...... အကွေ့ ......
အပြုံးတစ်ပွင့်နဲ့
မှန်ထဲကမိန်းမ
အဆိပ်ခွက်တွေမျိုချ
မိုးလင်းခဲ့တဲ့ ညတွေ။
ဆောင်းပါဆိုကွယ်
မိုးစက်တွေ ပြိုတော့
အအေးပေါင်းခ…။
ဟို အရင်
ဟို … ကမ ၻာ
ဟိုးတစ္ခါက ဘဝ
အခါခါပြန်ရချင်ပေမဲ့
နှင်းဆီဆူးတွေပေါ်လျှောက်
ပျောက်သောလမ်းမှာ
(သူမ လဲ) စမ်း တ ဝါး ။
…အဆိပ်ငွေ့နဲ့
အိပ်မွေ့ မချရင်
သူမ
ဒီည မိုးလင်းနိုင်ပါ့မလား။
Sunday, January 11, 2009
Friday, January 9, 2009
မောင်ဇနိ အိမ်သစ်ထူထောင်ခြင်း
အားလုံး မင်္ဂလာပါ။
ကျနော် မောင်ဇနိတစ်ယောက် အိမ်အသစ် ထူထောင်ပြီဖြစ်ကြောင်း အသိပေးပါရစေ။ မယ်ဇနိကတော့ “ရောင်နောက် ဆံထုံးပါ”ပါဆိုတဲ့ စကားအတိုင်း ကျနော့်နောက်ကို တကောက်ကောက် လိုက်လာမှာ ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ယောက်ရဲ့ အိမ်အသစ်လေးကို May and Juneလို့ အမည် ပေးထားပါတယ်။ မေနဲ့ဇွန်ဆိုတဲ့ လတွေမှာ သူမနဲ့ ကျနော့်ကို မွေးဖွားခဲ့တာဆိုတော့ အဲဒီလတွေကို အမှတ်တရအဖြစ် ဘလော့ဂ်နာမည်ကို May and Juneလို့ ပေးထားတာပါ။
အိုးဝေဘလော့ဂ်ကို ရှင်သန်အောင် ရေးသားကြတဲ့ အိုးဝေဘလော့ဂ် ကွန်ထရီဗြူတာ သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ သူတို့ကိုလည်း ဆက်လက်ရေးကြပါလို့ တိုက်တွန်းသလို၊ ပရိတ်သတ်များကလည်း ဆက်လက် အားပေးကြပါလို့ ပန်ကြားပါတယ်။ ကျနော်လည်း အိုးဝေဘလော့ဂ်မှာ ဆက်ရှိနေမှာဖြစ်သလို ဆက်လက် အားပေးသူလည်း ဖြစ်နေမှာပါ။
ကျနော်တို့ အိမ်အသစ်လေးဖြစ်တဲ့ May and Juneကိုလည်း အလည်လာဖို့ သူငယ်ချင်းများ အားလုံးကို ဖိတ်ခေါ်ပါတယ်။
ကိုဇနိ
Thursday, January 8, 2009
အချော့မတော်

အားလုံးပဲ အဖွဲ့တော်သားတွေရော စာဖတ်သူတွေပါတောင်းပန်ပါတယ်။ ချစ်သူက အရမ်းစိတ်ဆိုးတယ် ခုချက်ချင်း ကဗျာတစ်ပုဒ်တင်ဆိုလို့ ကြိုးစားပြီး အမြန်ရေးလိုက်ရတာပါ။ အချော့ကလည်း မတော်တော့ အချော့မတော်လို့ နာမည်ပေးထားပါတယ်။
ချစ်သူလည်း စိတ်ပြေသွားပါတယ်။ နောက်ဆုံးတစ်ကြောင်းက တကယ်မပါဘူးနော်။ ရီစရာထည့်ထားတာပါ။ (ဖိုးသောက်)
အချော့မတော်
ချစ်ချစ်သောက်သောက် စိတ်တွေကောက်
အဝေးနေမောင်က သဘောမပေါက်
သဘောပေါက်ပြီးနောက် ချော့ဖို့ရောက်
အချိန်မမီတဲ့ ချော့ခြင်းနောက်
ချစ်နုတ်သီးလေး ကောက်..ကောက်… ကောက်..။
အွန်လိုင်းကပြော မောင့်သဘော
အလိုက်မသိမိတာ ခွင့်လွှတ်နော
ချစ်သူစိတ်သဘော ပြေဖို့စော
ချော့လိုက်ရတာ အမောတကော
မောင့်ရင်ခွင်မှာ မော..မော..မော..။
ယနေ့ယခု ကတိပြု
အတူနေတဲ့အခါ အလိုက်သိမှု
မောင်ကပြုစု ချစ်စိတ်မခု
သက်ဆုံးနေဖို့ အဓိဋ္ဌာန်ပြု။
(မောင့်ချော့သံက ညု..တု..တု..။)
Asahiyama Zoo in Hokkaido
မဇနိ ပြန်ရောက်လာလို့ သူသွားတဲ့ တိရိစ္ဆာန်ဥယျာဉ်ထဲမှာ ပင်ဂွင်းတွေ လမ်းလျှောက်တာကို ရိုက်လာတာ ယူကျူ့မှာတင်လိုက်ပါတယ်။
Tuesday, January 6, 2009
စဉ်းစားမိသမျှ..
