Sunday, August 31, 2008

အရက်သောက်ခြင်းနှင့် ကျနော်



ကျနော် သေရည်သေရက်တွေနဲ့ ဘယ်အချိန်ကစပြီး ပတ်သတ်ခဲ့တာလဲဆိုတာကို မှတ်မိသလောက်စပြောပါဦးမယ်။ စပြီးရင်းနှီးချိန်ဟာ သိပ်လည်းမစောသလို အရမ်းလည်း နောက်မကျပါဘူး။ ၁၀ တန်းက စတာပါ။ ကျနော့်မှာ ကလေးကတည်းက အတူတူနေပြီး ရန်တခါမှ မဖြစ်ဘဲ ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၀-တန်းမှာ သူရဲ့ ဦးလေးအိမ်မှာ စာသွားကျက်တာက စတာပါ။ ကျနော်တို့မြို့က အရင်ကတည်းက လျှပ်စစ်မီးပြတ်တာကိုး။ မီးက ရက်ခြားမှလာတော့ ရက်မခြားနေ့တိုင်းလာအောင် လုပ်ထားတဲ့ သူငယ်ချင်းရဲ့ ဦးလေးအိမ်ကို သွားရတာပေါ့။ သူ့ဦးလေးက ကားဂိုထောင်ထဲမှာ စာကြည့်ကြဆိုပြီး နေရာပေးပါတယ်။ သူငယ်ချင်းနှစ်ယောက် စာကြည့်လိုက်၊ စကားပြောလိုက်၊ ပျင်းရင် ဂိုထောင်ထဲက ပစ္စည်းတွေ ဟိုရှာကြည့်လိုက်၊ ဒီနှိုက်လိုက်လုပ်ကြတာပေါ့။ အဲဒီမှာ သူ့ဦးလေး ခွက်ပုန်းချတဲ့ ရမ်ပုလင်းကြီးတွေ့တော့တာပဲ။ တွေ့တော့ နှစ်ယောက်သား ခွက်ပုန်းသူခိုးလုပ်ကြတာပေါ့။ ရမ်ပုလင်းအဖုံးခွံလေးနဲ့ တစ်ယောက်တမော့။ နည်းနည်းလျော့သွားတော့မှ သောက်ရေတွေကို ရောတောရှိလုပ်ရတာပေါ့။ ဘယ်သူကမှ အသောက်သင်မပေးသလို၊ သောက်ကြည့်စမ်း အရမ်းကောင်းတာပဲလို့လည်း ဘယ်သူကမှ မတိုက်တွန်းခဲ့ပါဘူး။ ပါရမီဓာတ်ခံရှိတော့ သူ့အလိုလို တတ်သွားတာပါ။ ဆယ်တန်းပြီး အားနေတဲ့အချိန်တွေမှာ မြို့အရှေ့ထိပ်အနောက်ထိပ်က ထန်းတောတွေထဲလည်း ကျနော်တို့သူငယ်ချင်းတစ်သိုက် ရောက်တော့တာပါပဲ။ ပဲကြီးလှော်နဲ့ အမြည်းလုပ်ရင်း ထန်းရည်သောက်လိုက်နဲ့ အသောက်ပညာကို ရင့်သန်စေခဲ့တာပါ။


ဒီလိုနဲ့ မန္တလေးနည်းပညာတက္ကသိုလ်ရောက်တော့ ကျနော်မိတ်ရင်းကြီးတွေဖြစ်တဲ့ ကိုဖြူရယ်၊ ကိုလုံးတို့ရယ် တခြားဘော်ဒါတွေနဲ့ တွေ့တော့တာပါပဲ။ ကျနော်တို့က များသောအားဖြင့်က ဆိုင်မှာလည်း မသောက်ပါဘူး။ အဆောင်မှာပဲ ဝယ်သောက်တာပါ။ မောင်ဖြူက ငယ်စဉ်က အသောက်ပညာမရှာခဲ့လေတော့ ကျနော်တို့ဆီကို တပည့်ခံရတာပါ။ သောက်ရင်းနဲ့ မူးလာတော့ သူက "ငါတော့ ပေါ့လာပြီကွ"ဆိုပြီး ပြုံးပြုံးကြီးနဲ့ ပြောတော့တာပါပဲ။ ဒါကြောင့် မောင်ဖြူကို အခုအချိန်ထိ "ဟေ့ ပေါ့လာပြီကွ" ဆိုပြီး စကြပါတယ်။ ကျနော် သူငယ်ချင်းရတာ ကံကောင်းပါတယ်။ အရက်မူးလာရင် ဆိုးသွမ်း၊ ကြမ်းတမ်းတဲ့ သူမပါပါဘူး။ အရက်သောက်ရင်း စကားတွေ လုပြောပြီး ဆူညံလည်းမနေပါဘူး။ အေးအေးဆေးဆေး ပြောဆိုပြီး သောက်ကြတာပါ။ ရန်လည်း မဖြစ်တတ်ပါဘူး။

တစ်ခါက နေ့လည်ခင်းကြီးမှာ သူငယ်ချင်းတစ်စုရယ်၊ ကျနော်ရယ် ကျနော်တို့ကျောင်းအဝင်ထိပ်က လက်ဘက်ရည်ဆိုင်မှာ ထန်းရည်သောက်ကြပါလေရော။ ကျနော် လက်ဘက်ရည်ဆိုင်ကနေ အပြင်ကို ကွမ်းယာဝယ်ထွက်တော့ ကျောင်းဂိတ်ပေါက်ကို စက်ဘီးနဲ့ ထွက်လာတဲ့ မဇနိကို ရိပ်ခနဲ တွေ့လိုက်ပါရော။ အင်း သူမနဲ့အတူ ထမင်းစားဦးမှဆိုပြီး အကြံပေါ်ကာ သူငယ်ချင်းတွေကို ပစ်ပြီး သူမနဲ့အတူ လိုက်သွားတော့တာပေါ့။ အဲ ကန်တင်းရောက်တော့ နှစ်ယောက်သား မျက်နှာချင်းဆိုင်လေး ထိုင်။ ထန်းရည်တွေမူးနေလို့ ချွေးတွေ ပြန်နေတာကို၊ မဟာနေမင်းက မညှာမတာ ပူလွန်းလို့ ချွေးတွေထွက်သလိုလိုနဲ့ ချွေးတွေကိုသုတ်ရတာပေါ့။ မဇနိနဲ့ နှစ်ယောက်သား စားစရာတွေမှာတယ်။ နေ့လည်စာ စားချိန်ဆိုတော့ ကျနော်တို့ထိုင်ခုံဘေးမှာ အခြားလူတွေလည်း ရှိနေတာပေါ့။ မဇနိက ဒီနားက အနံ့အသက်တမျိုးပဲတဲ့။ ဘယ်ရမလဲ လူလည်ကြီး ကျနော်ကလည်း ကိုယ့်ဆီလာမယ့် အရှုပ်ထုပ်ကို ဘေးကြိုပုတ်ရတာပေါ့။ "ဟိုစားပွဲကကောင်တွေ ထန်းရည်တွေ သောက်လာကြပုံရတယ်" လို့ ကာထားရတာပေါ့။ နှစ်ယောက်သား စားကြသောက်ကြရင်းမှာ ကျနော့်ရင်ထဲက ဂေ့လုပ်ချင်တဲ့ အလုံးကြီးကို ထိန်းထားရတာ မလွယ်လှပါဘူး။ စားသောက်ပြီးတော့ "ငါတော့ ကျောင်းလစ်ပြီး အဆောင်ပြန်အိပ်တော့မယ်"ဆိုပြီး ပြန်ပြေးရတာပါ။ နောက်ပိုင်းကျ မဇနိကို ပြန်ပြောပြတော့ "မင်းကလေ သိပ်ဆိုးတာပဲ" တဲ့။ ချစ်ခြင်းရဲ့ အနုပညာထဲမှာ ဆိုးတာလေးလည်း နည်းနည်းဖြည့်စွက်မှ ချစ်ခြင်း အရောင်တောက်ပြီး ပိုလှနေမှာ မဟုတ်လား။

အဲသလိုပဲ ကျနော် နောက်ထပ်ဆိုးတာတွေ ရှိပါသေးတယ်။ ကျနော်တို့ မေဂျာက အိတ်စကားရှင်း ထွက်ကြမယ်လုပ်တော့ မဇနိက ကျနော့်ကို အိတ်စကားရှင်းခရီးမှာ အရက်မသောက်ရဘူးတဲ့။ ခက်ကြပါရောလား။ ဒီတော့လည်း အင်းပါဆိုပြီး ပြောရတာပေါ့။ ခရီးသွားတုန်း မသောက်ရရင်လည်း သူမစကားကို နားထောင်တယ်လည်း ဖြစ်အောင်၊ လမ်းမှာ မသောက်ရတာကိုလည်း ရသေ့စိတ်ဖြေ နေနိုင်အောင် မသွားခင် ကြိုသောက်ဖို့ စဉ်းစားရတာပေါ့။ သူငယ်ချင်း ကိုဖြူနဲ့ နှစ်ယောက် နန်းရှေ့သွား အရက်ပုလင်းလေးဝယ်ပြန်လာပြီး သောက်ကြရတာပေါ့။ အဲဒီတုန်းက အရက်စပ်တာ ဖော်မြူလာမှားလို့ မသောက်နိုင်ဖြစ်တာ ကိုကြီးလုံး ဝင်ကူမှ ပုလင်းလေးခမျာ ကုန်ရရှာတယ်။

ကျောင်းမှာ ကျနော်က အရက်သမားဆိုပြီး နာမည်တလုံးရလောက်တဲ့ အဆင့်လည်း မရှိပါဘူး။ ကိုယ့်ထက် သဘာရင့်တဲ့သူတွေ အပုံအပင်ပါ။ ဒါပေမယ့် ကျောင်းသားဘဝ ပိုက်ဆံလည်း သိပ်အပိုအလျှံရှိတာ မဟုတ်လေတော့ ဈေးချိုတဲ့ အရက်တွေလည်း သောက်ဖူးပါတယ်။ ရှောက်ပေါင်းလို အရက်ကို ပြောတာပါ။ ငယ်စဉ်အခါ မသိစဉ်ကတော့ နှမ်းဖတ်ချဉ်လေးနဲ့ ငရုတ်သီးစိမ်းကိုက်ပြီး ချက်အရက်သောက်ရတာကို အဟုတ်ထင်ခဲ့မိတာမျိုးပါ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း ကိုဖတ်တော့ သူက အစားကောင်း စားချင်လို့ အရက်ကို ချောဆီလို သဘောထားပြီး သောက်တယ် ဆိုတော့ အတော် သဘောကျသွားတာပါ။

ကျောင်းမှာ တနေ့ပေါ့ ကိုကြီးလုံးနဲ့ အပျင်းပြေ ထန်းတောထဲ သွားပြီး ထန်းရည်သောက်ကြတာပါ။ အဲဒီအကြောင်းကို ကိုကြီးလုံးရေးထားတာ ဒီနားမှာ ပြန်ဖတ်နိုင်ပါတယ်။ ကိုကြီးလုံးနဲ့ နှစ်ယောက် အမူးလွန်ပြီး ထန်းတောထဲမှာတင် အိပ်ပျော်နေပြီး၊ ထန်းတောကလူ နိုးလွှတ်လိုက်မှ အဆောင်ကို ပြန်လာနိုင်တာပါ။ အဲသလိုတွေနဲ့ အခုကျနော်ရောက်နေတဲ့ ဒေသကို ရောက်တော့ အတော့်ကို အကိုက်တွေ့တော့တာပါပဲ။ အလွန်အေးတာနဲ့ ဗေါ့ဒကာ တွေ့တော့တာပါ။ သခွားသီးအချဉ်လေးရယ်၊ ကြက်ခြေသလုံးကြော် (ဆရာNA က ကြက်ပေါင်ဟု မခေါ်ပါ။)၊ ဆလတ်လေးရယ်နဲ့ ဗေါ့ဒကာ - သိပ်လိုက်ဖက်ပြီး သိပ်သောက်လို့ ကောင်းပေါ့ဗျာ။ ဆရာသမားတွေနဲ့ အတူတူနေလိုက်ရတော့ အရက်သောက်ရင် အစားများများစားရမယ်၊ အရက်ကို သောက်ရင်၊ ကောင်းတာကိုပဲ သောက်သင့်တယ်ဆိုတာကို သိလာပါတယ်။ သောက်ပြီးရင် ကော်ဖီခါးခါးလေးတစ်ခွက်လည်း ထပ်သောက်ကြပါသေးတယ်။ အရက်ကို ဦးစားပေးသောက်တာ မဟုတ်လေတော့ အရက်နာလည်း မကျတော့ပါဘူး။

အရက်သောက်လို့ မူးနေရင် တချို့သောသူတွေက မိုက်ရိုင်းခွင့် လိုင်စင်ရသွားတယ် ထင်တတ်ပါတယ်။ မူးမူးရူးရူးနဲ့ ပြောချင်တာတွေ ပြောမယ်၊ ရန်ရှာမယ်။ အရက်သောက်နိုင်တာကို ထူးခြားတဲ့ ဝိသေသကြီးတခုလို့ စိတ်တွေထဲ ထင်ကုန်တာပါ။ ကျနော်ကတော့ လက်မခံပါဘူး။ အရက်ခွက်ကို ကိုင်ပြီး ပါးစပ်ထဲလောင်းချရဲတာနဲ့ မိုက်ရိုင်းခွင့်တွေ မပေးနိုင်ပါဘူး။ မပေးပေမယ့်လည်း အဲဒီအခွင့်အရေးကို ယူတတ်တဲ့သူတွေ ရှိနေတတ်လို့ အထာမသိတဲ့သူတွေနဲ့လည်း အရက် အတူတွဲမသောက်မိအောင် ကျနော် အတတ်နိုင်ဆုံး ဆင်ခြင်ပါတယ်။

တခါက ဘော်လဂါမြစ်ဘေးမှာ အနားယူသွားတုန်းက ကျနော် အရက် အလွန်အကျွံ မူးဖူးတာကို သွားသတိရမိပါတယ်။ ညကြီးအချိန်အခါ တယောက်တည်း မူးနေတာပါ။ ခုံတန်းတခုမှာ တယောက်တည်း သောက်ပြီး အိပ်ခန်းကို အပြန် လမ်းမှာ မူးပြီး တဖုံးဖုံးလဲကျတာပေါ့။ သတိက မလွတ်ပေမယ့်၊ လဲနေရာက ကုန်းထဖို့ရာ အသိစိတ်က ခိုင်းစေတာကို ခန္ဓာကိုယ်က လိုက်မလုပ်နိုင်ပါဘူး။ ငယ်စဉ်က လမ်းကြားတွေမှာ မူးပြီးလဲကျ၊ ကုန်းထပြီး ပြန်လမ်းပြန်လျှောက်တဲ့ အရက်သမားကြီးတွေကို ပြေးပြီး သတိရမိပါရော။ အော် ငါလည်း အဲသလိုကြီး ဖြစ်နေပါပေါ့လားဆိုပြီး ရီချင်မိခဲ့ပါတယ်။ ဘောင်းဘီရှည်ဝတ်ထားလို့ ပုဆိုးမနိုင်မဖြစ်နေတာလေး တခုသာတာပါ။ ဆရာမကြီး လူထုဒေါ်အမာ ရေးထားတာ တခုကို ဖတ်ဖူးထားတာ ပြန်ပြီး သတိရမိလိုက်ပါသေးတယ်။ ဆရာမကြီးက မော်စကိုကို ရောက်ဖူးတုန်းက သူတွေ့တာတွေ ရေးထားတာလို့ စိတ်မှာထင်ပါတယ်။ လမ်းပေါ်မှာ အမူးသမားတွေက အောက် လမ်းမပေါ်ကို မှောက်ရက်ကြီးတော့ လဲမနေကြပါဘူးတဲ့။ အမူးသမားတွေက တိုင်တခုခုကို ဖြစ်စေ၊ နံရံတခုခုကို ဖြစ်စေ မှီပြီးနေကြပါသတဲ့။ လမ်းမပေါ်မှာ မှောက်ရက်လဲနေတဲ့သူဆို ရဲက ဖမ်းတယ်လို့ စည်းကမ်းရှိလို့ပါဆိုလား ယောင်ဝါးဝါးမှတ်မိပါတယ်။ အမူးပါးတွေပါပဲ။ ကျနော် ငယ်ငယ်တုန်းက ဆရာ အမူးပါးတစ်ယောက်ကို တွေ့ဖူးပါတယ်။ ဆရာက အမူးလွန်နေလို့ ဆရာ အမူးလေးပြေပါစေတော့လေ ဆိုပြီး ကြားဖူးနားဝတခုကို လုပ်ပေးတာပါ။ သံပုရာသီးရှာ၊ အစိပ်လေးတွေစိပ်ပြီး ဆရာ့နားထဲ ညှစ်ချတော့ ထမ်းခေါ်လာရတဲ့ ဆရာက ဘာပြောသလဲဆိုတော့ " ဟဲ့ကောင် ငါ့နားထဲ သံပုရာစေ့တွေရော ဝင်ကုန်ပြီဟ" တဲ့။

အရက်တွေ အကြောင်းရေးနေတော့ အရက်သောက်တတ်တာ၊ သောက်နိုင်တာကို ဂုဏ်ယူချင်လို့ မဟုတ်ရပါဘူး။ အခုကျနော် အရက်မသောက်တာ အတော်ကြာပါပြီ။ သောက်ခဲ့ဖူးတာလေးတွေကို အမှတ်တရ ရေးချင်တာကြောင့် ရေးတာပါ။

နိဂုံးအနေနဲ့ ဖတ်ဖူးတာလေးတခုပြောပြချင်ပါတယ်။

သေရည်သေရက်သောက်တာကို ထိန်းသိမ်းဖို့ရာ ငါးပါးသီလထဲပါပါတယ်။ ငါးပါးသီလထဲ သေရည်သေရက်မသောက်ရလို့ ဘာလို့ထည့်ထားတာလဲ ဆိုတာကို ရှင်းပြထားတာ တခု ဖတ်ဖူးပါတယ်။ အရက်သောက်ခြင်းက ဂျိုထောင်နွားကလေးကို ညအခါ ကြိုးမချည်ဘဲ လွှတ်ထားသလိုပါပဲတဲ့။ ညအခါ နွားကြီးတွေက အိပ်နေပေမယ့် ဂျိုထောင်လေးက မအိပ်ဘဲ သူ့ ဂျိုကလေးနဲ့ အခြားနွားတွေ အိပ်မရအောင် လိုက်လိုက်ပြီး ခွေ့လိုက် ကစားလိုက် လုပ်လွန်းလို့ ဂျိုထောင်ကလေးကို ညအခါ မမေ့မလျော့ တိုင်မှာချည်ထားရသလို၊ သေရည်သေရက်သောက်ခြင်းကနေ အခြားသော သီလတွေကိုပါ ပျက်ဆီးစေလို့ သေရည်သေရက် သောက်စားခြင်းကို တားမြစ်ရတာပါတဲ့။

ဒီတော့ ဘော်ဘော်တို့ရေ အရက်ကို မသောက်ဖူးရင်လည်း မသောက်ဖို့၊ သောက်မိရင်လည်း အစွဲအလမ်းမထားဖို့၊ စွဲလမ်းနေရင်လည်း မြန်မြန်ဖြတ်ဖို့၊ အပျော်သောက်တယ်ဆိုလည်း အဖော်လူရွေးဖို့၊ သောက်မိရင်လည်း အရက်ကို အစားများများနဲ့သောက်ဖို့ အကြံပေးပါရစေ။

