရောက်လာသေးအခါ ကားကလေးကား လူးကာလွန့်ကာ ပြေးလေတော့၏။ ၂ နာရီခန့် အားကုန်ပြေးပြီးသောအခါ လမ်းဆုံလမ်းခွတစ်ခုသို့ ကားကလေးရောက်လေ၏။ ကားသမားအား ကြိုတင်ပြောထား၍ ယင်းနေရာရောက်သောအခါ ကားက ရပ်ပေးလေသည်။ လမ်းဘေးဇရပ်တွင် နားခိုရင်း ရပ်ထားသော ကားမှန်သမျှကို လိုက်မေးရလေသည်။ " ***ထိ ရောက်အောင် သွားကြမှာလားဗျ" မေးတိုင်း "မရောက်ဘူး" ဆိုသော အဖြေများနဲ့သာ ကြုံတွေ့ရသည်။ ဇရပ်တွင် ထိုင်နေသော အခြားလူများက "စိတ် မပူပါနဲ့ဗျာ၊ ခင်ဗျားသွားချင်တဲ့ဆီကို ရောက်တဲ့ ကား တစ်စီးစီးကတော့ ပေါ်လာမှာပါဗျ"ဆိုသောကြောင့် စိတ်အနည်းငယ်အေးရလေသည်။ ညအတော် မှောင်သောအခါ လိုရာခရီးကို ပို့ဆောင်ပေးမယ့်ကား ပေါ်တော်မူလာရှာသည်။

…. ထိုသို့ဖြင့် လိုရာခရီး အေးချမ်းစွာ ရောက်ရပါတော့၏။

ခရီးပန်း၍ ရွှေမျက်နှာတော် နွမ်းနေသော ထိုတနေ့က မယ်မဒီအား မျက်လုံးထဲမှ မထွက်သဖြင့် ထိုတနေ့အား အမှတ်တရ ရေးသားလိုက်ရသည် ဖြစ်ပါကြောင်း။

Wednesday, September 10, 2008

အီလက်ထရောနစ်မြို့တော် (Akihabara)



မောင်လေးက ကွန်ပြူတာဝယ်ချင်ပါတယ်လို့ ပြောလာတော့ Akihabara (အကိဟဘရ) အီလက်ထရောနစ်မြို့ကို သွားဖြစ်ခဲ့တယ်။ ဒီမှာက ခရီးစရိတ်က အတော်လေး ဈေးမြင့်ပါတယ်။ တနေရာသွားမယ်ဆို စဉ်းစားနေရတယ်။ အချိန်ကလဲ တရက်ပေးရတော့တာကိုး။ သူငယ်ချင်းတွေလာရင်လည်း မဖြစ်မနေလိုက်ပို့ရတာ အကိဟဘရကိုပါပဲ။ လိုက်မပို့လို့ကလဲ မဖြစ်ပြန်ဘူး။ Training ကျောင်းသားအများစုက တိုကျိုမြို့တ၀ိုက်ကို လာရတာဆိုတော့ ကိုယ်က ဒိုင်ခံလိုက်ပို့ရတယ်။ ရထားခက မိနစ် ၃၀ လောက်ခရီးကို ယန်း ၅၄၀ ပေးရတယ်။ အပြန်အသွားဆို ယန်း ၁၀၀၀ ကျော်ကုန်သွားရော။ အချိန်ကလဲ မနက်ကသွားရင် ဈေးဝယ်တာနဲ့ ညနေမှ ပြန်ရောက်တော့ မထူးပါဘူးလေဆိုပြီး အဲဒီလမ်းကြောဖက်က ၀ယ်စရာတွေ စုဝယ်ရတယ်။



Ueno(အုအဲနို) မှာက ကုလားပဲ၊ နံနံပင်၊ ကန်စွန်းရွက်၊ ငံပြာရည်၊ ဆန်ခေါက်ဆွဲဖတ်၊ တရုတ်အကြော်အလှော်တွေကို အဓိက ၀ယ်လို့ရပါတယ်။ ပုဇွန်တွေလဲ လတ်လတ်ဆတ်ဆတ်ဆိုတော့ ဈေးဝယ်လို့ ကောင်းလှတယ်။ ကျွန်မအတွက်တော့ အဲဒီလမ်းကြောင်းက ပြန်လာရင် စားချင်တဲ့ မြန်မာစာတွေ ကောင်းကောင်းချက်စားလို့ရပါပြီ။ Akihabara နဲ့ Ueno ဆိုရင် ၃ မိနစ်လောက်စီးရပြီး ယန်း ၁၃၀ ပေးရတယ်။ Ueno ကနေ Takadanobaba (တကဒါနိုဘဘ) ကိုလည်း မသွားမဖြစ် သွားရပါတယ်။ ၂၀ မိနစ်လောက်ကြာပြီး ယန်း ၁၉၀ ပေးရပါတယ်။ အဲဒီမှက မြန်မာဆိုင်ရှိတော့ လိုချင်တဲ့ မြန်မာအစားအစာ ၀ယ်ဖို့ သွားရတယ်။ အဓိက ငါးပိဝယ်ချင်လို့ပါ။ စမူဆာ၊ လက်ဖက်စတဲ့ လိုရာဝယ်နိုင်တဲ့အပြင် မြန်မာထမင်း၊ဟင်းကို ကန်စွန်းရွက်နဲ့ မှိုကြော်၊ တို့ဟူးသုပ်လေးပါ စားချင်စားလို့ရသေးတယ်။ ပြီးရင်တော့ ကိုယ့်ဆီပြန်ဖို့ဆို ယန်း ၄၈၀ နဲ့ မိနစ် ၅၀ လောက်ကြာပါတယ်။ စုစုပေါင်း ယန်း ၁၃၄၀ ကုန်ကျမယ့်ခရီးကို အပြန်အသွား one day ticket ဆိုတာနဲ့ သွားလိုက်ရင် ၁၀၅၀ ပေးရပြီး အခေါက်ခေါက်အခါခါ ကြိုက်သလို စီးလို့ရပါတယ်။ Ueno ပဲ အရင်သွားပြီး Akihabara ကို အပြန်ဝင်မလား၊ ၀ယ်စရာမေ့နေရင် ၂ ခေါက်ပြန်စီးမလား အဆင်ပြေလှပါတယ်။ မုန့်စား ဘာညာနဲ့ ခရီးစရိတ်ကတင် ယန်း ၃၀၀၀ လောက် ကုန်ရော။ ဟင်းချက်စရာဝယ်တာ မပါသေးဘူးပေါ့နော်။