ကျနော့်မာတာမိခင်ဆီကို ဖုံးဆက်တော့ မာတာမိခင်က ဒီဇင်ဘာ ၂၅ ရက်နေ့က ကျနော်တို့ကျောင်းရဲ့ ဆရာကန်တော့ပွဲ လုပ်ကြောင်း ပြောပြပါတယ်။ “သားရဲ့ အန်တီသောင်းက အခု ဇန်နဝါရီ ၆ ရက်ဆို ပင်စင်ယူပြီ”လို့ အမေကပြောပါတယ်။ ကျနော်မှာဖြင့် အန်တီသောင်းတို့ကို အသက်ကြီးလှသေးတယ် မထင်မိပါဘူး။ အမေနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများကလည်း အမေနဲ့ ရွယ်တူတွေ များတာမိုလို့၊ ကျနော်နဲ့ အလွန်ပင် ခင်မင်လှတဲ့ ဆရာ၊ ဆရာမများလည်း ပင်စင်စားနေရပါပြီ။
အသက်ပြည့်ပင်စင်နဲ့ ပတ်သတ်ပြီးတော့ စဉ်းစားမိတာလေး ကျနော် ပြောချင်ပါသေးတယ်။ ကျနော့်အဖေနဲ့ အမေက အခြေခံပညာ ကျောင်းဆရာ၊ ဆရာမတွေဆိုတော့ ကျနော်နေရတဲ့ ဝန်းကျင်က ဆရာ၊ ဆရာမ ဝန်းကျင်ပါ။ ဆရာ၊ ဆရာမ မိသားစုများသည် များသောအားဖြင့်ကတော့ သာမန် စားနိုင်သောက်နိုင်တာရယ်၊ ဆင်းရဲတာရယ် များပါတယ်။ ချမ်းသာသော ဆရာ၊ ဆရာမ မိသားစုဆိုတာ မရှိသလောက် ရှားပါတယ်။ ဆရာ၊ ဆရာမတွေ မူရင်းလစာနဲ့ စားလို့ သောက်လို့ရသလား ဆိုတာတော့ အသေအချာမသိပေမယ့် ပင်စင်လစာဆိုတာက စားလောက် သောက်လောက်တဲ့ ပမာဏမဟုတ်ပါဘူး။ အဖေနဲ့ အမေက ပင်စင်စားတွေမို့ ကျနော်ကိုယ်တိုင် သိတာပါ။ တသက်လုံး လုပ်ကိုင်လာတဲ့ ပရော်ဖက်ရှင်နယ် အလုပ်တခုက ပင်စင်ယူပြီးသော ကျောင်းဆရာတစ်ယောက်ရဲ့ဘဝကို အသင့်အတင့်နေနိုင်အောင်တောင် အာမခံချက်မပေးနိုင်ပါဘူး။ ပင်စင်ယူပြီးတော့ ထီလှည့်ရောင်းနေတဲ့ ဆရာအိုတွေလည်း မြင်ဖူး၊ တွေ့ဖူးနေတာပါပဲ။ ကျနော်စဉ်းစားမိတာလေး ပြောချင်ပါတယ်။ အသက် ၆၀ ပြည့်သော်လည်း ဆရာလုပ်ချင်စိတ်ရှိသေးသော၊ လုပ်နိုင်ကိုင်နိုင်ကျန်းမာရေး ရှိသော ဆရာများကို ကျောင်းတွေမှာ ပြန်ပြီး အလုပ်ခန့်သင့်ပါတယ်။ အသက် ၆၀ ကျော်တဲ့အတွက် လစာက ပင်စင်လစာအပြင်၊ ၆၀ ကျော်နေသော်လည်း စာဆက်သင်သည့်အတွက် ပုံမှန်လစာရော ၂-ခုပေါင်းလခ ရသင့်ပါတယ်။ အသက် ၆၀ ပြည့်သွားပေမယ့် အရည်အချင်းရှိသော၊ လုပ်နိုင်ကိုင်နိုင်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိသော ကျောင်းဆရာ၊ ဆရာမများကို ကျနော့်ဝန်းကျင်မှာ တွေ့နေရလို့ အဲသလို ပြောတာပါ။