Friday, August 29, 2008

တချိန်တုန်းက တက္ကသိုလ်မှာ



ပြန်တွေးကြည့်တိုင်း ဘယ်တော့မှမရိုးနိုင်ပဲ အမြဲကြည်နူးမှုတွေပေးနေတာက ကျောင်းတက်ခဲ့စဉ် အတိတ်ပန်းချီနေ့ရက်တွေပါပဲ။ အချိန်ကာလကြာလာပေမယ့် ပြန်တွေးလိုက်ရင် မနေ့တနေ့ကလို ရင်မှာလွမ်းဆွတ်သွားရတာလဲ ဒီနေ့ရက်တွေပဲလေ။ အဲဒီနေ့ရက်တွေမှာ အခုခေတ် နိုင်ငံတကာ ကျောင်းတော်ကြီးတွေလို အင်တာနက်တွေမရှိပါဘူး။ ဒါပေမယ့် ကနောင်ဆောင်ရယ်၊ မန်းချယ်ရီဆောင်ရယ်ကို ဆက်သွယ်ပေးနေတဲ့ သူငယ်ချင်းတွေ၊ ချစ်သူစုံတွဲတွေရှိတယ်။ အဲဒီကျောင်းတော်မှာ အဆင့်မှီအဲယားကွန်းတပ် ကင်တင်းမရှိခဲ့ဘူး။ ဒါပေမယ့် သဘာဝအရသာကိုပေးတဲ့ စွယ်တော်ပင်ရိပ်တွေနဲ့ ကင်တင်းလေးရှိခဲ့ဖူးတယ်။ ပရိုဂျက်တာနဲ့ လက်ချာတွေမရှိခဲ့ပေမယ့် မြေဖြူကိုင်သင်ပေးခဲ့တဲ့ စေတနာဆရာတွေ အများကြီးကြုံဆုံခဲ့ရဖူးတယ်။ အိမ်နဲ့ဝေးကွာနေချိန်မှာ အဆိုး၊ အကောင်းတွေ မျှဝေပေးခဲ့တဲ့ သူငယ်ချင်းများစွာ ပိုင်ဆိုင်စေခဲ့တယ်။ ကျွန်မဘဝရဲ့နေ့ရက်တော်တော်များကို ခံစားမှုမျိုးစုံပုံပေါ်စေခဲ့တဲ့ အဲဒီနေ့ရက်တွေကို သတိတရ ရှိနေတတ်ခဲ့တယ်။ ဘယ်တော့မှလည်း မေ့သွားတော့မှာမဟုတ်ပါဘူး။


အခုရက်ပိုင်း မိုးတွေကလည်းရွာ၊ ဓါတ်ပုံတွေ ပြန်ကြည့်မိတော့လည်း တန်ဆောင်တိုင်နေ့က အကြောင်းတွေ လွမ်းမိနေတယ်။ တန်ဆောင်တိုင်နေ့ဆိုလို့ တစ်နှစ်ထဲ မဟုတ်ပါဘူး။ မှတ်မှတ်ရရ သုံးနှစ်ဆက်တိုက် တန်ဆောင်မုန်းလပြည့်ရောက်ရင် ပျော်စရာတွေ ချစ်ခင်စရာတွေ လုပ်ခဲ့ကြတယ်။ ကျောင်းတက်လာတာ တိုင်းစုံ၊ နယ်စုံကဆိုတော့ ကျောင်းသားတွေထုံးစံ တိုင်းအသင်းတွေဖွဲ့ကြတာပေါ့။ အသင်းမှဖွဲ့လာရင် ဒိုင်ခံလုပ်ပေးရမယ့် ခေါင်းဆောင်ရွေးကြတယ်။ ကျွန်မတို့မိန်းကလေးတွေ နောက်ပြောင်ခေါ်ကြတာတော့ “တိုင်းငှက်ကဋ္ဌ“ ပေါ့။ တကယ်တော့ “တိုင်းဥက္ကဋ္ဌ“ ပါ။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းဆိုပြီး လှုပ်ရှားကြတယ်။ အပျော်ပွဲတွေ လှုပ်ရှားကြတာပါ။ စစ်ကိုင်းတိုင်းက စစ်ကိုင်းသူရှိနေတော့ အင်မတန် တက်ကြွကြတယ်။ မဇနိတို့ မကွေးတိုင်းကလည်း တက်ကြွပါတယ်။ အညာသူ၊ အညာသားတွေ စုနေတဲ့ မကွေးတိုင်းက ပျော်စရာကောင်းခဲ့တယ်။ ခေါင်းဆောင်က ခပ်ချောချော၊ သဘောကလည်း ကောင်းတော့ သူ့ကိုဆို အသင်းဝင်း တိုင်းသူတိုင်းသားတွေက အမျိုးမျိုးရစ်ကြတယ်။ ချစ်ကြတယ်။ ဒါလည်း သူ စိတ်မဆိုးပါဘူး။ အဲနောက်ထူးဆန်းတာက တိုင်းခေါင်းဆောင်လုပ်ရင် သူ့ကောင်မလေးကို ငှက်ကဋ္ဌကတော်လို့ ခေါ်ထည့်လိုက်တာပဲ။ ကောင်မလေးမရှိတဲ့သူဆိုရင်တော့ တိုင်းကိစ္စတွေ တွဲလုပ်တာများတဲ့သူကို ကတော်လို့ စကြတာ။ စိတ်လည်း မဆိုးကြပါဘူး။ စလိုက်၊ နောက်လိုက်နဲ့ ပျော်စရာကောင်းတယ်။ စည်းလုံးခဲ့ကြတယ်။

တိုင်းကိစ္စတွေထဲမှာ တန်ဆောင်မုန်းလရောက်ရင်တော့ အတော်ပျော်စရာကောင်းတဲ့ နေ့လေးကို ဖန်တီးခဲ့ကြတာပါပဲ။ တိုင်းရံပုံငွေဆိုပြီး တစ်လမှ (၁၅၀) ကျပ်ထည့်ရတယ်။ အဲဒီစုငွေတွေအပြင် တန်ဆောင်မုန်းလပြည့်နေ့ပွဲတော်လုပ်ရင် ပိုက်ဆံနည်းနည်း ထပ်ကောက်လိုက်တယ်။ ရလာတာနဲ့ တိုင်းအစည်းအဝေးခေါ်တယ်ပေါ့။ အစည်းအဝေးခေါ်တာတွေထဲမှာ တိုင်းအစည်းအဝေးသွားရတာ ပျော်စရာအကောင်းဆုံး။ မကွေးတိုင်းဆိုတော့ သိတဲ့အတိုင်း အညာသူတွေ ပဲများကြတယ်။ သနပ်ခါးပါးကွက်ကြားနဲ့ ပဲလေးတွေ ထုတ်သွားကြတော့ အညာသားတွေအတွက် ကြည့်စရာပေါ့။ သူ့နေရာ ဒေသနဲ့သူတော့ သိပ်ပျော်စရာကောင်းခဲ့တာပါ။ ဒီနှစ်တိုင်းပွဲ ဘာလုပ်မလဲဆုံးဖြတ်ကြတော့ ပထမဆုံးနှစ်က ထမင်းနဲထိုးကြဖို့ သဘောတူတယ်။ တန်ဆောင်မုန်းလဆန်း (၁၃) ရက်လောက်ကတည်းက လူခွဲပြီး ဈေးဝယ်သွားကြရတယ်။ ဈေးဘယ်သူလိုက်မလဲဆိုတော့လဲ ဘယ်သူမှမငြင်းပါဘူး။ တချို့လည်း စုံတွဲလိုက် ဈေးဝယ်လိုက်ပေးတယ်။ တချို့လည်း စုံမတွဲတတွဲပေါ့။ ဈေးခြင်းကူဆွဲတာလိုလို၊ ဘာဝယ်မလဲ တိုင်ပင်ချင်တာလိုလိုနဲ့ ကြည်နူးကုန်တာလည်း မနည်းဘူးထင်ပါ့။ တိုင်းပွဲတပွဲပြီးရင် “ဟော ဘယ်တိုင်းဥက္ကဋ္ဌကြီး ဘယ်queenနဲ့ အဆင်ပြေသွားပေါ့“၊ “တိုင်းပွဲတုန်းက ဈေးဝယ်တဲ့ ဟိုကောင်လေးလေ ဟိုကောင်မလေးနဲ့ အိုကေသွားပြီတဲ့တော့ ညနေက အဆောင်ရှေ့မှာ အတွဲလေး တွေ့လိုက်တယ်“ ဆိုတဲ့ ဒီအသံတွေ ကြားလာရတော့တယ်။

လဆန်း (၁၄) ရက်နေ့ညနေဆိုရင် စာသင်ဆောင် သီရေတာ T3၊ T4 မှာ သန့်ရှင်းရေးလုပ်ကြတယ်။ အဆောင်ကနေယူလာတဲ့ တံမြက်စည်း တယောက်တချောင်းနဲ့ စီးတော်ယာဉ်ကတော့ စက်ဘီးပေါ့။ စက်ဘီးပေါ် တင်ခေါ်မယ့် မောင်တော်ရှိတဲ့ သူတွေကတော့ နောက်ကနေ အကြော့သားလေး။ မဇနိတို့က အခုငှက်ကဋ္ဌကတော့် သူငယ်ချင်းတွေဆိုတော့ လူရင်းနာနာ အဖိခံရတယ်။ ငှက်ကဋ္ဌတို့ ကိုဇနိတို့က မက်မှန်မဲကြီးတွေနဲ့ အတော်ရှိုးထုတ်ကြတာ။ တခြားတိုင်းကလည်း အညာသူတွေကို လာချောင်းချင်ကြတယ်။ သူတို့က ကိုယ့်တိုင်းသားတွေနဲ့ ကပ်လိုက်လာကြတာ။ သန့်ရှင်းရေး ကူချင်တာလိုလို၊ ကျောင်းပေါက်ကအပြန် လမ်းကြုံတာလိုလိုနဲ့။ နောက်တနေ့မနက်ခင်း အစောထရတာပေါ့။ အားလုံးပေါင်း မိန်းကလေးက (၂၀) လောက်ရှိတယ်။ မနက်အစော ရေချိုးကန်မှာလည်း ဆူညံနေတာ။ ထမင်းနဲပွဲမလုပ်ခင်ကတည်းက ရေချိုးကန်မှလည်း ဒါတွေပဲ ပြောနေကြတာကိုး။ တခန်းနဲ့တခန်းမသွားဖြစ်ရင် ရေချိုးရင်း ဆုံတုန်းလေး ပြောတာပေါ့ “ဟဲ့ သန့်ရှင်းရေးနေ့က ဟိုကောင်လေးပါလာတာ မြင်လိုက်လား“၊ “မနက်ဖြန် တခြားသူတွေလဲ ဖိတ်ထားတယ်“၊ “ငါ့အစောသွားနှင့်မယ် လာကြိုမှာမလို့နော်“ ဒါမျိုးတွေ ပြောကြတာကိုး။ မကွေးတိုင်းသူတွေက စည်းလုံးတယ်။ အညာသူတွေဆိုတော့ ပိုလည်း ခင်ကြတယ်ထင်ပါ့။ အဲတော့ တခြားသူတွေက “နင်တို့ မကွေးတိုင်းသူတွေ နားငြီးတယ်နော်“ နဲ့ စကြတာ။ စချင်လည်းစ ကျွန်မတို့ကလည်း မောနေအောင်ပြောကြတာ။ အလုအယက်ပေါ့။ အိပ်ယာကမနိုးမှာစိုးလို့ တယောက်နဲ့တယောက် တံခါးခေါက်ကြတော့ တိုင်းသူမဟုတ်တဲ့ အခန်းဖော်က အိပ်ရေးပျက်လို့ မေတ္တာပို့တာ ခံရသေးတယ်။ အခန်းဖော်က တိုင်းတူတော့ မနက်သွားစရာရှိရင် ထူးမနှိုးရတော့ဘူး။

မိုးပြဲဒယ်ကြီးကို ယောက်ျားလေးတွေ ညကတည်းက ဆေးကြောထားတယ်။ မိန်းကလေးတွေ ရောက်တဲ့အချိန်မှာ မီးဖိုအဆင်သင့်ဖြစ်နေပါပြီ။ အိမ်မှာ အတွေ့အကြုံရှိပြီးသား သူတွေက ထမင်းနဲထိုးကြပေါ့။ မသိသူတွေကလည်း ဝိုင်းကူပါတယ်။ ချွေးတပြိုက်ပြိုက်ကျအောင် ယောက်မကိုင်နေကြရပေမယ့် မမောပါဘူး။ ကျွန်မတို့က ဘေးက စားချင်နေကြရင် သူငယ်ချင်းတွေက ယောက်မကြီးနဲ့ ကော်ပြီး “ကဲ မြည်းကြည့်“ ဆိုလာပေးတယ်။ လုစားကြတာ ဘာပြောကောင်းမလဲ။ တချို့လည်း အလုကောင်းလို့ မှောက်ရက်တွေ လဲကြသေးတယ်။ တချို့မိန်းကလေးတွေက လက်ဖက်နှပ်၊ ဆနွင်းမကင်း၊ အသီး စတဲ့ အချိုပွဲအတွက် ညကတည်းက အဆောင်မှာ တာဝန်ခွဲယူကြတယ်။ မဇနိက လက်ဖက်နှပ်တာဝန်ယူတော့ ထောင်းရတဲ့လက်ဖက်၊ တဒုန်းဒုန်းမြည်နေတုန်း အဆောင်မှူးပါ တက်လာကြည့်တယ်။ “ဟီး ဟီး မနက်တိုင်းပွဲအတွက်ပါ“ ဆိုရင် သူလည်း မဆူပါဘူး။ သူ့ကိုလည်း ဖိတ်ထားတာဆိုတော့လေ။ ထမင်းနဲမကျက်ခင် T3 ဖက်မှာ စာသင်ခုံတန်းတွေကို စားပွဲအဖြစ် ပြင်ပါတယ်။ အဆောင်က တိုင်းသူဟုတ်သူ၊ မဟုတ်သူ အားလုံးကို အနိုင်ကျင့်ပြီး စားပွဲခင်း၊ ဓါတ်ဘူး ယူချလာတာတယ်။ T4 ဖက်မှာ လက်ဖက်ပွဲပြင်၊ သစ်သီးလှီးတာတွေ လုပ်ရတယ်။ သစ်သီးလှီးတဲ့ ကောင်မလေးကို ကပ်ချင်နေတဲ့သူကတော့ သစ်သီးဆေးဖို့ ရေခပ်ပေးလိုက်၊ ဓါး ရေဆေးပေးလိုက်နဲ့ပေါ့။ နောက် ထမင်းနဲထိုးနေတဲ့သူကလည်း မီးဖိုဘေးထိုင်နေကြတဲ့ မချောတွေထဲက သူကြည့်ချင်တဲ့သူကို ချွေးသုပ်သလိုလို ခိုးကြည့်တာလဲ ရှိတယ်ထင်ပါ့။ ဒီလိုနဲ့ မနက် (၈) နာရီလောက်ဆို ထမင်းနဲ အဆင်သင့်ဖြစ်နေပါပြီ။

ဖိတ်ထားတဲ့ ဆရာ၊ ဆရာမတွေ၊ တခြားတိုင်းမတူတဲ့ သူငယ်ချင်းတွေလာရင် ဧည့်ခံမည့်သူတွေကိုလည်း တာဝန်ခွဲပေးထားတယ်။ တိုင်းမတူတဲ့သူကို ချစ်သူတော်ထားရင် လည်တမော့မော့ မျှော်နေရော့။ ဖိတ်ထားတဲ့သူကို လည်ပင်းဖက်ပြီး လိုက်လာတဲ့သူတွေလည်းရှိသေး။ စည်းစည်းလုံးလုံးနဲ့ တပျော်တပါးဧည့်ခံကြတော့ ဆရာတွေကလည်း သဘောတွေကျလို့။ လက်ဖက်ပွဲ၊ သစ်သီးပြင်တာတော့ မဇနိက တာဝန်ယူပါတယ်။ ရှေ့မှာဧည့်ခံဆိုရင် အကြောက်အကန်ငြင်းလို့ ခေါင်းဆောင်ကြီး စိတ်ဆိုးဖူးသေးတယ်။ လက်ဖက်ပွဲပြင်၊ မုန့်ပွဲပြင်ဆိုတော့ ဧည့်သည်မပြန်ခင်စားချင်နေတဲ့ သူငယ်ချင်းတချို့က လာကပ်တောင်းလို့ ပြင်ကျွေးရတာပေါ့။ ကိုဇနိက အနားကမခွါဘူး လာလာကပ်နေတာ။ မုန့်စားချင်လို့လား၊ ဘာလားတော့မသိဘူး။ သေချာတာတော့ အဲဒီတုန်းက မကြိုက်ကြသေးဘူးရယ်။

ဆရာတွေပြန်သွားပြီဆို သူငယ်ချင်းတွေစုပြီး ထမင်းနဲ တီးကြတာ။ လက်ဖက်သုပ်ကလည်း ချဉ်ချဉ်စပ်စပ်ကို ပုဇွန်ခြောက်လုံးချင်းဆိုတော့ စားလို့ ကောင်းသပေါ့နော်။ ရင်ထဲမှာ ပျော်နေကြတော့ စားစရာတွေကလည်း ကောင်းနေတာ။ ထမင်းနဲပူပူလေးကို ရေနွေးကြမ်းလေးနဲ့ စားခဲ့ရတဲ့အရသာ တသက်မမေ့တော့ပါဘူး။ အားလုံးစားပြီးသွားရင် ဂိမ်းဆော့ကြတယ်။ အုပ်စုတွေဖွဲ့လိုက်ပြီး စာသင်ခုံတွေမှာ နေရာခွဲထိုင်ကြတယ်။ စာသင်ခုံရှေ့က ကွက်လပ်မှာ ထွက်ကစားရတယ်။ ကစားနည်းတွေကလည်း ပေါက်ပေါက်ရှာရှာပေါ့။ မှတ်မိနေတာက “နှာခေါင်းကြီးပြိုင်ပွဲ“။ အလိုလိုဆိုရင် နှာခေါင်းကြီးတဲ့ ကောင်လေးဆို ကောင်မလေးတွေက မကြိုက်ဘူး။ “စိတ်ညစ်စရာနော်“ လို့ပြောတတ်ပေမယ့် ပြိုင်ပွဲချိန်ဆိုရင် “ဟဲ့ ဖိုးဇော် နင်ထွက်လိုက် နင်နှာခေါင်းကြီးတယ်“ တဲ့။ ဘယ်ချိန်က သုတေသန ခိုးလုပ်ထားကြသလဲ ပေါ်ကုန်တော့တာ။ ကောင်လေးတွေကလည်း အရင်ဆို ရှက်ချင်ရှက်ကြလိမ့်မယ် ပြိုင်ပွဲဆို “ငါနှာခေါင်းကြီးတယ်မဟုတ်လား ငါသွားလိုက်မယ်နော်“ ဆိုပြီး အုပ်စုအနိုင်ရရေး အပြေးသွားကြတာ။ ကောင်မလေးတွေက တွန်းထုတ်လိုက်လဲ စိတ်မဆိုးရှာပါဘူး။ ခင်မင်စရာကောင်းတဲ့ ကျောင်းတက်တုန်းက ခံစားမှုလေးတွေပါ။ နောက်ကစားနည်းက သတင်းစာတွေ ဖြန့်ခင်းထားတယ်။ အုပ်စုတစ်စုအတွက် တစ်စောင်ခင်းထားတယ်။ အဲဒီအပေါ်မှာ သတ်မှတ်ထားတဲ့အချိန်အတွင်း လူဘယ်နှစ်ယောက်ရပ်နိုင်သလဲပေါ့။ အလိုလိုဆို “အသေးလေး“ လို့ ခေါ်ရင် စိတ်ဆိုးတဲ့သူတွေက ခုတော့ ရှေ့က ပြေးတော့တာ။ ဖိနပ်တွေတောင် ကျွတ်ကျကျန်နေလို့ လိုက်ပေးရသေးတယ်။ အသေးလေးများတဲ့အုပ်စုက နိုင်တာပေါ့နော်။ သတ်မှတ်ထားတဲ့အချိန်လေးကို တချို့ကလည်း ခြေတချောင်းလေချပြီး တယောက်နဲ့တယောက် ဖေးကူလက်တွဲထားကြတော့ နောက်ဆုံးအနိုင်ရတာပေါ့။ ရှေ့မထွက်တဲ့သူတွေကလည်း အားပေးရတာ၊ အကြံတွေဝိုင်းအော်ပေးရတာ အသံတွေများနာလို့။ “နင်က အရပ်ပုတယ်နော်“ လို့ပြောရင် စိတ်ဆိုးတတ်တဲ့ သူငယ်ချင်းတွေက အုပ်စုလိုက် အပုပြိုင်ကြရင် ရှေ့ဆုံးက ပြေးရှာတာလည်း သတိရမိတယ်။ ခရမ်းချဉ်သီးလုံးလေး လိမ့်သလို ပုပုလုံးလုံးလေးနဲ့ သင်္ကြန်သီချင်း ကခဲ့တဲ့ သူငယ်ချင်းမကိုလည်း သတိရမိတယ်။ ကောင်မလေးက တခြားသူနောက်ပါသွားလို့ T4 အဆောင်ခေါင်မိုးပေါ်သွား ငိုင်နေတဲ့သူငယ်ချင်းကိုလည်း သတိရမိတယ်။ ဂစ်တာတွေတီး သီချင်းဆိုပြကြတဲ့ အာပြဲပြဲအသံတွေကလည်း ခုတော့ ပြန်နားထောင်ချင်လို့မရတော့ဘူး။ ကစားနည်းပေါင်းစုံကစားပြီးရင် သစ်သီးတွေစားကြ၊ စကားတွေပြောကြပေါ့။