Akihabara ကို Electric Town လို့ သတ်မှတ်ရလောက်အောင် ဆိုင်တော်တော်များများက အီလက်ထရောနစ်ပစ္စည်းတွေ ရောင်းချပါတယ်။ အကိဟဘရဘူတာမှာဆင်းပြီး electric town exit ကိုထွက်လိုက်ရင် အီလက်ထရောနစ်ဆိုင်တန်းတွေကို တွေ့နိုင်ပါတယ်။ အလည်လာရောက်ကြတဲ့ နိုင်ငံခြားသားတွေ အဲဒီမှာ တ၀ဲလည်လည် ဈေးဝယ်တာတော့ တနေကုန်တာများပါတယ်။ ကွန်ပြူတာ၊ ကင်မရာနဲ့ အခြားအီလက်ထရောနစ်ပစ္စည်းတွေ အသစ်ဆိုင်တွေပေါသလို second hand ဆိုင်တွေကလဲ အတော်များလှပါတယ်။ lap top second hand ဆိုရင် ယန်း ၃ သောင်းနဲ့ အထက်ရှိပြီး ကြိုက်တာကြည့်ဝယ်ပေတော့။ second hand ဆိုတာကတော့ အသစ်လိုတော့ ဘယ်ကောင်းနိုင်မလဲနော်။ ကျွန်မကို မေးလာရင်တော့ ဖြစ်နိုင်ရင် အသစ်ဝယ်စေချင်တယ်လို့ ပြန်ပြောလေ့ရှိပါတယ်။ မြန်မာလူမျိုးတွေမှ ဒီ second hand တွေ ၀ယ်သုံးတာ မဟုတ်ပါဘူး။ နိုင်ငံခြားသားတော်တော်များများက ၀ယ်ယူနေတာ တွေ့ရပါတယ်။ Tokyo ကို သင်တန်းလာတက်တဲ့ သူငယ်ချင်းတွေလိုက်ပို့တဲ့အခါ သူတို့နဲ့အတူလာကြတဲ့ နိုင်ငံပေါင်းစုံက သင်တန်းသားတွေလည်း Akihabara မှာ ဟိုနေရာ၊ ဒီနေရာမှာ တွေ့နေရပါတယ်။ AKKY(အခိ) I,II,III နဲ့ Yodobashi(ယိုဒိုဘရှိ) ဆိုင်တွေမှာတော့ လိုအပ်တဲ့ အသစ်တွေ ၀ယ်ယူနိုင်ပါတယ်။ AKKY ကတော့ duty free shop ဖြစ်ပြီး English version တွေ ၀ယ်နိုင်တာဖြစ်လို့ အဆင်ပြေလှပါတယ်။ AKKY ဆိုင်ခွဲတွေဟာ main လမ်းမကြီးရဲ့ ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်း မှာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ကျွန်မကတော့ AKKY မှာပဲ အ၀ယ်များပါတယ်။ လိုချင်တဲ့ English version ကို တန်းရနိုင်လို့ပါ။




second hand shop တွေမှာတော့ lap top၊ camera စတာတွေဟာ တောင်ပုံရာပုံပေါလှပါတယ်။ လမ်းဘေးမှာ ပလပ်စတစ်ခြင်းတောင်းတွေနဲ့ ပုံရောင်းနေတဲ့ ကင်မရာဆိုင်တွေကလဲ မနည်းပါဘူး။



လမ်းဘေးမှချရောင်းနေတဲ့ ကွန်ပြူတာအဟောင်းဆိုင်တွေပါ။

ကျွန်မ၀ယ်သုံးခဲ့ရတဲ့ ကွန်ပြူတာဟာ တစ်နှစ်အတွင်းမှာ ယန်း (၅) သောင်း ဈေးကျနေတာတွေ့ရတော့ မောင်လေးအတွက် ပျော်ပျော်ကြီး ၀ယ်ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ကိုယ်ဝယ်တုန်းက ဈေးတွေကြီးနေလို့ နှမြောမိသေး။ USB memory stick တွေကလည်း ဈေးအတော်ပေါနေတယ်။ ကင်မရာတွေလည်း ဈေးချနေတယ်။ canon ယန်း ၃၂၀၀၀ တွေဟာ ယန်း ၂၂၅၀၀ ဖြစ်နေတယ်။

အလကားပေးနေလားထင်ရအောင် အီလက်ထရောနစ်ပစ္စည်းဆိုင်တွေနဲ့ ပြည့်နေတဲ့ အကိဟဘရမြို့တော်က အပြန်မှာတော့ ညအတော်နက်နေပါပြီ။