ဆရာအလုပ်က စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာပြည့်စုံတယ်ဆိုတာမျိုးကို ကြားဖူးပါတယ်။ အလုပ်တခုလုပ်ကိုင်တဲ့ နေရာမှာ အဲဒီအလုပ်ကို ဝါသနာပါရင် အကောင်းဆုံးပါပဲ။ အဲဒီအလုပ်ကို စေတနာထားလုပ်တော့ အလုပ်က ကောင်းကောင်းမွန်မွန် ပြီးစီးမယ်ပေါ့။ ဟိုအရင် စစ်တွေဖြစ်နေတဲ့ကာလမှာ ကိုယ့်လူမျိုးတွေ ပညာမျက်စိဖွင့်ဖို့အတွက် အနစ်နာခံပြီး ဆရာအလုပ်လုပ်တာကို လက်ခံပါတယ်။ အခုခေတ်ကာလမှာ ကျောင်းဆရာအလုပ်လုပ်တာ ဘာကိုများ အနစ်နာခံရမှာလဲ။ သူလုပ်အားနဲ့ ထိုက်တန်တဲ့ လခတော့ ပေးရတော့မပေါ့။ ဆရာဆိုတာ ဓားသွေးကျောက်လိုပဲလို့ ဆိုတာလည်း ကြားဖူးပါတယ်။ တပည့်တပန်းတွေ အောင်မြင်ဖို့ရာအတွက် ဆရာက အတုံးခံတာမျိုး။ မဟုတ်လိုက်တာလေ။ ဆရာက ဘာကိစ္စ တုံးသွားရမှာလဲ၊ အတုံးခံရမှာလဲ။ ဘာကိစ္စ အနစ်နာခံရမှာလဲ၊ နစ်နာရမှာလဲ။ ကျောင်းသားတိုးတက်ဖို့အတွက် အသစ်အသစ်သော အသိပညာ၊ အတတ်ပညာတွေ၊ ဗဟုသုတတွေ ဖြန့်ဝေပေးဖို့ ဆရာတစ်ယောက်မှာလည်း အသစ်အသစ်သောအရာများကို လေ့လာဖို့ လုံလောက်တဲ့ အထောက်အပံ့ရှိနေရမှာပါ။ ခေတ်နဲ့အမှီသိဖို့ဆိုရင် ဆရာလုပ်သူတွေကို ခေတ်နဲ့အမှီဖြစ်စေတဲ့ အထောက်အပံ့တွေ ပေးနေရမှာပါ။ ဒါမှသာ ကျောင်းဆရာတွေသည်လည်း ခေတ်နဲ့အမှီလေ့လာနိုင်ပြီး တပည့်တပန်းများကို ခေတ်မှီတဲ့ပညာတွေ ဝေမျှပေးနိုင်မှာပေါ့။
ကျနော့်အဖေနဲ့ ဖုန်းပြောတော့ အဖေက “မနက်ဖြန် (၅၊ ဇန်နဝါရ၊ီ ၂၀၀၉)မှာ ရွာက အ.ထ.က ကျောင်း မိဘဆရာအသင်း အစည်းအဝေး၊ ဆုပေးပွဲမျိုးလုပ်မှာကို ဖိတ်ထားလို့ သွားရမယ်”တဲ့။ “သားရေ ရွာကျောင်းမှာ ပညာသင်ဆုပေးဖို့ ငွေပဒေသာပင် စိုက်ထားတာ သိန်း-၆၀ လောက်တော့ ရှိနေပြီ”။ “ ပဒေသာပင်ငွေကို အစိုးရဘဏ်မှာလည်း တချို့တဝက် အပ်ထားသလို၊ အပြင်ကလူတွေကိုလည်း အပြင်အတိုးနဲ့ ငွေချေးထားပါတယ်”တဲ့။ အစိုးရဘဏ်က အတိုးနှုန်းနည်းတော့ အပြင်မှာလည်း ချေးတဲ့သဘောနေမှာပေါ့။ အတိုးငွေတွေထဲကရတာတွေနဲ့ ထူးချွန်တဲ့ ကျောင်းသားတွေကို ဆုတွေပေးမယ်ပေါ့။ ဟုတ်ပါပြီ ဟုတ်ပါပြီ…. ထူးချွန်တဲ့ကျောင်းသားတွေ ဘယ်လောက်များများ ဆုငွေတွေရမှာပါလိမ့်။ အဲဒီဆုငွေတွေက သူတို့ တက္ကသိုလ်တက်ဖို့ရော အထောက်အပံ့ ဘယ်လောက်ဖြစ်မှာတုန်း။ အဲ ဆုရတဲ့ငွေတွေနဲ့ မလုံလောက်သေးရင် ပြည်တွင်းမှာ ဘယ်ပညာသင်ဆုတွေ လျှောက်လို့ရတုန်း။ အဲသလို မဟုတ်ရင်ရော ဘယ်အဖွဲ့အစည်းမှာ ကျောင်းတက်ဖို့ ငွေချေးလို့ရသလဲ။ ငွေချေးပြီးလို့ ကျောင်းတွေ တက်ပြီးလို့ ဘွဲ့တွေရတဲ့အခါမှာ ဘယ်လိုအလုပ်တွေ လုပ်ရမှာလဲ။ အဲဒီတော့ရော ချေးငှားထားတဲ့ ငွေတွေကရော ပြန်ဆပ်နိုင်တဲ့ ငွေပမာဏ ရမှာလား။ ကျနော် စဉ်စားကြည့်တော့ အင့် အင် ဘူး တွေပဲ ထွက်လာတယ်။