ပစ္စည်းတွေသိမ်းဆည်းပြီးရင် ကျောင်းကထိန်အတွက် သွားကူကြရပြန်ရော။ နောက်ဆုံးနှစ်ရဲ့ တန်ဆောင်တိုင်နေ့ကတော့ တိုင်းပေါင်းစုံပွဲတော်လုပ်ကြတာ လှည့်လည်စားလို့ မကုန်နိုင်ပါဘူး။ ဧရာဝတီတိုင်းက မုန့်ဟင်းခါး၊ မကွေးတိုင်းက ထမင်းနဲ၊ မကွေးတိုင်းက နေ့လည် မုန့်လုံးရေပေါ်၊ စစ်ကိုင်းတိုင်းက ကြာဇံဟင်းဆိုပြီး ဟိုဒီကူးလိုက်၊ စားလိုက် သောက်လိုက် လုပ်ကြရတာပေါ့။ နေ့လည်ခင်း အဆောင်မှူးအခန်းရှေ့ ဒိုးပတ်အဖွဲ့ လာပိုက်ဆံတောင်းကြတော့ သူငယ်ချင်းတယောက်က “နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ် တပြည်တရွာဆီ ဆက်ဆံရေးကြောင့် ဝေးရတော့မယ်ထင်ပါတယ်…“ သီချင်းကို ဆိုပါတယ်။ နောင်နှစ်တွေကြာတဲ့အထိ အဲဒီသူငယ်ချင်းကို နာမည်မသိတဲ့သူတွေက “နင်ကလည်း ဟိုနေကာမျက်မှန်လေ“ လို့ ပြောတတ်တယ်။ သူ သီချင်းဆိုတော့လည်း အဆောင်ပေါ်က မျက်မှန်တပ်တဲ့ကောင်မလေးတွေ “သူ့ပြောတာလား“၊ “ငါ့များဆိုပြနေတာလား“၊ “အင်း သူငါ့ကို အတန်းထဲမှာ ခိုးခိုးကြည့်ဖူးတယ် ငါ့ကို လာဆိုတာနေမယ်“ နဲ့ သူ့ဟုတ်နိုးနိုး၊ ငါ့ဟုတ်နိုးနိုးလုပ်ကြတာ။ တကယ်တော့ နိုးနိုးဆိုတဲ့အတိုင်း ဘယ်သူ့မှ မဟုတ်ဘူးရယ်။ ခပ်ပြောင်ပြောင် ကောင်မလေးတွေက ဝရံတာကနေ မျက်မှန်ပင့်ပြီး လှမ်းစလိုက်သေးတယ်။ အခန်းတွင်းပုန်း အုံ့ပုန်းမမတွေကတော့ သူသီချင်းဆိုပြီး နောက်နေ့တွေထိ စာကြည့်စားပွဲမှာ ထိုင်ထိုင်ငိုင်နေတတ်တာ။ အခုနေ အဲဒီ သီချင်းဆိုခဲ့တဲ့ သူငယ်ချင်းကြီး ဒီပို့စ်ကိုဖတ်ရင် အရင်အချိန်တွေကို ပြန်လိုချင်နေလောက်တယ်။ ဒါမှမဟုတ် “ငါမသိခဲ့တာ နာလိုက်တာ“ များ ဖြစ်နေမလားမသိ။

ညနေစောင်းရင် ကျောင်းရှေ့ရေမြောင်းမှာ မီးမျှောပွဲ ရှိသေးတော့ လူစုကြပြန်ပြီ။ မီးမျှောပွဲကို စစ်ကိုင်းတိုင်းက ဦးဆောင်လုပ်ပါတယ်။ အဆောင်မှူးတွေကလည်း သွားခွင့်ပေးတော့ တစ်နှစ်မှာတစ်ည အပြင်ထွက်ခွင့်ရတာ၊ ညဆိုတာ ထိတွေ့ခွင့်ပေးတာ ပျော်ခဲ့ကြတယ်။ ဆီမီးခွက်တွေကို ရေစီးအတိုင်းမျှောကြတယ်။ ကျောင်းလုံးကျွတ် လူကုန်လာကြတယ်။ တချို့လည်း အတွဲတွေ ရေနီမြောင်းဆီ ရောက်မလာကြဘူး။ တချို့လည်း မတွဲတတွဲတွေ ရေနီမြောင်းဘေးမှာ ကောင်မလေးက မီးမျှောပွဲကြည့်လို့၊ ကောင်လေးက ကောင်မလေးမျက်နှာကို ခိုးကြည့်လို့ ရှိခဲ့ကြတယ်။ တချို့လည်း ကင်တင်းမှာ မျက်နှာချင်းဆိုင် ကြည်နူးလို့။ တချို့လည်း ကင်တင်းမှာ အုပ်စုလိုက် စားသောက်ပျော်ပါးလို့။ တချို့လည်း စာသင်ဆောင်တွေနားက အုတ်ခုံလေးပေါ်မှာ ကြည်နူးလို့ နေတယ်ပေါ့။ အဆောင်ရှေ့က မီးမှိန်မှိန်အသုပ်ဆိုင်လေးမှာ မဲဇလီဖူးသုပ်ပန်းကန်လေးနဲ့ လက်ဖက်ရည်အိုး ဘယ်နှစ်အိုးမှန်းမသိလိုက်အောင် ကြည်နူးခဲ့ကြဖူးတယ်။ နောက်ဆုံးနှစ်ရဲ့ တန်ဆောင်တိုင်နေ့ကတော့ ကိုဇနိကြီး ကျွန်မတို့အဆောင်ရှေ့ အသုပ်ဆိုင်မှာ တနေကုန် လာထိုင်နေတယ်။ ဆိုင်က အန်တီကလည်း မဲဇလီဖူးသုပ်တွေ ကြာဇံနဲ့သုပ်လိုက်၊ ချဉ်စပ်လေးသုပ်လိုက်နဲ့ အမျိုးမျိုး လာလာပေးတယ်။ အတူလာထိုင်ပေးတဲ့ သူငယ်ချင်း အဲဒီညမှာပဲ ကျွန်မတို့ကိုပြောတယ် “ငါက အပျိုကြီးလုပ်မှာ“ တဲ့။ သူနဲ့ ကိုဇနိနဲ့ ကဗျာတွေအကြောင်း ပြောနေခဲ့ကြတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး ထူးခြားတာတခုရှိတယ် “ကိုဇနိ ကျွန်မကို စကားသိပ်မပြောဘူး“။ အတူလာထိုင်နေတဲ့သူငယ်ချင်းက ချမ်းလာလို့ အဆောင်ပေါ်တက် အနွေးထည်ဝတ်တုန်း “မီးမျှောပွဲသွားကြည့်“ လို့ နှင်လွှတ်တော့ “ဒီတနေ့လုံး ကျွန်မနားမှာ နေချင်လို့“ တဲ့။ လူလည်ကျတာ။ သူ လူလည်သိပ်ကျတယ်။ တကယ်ဆို သူငယ်ချင်းအချင်းချင်း ဒီလိုမပြောသင့်ပါဘူး။

အဲဒီညက အတူတူထိုင်ပေးဖို့ သူငယ်ချင်းကို မနည်းခေါ်ထားခဲ့ရတာ။ အပျိုကြီးလုပ်မယ်ဆိုတဲ့ သူငယ်ချင်းက အခုတော့ ပါသွားပြီ။ ပူစီဖောင်းကြီးနဲ့တဲ့။ မဇနိအခန်းဖော်လည်း အပျိုကြီးလုပ်မယ်ဆိုတာ သမီးတယောက်ရနေပေါ့။ ည(၉) နာရီထိုးရင် ရောက်ရာအရပ်က အမြန်ပြန်လာရတယ်။ အဆောင်တံခါးပိတ်မှာမလို့။ ယောက်ျားလေးတွေက ည (၁၁) လောက် တကျော့ပြန် ဂစ်တာလာတီးကြရော။ “အရင်လို ပြန်ယုယပါရစေ ယု ရယ်…“ ဒီသူချင်းလာဆိုကြရင် နာမည်မှာ “ယု“ ပါသူတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ “သူ့လူလား၊ ငါ့လူလား” ဆိုပြီး ခန်းစီးစကြားက ချောင်းတာတွေလည်း ရှိသပေါ့။ “မူပိုင်ရှင်မကြီး မမခိုင်“ ဒါမျိုးအော်လို့ကတော့ မခိုင်တွေ ဒုက္ခရောက်တော့တာ။ တချို့လည်း ချစ်သူကောင်မလေးတွေက အုပ်စုဖွဲ့တယ်။ အဆောင်ရှေ့ မျက်နှာစာခန်းမှာ လာစုတယ်။ ဝရံတာမှာ ဖျာခင်းပြီး လက်ဖက်စားရင်း နေကြာစေ့စားရင်း သူတို့ချစ်သူအုပ်စုကို အားပေးတယ်ပေါ့။ ကောင်လေးတွေကလည်း ပြန်ခါနီးရင် “အဆောင်မှာ ညဖက်ဆို သီချင်းများလာတီးကြရင် ကိုယ်မပါတဲ့အဖွဲ့ဆို မင်းနားမထောင်ရဘူးနော်..“ ဒီသီချင်းလေးနဲ့ နိဂုံးချုပ်တတ်တယ်။ အဲ သူတို့နဲ့ဆိုင်တဲ့ အုပ်စုကလည်း စကားနားထောင်တယ် တံခါးတွေ ဝုန်းကနဲမြည်အောင်ပိတ်ပြီး အိပ်ကြတော့တာ။ အဆောင်ရှေ့က တခြားဂစ်တာတီးတဲ့အဖွဲ့တွေက ဘာပြောကောင်းမလဲ ဒေါသတွေထွက်ကြလေသတည်းပေါ့။ အဆောင်ပေါ်မှာ သင်္ဘောသီးနဲ့ မဲဇလီဖူးတွေကို ရေပုံးကြီးတွေနဲ့သုပ်၊ အခန်းတွေလိုက်ဝေတယ်။ နောက် အဆောင်စောင့် ဦးလေးကြီး အကူအညီနဲ့ အဆောင်ပေါ်ကနေ မဲဇလီဖူးသုပ်ကို ချစ်သူတွေ၊ သူငယ်ချင်းကောင်လေးတွေဆီ ရောက်အောင်လည်း ပို့ခဲ့ကြတယ်။ ဒီလိုနဲ့ အဆောင်ရှေ့မှာလာဆိုတဲ့ “ဆေးပေါင်းခတဲ့ည“ သီချင်းလေးနားထောင်၊ မဲဇလီဖူးသုပ်လေးစားရင် တန်ဆောင်တိုင်ညရဲ့ ည(၁၂) နာရီကို ကုန်လွန်စေခဲ့တယ်။ လရောင်အောက်မှာ လေအေးလေး တဖြူးဖြူးနဲ့ သူငယ်ချင်းများစွာ တူတူရှိခဲ့ကြဖူးတဲ့ တန်ဆောင်တိုင်ညကို ဝေးကွာနေလည်း သူငယ်ချင်းအားလုံးရင်ထဲမှာ သတိတရရှိနေကြမယ့်လို့ အခိုင်အမာ ယုံကြည်မိပါတယ်။

မဇနိ

အော်ခေါ်တော့ သူရှိမနေဘူး



အော်ခေါ်တော့ သူရှိမနေဘူး

လွမ်းတမ်းတမ်းရှိတာနဲ့ အတိတ်ခလုတ်ကို အသာနှိပ်
အိပ်ယာပေါ်မှာ တိတ်တိတ်လေးလုပ်နေ
အတူသွား၊ အတူလာ
ငွေရောင်ပိတ်ကားပေါ်က အပြုံးပန်းနှစ်ပွင့်
အားပါး…"ဖတ်"
ခြင်ကိုက်လို့ရိုက်လိုက်တာ
ဇာတ်လမ်းကောင်းရင် သူလာလာနှောက်ယှက်တတ်တယ်။
ဘယ်သူ့မှကိုကြိုပြောမထားဘူး
ကိုယ်ဟာကို ရင်ဘတ်ကြီးကို မွမ်းမံ
တကယ်တမ်းတော့ ကြည့်လို့မလှဘူးရယ်၊
ဒါပေမယ့် မျက်စိမှိတ်လို့ စိတ်ကူးယဉ်လိုက်တာနဲ့
ရိုမီယို ဂျူးလိယက် သူတို့ထက်သာတယ်
ခွင့်ပြုပေးပါ၊
ဒီတခါတင်မဟုတ်ဘူးနော်
လိုသလိုထပ်မက်မှာ ဒီအလွမ်းဇာတ်က
ယောင်ယောင်ဖက်၊ အော်အော်ခေါ်
အရူးတစ်ယောက်လိုပါပဲနော်
ဒါပေမယ့်လေ ငါ့ဘေးမှာ သူရှိမနေ
သူနေတာက ငါ့အသည်းထဲ
ကဲ အော်ခေါ်တော့လည်း သူရှိမနေဘူးရယ်လို့ ပြောဦးမလား။


Wednesday, August 27, 2008

အမီနာ


ဆရာသာဓုရေးတဲ့ "အမီနာ"ဆိုတဲ့ ဝတ္ထုတိုတပုဒ်ကို ဝေမျှလိုက်ပါတယ်။
သီဟရတနာ အုပ် ၁၀၀ ပြည့်အထူးထုတ် "၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀၊ စာရေးဆရာ ၁၀၀" ဆိုတဲ့ စာအုပ်ထဲကပါ။
ဆရာသာဓုကို ကျနော် ငယ်ငယ်ကလေးကတည်းက ရင်းနှီးပါတယ်။ ဆရာရေးတဲ့ "အတာ" ဆိုတဲ့ ဝတ္ထုစာအုပ်ကို စဖတ်ဖူးတာပါ။ ဦးသုမောင်ရေးတဲ့ မျိုးရိုးထဲမှ ဆိုးပေကြီးများထဲမှာ ဆရာသာဓုကို ပိုပြီးသိခဲ့ပါတယ်။
အခုဝတ္ထုတိုထဲမှာ ဆရာက လူ့သဘော၊ လူ့မနောတွေကို ပေါ်လွင်အောင် ရေးသားထားပါတယ်။ ကျနော် အကြိုက်ဆုံးထဲက တပုဒ်ပါ။
ဒီနေရာမှာ ဒေါင်းလုပ်လုပ်ယူပြီး ဖတ်နိုင်ပါတယ်။

Monday, August 25, 2008

မျက်မှန်နှင့် ကျနော်



မျက်မှန်လို့ ပြောလိုက်ရင် ခင်ဗျား မျက်မှန်ကို ဘယ်လိုပုံစံဆိုတာ ချက်ချင်းတန်းပြီး မျက်စိထဲမြင်လိုက်တယ် မဟုတ်လား။ မျက်မှန်ဆိုတာကို ဘာလို့ မျက်မှန်လို့ ခေါ်သလဲဆိုတာကို တွေးဖူးလား။ မျက်လုံးက အမြင်မှားမြင်နေတာကို မှန်အောင် ပြင်ပေးတဲ့အရာ ဒါမှမဟုတ်ရင် မျက်လုံးတွေရှေ့က မှန်ပေါ့။ ဘယ်လို အဓိပ္ပါယ်တွေနဲ့ မျက်မှန်လို့ ခေါ်ခေါ် မျက်မှန်ဆိုတာကို မျက်စိ အမြင် ဝေဝါးတဲ့သူတွေက အမြင် ရှင်းလင်းအောင် တပ်ကြသလို၊ မျက်စိအမြင် မဝေဝါးတဲ့ သူတွေကလည်း အလှအဖြစ်တပ်ကြပါတယ်၊ အဲ နေကာမျက်မှန်ဆိုပြီး မျက်လုံးကို နေပူပူထဲမှာ မျက်စိအေးအောင် နေကာမျက်မှန်တပ်တဲ့ သူတွေရှိသလို၊ နေမပူလဲ မျက်မှန်အမဲကြီးတွေကို အသုံးဝင်လို့ တပ်ကြတာတွေလည်း ရှိပါတယ်။


၈-တန်းကတည်းက ကျနော့်မျက်လုံးတွေက မှုန်နေပါပြီ။ လူကောင်က နည်းနည်းထွားတော့ ကျောင်းမှာ အတန်းနောက်နားမှာ ထိုင်ရပါတယ်။ ကျောက်သင်ပုန်းပေါ်က စာတွေကို ဒီတိုင်း အဆင်ပြေပြေ မမြင်ရတော့ ဘေးခုံမှာ ထိုင်တဲ့ သူငယ်ချင်းဆီက စာတွေကို ကူးချရပါတယ်။ ၉ တန်းမတက်ခင်မှာပဲ မျက်မှန်လုပ်ဖြစ်တယ် ဆိုပါတော့။ အဲဒီကတည်းက မျက်မှန်ဆိုတာ ကျနော့်ရဲ့အမှတ်အသား တခုလည်း ဖြစ်သွားတာပါပဲ။

မျက်မှန် စပြီးတပ်ရတုန်းကလည်း ကျနော့်စိတ်ထဲမှာ ငါတော့ မျက်မှန်ကြီးနဲ့ ရှက်တယ်လို့လည်း မခံစားရပါဘူး။ အဲ မျက်မှန်လေးနဲ့က ပိုလှတယ်လို့လည်း မထင်သလို၊ မျက်မှန်ချွတ်လိုက်ရင်လည်း ပိုပြီးချောမလာတာ သေချာပါတယ်။ အမေပြောသလို "ငါ့သားက မကောက်၊ မခွက်လေးပါကွယ်" ပါပဲ။ မျက်မှန်တပ်ရမှာကို ရှက်တဲ့ သူငယ်ချင်းတချို့ ရှိတယ်။ ဘာကြောင့် ရှက်ရတယ်ဆိုတာကို နားမလည်ပါဘူး။

သူငယ်ချင်းမိန်းကလေးတချို့လေ မျက်မှန်တပ်တာကို မလှဘူးထင်ပြီး မျက်မှန်မတပ်တာ။ စက်ဘီးစီးရင် သူများနောက်က ထိုင်လိုက်ပြီး လမ်းရဲ့အခြားအခြမ်း စက်ဘီးပေါ်က တခြားသူငယ်ချင်းက ပြုံးပြတာကို မမြင်လို့ ပြန်ပြုံးမပြမိတာကို ဆက်ဆံရေးကျဲတယ်လို့ အထင်ခံရတဲ့ သူတွေလည်းရှိရဲ့။ ရှေ့က စက်ဘီးတင်နင်းရတဲ့ သူငယ်ချင်းက နောက်ကျ လူမှုရေးမပျက်ရလေအောင် "ဟဲ့ နင့်သွားလေးဖြဲထား" လို့ ပြောရတယ်။ ဒါမှ ခပ်လှမ်းလှမ်းက သူငယ်ချင်းက ပြုံးပြရင် ကိုယ်ကလည်း ပြန်ပြုံးပြလေသယောင်ယောင် သွားဖြဲလေးနဲ့ပေါ့။

တချို့က တမျိုးရယ်။ သူငယ်ချင်းတွေ၊ အဖေ၊ အမေတွေ မျက်မှန်ကို ယူပြီး စမ်းတပ်၊ မှန်ကြည့်ပြီး "မျက်မှန်လေးနဲ့ဆို ငါက ပိုချောသတော့" လို့ ထင်မိရော။ ဒီတော့ မျက်မှန်ကလိုချင်၊ အိမ်ကို ပူဆာရရော။ "ဖေ့ ဟိုနား ပြက္ခဒိန်ပေါ်က စာတွေ ဖတ်လို့ရလား။ သမီးလေ အဲဒီစာလေးတွေကိုတောင် ကြည့်ရတာ ဝါးတားတားဖြစ်နေတယ်"လို့ အစချီပြီး မြင်မြင်သမျှကို ဝါးတားတားလုပ်ပြီး မျက်မှန်ဝယ်ပေးဖို့ စည်းရုံးရေး ဆင်းရတော့တာပဲ။ ကျနော်ရီချင်တာတခုက မျက်မှန်တပ်ရင် စာဂျပိုးလို့ ထင်တာကိုပဲ။ ဘဝပေးအခြေမလှလို့ မျက်စိ အလိုလို မှုန်တာကို စာတွေ သိပ်ဖတ်လို့ မျက်စိမှုန်သွားတာလို့ အသားလွတ် အထင်ကြီးတဲ့သူတွေက ရှိကြသေးတာ။

၉-တန်း၊ ၁၀-တန်းလောက်တုန်းက မျက်မှန် ခဏခဏကွဲတယ်။ စာကြည့်စားပွဲပေါ်ကနေ ကျကွဲတာမျိုး မဟုတ်ပါဘူး။ ကျောင်းကနေ ပြန်လာတုန်းမျိုး၊ ကျူရှင်က ပြန်လာတုန်းမျိုး၊ လမ်းမှာ သူငယ်ချင်းတွေ ခြင်းခတ်နေတာ တွေ့လို့ကတော့ စက်ဘီးလေး အသာရပ်၊ စည်းထရံပေါ်ကို လွယ်အိတ်လေးချိတ်၊ မျက်မှန်ကို လွယ်အိတ်ထဲ အသာထည့် (မျက်မှန်အိတ်က ယူလာလေ့မရှိဘူး။)၊ ပြီး ခြင်းခတ်တော့တာပေါ့။ ခြင်းကစားရင်း မနိုင်မနင်းဖြစ်လို့ လက်က လွယ်အိတ်ပေါ် ထောက်လိုက်မိတာမျိုး၊ လွယ်အိတ်ကို နောက်ကျောနဲ့ ဖိမိတာမျိုးဖြစ်ရင် အထဲက မျက်မှန်ကလေးက ကွဲရှာရော။ ဘယ်ရမလဲ မျက်မှန်ကွဲတော့ မျက်မှန်ဆိုင်ပြေးတာပေါ့။ လျှပ်စစ်မီးကလည်း အမြဲလာတာမဟုတ်တော့ မျက်မှန်ဆိုင်က ကုလားကြီးဆီမှာ မျက်မှန်လေးကို ထားခဲ့ရတယ်။ နောက် သူချိန်းတဲ့ရက် မရောက်မချင်း ဒီတိုင်း နေပေတော့ပဲ။ မျက်မှန်ခဏခဏ ကွဲလွန်းလို့၊ မျက်မှန်ဆိုင်ကုလားကြီးနဲ့ ဖောက်သည်ကို ဖြစ်လို့။ အိမ်မှာ မျက်မှန်မတပ်ဘဲ ယောင်ပေပေနဲ့ နေတော့တာပဲ။ အိမ်ကလည်း သတိမထားမိတာလား၊ မပြောချင်တာလားတော့ မသိပါဘူး၊ ကိုယ်ကတော့ မျက်မှန်ခဏခဏကွဲတဲ့သူဆိုတော့ အပြောအဆိုခံရမှာ စိုးလို့ အိမ်ကို မပြောတာ။

ကျနော် မန္တလေးနည်းပညာတက္ကသိုလ်တက်တော့ ကျနော့်မှာ မျက်မှန်က တလက်တည်းတင် ရှိတာမဟုတ်တော့ပါဘူး၊ အသစ်တွေ ထပ်လုပ်ထားတော့ အပိုတွေ ရှိနေပြီ။ ညအိပ်ရင် မျက်မှန်လေးချွတ်အိပ်၊ စချင်နောက်ချင်တဲ့ သူငယ်ချင်းက မျက်မှန်လေးကို ကျနော်မသိအောင် ဖွက်၊ ကျနော်က မျက်မှန်ပျောက်လို့ဆိုပြီး စိတ်မပူပါဘူး။ သေတ္တာထဲမှာ နောက်မျက်မှန်တလက် ရှိသေးတာကိုး။ မဇနိ မျက်လုံးတွေ အောင့်တုန်းက သူ့မျက်မှန်ပါဝါနဲ့ မကိုက်တာဖြစ်မယ်ဆိုပြီး သူ့ကိုတောင် သူ့မျက်မှန် အသစ်မလုပ်ခင် စပ်ကြား မျက်မှန်ငှားထားဖူးတယ်။ ဒီတော့ မျက်မှန်ကတော့ ဖွက်ပစေပဲ။ ဖွက်ထားတဲ့ကောင်က ကျနော့်ကို အရိပ်တကြည့်ကြည် လုပ်နေတာပေါ့။ ဒီကောင်ထင်တာက ကျနော်က မျက်မှန်ပျောက်တာကို ပြာတာပြီး လိုက်ရှာမယ်လို့ ထင်နေတာ။ ကျနော်က အေးဆေးပဲ။ မျက်မှန်အပိုကိုလည်း သူတို့ သတိထားမိအောင် သေတ္တာထဲက မထုတ်ဘူး။ မျက်မှန်မပါဘဲ ကျောင်းစာသင်ခန်းကို သွား။ ဟိုရောက်တော့မှ လွယ်အိတ်ထဲ အသာထည့်လာတဲ့ မျက်မှန်ကို ထုတ်စွပ်လိုက်တော့ အေးဆေး။ ဖွက်ရတဲ့သူလည်း အောင့်သက်သက်ပေါ့။ နောက်တော့ ဖွက်ရတာ အရသာပျက်တော့ ပြန်ပေးတာပါပဲ။

မြန်မာပြည်မှာက နွေရာသီဆို မျက်မှန်တပ်ရတာ ဒုက္ခရောက်ပါတယ်။ ကျနော်က သူများထက်ပိုပြီး ဒုက္ခရောက်ပါတယ်။ ဘာလို့လဲဆိုတော့ကာ လူကဝတော့ မျက်နှာကလည်း ဖောင်းကားနေတာပေါ့။ အဲ နွေရာသီ နေကပူပူဆို၊ မျက်မှန်ကိုင်းကလည်း လိုက်ပူတာပေါ့။ သူက ပူတော့ နားထင်က အသားတွေလည်း လိုက်ပူ။ ချွေးတွေကလည်း ထွက်။ မျက်မှန်ကိုင်းက ချွေးစား။ ပြီးတော့ မျက်မှန်ကိုင်းနဲ့ထိနေတဲ့ အသားကို လွှလေးနဲ့ တိုက်နေသလား ထင်ရတယ်။ ပွတ်တိုက်နေတာလေ။ စပ်ဖျင်းဖျင်းနဲ့ အခံရ အတော်ခက်ပါတယ်။

မျက်မှန်က အမြဲတပ်နေတော့ တခါတလေ ကိုယ့်ကိုယ်ကို မျက်မှန်တပ်ထားသလား၊ မတပ်ထားသလားတောင် သတိမထားမိပါဘူး။ တခါတလေ ညဖက်တွေ စာဖတ်ရင်းနဲ့ဖြစ်ဖြစ်၊ ဗွီဒီယိုကြည့်ရင်းဖြစ်ဖြစ် မျက်မှန်မချွတ်ဘဲ အိပ်ပျော်ပျော်သွားတတ်တယ်။ နိုးလာတော့လည်း ဒီတိုင်းကြီး ထသွားပြီး မျက်နှာသစ်လိုက်မှပဲ မျက်မှန် တပ်ရပ်ကြီးမှန်း သိပြီး ချွတ်ရတတ်တယ်။ တခါတလေကျလည်း အပြင်ထွက်မယ်ဆိုရင် မျက်မှန်ရောပါရဲ့လားဆိုပြီး မျက်လုံးရှိတဲ့နေရာကို လက်နဲ့ စမ်းရပါတယ်။ မျက်မှန်ကို လက်နဲ့ထိလိုက်မှ "အော် ပါတယ်" ဆိုပြီး ဖြစ်ရတာပါ။

ကြားဖူးတာတခုကတော့ ငယ်တုန်းမှာ အဝေးမှုန်တယ်တဲ့၊ အသက်ကြီးလာတဲ့ အခါမှာတော့ အနီးမှုန်အဖြစ် ပြောင်းလဲ သွားတတ်တယ်တဲ့။ ဘဝမှာ မျက်လုံးအမြင်တွေ မရှင်းလင်းသေးသမျှတော့ မျက်မှန်တွေ အနီးကြည့်မျက်မှန်တွေ၊ အဝေးကြည့်မျက်မှန်တွေ အမျိုးမျိုးပြောင်းလဲတပ်ရမှာပါပဲ။ အဲ စိတ်အမြင်တွေကြည်လင်ဖို့ကရော ဘယ်လို မျက်မှန်တွေ တပ်ဖို့ လိုသလဲဆိုတာကိုလည်း မမေ့မလျော့ လေ့လာဖို့လိုကြောင်း သတိပေးလိုက်ပါတယ်ခင်ဗျာ။

one million kiss

တနေ့သ၌ ကျွန်ုပ်တို့၏ ပွဲတိုင်းကျော်ဇာတ်လိုက်ကြီး ကိုဇနိနှင့်မဇနိတို့ online ပေါ်တွင် microphone နှင့်စကားပြောနေကြရာ….
မနိ။ ။ ကိုနိ ရှင် ကျွန်မကိုတကယ်ချစ်ရဲ့လား၊ ဟလိုကြားရဲ့လား။
ကိုနိ။ ။ အမ်၊ နိနိကလဲ တကယ်ချစ်တာပေါ့ကွာ။
မနိ။ ။ ဟုတ်လို့လား၊ ဟွန်း။ ကဲ ဒါဆိုပြောပါဦး ဘယ်လောက်ချစ်လဲ ကွန်မကို။
ကိုနိ။ ။ မိုးလောက်ကြီးဂျစ်၊ မြေလောက်ကြီးဂျစ်၊ ဂေါ်ဇီလာလောက်ကြီးဂျစ်၊ များကြီးများကြီးဂျစ်။
မနိ။ ။ ဟလို၊ ကိုနိကြားလား။ တဂျစ်ဂျစ်နဲ့ဘယ်လိုဖြစ်။ လိုင်းမကောင်းလို့လား။
ကိုနိ။ ။ ဟုတ်ဘူး၊ ဟုတ်ဘူး။ ဂျစ်တယ်လို့ပြောတာ။
မနိ။ ။ အော်၊ ဒါဆိုလဲပြီးရော ဟွန့်။ အနမ်းလေးတွေရောပေးချင်ရဲ့လား ပြောပါဦး။
ကိုနိ။ ။ ပေးချင်တာပေါ့၊ အရမ်းပေးချင်တယ်။
မနိ။ ။ ဒါဆို ဘယ်လောက်များများကြီး ပေးချင်လဲဟင်…။
ကိုနိ။ ။ one million လောက်ကြီးပေးချင်တာပေါ့ နိနိရယ်။
မနိ။ ။ ဒါဆို ခု phone ထဲကနေ မနားတမ်း one million kiss ပေး။
ကိုနိ။ ။ အမ်၊ ဒါ…ဒါကတော့။
မနိ။ ။ မဒါကတော့နဲ့။ ဟွန်း… ဒါတောင် :* ကို one million ရေးခိုင်းမလို့။ ရှင် copy and paste လုပ်ပြီး လူလယ်ကျမှာကျွန်မသိလို့။
နောက်ဆုံးကြားသိရသောသတင်းအတင်းများအရ၊ ကိုဇနိ၏ one million kiss mission ကြီး၊ မပြီးဆုံးသေးပဲ၊ ကစ်မြဲကစ်လျက်ရှိပါကြောင်း…

Saturday, August 23, 2008

ချွဲခြင်း အနုပညာ



အချေးလစ်
မို့ကင်
အမြစ်ကြီးချား။


ဘာစာတွေပါလိမ့်လို့ တွေးနေလား။ ချစ်သူတွေ ပြောဖြစ်ကြတဲ့ စကားလိမ်တွေပါ။ ချစ်ကြလွန်းတော့ ပုံမှန်ပြောရတာနဲ့ အဆင်မပြေပါဘူး။ စကားတွေပါလိမ်ကောက် ချွဲပြစ်ပြောမှ အရသာတွေက ပိုရှိကုန်ကြတော့တာကလား။
အဓိပ္ပါယ်ကတော့
အချစ်လေး
မင့်ကို
အများကြီးချစ်။ -လို့ ပြောတာပါ။

ဘာတဲ့လဲ ယောက်ကျားလေးတွေက မိန်းကလေးတွေကို ငုံမတတ်ချစ်ကြတော့ ခေါ်လိုက်ပုံက "မောင့်ချစ်တုံးလေး"၊ "အသည်းကျော်လေး"ဆိုပြီး ခေါ်လိုက်ကြတာ၊ အဲဒီနားလေတင် ရပ်မသွားပါဘူး အရှိန်တွေပါသွားပြီး "အဆုတ်ကျော်လေး"လို့ပါ ခေါ်ကုန်တော့တာ။ ချစ်လိုက်ကြတာ အရပ်ထဲ အသားကြော် လိုက်ရောင်းနေသလားတောင် ထင်ရတယ်။ "အချုန်းတစ်"၊ "အသော်ကျဲ"၊ "ချယ်တစ်"ဆိုတာတွေလည်း ရှိပါသေးတယ်။ မိန်းကလေးလုပ်သူကလည်း အဲသလိုလေးတွေ ပြောတာကိုကြားရရင် "ခစ် ခစ် ခစ်" ဆိုပြီး ရယ်ကာ သဘောတွေ ကျနေကြတော့တာပါ။

စကားလိမ်တွေ ပြောတော့ ကျနော် ဗွီဒီယိုထဲက မြင်ကွင်းတခုကို သွားသတိရမိတယ်။ ပင်လယ်ကမ်းခြေ အုန်းပင်တွေကြားမှာ မင်းသမီးကို လူရွှင်တော် တယောက်က ရည်းစားစကား လိုက်ပြောတာပါ။ မင်းသမီးက လမ်းလျှောက်လာတာကို လူရွှင်တော်မျက်နှာရူးက နောက် ပြန်ကြီး လမ်းလျှောက်ရင်း မင်းသမီးကို ရည်းစားစကားပြောတာ။
"ပင်လယ်ကြီးက ကျယ်တယ်၊ ဒမြက လုတယ်၊ ကျယ်လု …"
"ဟာ မဟုတ်သေးပါဘူး"
"ပင်လယ်ကြီးက ကျယ်တယ်၊ ဒမြက လုတယ်၊ ကျယ်လု …" နဲ့ ထပ်လုပ်နေရင်းက နောက်ပြန်လျှောက်ရင်း အုန်းပင်ကို ဝင်တိုက်မိကာမှ "ပင်လယ်ကြီးက ကျယ်တယ်၊ ဒမြက တိုက်တယ်၊ ကျယ်တိုက်… ကြိုက်တယ်" နဲ့ လဲနေရာက ကုန်းပြီးထတော့ မင်းသမီးက မရှိတော့ပါဘူး။

ချွဲတယ်ဆိုတာ တကယ်က ချစ်သူတွေချင်း ကြားမှာမှ ရှိတာမဟုတ်ပါဘူး။ မောင်နှမ အချင်းချင်းတွေ ကြားထဲမှာသာမက၊ သား၊ သမီးနဲ့ မိဘတွေကြားမှာလည်း ရှိပါတယ်။ အဲ နောက်ဆုံး အဖေနဲ့ အမေကြားမှာလည်းရှိသလို၊ အဖေ၊အမေနဲ့ အဖိုး၊ အဖွားကြားလည်း ရှိတာပါပဲ။ ချွဲတာကလည်း လူအမျိုးမျိုးပေါ် မူတည်ပြီး ချွဲပုံခြင်းတွေကလည်း မတူကြပါဘူး။ ချွဲရတာလည်း ပျော်စရာ ကောင်းသလို၊ အချွဲခံရတာလည်း ပျော်စရာပါ။ (မတူတဲ့ မူကွဲတွေ ရှိနိုင်ပါတယ်။)

ကျနော့်အဖွားက အသက်(၆၀)နားနီး ကျနော့် အဖေကို "သား" လို့ ခေါ်ပြီး အဖေ့နာမည်ကို "ဖိုး"တပ် ခေါ်တာပါ။ အင်းပေါ့လေ သူ့သားဆိုတော့လည်း အသက်တွေ ဘယ်လောက်ကြီးကြီး သူ့အတွက်က ကျနော့်အဖေက ကလေးဖြစ်နေမှာကိုး။ ဒါလည်း ချွဲတဲတဲလေး ခေါ်တာတမျိုးလို့ ကျနော်ကတော့ ထင်တယ်။ အဖွားက မျက်စိအတော်လေး မှုန်ပါတယ်။ တရက် အဖွားက သူ့အိမ်ရှေ့မှာ မတ်တပ်လေးရပ်နေတာ၊ ကျနော့် အဖေက အဖွားအိမ် ရောက်လာတော့၊ အဖွားရှေ့ သွားပြီး မတ်တပ်ရပ်ပါတယ်။ အဖွားကလည်း ဘာမှ မပြောပါဘူး။ အဖေက "အမေ ကျနော်လာတာကို မမြင်ဘူးလား" ဆိုတော့ အဖွားက " မြင်သားပဲ၊ မင်းကမှ ငါ့ကို နှုတ်မဆတ်တာ"တဲ့။ အဖွားက သူ့သားကို ချွဲတာနေမှာပေါ့။

ပြောရင်းနဲ့ ကျနော်သတိရမိတာ တခုရှိပါတယ်။ မဇနိပါ။ သူ ရန်ကုန်ကနေ နယ်ပြောင်းတော့ ပစ္စည်းတွေကို နယ်ပို့ဖို့ အဝေးပြေးကားဂိတ်ကို သွားပို့ရပါတယ်။ တက္ကစီကို ငှားပြီး ပစ္စည်းတွေ တင်ရပါတယ်။ ပစ္စည်းတွေကများ၊ တက္ကစီက တစီးတည်းလည်း ဖြစ်နေတော့ သူမမှာ ထိုင်ရတာ အဆင်မပြေဘဲ ခြေထောက်တစ်ဖက် ခေါက်နေတာပါ။ အဝေးပြေးကားဝင်းကို ရောက်တော့ သူမက တက္ကစီပေါ်ကဆင်း၊ ခြေထောက်နာနေတော့ ကျနော့်ကို လှမ်းပြီး ငိုသံလေးနဲ့ "အီး အိ ခြေထောက်နာတယ်"ဆိုပြီး မျက်ရည်လေးတစမ်းစမ်းနဲ့ ပြောတာပါ။ ကျနော်ကလည်း ပစ္စည်းတွေတင်ရ၊ ချရတာနဲ့ အလုပ်ရှုပ်နေတော့ သူ့ကို "အေး..အေး.. ပစ္စည်းတွေ ချပြီး တန်ဆာ လုပ်လိုက်ဦးမယ်နော်။ နောက်မှ ငိုနော်။" လို့ ပြောတော့ သူမကလည်း ထွက်လာတဲ့ မျက်ရည်လေးကို အသာသုတ် "အင်း" ဆိုပြီး ကျနော် အလုပ်ပြီးသည်အထိ စောင့်ရှာပါတယ်။ သူမက ခြေထောက်နာလို့ ချွဲချင်တာကို ကျနော်အလုပ်ရှုပ်နေတော့ အလိုက်တသိနဲ့ ချွဲချိန်ပြောင်းပေးပါတယ်။ အားလုံးလုပ်ကိုင်ပြီးပြီဆိုမှ ခြေထောက်နာတာကို အစပြန်ဖော်ပြီး၊ တအီးအီးလုပ်၊ မျက်ရည်လေး စမ်းစမ်းနဲ့ ပြန်ချွဲရတာပါ။ အဲဒါကြောင့် ချွဲခြင်း အနုပညာကို တတ်ဖို့ လိုပါတယ်လို့ ပြောတာပါ။