ကျနော်ပြောနေတာတွေက တကယ်တော့ လူအများ သိပြီးသားတွေပါလေ။ မနေနိုင်လွန်း လျှာယားလွန်းလို့ ပြောမိတာပါ။ နောက်ဆုံးတော့လည်း လူတိုင်းလူတိုင်း ကိုယ်တတ်နိုင်သလောက် ကိုယ့်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး တိုးတက်ရာ တိုးတက်ကြောင်း နည်းလမ်းတခုခုနဲ့ မမေ့မလျော့ ကူညီနေနိုင်ပါစေ။ မိမိကိုယ်တိုင်ကိုလည်း သတိပေးပါတယ်။
Sunday, January 4, 2009
Mahatma Gandhi Quotes
ဒီနေ့ ဇန်နဝါရီလ(၄)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့မှာ အမှတ်တရလေးတခုခု ရေးချင်စိတ်ပေါ်လာပါတယ်။ ဒီတော့ မဟတ္တမ ဂန္ဒီရဲ့ အဆိုအမိန့်တချို့ကို ရှာဖွေဖတ်ပြီး ဘာသာပြန်ပါဦးမယ်။
Freedom is not worth having if it does not include the freedom to make mistakes.
မှားယွင်းမှုတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးမထားသေးရင် အဲဒါက လွတ်လပ်တယ် မမည်သေးပါဘူး။
(လူဆိုတာက မှားတတ်တဲ့ အမျိုးပဲ မဟုတ်လား။ သူ့ရဲ့အတွေးအခေါ် အလုပ်အကိုင်တွေက လူအများနဲ့ ဆန့်ကျင်နေပါစေ၊ လူအများကို မထိခိုက်တဲ့ အပြုအမှုမျိုးဆိုရင် သူ့ရဲ့ လွတ်လပ်စွာ မှားပိုင်ခွင့်ကို မထိန်းချုပ်သင့်ပါဘူး။)
Live as if your were to die tomorrow. Learn as if you were to live forever.
သင် မနက်ဖြန်ပဲ သေတော့မလိုလို နေထိုင်ပါ။ ထာဝရပဲ အသက်ရှင်တော့မလိုလို သင်ယူပါ။
Honest disagreement is often a good sign of progress.
ရိုးရိုးသားသား သဘောထားကွဲလွဲခြင်းဟာ များသောအားဖြင့်တော့ တိုးတက်မှုအတွက် ကောင်းသော လက္ခဏာပါ။
Happiness is when what you think, what you say, and what you do are in harmony.
ပျော်ရွှင်မှုဆိုသည်မှာ သင်တွေးတာတွေ၊ သင်ပြောတာတာတွေ၊ သင်လုပ်ကိုင်တာတွေ သဟဇာတဖြစ်နေခြင်းပါ။
Always aim at complete harmony of thought and word and deed. Always aim at purifying your thoughts and everything will be well.
အတွေးအခေါ်၊ အပြောအဆို၊ အလုပ်အကိုင်များကို အလုံးစုံ သဟာဇာတဖြစ်အောင် အမြဲတမ်းအားထုတ်ပါ။ အတွေးတွေကို စင်ကြယ်အောင် အမြဲကြိုးစားပါ။ အရာရာဟာ ကောင်းမွန်လာပါလိမ့်မယ်။
The weak can never forgive. Forgiveness is the attribute of the strong.
စိတ်ဓာတ်ခပ်ပျော့ပျော့ ကောင်တွေက ဘယ်တော့မှ ခွင့်မလွှတ်တတ်။ ခွင့်လွှင့်ခြင်းဆိုသည်မှာ စိတ်ဓာတ်ခိုင်မာသူတွေရဲ့ ပင်ကိုယ်အရည်အချင်းပါ။
Whatever you do will be insignificant, but it is very important that you do it.