တခါတလေကျလည်း ချွဲတယ်ဆိုတာ ချွဲလိုသူက သူချွဲချင်တဲ့သူကို မလှုပ်သာ မရှားသာ အခြေအနေထဲကို ရောက်အောင်လုပ်ပြီး ချွဲတာပါ။ မြင်သာအောင် ဥပမာပေးရမယ်ဆိုရင်တော့ ကျနော့်ရဲ့ ဇာတ်လိုက်ကျော် မဇနိနဲ့ပဲ ပေးရမှာပါပဲ။ နှစ်ယောက်သား လမ်းလျှောက်ရင်း တန်းလန်းနဲ့ လျှောက်နေတဲ့ လမ်းမပေါ်မှာ လူထူထူရှိရင် သူမက ဇာတ်လမ်းစတာပါ။ သူ့ကို လမ်းမပေါ်မှာ ပွေ့ချီရပါမယ်တဲ့။ သူက တိုးတိုးလေး လာပြောတာပါ။ ဒွတ်ခနဲ့ လှလှတွေ့တော့တာပါပဲ။ "ဟဲ့ ဘယ်လိုလုပ်ပြီး ဒီနေရာကြီးမှာ ချီလို့ရမှာလဲ" ဆိုတော့လည်း "မသိဘူး အချီခံချင်တာပဲ သိတာတဲ့"။ ကျနော်က တကယ်ပွေ့ချီမယ့် ဟန်လုပ်ရင်လည်း သူပဲ ရှေ့ဆုံးက ထွက်ပြေးမှာပါ။ ဒါပေမယ့် ကျနော်ကလည်း လမ်းမကြီးပေါ်မှာ "အေး..အေး.." ဆိုပြီး ပွေ့ချီမယ့်ဟန်ကလည်း မလုပ်ရဲပါဘူး။ ဒီတော့ သူက အချွဲနိုင် နိုင်သွားပါတယ်။ သူ့ကို မချစ်ပါဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အပြောခံရတော့တာပါပဲ။ အဲသလို မဟုတ်ရပါဘူး၊ ဒီလိုကြီးက အဆင်မှ မပြေတာကို၊ ဘာညာ ဘာညာ ပြန်ဖြေရှင်းရတာပါပဲ။ စိတ်တော့ ညစ်ရသလို ရှိပေမယ့် အဲသလို အချွဲခံရတာလည်း ပျော်စရာ ကောင်းပါတယ်။

ကျနော် ချွဲတာကတော့ တမျိုးပါ။ နည်းနည်းတော့ မကောင်းပါဘူး။ ဂျူးရေးတဲ့ "ကျမချစ်သော ယောက်ျားများ" ဝတ္ထုတိုထဲက အမျိုးသမီးရဲ့ ယောက္ခထီးကို အားကျတာမျိုးပါ။ အဲဒီ ယောက္ခထီး အဖိုးကြီးက အရက်သောက်ပေမယ့် မူးပြီး မရမ်းကား၊ မဆိုးပါဘူးတဲ့။ အရက်မူးနေတုန်း သူ့အဖွားကြီးကို ချွဲတာများ ဒီလိုပါ။ ငါ့မှာ အရက်သောက်ရတာ မဝပါဘူးကွယ်ဆိုပြီး မူးမူးနဲ့ ငိုပြီး ချွဲတာမျိုးပါ။ (အမှတ်မှားရင်လည်း သည်းခံကြပါ။) ကျနော်လည်း မန္တလေးကနေ ရန်ကုန်ကို ရထားစီးပြီးသွားကြတုန်းက သူငယ်ချင်း ယောက်ျားလေးတွေ၊ မိန်းကလေးတွေရှိပေမယ့်၊ မူးနေတာကြီးနဲ့ မဇနိလက်ကို ကိုင်ပြီး၊ သူ့ဘေးမှာ ဇာတ်ကြီးကျိုးကျနေတာပါ။ သူလည်း အဲဒီအထုတ်ကြီးကို ဘယ်သွားပို့ရမှန်းမသိတော့ ငြိမ်ပြီး ထိုင်နေရတာပါပဲ။ ကိုယ်ကလည်း အမူးပါးပေပဲ။ ကိုယ့်ကို နှင်မထုတ်မယ့် သူ့နားကိုပဲ သွားနေတာပေါ့။ အဲသလိုပါ။ ဟေ့ ဆာကေးသောက်ချင်တယ်ဆိုတော့လည်း သူမက ဆာကေးရတာပါပဲ။ ကျနော်က မူးနေရင် မုန်းစရာမကောင်းဘဲ ပိုပြီးတောင် ချစ်စရာကောင်းတယ်လို့ သူမစိတ်ထဲမှာ သိနေပါတယ်။ (ဟီးဟီး ကျနော့် စိတ်ထဲ ထင်တာ ပြောတာ။ တကယ်က ဟုတ်လောက်ဘူးရယ်။)

နောက်ချွဲနည်းတမျိုးက ငေါက်ချွဲပါ။ ဘဝမှာက ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါး အရသာစုံမှ ပိုပျော်စရာ ကောင်းတာမဟုတ်လား။ အသုတ်စုံစားတာတောင် အရသာစုံစုံ စားချင်တာလေ။ ဒီတော့ အငေါက်အရသာလေးလည်း ပါရင် ဘဝမှာ ပိုပြည့်စုံမှာပေါ့နော။ အခြားလူတွေ သဘောတူချင်မှ တူပါလိမ့်မယ်။ တစ်ယောက် ငေါက်ချွဲ ချွဲနေရင် ကျန်တစ်ယောက်က ကြောက်ချင်ယောင်ချွဲ ချွဲရပါတယ်။ "အပေးအယူ လွန်ကြည်ဖြူ" ဆိုတာ နှစ်ကိုယ်တူ ဘဝမှာ အလွန်အရေးကြီးတာပါ။ တစ်ယောက်က ငေါက်နေရင် တစ်ယောက်က အသာလေးနေပေးရမယ်။ နှစ်ဖက်တင်းရင် ပြတ်သွားမယ်လေ။ ငေါက်တယ်ဆိုတာက ငေါက်ရပြီးရော မငေါက်ရပါဘူး။ ဆိုလိုတာက "နင်ကလေ တပြားလောက်တောင် မတန်အောင် အသုံးမကျတာပါလား" ဆိုရင် အငေါက်ခံရတဲ့သူကလည်း ဘယ်မှာ ခံနိုင်မလဲ။ ညင်ညင်သာသာ စကားလုံးလေးတွေ သုံးရမှာပေါ့။ "ဟဲ့ အချိုးလေးရဲ့ အဲဒါမျိုးက မလုပ်ရဘူးလေကွာ" ဆိုရင် ကျန်တစ်ယောက်ကလည်း "ဟုတ်ကဲ့ မသိလို့ပါရှင့်" ဆိုရင် ဘယ်လောက် အဆင်ပြေသလဲ။

ချွဲတယ်ဆိုတာကလည်း အနုပညာတရပ်ပါ။ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသကို နားလည်ရသလို အပေးအယူဆိုတာရယ်၊ ချွဲခြင်း အပြင်းအပျော့၊ အဖိအဖော့ စတာတွေကို သိပြီး တတ်ကျွမ်းရပါတယ်။ ဘယ်အချိန်ပဲနေနေ၊ သူက ဘာတွေပဲ ဖြစ်နေဖြစ်နေ ငါချွဲချင် ချွဲလိုက်မှာပဲလို့ လုပ်လို့မရပါဘူး။ တစ်ယောက်ရဲ့ သိက္ခာကို စော်ကားသလို မဖြစ်အောင်လည်း ဆင်ခြင်တတ်ရပါတယ်။ အဲ အချိန်အကြာကြီးလည်း မချွဲရပါဘူး။ အမြဲဆွဲထားတဲ့ သားရေကွင်းများလို ညောင်းသွားတတ်ပါတယ်။ ထင်ရာမြင်ရာတွေကိုတော့ အတော်လေး လျောက်ပြောပြီးသွားပါပြီ။ ဘော်ဘော်တွေလည်း ချွဲခြင်းအနုပညာကို မှန်မှန်ကန်ကန်အသုံးချပြီး ဘဝမှာ ပျော်ရွှင်နိုင်ကြပါစေ။

Friday, August 22, 2008

နှစ်ကိုယ်တူ



မနေ့က ကျောင်းသွားတော့ နွေရာသီ အနားယူနေကြလို့ ကျောင်းသားတွေ သိပ်မလာပါဘူး။ ဒါနဲ့ပဲ တခြားအိမ်ထောင်ကျပြီးသား သူငယ်ချင်းရယ် ဂျပန်မလေးတယောက်ရယ်နဲ့ စကားပြောဖြစ်ကြတယ်။ လက်ဖက်ရည်သောက်ရင်း မုန့်စားရင်း ပြောကြတဲ့ အကြောင်းက တူနှစ်ကိုယ်နဲ့ ပတ်သက်ကြတဲ့ အကြောင်းတွေပါ။ သူ့နိုင်ငံ ကိုယ့်နိုင်ငံ အလေ့တွေ တူသလား၊ မတူလား မေးကြတာပါ။ လူတယောက်ရဲ့ အယူအဆပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတခုလုံးကို သုံးသပ်လို့တော့ မရပါဘူး။ သူတို့နဲ့ အပျော်သဘော ပြောကြဆိုကြတာက ဗဟုသုတတော့ ရတာပေါ့။ သူတို့ သဘောထားက ဘယ်လိုဆိုတာ သိရတာပေါ့။


ဂျပန်မလေးနဲ့ မကြာခဏ ပြောဖြစ်တဲ့ အကြောင်းက သူ့မှာ boyfriend အသစ်ရနေပြီ၊ “ဒီနေ့ ချိန်းထားတာ ရှိတယ်“။ သူကို မေးတယ် “မင်းမှာ အခု ကောင်လေးရှိသလား“ ဆိုတော့ “အခု ပြတ်သွားပီ တယောက်နဲ့“၊ “အခု အသစ်ရှာနေတယ်“ အဲလို။ သူတို့က ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ “မင်းမှာ boyfriend ဘယ်နှယောက်ရှိသလဲ“ ဆိုရင်လည်း သူက မျက်လုံး မှေးမှေးလေးမှိတ် လက်လေးတွေ ချိုးပြီး ရေပါတော့တယ်။ နောက်မှ “၈ ယောက်လောက်ပါ“ တဲ့။ ဂျပန်မိသားစုအိမ် အလည်သွားတော့လည်း အမေးခံရတယ် “ဘာလို့ ခုထိ ကျောင်းဆက်တက်တာလဲ“၊ “ဝါသနာပါလို့လား“၊ “အိမ်က ထားလို့လား“ တဲ့။ သူတို့မေးမှပဲ ကိုယ့်ဘာသာ ပြန်စဉ်းစားယူရတယ်။ “အိမ်ကလည်း ထားလို့၊ ဝါသနာလည်း ပါလို့“ လို့ ပြောလိုက်မိတယ်။ “မြန်မာပြည်မှာ ရာထူး မြင့်တဲ့နေရာတွေကို အမျိုးသမီးတွေ ရသလား“ ဆိုလာတော့ “ရတယ်ပေါ့“ နော်။ ဒီနိုင်ငံမှာတော့ ကောင်မလေးတွေက ဘွဲ့တခုလောက်ရရင် တော်ပြီတဲ့။ ဘွဲ့လွန်တွေ မတက်ချင်ကြဘူး။ အမေတွေကလည်း ပိုက်ဆံချမ်းသာတဲ့သူ ရှာယူဖို့ တိုက်တွန်းပြီးသားတဲ့။ ငယ်ငယ်ကတည်းက သင်ပေးတယ်တဲ့လေ။ အလည်သွားတဲ့အိမ်က အိမ်ရှင်အမျိုးသားက တက္ကသိုလ်က ပါမောက္ခပါ။ အမျိုးသမီးက အကဆရာမ၊ ပန်းချီလည်း ဆွဲတယ်။ အလှပြင်ထားတာလည်း အရုပ်မလေးအတိုင်းပါပဲ။ သမီးလေး တစ်ယောက်ရှိပေမယ့် ကလေးအမေလို့ မထင်ရပါဘူး။ ကိုယ်ပိုင်တိုက်၊ ကား၊ ခြံနဲ့ဆိုတော့ သူတို့က သူဌေးမဟုတ်ပေမယ့် အလယ်အလတ်တန်းစားလို့ ပြောပါတယ်။ “သူကလည်း ပိုက်ဆံရှာနိုင်တဲ့ အမျိုးသားကို ရထားတာ ကံကောင်းတယ်“ တဲ့။ အလည်သွားတိုင်းတော့ အိမ်မှာ အမျိုးသားကို မတွေ့ရပါဘူး။ မေးကြည့်တော့ “အိမ်ကို ည အစောဆုံးက (၁၀) နာရီ ပြန်လာတယ်“ လို့ ပြောတယ်။ နောက်ကျရင် (၁၂) နာရီပေါ့။ စနေ၊ တနင်္ဂနွေလည်း သူက ဘောလုံးပွဲ ၀ါသနာပါတယ်ဆိုတော့ အိမ်မှာမရှိဘူးတဲ့။ သူတို့က ချမ်းသာတော့ အမျိုးသားက အပြင်သွား၊ သူကလည်း ပန်းချီဆွဲတယ် လူမှုရေးကိစ္စတွေ အသင်းအဖွဲ့တွေမှာ ပါတယ်ပေါ့။ သူတို့ရဲ့ တူနှစ်ကိုယ်လျှောက်နေကြတဲ့ လမ်းကလည်း သူတို့အတွက်တော့ သာယာနေတာပါပဲ။

တခြားနိုင်ငံက သူငယ်ချင်းကတော့ ဂျပန်နဲ့ အိမ်ထောင်ပြုထားတယ်။ သူ့ကိုလည်း သူ့အမျိုးသားက ချစ်ပါတယ်။ ဒါပေမယ့် ထမင်းလက်ဆုံမစားရတာ များတယ်။ အိမ်ပြန် နောက်ကျတာများတော့ ဒါကြီးကို သူ လက်မခံနိုင်ဘူး။ သူ့နိုင်ငံကို ပြန်နေကြဖို့ စည်းရုံးရေး ဆင်းနေတယ်တဲ့။ သူတို့နိုင်ငံမှာလည်း မိသားစုလက်ဆုံစားကြတာ ထုံးစံရှိတယ်။ အမျိုးသားက ပါတီတွေ သွားနေတာမျိုး မကြိုက်ပါဘူး။ သူကတော့ ဒီအမျိုးသားတယောက်ပဲ ချစ်ခဲ့တာပါလို့ ဆိုတယ်။ သြော် သူတို့နိုင်ငံတွေလည်း လူတိုင်း အချစ်များကြတာတော့ ဟုတ်ဘူးလို့ သိရတာပေါ့နော်။ “မြန်မာတွေက တယောက်ပဲကြိုက်ပြီး တယောက်ပဲ လက်ထပ်သလား“ လို့ မေးလာတဲ့အခါ “အဲလိုများတယ်“လို့ ဖြေမိတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ “ဒို့ဆီမှာလည်း စိတ် အမျိုးမျိုးရှိတာပါလေ“၊ “ရည်းစားတွေ အများကြီးထားတာလည်း ရှိတာပါပဲ"လို့ တွေးမိလိုက်တယ်။ ကွာခြားချက်တခုက သူတို့က ပွင့်လင်းတယ်။ ကိုယ့်ဆီက တိတ်တိတ်လေး လုပ်နေကြတာတွေရှိတယ်။ နောက်တော့လည်း နိုင်ငံနဲ့မဆိုင်ဘဲ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုရင် ပိုမှန်မယ်ထင်တယ်လို့ အတွေးသတ်လိုက်မိတယ်။

လူတယောက်နဲ့ တယောက် ပတ်သက်ကြပြီဆိုရင် လေးစားမှု၊ အထင်ကြီးမှုလည်း ပါရမယ်။ ကိုယ်လက်ထပ်မည့်သူကိုမှ အထင်ကြီးစိတ်မရှိရင်လည်း လက်တွဲဖို့ လွယ်ကူပါ့မလား။ အတွေးတွေ ကွာခြားနေမယ်ဆိုရင်ရော လက်ခံနိုင်ပါ့မလား။ များသောအားဖြင့်တော့ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ချင်ကြမှာပါ။ သစ္စာလည်း ရှိချင်ကြမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားကြရင်လည်း ရင်ဆိုင်ကြရတယ်။ မေ့ပျောက်ကြရတယ်။ မေ့နိုင်အောင် ကြိုးစားကြရတာတွေ ရှိမယ်။ “အနေဝေးရင် သွေးအေးတယ်“ ဆိုတာတော့ လူနဲ့ ဆိုင်ပါတယ်။ ခံယူချက်တိကျမယ်ဆိုရင် ဝေးတာ၊ နီးတာ ဆိုင်မယ်မထင်ပါဘူး။ ဂျပန်မလေးရဲ့ အမြဲစိတ်ဝင်တစားမေးတတ်တဲ့ မေးခွန်းတခုရှိပါတယ် “အွန်းလိုင်းမှာ စကားပြောရုံ၊ ဖုန်းပြောနေရုံလေးနဲ့ မိုင်ပေါင်းများစွာဝေးတဲ့သူကို ဘာလို့ချစ်နေနိုင်သလဲ“ “ထူးဆန်းတဲ့ အချစ်အကြောင်း ပြောပြစမ်းပါ“ တဲ့လေ။ ကိုယ့်မှာ သူကျေနပ်လောက်စေမည့် အဖြေမရှိပါဘူး။ “သံယောဇဉ်“ တွေ “သစ္စာ“တွေ သွားပြောလည်း သူက လက်ခံမယ် မထင်ပါဘူး။ ကိုယ့်စိတ်ထဲမှာတော့ တယောက်နဲ့တယောက် ပတ်သက်ကြတာ နားလည်မှုတွေ၊ သံယောဇဉ်တွေ ရှိနေလို့ ခိုင်မြဲတယ်ဆိုတာပဲ သိတာပါ။

သူငယ်ချင်းတွေ တချို့အတွဲတွေလည်း အိမ်ထောင်ကျသွားကြပြီ။ တချို့လည်း ချစ်တဲ့သူနဲ့ တချို့လည်း နောက်မှ ချစ်ကြတဲ့သူနဲ့ပေါ့။ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေကြတယ်ဆို ဝမ်းသာမိတာပါ။ အဆင်ပြေတယ်ဆိုတာပဲ ကြားရတော့ စိတ်ချမ်းသာတာပေါ့။ တချို့လည်း နောက်တယောက်နဲ့ တွဲကြပေါ့။ သူငယ်ချင်းအချင်းချင်း ပြောကြတာတခုရှိတယ် “နောင်ပြန်တွေ့ကြရင် ဘယ်သူ မပါဘူးလား“ ဆိုတာ မမေးမိစေနဲ့။ “အတူလာတဲ့လူကို အရင်ကြည့်၊ အခြေအနေလေးလည်း ကြည့်“ လို့ ပြောဖြစ်ကြတယ်။ ဟုတ်တယ်လေ တခါတလေ အစွဲလေးတွေရှိသကိုး “သူငယ်ချင်း ဘယ်သူလေ“ ဆိုရင် “ဟယ် ဘယ်ကောင်နဲ့ အိမ်ထောင်ကျနေပြီလား“ ဆိုပြီး လွှတ်ကနဲ မေးချင်တာ။ တနေ့ကပဲ သူငယ်ချင်း ကောင်လေးတယောက်နဲ့ စကားပြောဖြစ်တယ် “မဇနိရေ ကျနော်တို့ ယောက်ျားလေးတွေက မိန်းကလေးတွေချစ်လာတဲ့ ဒဏ်ကို မခံနိုင်ဘူးဗျ“ တဲ့။ မြတ်စွာဘုရား။ “အဲသလိုမထင်ဘူး“၊ “မိန်းကလေးတချို့က လိုချင်တာကို နည်းမျိုးစုံနဲ့ ရအောင်ယူတတ်တယ်“၊ “တချို့ယောက်ျားလေးတွေက ရိုးတော့ မာယာတွေကို နားမလည်ဘဲ ပါသွားကြတာ“ လို့ ပြောလိုက်တယ်။ “ယောက်ျားလေးတချို့က အတော်ရိုးသားကြတယ် ကောင်မလေးတွေ ကပ်မှန်းသိပေမယ့် အားနာပြီး ပါသွားကြပြန်ရော“ လို့ ပြောမိတာပေါ့။ သူငယ်ချင်းမိန်းကလေးတွေသိရင် ထုချင်နေကြမှာပါ။ အရမ်းမပြောပါဘူး ကိုယ့်ပတ်ဝန်းကျင်မှာ အဲသလိုတွေ မြင်နေရ၊ ကြားနေရတော့လည်း ပြောမိတာပါ။

မိန်းကလေးကလည်း မူယာမာယာများပါတယ်။ ကြောက်စရာလည်းကောင်းပါတယ်။ ပါးစပ်ကလေးတွေနဲ့ သူတဖက်သားကို ပြုစားချင်ကြတယ်။ ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို ကတိတွေပေးပြီး နောက်များမှ ဆောရီးချင်ကြတာလည်း မကောင်းဘူးပေါ့။ တနေ့က မောင်လေးလိုခင်တဲ့ တစ်ယောက် ငိုလား၊ မူးလားနဲ့ ပြောလာပါတယ်။ သူနိုင်ငံခြားရောက်နေတာ (၄) နှစ်ရှိပြီ ကောင်မလေးက စာတစ်စောင်မှမရေးလို့။ သူဖုန်းခေါ်ရင် ဖုန်းကိုင်ပေမယ့် ပြောတာကိုပဲ နားထောင်ပြီး စကားကို ကောင်းကောင်း ပြန်မပြောလို့တဲ့။ အဲဒါ အစ်မအနေနဲ့ ဘယ်လိုထင်လဲ။ ကူညီပါအုံးတဲ့။ ဒုက္ခပဲ။ ကိုယ်ကလည်း သူငယ်ချင်းတွေကြုံဖူးနေတာ၊ သူငယ်ချင်းမိန်းကလေးတွေ ပြောဖူးခဲ့တာတွေကို သိနေတော့ ဘာပြောရမှန်းမသိပါဘူး။ တကယ်တော့ သူခံစားနေတာကို အားပေးရမယ်ဆိုတာ သိပေမယ့် စိတ်ကမရဘူး။ “ဒါ နင့်ကို မချစ်လို့“၊ “အသစ်ရနေတာ ဖြစ်မယ်“ လို့ ရေနစ်သူကို ဝါးကူထိုးလိုက်တာ ငိုပါလေရော။ ငိုသာငိုတာ သူကလက်မခံဘူး “အစ်မပြောတာ မဖြစ်နိုင်ဘူး“ “သူက ကျနော့ကို သိပ်ချစ်တာလို့ ပြောဖူးတယ်“ တဲ့။ “နင်သေလိုက်“ လို့၊ “ဒီလိုမျိုး ပြောတိုင်းယုံနေရင်တော့ ဆက်ခံစားနေ“လို့ ပြောလိုက်မိတယ်။ ဟုတ်ပါတယ် “နင့်ကို သိပ်ချစ်တာပဲ“လို့ ပြောဖို့ ဝန်မလေးတဲ့ မိန်းကလေးတွေလည်း ရှိခဲ့ဖူးလို့၊ ကြုံခဲ့ဖူးလို့ ဒါတွေဟာ မထူးဆန်းတော့ပါဘူး။ သူကလည်း လက်မလျှော့သေးပါဘူး “အစ်မရေ သူက ကျောင်းဆရာမ မို့လို့ ကလေးတွေရှေ့ စာရေးရမှာ ရှက်နေလို့ များလား“ တဲ့။ စိတ်ကလဲတိုလာတော့ “ကျောင်းဆရာမမှာလဲ ကိုယ်ပိုင်အချိန်ရှိတာပဲ၊ ခုခေတ်မှာ ရည်းစားဆီ စာမရေးရဲဘူးဆိုတာ ရှိဘူး“ လို့ ပြောလိုက်တယ်။ တကယ်တော့ သူ့ကောင်မလေးက အသစ်ကောင်လေးနဲ့ တွဲနေတာ ကြားထားလို့လည်း ဒီစကားတွေ ပြောမိတာပါ။ နိုင်ငံခြားမှာ အလုပ်သွားနေတဲ့ကောင်းလေးက ပင်ပန်းနေမယ်။ ကိုယ့်စာလေးဖတ်ရရင် ခဏလေးများ စိတ်ပျော်ရွှင်စေမလားလို့ တွေးပြီး နားလည်ပေးမယ် စာရေးမယ်ဆိုရင် ပိုကောင်းတာပေါ့နော်။ ဒါလည်း တကယ်ချစ်တယ်၊ ဦးတည်ချက်ခိုင်မာတယ်ဆိုရင် ပြောစရာလိုမှာ မဟုတ်ပါဘူး။ “အစ်မရော အစ်ကို့ဆီ စာရေးခဲ့သလား“ လို့ ထပ်မေးတော့ “တပတ်ကို နှစ်စောင်၊ တစောင်ကို ဆယ်မျက်နှာရေးတယ်“ လို့ ပြောလိုက်တော့ ငိုနေရာကနေ တခွိခွိ ထရယ်တော့တယ်။ “ဟဲ့ ဘယ်လို ဖြစ်တာလဲ“ ဆိုတော့ “သူသိသွားပြီ၊ သူ့ကောင်မလေးက နားလည်မှုမရှိတာ အဓိက“ ပါတဲ့လေ။ အခုတော့ သူလည်း ဖုန်းဆက်မလာတော့ဘူး။ သူ့ဟာသူကျိတ်မှိတ်ခံစားနေသလား၊ အဆင်ပြန်ပြေသွားသလား မမေးမိတော့ဘူး။

သူငယ်ချင်းတယောက်ကတော့ ဆောက်လုပ်ရေးက အင်ဂျင်နီယာပါ။ ငယ်ငယ်က တကယ့်စာကြမ်းပိုးပါ။ အခုထိလည်း မစွံသေးဘူး။ သူက ငယ်ငယ်က အချစ်ဆိုတာ အလကားပါဆိုပြီး ဘယ်သူ့မှ စိတ်မ၀င်စားဘူး။ ချစ်သူကောင်မလေးရတဲ့ သူငယ်ချင်းတွေကို “မင်းတို့ ဘုန်းနိမ့်ချိန်ရောက်လို့ ကောင်မလေးရတာ“ လို့ ပြောတတ်တဲ့သူပါ။ အခုမှ သူနဲ့အတူ အင်ဂျင်နီယာမကို ကြိုက်မိတယ်ပေါ့။ ကောင်မလေးက အချောစားလေးပါ။ သူက ရုပ်ကမဆိုးပေမယ့် လူကရိုးတော့ ကောင်မလေးက မကြိုက်ပါဘူး။ ဒါပေမယ့် ခက်တာက မကြိုက်ဘူးလည်း မပြောဘူး။ ဘယ်လိုနှိပ်စက်သလဲဆိုတော့ သူတို့ တိုက်ခန်းဝရံတာတွေက ဆက်နေတယ်။ ဒါနဲ့ “ဝရံတာက ငရုတ်ပင်လေးသီးရင် အဖြေပေးမယ်“ လို့ ဆိုထားတယ်။ သူငယ်ချင်းကောင်လည်း ရေးလောင်းရတယ်။ အရိပ်ကြည့်ရတယ်။ ပွင့်လာတဲ့အပွင့်တောင် ဘယ်နှစ်ပွင့်လည်း သူသိတယ်။ တခြားသူငယ်ချင်းတွေက ညအိပ်အလည်ခေါ်ရင် သူ့မှာ ငရုတ်ပင်လေးအစွဲနဲ့ မလိုက်နိုင်ဘူး။ ရေလောင်းပျက်ရင် အသီးမသီးမှာ စိုးတာကိုး။ သူက ရှက်တတ်တော့ သူများကို မပြောပါဘူး။ မအားလို့ မလာနိုင်သလိုလိုလုပ်တာ။ နောက်မှ သူမလာလွန်းတော့ ဘာလဲအဖြေပေါ်တော့တာ။ အခုတော့လည်း ငရုတ်ပင်လေးက အပွင့်ပွင့်ပေမယ့် ကောင်မလေးက သူထက် ရုပ်ဖြောင့်တဲ့၊ ချမ်းသာတဲ့သူကို လက်တွဲသွားလို့ ကျန်ရစ်ဖြစ်နေလေရဲ့။ သူကတော့ ခံစားကောင်းတုန်း၊ စွဲနေတုန်းပါ။

တကယ့်တကယ် နှစ်ယောက်လက်တွဲကြမယ်ဆိုရင် သစ္စာရှိဖို့၊ ဆုံးဖြတ်ချက်ခိုင်မာဖို့၊ နားလည်မှုရှိဖို့ လိုမယ်ထင်ပါတယ်။ ဒါတွေရှိရဲ့သားနဲ့မှာ လက်တွဲခွင့်မရဘူးဆိုရင်တော့ ကံကြမ္မာကို ရိုးမယ်ဖွဲ့ကြရမှာပေါ့။ အခုက မိန်းကလေးတချို့ရဲ့ နှိပ်စက်ခြင်းခံနေရတဲ့ သူငယ်ချင်းတွေကို သနားလို့ ရေးမိတာပါ။ နားလည်မှုအပြည့်ရှိတဲ့ နှစ်ကိုယ်တူဘဝကို ထူထောင်နိုင်ဖို့ မျှော်လင့်မိပါတယ်။

မဇနိ

Thursday, August 21, 2008

နိပွန်ပြည်မှာ ခရီးသွားမယ်


ဒီနေ့တော့ Immigration office ကို သွားစရာ ပေါ်လာပါတယ်။ တခါမှ မသွားဖူးသေးတော့ အင်တာနက်မှာ လိပ်စာရှာတယ်၊ သူများကိုလည်း ဖုန်းဆက်မေးပြီး တစ်ယောက်ထဲပဲ သွားဖြစ်ပါတယ်။ ဒီမှာက အင်္ဂလိပ်လို သိပ်ပြောလို့မရပါဘူး။ ဂျပန်လိုကလည်း ကိုယ်ကသိပ်မပြောတတ်ပါဘူး။ ဒါပေမယ့် ဒီမှာ ခရီးသွားရတာ တော်တော် အဆင်ပြေအောင်လုပ်ထားတာ တွေ့ရပါတယ်။


ဂျပန်မှာရှိတဲ့ရထားတွေက JR line လို့ခေါ်တဲ့ Japan railways group, Subway, Streetcar, Monorail, Bullet train or Shinkansen ဆိုပြီး ရှိပါတယ်။ JR Line တွေကတော့ နေရာအနှံ့မှာ ရှိပါတယ်။ အရင်အိမ်နဲ့ကျောင်းကတော့ မြေအောက်လိုင်းပဲ သုံးခဲ့တာပါ။ မြေအောက်လိုင်းက ရထားလက်မှတ် ဈေးပိုကြီးပါတယ်။ မြေအောက်မှာ ဆောက်လုပ်ရတဲ့ အရင်းအနှီးက များတာကြောင့် အခုချိန်ထိ ဈေးမသက်သာသေးပါဘူးလို့ Transportation အတန်းတက်တုန်းက ဆရာကပြောပြဖူးပါတယ်။ ကျွန်မထင်တာက မြေအောက်ရထားဆို ဈေးချိုမယ် ထင်ခဲ့တာပါ။ ကျွန်မအိမ်နဲ့ ကျောင်းနဲ့ကို ၁၀ ဘူတာစီးရပါတယ်။ ရထားလက်မှတ်ခက ယန်း၂၉၀ ပါ။ ကျောင်းတက်ရက် ၂၂ ရက်အတွက်ဆို ယန်း၁၂၇၆၀ ကုန်ပါတယ်။ ကျောင်းသားကဒ်နဲ့ ရထားလက်မှတ်လုပ်ထားမယ်ဆိုရင်တော့ ၁ လ စာမှ ၆၂၄၀ယန်းပဲ ပေးရပြီး ၁ လ အတွင်း ကြိုက်သလောက် စီးနိုင်ပါတယ်။ အခေါက်ခေါက် အခါခါ စီးလို့ရပြီး ကျောင်းပိတ်ရက်တွေမှာ ကြားဘူတာတွေကို ဈေးဝယ်သွားနိုင်ပါတယ်။ ဒီလက်မှတ်က နိုင်ငံခြားသားတွေနေတဲ့ အဆောင်ရှိတဲ့ ဘူတာ ၁၂ ကနေ ကျောင်းဘူတာ ၂၂ အတွင်းပဲ သုံးလို့ရပါတယ်။ ကျောင်းသားတွေအတွက်တော့ အဆင်ပြေပါတယ်။ မြန်မာတွေက ပိုက်ဆံဆင်းရဲတယ်။ ကပ်စေးနှဲတယ်လို့သာ ပြောတာ အဆောင်မှာဆို ကိုယ့်ဆီကနေ သိရိလင်္ကာ၊ ဘူတန်၊ မွန်ဂိုလီးယားစတဲ့နိုင်ငံက သူငယ်ချင်းတွေက အဲဒီလက်မှတ်ကဒ် လာလာငှားပါတယ်။ တချို့ဆို အမျိုးသမီးခေါ်ထားပြီး သူတို့အပြင်သွားချင်ရင် ကိုယ့်ဆီက လာငှားပါတယ်။ ၀ယ်မထားပဲ ခြွေတာရေးတဲ့။ ငှားရတာမနှမြောပေမယ့် ခဏခဏဆိုတော့ ကိုယ့်မှာ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ကိုယ်ကလည်း စိတ်ကူးပေါက်ရင် ဈေးဝယ်သွားချင်သွားတတ်တာကိုး။
JR train - ရထားဘူတာအတွင်းပုံ

မြေအောက်ရထားနဲ့ ကျောင်းလာခဲ့ရတဲ့ အချိန်တွေတုန်းကတော့ မနက်ခင်းဆို စိတ်အတော်ညစ်ရပါတယ်။ အဲဒီပုံ ကိုRepublic ရဲ့ဘလော့မှာ ဗွီဒီယိုလေးတင်ထားတာ တွေ့နိုင်ပါတယ်။ နံရံနားကပ်နေတဲ့ ထောင့်တနေရာရမယ်ဆိုမှ သက်သာပါတယ်။ မဟုတ်လို့ကတော့ တခါတလေ ခြေတစ်ချောင်းပဲချရပါတယ်။ ရုံးဖွင့်ရက်တွေမှာ မနက် ၅ နာရီကနေ ၉ နာရီအတွင်း မနက်ရုံးသွား၊ ကျောင်းသွားတွေအတွက် အမျိုးသမီးသီးသန့်သတ်မှတ်ပေးထားလို့ အဲဒီအတွဲမှာ တိုးစီးဖြစ်ပါတယ်။ အဲဒီမှာ တံခါးပိတ်လို့မရအောင် ပြည့်သွားရင်တော့ တခြားအတွဲကို သွားစီးရပြီပေါ့။

တချို့လူတွေက သူတို့ကိုထိမှာ ကြောက်ပါတယ်။ သူတို့ကလည်း သူများကို မထိခိုက်အောင် ခြေထောက်ဆို စုထိုင်တာများပါတယ်။ “ဟိုဖက်နဲနဲလောက် တိုးပေးလို့ရမလား“ အဲလိုတော့ သွားမပြောမိစေနဲ့။ တိုးပေးမယ့် သဘောကောင်းတဲ့သူက ခပ်ရှားရှားပါ။ အမျိုးသားတွေက ပိုဆိုးတယ်တဲ့။ အဲလိုပြောမိရင် စိတ်ဆိုးကြတယ်။ တချို့ဆို ရန်လုပ်ခံရပါတယ်။ အခုတော့ လူတိုးမခံရနိုင်မယ့်နေရာကို ရှာပြီး ရထားစီးတတ်နေပြီ။

Seishun 18 Kippu
ဂျူးဟချိခိပု(Seishun 18 Kippu) လို့ခေါ်တဲ့ discount လက်မှတ်ကို နွေရာသီပိတ်ရက်ရှည်တွေမှာ ရောင်းချပေးပါတယ်။ သူကတော့ JR line အားလုံးကို စီးလို့ရတော့ ဘယ်ကိုပဲသွားသွား ၂၄ နာရီအတွင်းသုံးလို့ရပါတယ်။ ၅ စောင်အတွဲလိုက်ကို ယန်း ၁၁၅၀၀ ပေးရပါတယ်။
shinkansen နဲ့သွားမယ်ဆိုရင် တိုကျို၊ အိုဆာကာခရီးကို ၂ နာရီ ၅၀ မိနစ်လောက်ပဲကြာပေမယ့် JR Line နဲ့ သွားမယ်ဆိုရင်တော့ အနည်းဆုံး ၈ နာရီလောက် ကြာပါတယ်။ ကြားထဲမှာလည်း အနည်းဆုံး ၃၊ ၄ ကြိမ် ရထားပြောင်းစီးရပါတယ်။ အေးအေးဆေးဆေး သွားချင်တဲ့သူတွေအတွက် ဒီလက်မှတ်နဲ့သွားရင် အဆင်ပြေပါတယ်။ ၅ စောင်တွဲဝယ်ပြီး ၅ ယောက်လည်း ရှယ်သုံးလို့ရပါတယ်။ ၈ နာရီလောက်ကြာပေမယ့် မပင်ပန်းပါဘူး။ ရထားတွေက ကောင်းတာရယ်၊ လူပါနည်းတာရယ်ကြောင့် သက်တောင့်သက်သာနဲ့ ရှုခင်းကြည့်ရင်း စာဖတ်ရင်းသွားနိုင်ပါတယ်။ တခါတလေ ရထားတွဲတတွဲလုံးမှာမှ လူ ၂ယောက်လောက်ပါတဲ့အတွဲတွေ ရှိပါတယ်။ ရထားပြောင်းစီးတဲ့အခါမှာလည်း ဝေးဝေးမသွားရပါဘူး။ အလွန်ဆုံး Platform ပြောင်းစီးရုံပါပဲ။ အရောင်တွေနဲ့ လိုင်းတွေခွဲထားပေမယ့် JR ဆို အားလုံးစီးလို့ရပါတယ်။ 24 နာရီအတွင်း ကိုယ်သွားနိုင်သလောက် သွားလို့ရပါတယ်။ တိုကျိုကနေမနက် ၆ နာရီကသုံးခဲ့တဲ့လက်မှတ်တစ်စောင်ဟာ အိုဆာကာကို ညနေ ၆ နာရီလောက်ရောက်တယ်ဆိုရင် အိုဆာကာမြို့ထဲက JR တွေ ဆက်သုံးနေလို့ရပါသေးတယ်။ တရက်အတွင်းမှာ သုံးလို့ရပါတယ်။ ဘတ်စ်ကားနဲ့သွားမယ်ဆိုရင် ယန်း ၈၄၀၀ လောက်ပေးရပါတယ်။ ခုလိုမျိုးလက်မှတ်ကိုဝယ်သွားမယ်ဆိုရင် ယန်း ၂၃၀၀ နဲ့ရောက်သွားမှာပါ။ မသွားခင် အင်တာနက်မှာ train timetable ရှာပြီး print ထုတ်ယူသွားမယ်ဆို အချိန်ရော ရထားပါ အလွယ်တကူမှန်းလို့ရပါတယ်။ ကျောင်းသားအများစုက အဲဒီအချိန်မှာပဲ အပမ်းဖြေ ခရီးသွားကြပါတယ်။ ပိုက်ဆံပေါတဲ့သူတွေအတွက်တော့ ဒီလက်မှတ်မလိုပါဘူး။ shinkansen တို့ လေယာဉ်တို့စီးကြမှာပေါ့နော်။ (ဒီနေရာမှာ ဘယ်အချိန်ဝယ်လို့ရတယ် ဘယ်အချိန်အတွင်းမှာ ခရီးသွားလို့ ရတယ်ဆိုတာကို ဖတ်နိုင်ပါတယ်။)

Streetcar
Matsuyama မြို့မှာ ဒီကားလေးနဲ့ လျှောက်လည်ခဲ့တယ်။

Streetcar ကိုတော့ Matsuyama မြို့ကို ခရီးသွားခါမှ စီးဖူးခဲ့တာပါ။ စီးရတာ တမျိုးစိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲဒီမြို့ကလည်း ခရီးသွားတွေ ကြည့်ရှုစရာနေရာ ပေါများတဲ့အတွက် one day ticket ကို ယန်း ၅၀၀ နဲ့ ၀ယ်ထားမယ်ဆိုရင် နာမည်ကြီးနေရာတွေ တနေကုန်လည်စီးနေလို့ ရပါတယ်။ ယန် ၅၀၀ လားဆိုတာ ဈေးကတော့ သေချာမမှတ်မိတော့ပါဘူး။ ကားပေါ်မှာလည်း ဘယ်ရေပူစမ်းကို ရောက်ပါပြီ ဘယ်လိုနာမည်ကြီးပါတယ်ဆိုတာ ကြေငြာပေးနေတော့ တခါမှမရောက်ဖူးတဲ့သူတွေအတွက် လည်ပတ်ရတာ အဆင်ကိုပြေလို့။ သူတို့တွေက မြေပုံတခုနဲ့ဆို ဘယ်ဖြစ်ဖြစ်သွားလို့အဆင်ပြေနေတော့ တစ်ယောက်ထဲလည်း သွားလာနေကြပါတယ်။ ခရီးသွားတုန်းကဆို စိတ်ညစ်ခဲ့ရပါသေးတယ်။ တံတားတွေ လေ့လာရင်းသွားတာဆိုတော့ နောက်ဆုံးပြန်မယ့်နေ့မှာ ဆရာတွေက ကိုယ်သွားချင်ရာ သွားလည်လို့ရပြီတဲ့။ လေဆိပ်မှာ ပြန်ဆုံမယ်လို့ လုပ်ပါလေရော။ သူတို့ကတော့ လွတ်လပ်ပါစေဆိုပြီး ပြောတာပေမယ့် ကိုယ်က မသွားတတ်ပါဘူး။ မြေပုံလည်း ဆောင်ထားရမှန်းမသိသေးတော့ ငါတော့ ဘယ်လိုလုပ်ရပါ့ပေါ့။ ဆရာက သဘောပေါက်လို့တော်သေးတယ်။ သူတို့နဲ့လိုက်မလားတဲ့။ လိုက်သွားမိပါတယ် ဆရာ ၄ ယောက်၊ ဗီယက်နမ်ကောင်လေး ၁ယောက်နဲ့ ကျွန်မတော့ ရယ်ချင်နေမိတယ်။ အုပ်စုလိုက်ခွဲသွားကြတော့လည်း ဆရာတွေနဲ့မှ မလိုက်ရင် လိုက်စရာက မရှိဘူး။ တခြားအဖွဲ့တွေကလည်း ကောင်လေးတွေဆိုတော့ ကိုယ့်ဘယ်ခေါ်ချင်မလဲနော်။ သူတို့က ရေပူစမ်းလည်း တမေ့တမော ၀င်နေကြတာဆိုတော့ ကျွန်မလည်း ဆရာတွေနဲ့ပဲ လျှောက်လည်ခဲ့ရတာပေါ့။ ဆရာတွေနဲ့လည်တော့ မုန့်စားရတယ်။ သူတို့က ဟိုဟာဒီဟာသောက် ကိုယ်က အမြည်းစားပေါ့နော်။