သင်လုပ်ကိုင်သမျှဟာ မထင်မရှား ဖြစ်ရင် ဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီအရာကို သင်လုပ်တယ်ဆိုတာက အလွန် အရေးကြီးပါတယ်။
Saturday, January 3, 2009
မုန့်ဟင်းခါးနဲ့ ဆလပ်ရွက်သုပ်
တနေ့က အုအဲနိုမှာ စပါးလင်၊ နံနံပင်ဝယ်လာဖြစ်တယ်။ ဒါနဲ့ ဒီနေ့ မုန့်ဟင်းခါးချက်စားတယ်ပေါ့။ စုံစုံလင်လင်ထည့်ပြီး စိတ်ရှည်ရှည်ချက်လို့ ဒီတခါ မုန့်ဟင်းခါး တော်တော်စားကောင်းတယ်။ စပါးလင်ပါတော့ ပိုမွှေးတာလည်း ဖြစ်မယ်။ ပဲကြော်မရှိတော့ ကြက်သားကို ဂျုံမှုန့်နဲ့ကြော်ထားတာ ထည့်စားတယ်။ ဆလပ်ရွက်တွေရှိလို့ ခရမ်းချဉ်သီး၊ မြေပဲဆံ၊ ပဲမှုန့်လေးနဲ့ သုပ်လိုက်သေးတယ်။ အသုပ်လေးစားလိုက် မုန့်ဟင်းခါးလေးသောက်လိုက်ပေါ့။
မဇနိ
Friday, January 2, 2009
အပြုံးပန်းတွေ ဝေကြမယ်..

ဒီနေ့ အင်တာနက်မှာ သတင်းတခု ဖတ်လိုက်ရတယ်။ ဆိုင်ကယ်စီး ထိုင်းရဲတွေရဲ့ လေထုညစ်ကာကွယ်တဲ့ မျက်နှာဖုံးလေးပေါ်မှာ အနီရောင် ဆေးဆိုးထားတဲ့ အပြုံးဟာ ထိုင်းတွေရဲ့ နာမည်ကျော်အပြုံး နောက်ဆုံးဗားရှင်းဆိုပါလား။ သတင်းကို ဒီနားမှာ ဖတ်နိုင်ပါတယ်။ ဒီလို မျက်နှာဖုံးတွေတပ်ထားတဲ့ ရဲတွေကို လူတွေက ပြန်ပြုံးပြမယ်ဆိုရင် မျက်နှာဖုံးကို နောက်ထပ် ခပ်ကြာကြာဝတ်ဆင်ရမဲ့သဘော။
ဟိုက်ဝေးလမ်းထိုင်းရဲတွေမှာ အမြဲတမ်းဖော်ဖော်ရွေရွေနဲ့ အမြဲတမ်းပြုံးနေရမယ်ဆိုတဲ့ ပေါ်လစီရှိတယ်တဲ့၊ အခုတော့ သူတွေတွေ ပင်ပန်းနွှမ်းလျနေလို့ ပြုံးနေဖို့ သိပ်ခက်တယ်ဆိုပဲ။ ဆန္ဒပြတာတွေရော၊ လေဆိပ်ကို အချိန်ကြာသိမ်းထားတာတွေရောနဲ့ ထိုင်းနိုင်ငံက ခက်ခဲတဲ့ အချိန်ကာလကို ဖြတ်သန်းလိုက်ရတယ်။ ရင်ထဲကနေ အပြုံးစစ်တွေ မလာနိုင်တော့လို့ ဒီလိုအပြုံးမျက်နှာဖုံးတွေ တပ်ရတာပါတဲ့။ ပုံမှန်ကတော့ လူတွေက ပြုံးရွှင်နေတာပါပဲ အပြုံးမျက်နှာဖုံးကို တပ်စရာ မလိုပါဘူး။ အခုနှစ်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ဒေါသတွေထွက်ပြီး ဒေါသထွက်နေတာကို အခြားလူတွေ သိစေချင်နေရတာနဲ့ အပြုံးတွေ ကွယ်ပျောက်ရတာပါတဲ့။
အပေါ်က စာတွေကတော့ ဖတ်မိတဲ့သတင်းကို အဆင်သင့်သလို ဘာသာ ပြန်ချင်တဲ့နေရာ ပြန်ထားတာပါ။ ထိုင်းရဲတွေက ရင်ထဲကအပြုံးစစ်တွေ ထွက်မလာနိုင်သေးတဲ့ အချိန်မှာ မျက်နှာဖုံး အပြုံးတုတွေနဲ့ လူတွေစိတ်ကို ပေါ့ပါးစေချင်တာတဲ့။