JR train

ရထားစီးရတာလည်း အင်မတန်အဆင်ပြေလှပါတယ်။ ကိုယ်သွားချင်တဲ့ နေရာသိရင် အင်တာနက်မှာရှာပြီး အဲဒီစာရွက်ကိုင်သွားရင် ရထားစီးရတာလည်း လွယ်ကူပါတယ်။ ဘူတာတွေမှာလည်း အားလုံးကို ညွှန်ပြထားပါတယ်။ စာတန်းကို ကြည့်စီးရင် မှားစရာမရှိပါဘူး။ ဘူတာစဉ် အနီးအဝေးကို လိုက်ပြီး လက်မှတ်ခကွာပါတယ်။ လက်မှတ်ကို မဝင်ခင်မှာပဲ စက်ထဲမှာ ၀ယ်ရပါတယ်။ လက်မှတ်ရောင်းတဲ့ စက်တွေရဲ့အပေါ်မှာ ဘူတာနာမည်တွေ၊ ဈေးနှုန်းတွေရေးပြထားတဲ့ ဆိုင်းဘုတ်ရှိပါတယ်။ ဘူတာအသေးတွေမှာတော့ အများအားဖြင့် ဂျပန်လို ရေးထားတယ်။ ဂျပန်စာ သိပ်အဆင်မပြေတဲ့ နိုင်ငံခြားသားတွေအတွက်တော့ နည်းနည်း ဒုက္ခရောက်ပါတယ်။ ကိုယ်သွားချင်တဲ့ဘူတာကို ဘယ်လောက်တန်လက်မှတ်ဖြတ်ရမလဲပေါ့။ အဲဒါက ခဏလာလည်တဲ့ နိုင်ငံခြားသားများ ကြုံတွေ့ရတာပါ။ ကိုယ်က ယန်း၂၃၀ တန်ခရီးကို ၁၉၀ ဖြတ်မိရင် ဟိုရောက်တဲ့အခါ ထွက်လို့မရပါဘူး။ သူငယ်ချင်းတစ်ယောက်က မသိလို့အတင်းတိုးထွက်ခဲ့ရင်တော့ တစ်မျိုးပေါ့နော်။ တကယ်တော့ အတင်းတိုးထွက်လည်း ဘူတာရဲကခေါ်မှာပါ။ ဒါကလဲ ဖြေရှင်းစရာနည်းလမ်းရှိပါတယ်။ ဘူတာတာဝန်ကျရဲကို သွားပြောရင် သူတို့ကို လိုတဲ့ပိုက်ဆံပေးလိုက်ရင် ထွက်လို့ရပါတယ်။ ဒါမှမဟုတ်ရင် Fair Adjustment Machine မှာသွားပြီး ကိုယ်ဝယ်လာတဲ့လက်မှတ်လေးထည့်လိုက်၊ လိုတဲ့ပိုက်ဆံကို စက်ကပြပါတယ်။

အဲဒီလိုတာထည့်လိုက်ရင် လက်မှတ်အသစ်တစ်စောင်ထပ်ထွက်လာပြီး အဆင်ပြေသွားပါပြီ။ ဒါတွေမှမလုပ်ချင်ဘူးဆိုရင် Suica၊ Pasmo၊ စတဲ့ ကဒ်တွေ ၀ယ်ထားမယ်ဆိုရင် ပိုကောင်းပါတယ်။ ကဒ်စစ၀ယ်ရင် ယန်း၅၀၀ ကဒ်ဖိုးပေးထားပြီး ကိုယ်ကြိုက်သလောက် ပိုက်ဆံထည့်ထည့်သုံးရပါတယ်။ ယန်း ၂၀၀၀ လောက်ထည့်ထားရင် ကုန်တဲ့အခါမှ ထပ်ဖြည့်သုံးတော့ ဘယ်ဘူတာဆို ဘယ်လောက်ပါလိမ့်ဆိုတာ ရှာစရာမလိုတော့ပါဘူး။ အချိန်ကုန်လည်း သက်သာလှပါတယ်။ လက်မှတ်ဝယ်ဖို့ လူစောင့်စရာအချိန်လျော့သလို၊ အ၀င်အထွက်မှာလည်း ပိုက်ဆံအိတ်ထဲက ထုတ်စရာမလိုတော့ စက်မှာပြပြီး ပြေးလို့ရပါတယ်။ auto recharge machine တွေမှာ ပိုက်ဆံထည့်ထည့်ထားလိုက်ရင် အဆင်ပြေသွားပါပြီ။ ကိုယ်သွားချင်တဲ့ဘူတာမှာ ကျသင့်သလောက် သူ့ဟာသူနှုတ်သွားတာမလို့ပါ။

ရထားမှာ လိုကယ်လား၊ အမြန်လား၊ ဘယ်ချိန်လာမလဲဆိုတာတွေက အမြဲစာတန်းထိုးနေတာဆိုတော့ စိတ်ပူစရာမလိုတော့ဘူးပေါ့။ လိုကယ်ကတော့ ဘူတာတိုင်းရပ်တယ်။ အမြန်ကတော့ ၃၊ ၄ ဘူတာကျော်မှ တစ်ခါရပါတာမျိုးပါ။ ကြားဘူတာကို သွားချင်တဲ့သူကတော့ လိုကယ်ကို စောင့်စီးမှကိုရပါတယ်။ ၂ခုလုံးရပ်တယ်လို့ သတ်မှတ်ထားတဲ့ဘူတာကို သွားချင်ရင်တော့ ကြိုက်ရာစီးလို့ရတာပေါ့နော်။ အချိန်ကို တွက်စရာမလိုဘူးဆိုရင်တော့ လိုကယ်ရော အမြန်ရော ခွဲနေစရာမလိုတော့ဘူးပေါ့။ ရထားချိန်တွေအတွက်ကလည်း LCD machine တွေရော ဆိုင်းဘုတ်တွေပါရှိပါတယ်။ ရထားစောင့်ရင်တော့ အတော်စည်းကမ်းရှိတယ်။ ၂ ယောက်ယှဉ်ရပ်စောင့်တယ်။ ရထားရပ်ပြီဆိုရင် တဖက်တယောက်စီ ခွဲရပ်လိုက်တယ်။ ရထားပေါ်က ဆင်းလာမည့်သူတွေက အလယ်ကနေ အလွယ်တကူဆင်းနိုင်အောင်လို့ပါ။ ဆင်းတဲ့သူကုန်အောင်လည်း စောင့်ပြီးမှ တက်ပါတယ်။

ဘူတာထဲမှာ ရထားပေါ်မှာ အမှိုက်မတွေ့ရပါဘူး။ အများအားဖြင့်လည်း ရထားပေါ်မှာ စားစရာစားတာ မတွေ့ရတတ်ပါဘူး။ ပလက်ဖောင်းလှေကားတွေကအစ အမြဲလိုလို သန့်ရှင်းရေးလုပ်နေတဲ့သူ ရှိတတ်ပါတယ်။ အမှိုက်ကိစ္စကတော့ အတော်လေးစည်းကမ်းရှိပါတယ်။ တွေ့ရာမှာချတယ်ဆိုတာ မရှိပါဘူး။ အိမ်တွေမှာလည်း အမှိုက်ကို အမျိုးအစားခွဲထားပြီး သူ့သတ်မှတ်တဲ့နေ့မှာမှ ပစ်ရပါတယ်။ ရထားတွေကလည်း အတော်ကျယ်ဝန်းပါတယ်။ ရောက်စက အံ့သြမိတာတစ်ခုက ရထားပေါ်မှာ တော်တော်များများက အိပ်ငိုက်နေကြတယ်။ နောက်ပိုင်းတော့ ကိုယ်လည်း အတူတူငိုက်မိတော့တယ်။ သူများကို စိတ်မ၀င်စား၊ မကြည့်ချင်တဲ့စိတ်လည်းပါမယ်လို့ ထင်မိတယ်။ သူတို့က အိပ်ရင်အိပ်၊ မအိပ်ရင် ဖုန်း ကလိနေတယ်။ စာလည်းအတော်ဖတ်ကြပါတယ်။ ကျွန်မဘယ်လိုမှမမှတ်မိတဲ့ ခန်းဂျိတွေကို ဂျပန်ကလေး ၁၀ နှစ်ပတ်ဝန်းကျင်တွေကလည်း ရထားပေါ်မှာ စာအုပ်ကိုယ်စီနဲ့ဖတ်နေကြပါတယ်။

လက်ကိုင်ဖုန်းတွေကတော့ ရထားပေါ်ဆို အသံပိတ်ထားရပါတယ်။ ဖုန်းမပြောရပါဘူး။ တချို့နိုင်ငံခြားသားက ဖုန်းခိုးပြောရင် အသက်ကြီးတဲ့သူတွေက စိတ်ဆိုးလို့အော်တတ်ပါတယ်။ ရထားပေါ်မှာလည်း ဖုန်းပိတ်ထားဖို့ အသံရောစာတမ်းတွေပါ သတိပေးထားပါတယ်။ အဲခက်တာက တခါတလေ ဂျပန်မလေးတွေ အုပ်စုလိုက်တက်လာရင် ကုလားသိုက်ကျားဝင်ကိုက်ရင်တော့ ဘယ်လိုနေလဲမသိပါဘူး။ ဂျပန်သိုက်ဆူရင်တော့ အတော်နားမခံသာအောင် ရယ်ကြတယ်။ အံ့သြကြတယ်။

ဒီလိုင်းကတော့ ဒီနေ့မှ စီးဖူးတာပါ။ ရထားပေါ်က signal ပြတာလေးတွေက တခြားရထားနဲ့မတူတော့ သဘောကျလို့ ဓါတ်ပုံရိုက်လာတယ်။ တချို့ရထားတွေက signal မပြတဲ့အပြင် ဂျပန်လိုပဲအော်နေတော့ ဂျပန်စာနားမလည်တဲ့ နိုင်ငံခြားသားဆို မလွယ်ဘူးပေါ့။ immigration office က ဘူတာကနေ ၁၅၀ မီတာဆိုတော့ china town က ၂၅၀ မီတာဆို သိပ်မဝေးဘူးဆိုပြီး သွားခဲ့တာပါ။ အရင်က တခြား မြေအောက်ရထားလိုင်းနဲ့ရောက်ဖူးတာဆိုတော့ ဒီဘူတာနဲ့ဆို နီးလား ဝေးလား သိချင်တာကြောင့် သွားလိုက်တယ်။ တိုကျိုဖက်က မြန်မာက သူငယ်ချင်းတွေလာတာများတော့ လိုက်ပို့ဖို့တာဝန်ကျရင် ကိုယ်ကလဲသိပ်မသွားထားတော့ မလွယ်ပါဘူး။ သူများတွေနဲ့လိုက်ရင်လည်း နေရာမှတ်မထားတော့ ကိုယ့်တယောက်ထဲဆို မပို့တတ်တော့ဘူး။ ခုနောက်ပိုင်းတော့ နေရာတွေမှတ်ရတယ်။ သွားတတ်အောင် အကျင့်လုပ်နေရတယ်။ မလုပ်လို့လည်း မရပါဘူး။ အားလုံးက ကိုယ့်အချိန်သူများပေးဖို့ အတော်ခက်နေကြတာဆိုတော့ သူများကိုအဖော်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။



China town မှာတော့ တရုတ်အစားအစာတွေ ဝယ်လို့ရပါတယ်။ ဆီတို့ဟူး၊ ငံပြာရည်၊ ပေါက်စီ၊ ၀က်သား၊ ငရုတ်သီးကြော်ဘူးစတာတွေက အဲဒီမှာမှ ဝယ်လို့ရတော့ ရောက်ရင် မနည်းသယ်ရပါတယ်။ ဂျပန်တွေကတော့ အမြဲလိုလိုလာပြီး တရုတ်စာ လှည့်လည်စားသောက်ကြပါတယ်။ အများအားဖြင့်တော့ နိုင်ငံခြားသားတွေ လာရောက်လည်ပတ်တဲ့နေရာ ဖြစ်ပါတယ်။

ကိုယ်လိုသူလို မြေပုံလေးတွေ ကိုင်ပြီးလာလည်တဲ့သူတွေ အများကြီးတွေ့နိုင်ပါတယ်။ အဲဒီက ဆက်ပြီး လမ်းနည်းနည်းလျှောက်ရင် Yokohama port ကိုရောက်တဲ့အတွက်လည်း လူပိုစည်ကားပါတယ်။ China town မှာလျှောက်လည်၊ စားသောက်၊ မောရင် ကမ်းခြေမှာ အနားသွားယူနဲ့ အတော်ဇိမ်ကျပါတယ်။ ဂျပန်ရုပ်ရှင်ကားတော်တော်များများမှာ ယိုကိုဟားမားကမ်းခြေကို အသားပေးတတ်ပါတယ်။ ညနေခင်းဆို အတော် သာယာလှပါတယ်။ ကလေးကစားကွင်းတွေ၊ Roller Coasterတွေအစုံနဲ့ ကလေးတွေလည်း ပျော်ပါးနိုင်ပါတယ်။ မြက်ခင်းပြင်မှာ လေလေးတဟူးဟူးနဲ့ ပင်လယ်ကြီးကို ကြည့်ပြီး အရသာရှိရှိလည်း အိမ်ကို လွမ်းနိုင်ပါတယ်။ ကျောင်းပြီးသွားတဲ့ အစ်မတစ်ယောက်ကတော့ စာတွေစိတ်ညစ်လာရင် အဲဒီမှာ သွားပြီး စိတ်အပမ်းဖြေတယ်တဲ့။ ကျွန်မကတော့ တကူးတက မသွားဖြစ်ပါဘူး။ မရောက်ဖူးသေးတဲ့သူတွေ၊ လာလည်တဲ့သူဆိုရင်တော့ အတော်လှပတဲ့နေရာလေးပါ။

သြဂုတ်လ (၃၁) မရောက်ခင် အချိန်မှီသေးတယ်ဆိုတော့ အိုဆာကာဖက်က ယိုကိုဟားမား၊ တိုကျိုကို လာလည်ကြမလား၊ တိုကျိုဖက်က အိုဆာကာကို သွားကြမလား။ စိတ်ရှည်ရှည် အပျင်းပြေသွားမယ်ဆိုရင် ဂျူးဟချခိပုနဲ့ သွားလည်လို့ ဒီအချိန်က အခါကောင်းဆိုတာ သတင်းကောင်းပါး လက်တို့လိုက်ပါတယ်။ နွေရာသီမှာ JR ရထားလိုင်းနဲ့ ခရီးတွေသွားပြီး ပျော်ရွှင်ကြပါစေ။

ရထားချိန်နဲ့ ရထားလိုင်းများကို ဒီ linkမှာ အလွယ်တကူ check လုပ်နိုင်ပါတယ်။

မဇနိ

ပင်လယ်ကြီး



ကျနော်ဘယ်အချိန်မှာ စပြီး လမ်းလျှောက်တတ်တယ်ဆိုတာကို အမှတ်မိပေမယ့်၊ ရေးကူးကို ဘယ်အချိန်မှာ တတ်သွားတယ်ဆိုတာတော့ မှတ်မိပါတယ်။ ရေးကူတာတော့ ကိုယ်တိုင်သင်ယူတတ်မြောက်တာဖြစ်ပြီး လမ်းလျှောက်ကိုတော့ ဘယ်သူ သင်ပေးခဲ့တယ်မသိပါဘူး။ ကျနော်တို့အိမ်မှာ အလွန်ရင်းနှီးတဲ့သူတွေရော၊ သိပ်မခင်တဲ့သူတွေရောနဲ့ အမြဲပြည့်နေတတ်ပါတယ်။ ဧည့်သည်တွေက တောင်ပေါ်ဒေသတွေကနေ ရောက်လာတတ်ကြသလို၊ တောရွာဖက်တွေကနေလည်း ရောက်လာတတ်ကြပါတယ်။ သူတို့က တက္ကသိုလ်တွေတက်မယ်၊ စက်မှုသိပ္ပံကျောင်းတွေတက်မယ်။ ကျောင်းသားတွေဖြစ်သွားမယ်။ ပြောရရင် ကျနော်တို့အိမ်ကို တူးမြောင်းတခုကို ဖြတ်သွားသလို ဖြတ်သွားကြတာပါ။ လူတွေက စိတ်ဝင်စားစရာကောင်းပြီး ကျနော်က သူတို့ကို ချစ်ခင်ပါတယ်၊ ဒါပေမယ့် ကျနော်ကတော့ ပင်လယ်ကို သိပ်သဘောကျတော့ အခါအခွင့်သင့်ရင် ပင်လယ်ဆီကိုပဲ ပြေးတော့တာပါပဲ။


နွေရာသီရောက်လာရင် ပင်လယ်ဆိုတာက နေ့စဉ်ပွဲတော်ကြီးကျင်းပနေသလိုပါပဲ။ အပေါင်းအသင်းတွေနဲ့ အိမ်ကထွက်လာကြပြီဆိုတာနဲ့ အမြန်ပြေးသွားကြတာပါပဲ။ ငါးနံ့တွေသင်းနေတဲ့လမ်းမကိုဖြတ်မယ်၊ ပြီးတော့ အိမ်ဖြူဖြူသေးသေးလေးတွေဘေးက သွားမယ် နောက်ဆုံးကျတော့ ပင်လယ်ဆီကို ရောက်တော့တာပါပဲ။ ရောက်ပြီဆို အောက်ဖက် ကမ်းပါးဖင်ကိုပြေးဆင်း၊ ပြီး ရေထဲကို ခုန်ချကြတာပါပဲ။

ရေ စကူးတတ်တဲ့နေ့ကို ကျနော် ကောင်းကောင်းမှတ်မိတယ်။ ရေကူးတတ်သွားတော့ ရေတွေက ကျနော့်ကို ကူညီတယ်ဆိုတာ ကျနော်ခံစားလို့ရလိုက်တယ်။ ခမ်းနားလှတဲ့ စွန့်စာမှုကြီးတခုကို လုပ်နိုင်လိုက်တုန်းက ကျနော့်အသက် (၇)နှစ်ပဲရှိပါသေးတယ်။ ပင်လယ်ကြီးနဲ့ ကျနော် တစ်ဦးကိုတစ်ဦး အပြန်အလှန် နားလည်သွားပြီလို့လည်း ခံစားမိသွားသေးတယ်။ အခုအချိန်မှာ ကျနော် လမ်းလည်းလျှောက်တတ်ပြီ၊ ကြည့်တတ်ပြီ၊ စကားပြောတတ်ပြီ၊ ရေလည်းကူးတတ်ပြီ၊ အခု ရေနက်နက်ထဲ သွားရမှာကိုလည်း မကြောက်တော့ပါဘူး။ ကိုယ်တိုင် သင်ယူတက်မြောက်ခဲ့တာပါ။

ကျနော်တို့ သွားတတ်တဲ့ ပင်လယ်ကမ်းခြေနေရာနဲ့ မဝေးတဲ့ဆီမှာ ကျောက်ဆောင် ကျောက်တန်းတွေရှိပြီး သူတို့ကို လှိုင်းလေးတွေ လာလာပုတ်ပါတယ်။ ကျနော်တို့ အဲဒီဆီရောက်အောင် ရေကူးပြီး၊ အနားယူပါတယ်။