ကျနော် သတိထားမိတဲ့ အပြုံးတချို့ကို ပြောပြချင်သေးတယ်။ လေယာဉ်မယ်တွေရဲ့ အပြုံးပေါ့။ ခရီးသွားတွေနဲ့ မျက်နှာချင်းဆိုင်မိတာနဲ့ သူ့မျက်နှာမှာ ပါးစပ်ကို ဖြဲပြီး သွားစေ့ထားတဲ့ ခပ်ခြောက်ခြောက် အပြုံးပန်းတပွင့် ချက်ချင်းပေါ်လာတယ်။ မှတ်မိနေတဲ့ အဲသလို အပြုံးနောက်တခုက ဇာတ်မင်းသမီး၊ မင်းသားတွေရဲ့ အပြုံးပဲ။ ပရိတ်သတ်က ခပ်လှမ်းလှမ်းကနေ သူတို့ကို ကြည့်ရင် ပြုံးနေတယ်လို့ ထင်စေချင်တာနဲ့ ပါးစပ်ကြီးကိုဟ သွားတွေ ဖြီးထားတဲ့ အပြုံးပါ။ သူတို့တွေမှာ ရင်ထဲက မပါတောင်မှ သူတို့ ဝန်ဆောင်မှုပေးနေတဲ့ သူတွေကို ကြည်နူးစေချင်လို့ အပြုံးတုတွေ ဝေပေးနေရတာကိုး။
လူဆိုတဲ့ သဘောက ကိုယ့်ကို အခြားတစ်ယောက်က ကြည်ကြည်နူးနူးနဲ့ ပြုံးပြလိုက်ရင်၊ စိတ်ထဲမှာ ပင်ပန်းနေတဲ့ အချိန်မှာတောင် အော်တို အပြုံးပြန်ဝေတတ်တဲ့ အမျိုးပါ။ ကိုယ်တိုင်က ရွှင်ပြနေရင်တော့ သိပ်ကိုရွှင်လန်းတဲ့ အပြုံးကို ပြန်ပေးမိမှာ အသေအချာပေါ့။ ဒီတော့ ကျနော်တို့တွေ သူများဆီက စပြီး ပြုံးပြတဲ့ အပြုံးကို စောင့်မနေဘဲ ကိုယ်ကဘဲ စပြီး ပြုံးပြကြရအောင်လား။ ကဲ.. ကျနော်တို့တွေ ရင်ထဲက အပြုံးစစ်ကို ထုတ်မရရင်တောင်မှ သွားဖြဲပြုံးလေးတွေနဲ့ သူများကို ကြည်းနူးအောင် ပြုံးလိုက်ကြရအောင်ဗျာ။

Thursday, January 1, 2009
ချစ်ချစ်အတွက်စလင်းဘက်
အခုရက်ပိုင်း နေ့တိုင်းနီးပါး ဈေးဝယ်သွားတယ်။ ညရောက်ရင် ပင်ပမ်းလို့ အိပ်လို့နေပေါ့။ ခြေထောက်တွေလည်း ညောင်းလှပြီ။ မောတော့မောတယ်။ ဒါပေမယ့် မမောဘူး။ သိတယ်ဟုတ် ချစ်ချစ်အတွက် စလင်းဘက်သွားဝယ်နေလို့လေ။
ရာသီဥတုက အေးတော့ ဟီတာဖွင့်ရော။ ဟီတာသုံးတာများလို့ အခန်းထဲမှာ ပူခြောက်ကြီးဖြစ်နေပြန်တယ်။ လူက နေလို့ မကောင်းဘူး။ နှာခေါင်းတွေ စပ်လာတာနဲ့ အသက်ရှုမွန်းသလို ဖြစ်တာနဲ့။ အကြောင်းရင်းက အခန်းမှာ ရေငွေ့တွေခြောက်ခန်းကုန်တာ။ ဒါနဲ့ ကိုဇနိအကြံပေးတာက ရေဇလုံတခုတည်ထားဖို့။ ရေဖြန်းပေးဖို့။ ဒါလည်း သိပ်အဆင်မပြေလှဘူး။ နှုတ်ခမ်းတွေခြောက်၊ အသားတွေခြောက်တယ်လို့ အမတစ်ယောက်ကို ပြောပြမိမှ Humidifier သုံးကြည့်ပါလားတဲ့။ မမြင်ဖူးလို့ အင်တာနက်မှာရှာကြည့်တော့ ပုံလေးတွေတွေ့ရော။ ကဲဝယ်အုံးမှနဲ့ လျှောက်ရှာလိုက်တာ တွေ့ပါတယ်။ အရုပ်မျိုးစုံလေးတွေနဲ့ ချစ်စရာတောင်ကောင်းနေသေး။ တကယ်က ဆိုင်တွေမှာ တွေ့နေတာပါ။ အဲဒီပစ္စည်းမှန်း မသိဘူး။ ယန်း ၁၀၀၀ လည်း ဈေးလျှော့ထားတာနဲ့ အရွယ်ကြီးတာ ၀ယ်လာခဲ့တယ်။ ရေအပြည့်ဖြည့်ထားရင် (၁၀) နာရီလောက်ခံမယ်ထင်ပါတယ်။ အခုတော့ အခန်းမှာ နေရတာ အဆင်ပြေသွားပြီ။ အရုပ်လေးကလည်း ချစ်စရာလေး။ ဒါလေးဝယ်လိုက်တော့ ကိုဇနိလည်း နားပူသက်သာရော့မယ်။ မဟုတ်ရင် တချိန်လုံး ညည်းညူနေတာနဲ့။
ကိုဇနိအတွက်လည်း နှစ်သစ်လက်ဆောင်ပို့ပေးရအုံးမယ်။ သူ့ကို နာရီဆင်ပေးချင်တာ ကြာပေါ့။ နာရီကောင်တာနားသွားလိုက်ရင် သောင်းသုံးဆယ်ဝန်းကျင်တွေဆိုတော့ ကြောက်လို့မသွားရဲဘူး။ မသွားဖြစ်တာလည်း ကြာပေါ့။ အခုတော့ သူ့ကိုပေးချင်တာ သတိရတာနဲ့ မျက်စိမှိတ် ဝယ်လာခဲ့တယ်။ Seiko နာရီလေး။ တိုက်တေနီယမ်နဲ့လုပ်ထားတာ ခဲရောင်လေး။ သူကြိုက်မကြိုက်တော့မသိဘူး။ ကျွန်မတော့ ကြိုက်တယ်။ ဆိုင်ကကောင်လေး ပတ်ပြလိုက်တာလည်း လှပါ့။ ယောက်ျားလေးလက်ပတ်နာရီ မိန်းကလေးဝယ်လို့ သူတို့က မေးတောင်မမေးဘူး။ ပါကင်လှလှလေး လုပ်ပေးလိုက်တယ်။ ကိုယ့်အတွက်တော့ အတော်ပဲဖြစ်သွားရော။ နာရီက ဘာဒစ်စကောင့်မှ မရှိဘူး။ လက်ဆောင် စာအုပ်အသေးလေးတခုတော့ ပေးလိုက်တယ်။
သူ့အတွက်နောက်လက်ဆောင်က ကင်မရာ။ ဒါလည်း သူလိုချင်နေတာ သိနေတယ်။ ပိုက်ပိုက်နှမြောလို့ လိုချင်တယ်မပြောဘူး။ ဈေးလည်းမဆိုးပါဘူးဆိုပြီး ဝယ်လာလိုက်တာ။ Sony ကို ဝယ်မလို့လုပ်တော့ အင်္ဂလိပ်ဗားရှင်းက မရှိဘူးတဲ့။ ဒါနဲ့ Canon ကိုပဲ ယူလာလိုက်တယ်။ သူကတော့ လက်ဆော့စရာတခုရလို့ ပျော်နေမယ်ထင်ပါတယ်။ ဒါတွေက နှစ်သစ်အမှီတော့ မရောက်တော့ဘူး။ လလည်လောက်မှ ရောက်အောင်ပို့နိုင်တော့မယ်။ နှစ်သစ်အမှီပို့တဲ့ စားစရာပါဆယ်ကလည်း အမှီမရောက်သွားဘူး။ အခုထိလည်း မရသေးဘူးတဲ့။ အုအဲနိုကို ဈေးဝယ်သွားတဲ့နေ့ကလည်း တိုးလိုက်ရတဲ့လူတွေ။ လက်ကိုင်အိတ်တွေ ဒစ်စကောင့်ချတော့ လူတွေမှ တိုးလို့မပေါက်ဘူး။ ဒစ်စကောင့်ကလည်း ယန်း ၂၈၀၀၀ တန်တွေကို ရောင်းနေတာကိုး။ မိန်းမလက်ကိုင်အိတ်တွေကို ဝယ်ဖို့တိုးနေတာ ဂျပန်အဖိုးကြီးတွေ။ မိန်းမတွေ မတိုးနိုင်ဘူး။ အဲဒီကနေ တရုတ်ဆိုင်တွေဆီရောက်ဖို့ ခြေတလှမ်းချင်းရွေ့နေရတာနဲ့ ဘယ်မှကို မသွားနိုင်ဘူး။ ပဲမှုန့်အစိမ်း၊ စပါးလင်၊ နံနံပင်၊ ပုဇွန်ခြောက်နဲ့ လိုတာလေးတွေဝယ်ပြန်လာတော့ လူက အတော်ပင်ပမ်းနေပေါ့။ မုန့်ဟင်းခါးချက်မလို့ ချက်တဲ့ဆီကို မရောက်နိုင်သေးဘူး။
မဇနိ
နှစ်သစ်ကူးခဲ့ပြန်ပြီ….
နှစ်တစ်နှစ်ကို ပျော်ရွှင်မှု့တွေနဲ့ အစပြုသူတွေရှိသလို….. အကြောင်းအမျိုးမျိုးကြောင့်
အခြားအခြားသောခံစားချက်တွေနဲ့ အစပြုရသူတွေလည်းရှိနေမှာပါ။
ငြိမ်းချမ်းစွာဘဝကို ဖြတ်သန်းသွားချင်ကြတာကတော့ အားလုံးရဲ့  တူညီသောဆန္ဒဖြစ်ပါလိမ့်မယ်။
ဘဝဟာတိုတိုလေးပါလားလို့ အသက်တစ်ရာပြည့်သွားပြီဖြစ်တဲ့ ကျွန်မရဲ့  အဘွားက ဆိုနေတတ်ပါတယ်။
ဒီလိုခံစားချက်တွေနဲ့သာ ဘဝရှည်ရှည်ကို ဆက်လျှောက်ရမယ်ဆိုရင်တော့ ဘယ်လိုအင်အားနဲ့ရှေ့ ဆက်ရပါ့  လို့
အသက်ငယ်ငယ်နဲ့ တာဝန်အကြီးကြီးယူထားရတဲ့ ညီမလေးတစ်ဦးက ငြီးငြူခဲ့တယ်…..
ဘဝရဲ့ အလယ်ခရီးကို ရောက်နေပြီဖြစ်တဲ့ကျွန်မကတော့ လျှောက်ခဲ့ရတဲ့လမ်းတွေကို မေ့သွားပြီဖြစ်သလို
ရှေ့ ဆက်လျှောက်ရမဲ့ဘဝခရီးကိုရော ဘယ်ပုံစံနဲ့ သွားဖြစ်မလဲဆိုတာ ခန့်မှန်းလို့ မတတ်ပြန်ဘူး
ခုတစ်လောမှာတော့ ငြိမ်းချမ်းလွတ်လပ်တဲ့ ဘလော့ဂ်အသိုင်းအဝိုင်းလေးမှာ ပျော်ရွှင်နေပါတယ်…။
အားလုံးသော ဘလော့ဂ်ဂါမောင်နှစ်မများ နှစ်သစ်မှာ စိတ်ကူးသစ်တွေနဲ့ ပျော်ရွှင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
နှစ်တစ်နှစ်ကို ပျော်ရွှင်မှု့တွေနဲ့ အစပြုသူတွေရှိသလို….. အကြောင်းအမျိုးမျိုးကြောင့်
အခြားအခြားသောခံစားချက်တွေနဲ့ အစပြုရသူတွေလည်းရှိနေမှာပါ။
ငြိမ်းချမ်းစွာဘဝကို ဖြတ်သန်းသွားချင်ကြတာကတော့ အားလုံးရဲ့  တူညီသောဆန္ဒဖြစ်ပါလိမ့်မယ်။
ဘဝဟာတိုတိုလေးပါလားလို့ အသက်တစ်ရာပြည့်သွားပြီဖြစ်တဲ့ ကျွန်မရဲ့  အဘွားက ဆိုနေတတ်ပါတယ်။
ဒီလိုခံစားချက်တွေနဲ့သာ ဘဝရှည်ရှည်ကို ဆက်လျှောက်ရမယ်ဆိုရင်တော့ ဘယ်လိုအင်အားနဲ့ရှေ့ ဆက်ရပါ့  လို့
အသက်ငယ်ငယ်နဲ့ တာဝန်အကြီးကြီးယူထားရတဲ့ ညီမလေးတစ်ဦးက ငြီးငြူခဲ့တယ်…..
ဘဝရဲ့ အလယ်ခရီးကို ရောက်နေပြီဖြစ်တဲ့ကျွန်မကတော့ လျှောက်ခဲ့ရတဲ့လမ်းတွေကို မေ့သွားပြီဖြစ်သလို
ရှေ့ ဆက်လျှောက်ရမဲ့ဘဝခရီးကိုရော ဘယ်ပုံစံနဲ့ သွားဖြစ်မလဲဆိုတာ ခန့်မှန်းလို့ မတတ်ပြန်ဘူး
ခုတစ်လောမှာတော့ ငြိမ်းချမ်းလွတ်လပ်တဲ့ ဘလော့ဂ်အသိုင်းအဝိုင်းလေးမှာ ပျော်ရွှင်နေပါတယ်…။
အားလုံးသော ဘလော့ဂ်ဂါမောင်နှစ်မများ နှစ်သစ်မှာ စိတ်ကူးသစ်တွေနဲ့ ပျော်ရွှင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။