ပင်လယ်ကမ်းခြေမှာ လူတွေစည်ကားလှပါတယ်။ အနားလာယူတဲ့သူတွေကို သူတို့ရဲ့ အလွန်ဖြူနေတဲ့ အသားရောင်ရယ်၊ နေလောင်ထားတဲ့ အသားရောင်ရယ်ကို ကြည့်ပြီး လွယ်လွယ်ကူကူ သိနိုင်ပါတယ်။ လူတွေအားလုံးရဲ့ ဟိုးအဝေး ကမ်းခြေမှာ ကောင်မလေးတစ်ယောက် ထိုင်နေပါတယ်။ သူမက စာဖတ်နေပါတယ်၊ အတိအကျပြောရရင် စာဖတ်ဟန်ဆောင်နေပါတယ်။ သူမနဲ့ မနီးမဝေးမှာ အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင် ရှုးဖိနပ်ကို စီးထားတဲ့ လူရွယ်ကောင်လေးတစ်ဦး ထိုင်နေပါတယ်။ သူက ကောင်မလေးကို တခုခုလှမ်းပြောလိုက်၊ ကောင်မလေးက တခါတရံ ရီမောလိုက်၊ မျက်လုံးတွေကနေ ကာကွယ်လိုက်လုပ်နေပါတယ်။ လူရွယ်ကောင်လေးက သူမနား အလွန်နီးကပ်နေပြီး၊ သူမကို စူးစူးစိုက်စိုက်ကြည့်နေလို့ ဖြစ်မယ်ထင်ပါရဲ့။ သူမက စာကိုဖတ်ချင်တယ်ဆိုတဲ့ ပုံစံလုပ်လိုက်၊ လူရွယ်ကောင်လေးက တခုခုပြောလိုက်၊ ရီမောလိုက်နဲ့ပါ၊ သူမရဲ့သွားတွေက လူရွယ်ကောင်လေးရဲ့ အင်းကျီတွေလို ဖြူဖွေးလို့ပါ။ လူရွယ်က ကောင်မလေး စာဖတ်တာကို တချိန်လုံး ပျော်ပျော်ရွှင်ရွှင် နှောက်ယှက်နေပါတယ်။ အဲသလို ကိစ္စတွေကို ကျနော်နားမလည်ပါဘူး၊ ကျနော့်နေရာကနေ လှမ်းကြည့်လိုက်ရင် မြင်ရတာတော့ သူတို့ ပျော်နေတာဆိုတာပါပဲ။ လူရွယ်က ပင်လယ်ဘက်ကို တခါတခါ လှမ်းငေးတတ်ပါတယ်။ သူကြည့်ရတာ ရွှင်ရွှင်ပြုံးပြုံးနဲ့ အခုလည်း အားလုံး အဆင်ပြေတယ်၊ နောင်လည်း အေးဆေးပဲ ဆိုတဲ့ လူတွေလိုပဲ၊ ကိုယ့်ကိုကိုယ် ယုံကြည့်မှုအပြည့်နဲ့ပါ။

ကျောက်တောင်စွန်းဖက်ကို ခဏခဏရေးကူးသွားတော့ ကျနော် မောလာပြီး အေးလည်း အေးလာပါတယ်၊ ဒါပေမယ့် ကျနော် ရေထဲကို ခဏခဏဆင်းနေတုန်းပါပဲ။

ကျောက်ဆောင်ဖက်ကူးလိုက်၊ ပြန်လာလိုက်..တစ်ခေါက်၊ နှစ်ခေါက်၊…..ရုတ်တရက် ကျနော်သတိထားလိုက်မိတော့ ကျနော်ရေနစ်နေပါပြီ။ ရေတွေက ကျနော့်အပေါ်ကို ဖိထားသလိုပါ၊ အေးစက်ပြီး ရက်စက် ကြမ်းကြုတ်လှတဲ့ ရေတွေပါ။ ရေအောက် ပါသွားလိုက်၊ ပြန်ပေါ်လာလိုက် ဖြစ်နေပါတယ်။ နေရောင်က ကျနော့်မျက်နှာကို လာထိုးနေပြီး၊ ကမ်းခြေက ရီသံတွေ၊ စကားပြောသံတွေကို ကြားရပြီး၊ နောက် လူရွယ်နဲ့ ကောင်မလေးကို မြင်လိုက်ပါတယ်။

ဘာ့ကြောင့် မအော်လိုက်သလဲဆိုတာ ကျနော်မသိပါဘူး။ ခေါင်းထဲမှာလည်း ကြည်လင်နေတာပါ။ လူရွယ်ကောင်လေး ကမ်းခြေဖက်အကြည့်ကို ကျနော်စောင့်နေပါတယ်။ လူရွယ်က သူ့အဝတ်အစားတွေ ပေရေကုန်မှာ စိုးလို့ ကျနော့်ကို လာကယ်မှာ မဟုတ်ဘူးလို့ ခေါင်းထဲမှာ အတွေး ချက်ချင်းပဲ ပေါ်လာပါတယ်။ အဲဒီ ဝမ်းနည်းဖွယ်အတွေးနဲ့ ကျနော် ရေအောက်နစ်လိုက်၊ ပြန်ပေါ်လာလိုက်ဖြစ်လိုက်၊ နေရောင်က မျက်နှာကို လာထိုးလိုက်၊ ကမ်းပေါ်က လူတွေရဲ့ စကားပြောသံတွေ၊ ရီသံတွေက နီးလာလိုက်ပါ။ ကမ်းခြေနားကို ရောက်တော့မှ ခြေကုန်လက်ပန်းကျပြီး ရေနစ်တော့တာပါပဲ။

လူရွယ်ကောင်လေးနဲ့ ကောင်မလေးထိုင်နေတဲ့ နေရာနဲ့ သိပ်မဝေးတဲ့နေရာကို ရောက်တော့ ကျနော် ရေထဲကနေ ဒုတိယအကြိမ်ပေါ်လာပါတယ်။ လူရွယ်ကောင်လေးက ကျနော့်ရှိတဲ့ဖက်ကို လှည့်ကြည့်လိုက်တော့ ကျနော့်ကို မြင်သွားပြီး၊ သူ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှု သွင်ပြင် ပေါ်သွားပါတယ်။ သူက ကျနော့်ကို မှတ်မိပုံမပေါ်ပါဘူး။ "ကျနော် ခင်ဗျားတို့နားမှာ ရေးကူးနေတဲ့သူပါ မှတ်မိတယ်မဟုတ်လား" လို့ ကျနော် အော်ချင်စိတ်ပေါ်နေပါတယ်။ သူတို့နားမှာ ရေကူးတုန်းက အေးဆေးမျက်နှာပုံမျိုး လုပ်ဖို့ကြိုးစားပါသေးတယ်။ ဒါပေမယ့် လူရွယ်က ကျနော့်ကို မှတ်မိသွားပါတယ်။ ရေနစ်တာလည်း အနည်းငယ်သက်သာသွားပါတယ်၊ လှိုင်းလုံးတွေက ကျနော့်ကို တွန်းပေးနေသလို ဖြစ်နေပါပြီ။

တခုခုက ကျနော့်ကို ဆွဲဖမ်းပြီး ကမ်းခြေပေါ်တင်လိုက်ပါတယ်။ လူရွယ်ကောင်လေးက ကျနော့်ကို ကယ်လိုက်တာပါ။ ကျနော် ကျေးဇူးတင်စကားလည်း မပြောဘဲ၊ ကမ်းခြေပေါ်မှာ တိတ်တိတ်လေး မလှုပ်မယှက် မျက်လုံးလေးပိတ်ပြီး နေပါတယ်။ ကျနော့်အသက်ကို ကယ်တင်လိုက်တာက သူ့အဝတ်အစားတွေ ပေရေသွားတာနဲ့ မတန်ပါဘူးဆိုပြီး ဒီအတိုင်း အသည်းအသန်ပုံစံကြီးနဲ့ ကျနော်ဆက်နေပါတယ်။ "ဆရာဝန်ခေါ်မှ ဖြစ်မယ်"ဆိုပြီး ကောင်မလေးက ပြောတော့ "သူဟာသူ ပြန်သတိရလာလိမ့်မယ်" ဆိုပြီး လူရွယ်ကောင်လေးက ပြန်ပြောတာကို ကြားလိုက်ပါတယ်။ ကောင်မလေးက လက်ကလေးနဲ့ ခေါင်းကို လာကိုင်တော့ သူမလက်တွေက နွေးနွေးလေးနဲ့ နှစ်လိုဖွယ်ရှိပါတယ်။ ကျနော် မျက်လုံဖွင့်လိုက်ပါတယ်။ " မင်း ခပ်ဝေးဝေးကို ထပ်ပြီး ရေကူးဦးမှာလား။" လို့လူရွယ်ကောင်လေးက မေးပါတယ်။ " မကူးတော့ဘူး" စဉ်းစားထားတဲ့အတိုင်း ဖြေလိုက်ပါတယ်။ ကျနော့်အဖြေကို သူသဘောကျမယ်လို့ ထင်ထားတာပါ။ " စိတ်မကောင်းစရာပဲကွာ" လို့ သူက ပြန်ပြောပါတယ်။

သာမာန်မဟုတ်တဲ့ အရွယ်ရောက်သူတွေက လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်ဘဲ လုပ်ဆောင်ရမယ်ဆိုတာကို ကျနော် သဘောပေါက်လိုက်ပါတယ်။ ကျတော် မတ်တပ်ထပြီး ပင်လယ်ဖက်ကို သွားလိုက်တယ်။ ကျနော် ကျောက်ဆောင်ဖက်ထိကို အလွယ်လေး ရေကူးသွားနိုင်ပြီး ကမ်းခြေဖက်ကိုလည်း အေးအေးဆေးဆး ပြန်ပြီး ရေကူးလာနိုင်ပါတယ်။ ကြောက်လန့်မှုက ဆွဲထုတ်သွားတဲ့ အင်အားတွေကို ပင်လယ်ကြီးက ပြန်ပေးခဲ့ပါတယ်။ လူရွယ်က ကမ်းခြေမှာ မတ်တပ်ရပ်ရင်း ကျနော့်ကို ပြုံးပြပါတယ်။ ကျနော် သူ့ဆီရောက်အောင် ရေကူးသွားပါတယ်။ ကျနော်ရေထဲကတက်တော့ လူရွယ်နဲ့ ကောင်မလေးလည်း ကမ်းခြေမှာ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လမ်းလျှောက်နေပါတယ်။ ကောင်မလေးလက်ထဲမှာတော့ မလိုအပ်တော့တဲ့၊ နောက်ဆုံး လုံးဝပိတ်ထားတဲ့ စာအုပ်ကို ကိုင်လို့ပါ။

ဒီလိုနဲ့ လူရွယ်ကောင်လေးက ကောင်မလေးလက်ကို တွဲပြီး ထွက်သွားတာ ပြန်မတွေ့တော့ပေမယ့်၊ အခုအချိန်မှာတော့ ကျနော့်အသက်ကို ကယ်ခဲ့သော၊ ကိုယ့်စွမ်းရည်အပေါ် ယုံကြည်မှုလာအောင် ကူညီပေးခဲ့သော လူရွယ်ကောင်လေးကို သတိရနေပါတယ်။

Рассказ о море, по. Ф. Искандеру.

Tuesday, August 19, 2008

တအူတုံဆင်း မောင်နှမရင်းတွေ



တစ်ဦးတည်းသော သားသမီတွေရဲ့ ခံစားချက်ကိုတော့ မခံစားဖူးလို့ နားမလည်မိဘူး။ မောင်နှမသားချင်း အရင်းအချာရှိတာကတော့ နွေးထွေးတယ်၊ ပျော်စရာကောင်းပါတယ်။ မနေ့က အစ်မတယောက်က သူ့သားလေးအတွက် အဖော်ရှိလာအောင် ကလေးယူမယ်လို့ ပြောလာပါတယ်။ သူက တစ်ဦးတည်းသောသမီးမိုလို့ အထီးကျန်ဆန်တာ ခံစားဖူးတယ်တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဘဝမှ အကောင်းတွေ၊ အဆိုးတွေကို မျှဝေခံစားပေးတာ ဒီမောင်နှမအရင်းတွေပဲလေ။ အနစ်နာခံကြေးဆို မောင်နှမအရင်းကမှ အနစ်နာခံပေးတာပါ။


ကျွန်မအတွက်တော့ မောင်လေးတွေက ခွန်အားတွေလည်း ပေးတယ်။ အကြင်နာနဲ့ နွေးထွေးမှုတွေလည်း ပေးတယ်။ ဒါတောင် ညီမလေးမရှိတော့ ညီမလေးလိုချင်မိသေးတယ်။ အစ်ကို၊ အစ်မတွေလည်း လိုချင်မိတယ်။ ချွဲချင်လို့လေ။ ကျွန်မက အိမ်မှာအကြီးဆုံးဆိုတော့ သံယောဇဉ်ကြီးတယ်။ တချို့တော့လည်း အကြီးဆုံးပေမယ့် ကျွန်မလောက် ပူပန်မှုတွေ မရှိပါဘူး။ ဘဝပေးလာတဲ့အခြေအနေ၊ ပင်ကိုယ်စိတ်တွေနဲ့ ဆိုင်တယ်ထင်ပါတယ်။ ခရီးဝေးသွားရမည့်နေရာမျိုးဆို ဘယ်မောင်လေးမှ စိတ်မချပါဘူး။ ကိုယ်တိုင်သာ သွားလိုက်ချင်တယ်။ ပင်ပန်းမည့်အလုပ်မျိုးဆိုလည်း ပေးမလုပ်ချင်ဘူး။ ကိုယ်ပဲ အပင်ပန်းခံချင်တယ်။ သူတို့က ငယ်လည်းငယ်၊ ယောက်ျားလေးလည်းဖြစ်တော့ ဘာလုပ်လုပ် စိတ်တိုင်းမကျတာလည်း ပါတယ်။ ကျွန်မဆို ဆယ်တန်းအောင်ပြီးကတည်းက အိမ်နဲ့ခွဲပြီး နေရာတော်တော်များများကို တယောက်ထဲသွားနေရတာပဲ။ အိမ်က စိတ်ပူလား၊ မပူလေလားတော့ မသိဘူးပေါ့။ သူတို့တွေ ရန်ကုန်သွားမယ်၊ မန္တလေးသွားမယ်ဆိုရင်တော့ စိတ်ကိုမချဘူး။ “ကားမူးနေမယ်“၊ “ဗိုက်ဆာနေရင် ဘာလေးဝယ်သွား“၊ “ဟိုရောက်ရင် မုန့်တွေဝယ်စား“၊ “လိုင်းကားစီးရင် သတိထားနော်“ ဒါတွေမှာမိတယ်။ သူတို့ကတော့ ကလေးတွေဆိုတော့ နားငြီးနေမလား မပြောတတ်ဘူး။ ကိုယ်ကတော့ ဘယ်လိုမှ စိတ်မချဖြစ်မိတယ်။ ညမှောင်လို့ တယောက်ယောက် အိမ်မှာလိုနေရင် ထမင်းမစားနိုင်ဘူး။ လူစုံမှ စားလို့ဝင်တယ်။ အိပ်လို့ပျော်တယ်။

မောင်လေးတွေကို ငယ်ငယ်က သနပ်ခါးလူးပေးတယ်။ ကစားလို့ သဲတွေပေလာရင် စိတ်ဆိုးခဲ့ရတယ်။ စာတတ်စေချင်လွန်းလို့ ငယ်ငယ်က သူတို့ကို စာကျက်ခိုင်းတယ်။ ကလေးဆိုတော့ ကစားချင်စိတ်ကများနေတာ။ ငေးချင်တယ်။ စာတပိုဒ်ကို ကြာကြာကျက်နေရင် မကြိုက်တော့ဘူး။ ဒီထက်ပိုစိတ်တိုလာရင် ခေါင်းခေါက်မိတာ။ ကလေးတွေငိုရင် အမေက “ငါ့သားတွေ စာမတတ်ချင်နေပါစေ သမီးသာတော်နေအောင် ကြိုးစာပါ ငါ့သားတွေကို ရိုက်ပြီးတော့ စာမသင်နဲ့ မကြိုက်ဘူး“ လို့ ကျွန်မကိုပဲ ဆူပါတယ်။ တကယ်တော့ စေတနာတွေ ထားတာပါ။ ဒါပေမယ့် အမေက မောင်နှမတွေ ချစ်ချစ်ခင်ခင်နေဖို့တော့ အမြဲပြောတတ်တယ်။ အခုမောင်လေးအလည်လာတော့လည်း အမေက “မမကို နေမကောင်းရင် နင်းပေးခဲ့၊ ထမင်းတွေကူချက်ခဲ့၊ မောင်နှမနှစ်ယေက် ပျော်ပျော်ရွှင်ရွှင်နေခဲ့“ လို့ မှာလိုက်ရှာတယ်။ ကျွန်မလည်း မောင်လေးနဲ့ အတူနေရတာ ပျော်မိပါတယ်။ အရင်က တယောက်ထဲနေတဲ့အိမ်လေးမှာ ထမင်းလည်း မစားနိုင်ပါဘူး။ အခုမောင်လေးရောက်လာတော့ သစ်သီးတွေခွဲပြီး “မမ ထမင်းစားပြီး ဒါလေးစားလိုက်“၊ “အသီးစားတာ ကောင်းတယ် စားနော်“၊ “မုန့်တခြမ်းလေး စားစမ်းပါအုံးဗျာ“၊ “ကျနော်နဲ့ တဝက်စီစားမယ်နော်“ ဆိုပြီး ကျွန်မကို အစားတွေ အတင်းလိုက်ကျွေးတယ်။ အစားနဲလို့ပိန်တာလို့လည်း သူကပြောရှာတယ်။

ကျွန်မက အကြီးဆိုတော့ အငယ်တွေကို ချစ်တာ၊ ငဲ့ညှာတာမထူးဆန်းပေမယ့် သူတို့ကလည်း ကျွန်မကို ဦးစားပေးတာတွေရှိပါတယ်။ ကျွန်မက မူလတန်းကျောင်းလေးမှာရောင်းတဲ့ “မုန့်လေပွေ“ ဆို သိပ်ကြိုက်တာ။ ခုကြီးလာတော့ ငါးမုန့်ကြော်ကြိုက်သလိုပဲ။ ရန်ကုန်မှာလည်း တခါတလေ အထမ်းကြီးနဲ့ မုန့်လေပွေသည် တွေ့ရင် လိုက်ဝယ်စားပါတယ်။ ခက်တာက အလယ်တန်းကျောင်းပြောင်းတော့ မုန့်လေပွေက အဲဒီမှာဝယ်မရပါဘူး။ “မောင်လေးရေ မုန့်လေပွေဝယ်လာပေးနော်“ လို့ မှာလိုက်ရင် ညနေကျောင်းပြန် လွယ်အိတ်လေးထဲ ပါလာတော့တာ။ မုန့်ဖိုး (၁) ကျပ်ရတဲ့ကျွန်မကို (၂၅) ပြားရတဲ့မောင်လေးက အမြဲဝယ်ကျွေးပါတယ်။ ညညဆိုရင် မောင်လေးအကြီးက ခရမ်းချဉ်သီးသုပ်၊ မြင်းခွာရွက်သုပ်ကို စိတ်ရှည်လက်ရှည် သုပ်ကျွေးဖူးတယ်။ အသုပ်မရှိတဲ့နေ့ဆို နေကြာစေ့၊ ချဉ်ပေါင်းထုပ်တွေ ဝယ်လာပြီး ကျွန်မကို ချဉ်ပေါင်းထုပ်ကျွေးတယ်။ သူတို့ညီအစ်ကိုက နေကြာစေ့စားကြပြီး “ဘယ်ဆရာမက ဘယ်လိုအသင်ကောင်းတယ်၊ ဘယ်အတန်းပိုင်နဲ့တွေ့လို့ မမကိုမေးလိုက်သေးတယ်၊ ကျူရှင်ဆရာက မမနဲ့ကျနော် ဘယ်သူက ပိုတော်သလဲ မေးလိုက်သေးတယ်“ ဆိုပြီး စကားတပြောပြောနဲ့ ဝိုင်းဖွဲ့ကြတယ်။ ညနက်ထိ စကားမပြတ်ရင် အမေက “ကလေးတွေ အိပ်ကျတော့“ လို့ဆိုပြီး မီးမှိတ်မှ အိပ်ယာဝင်ဖြစ်ကြတာ။ ဒါလဲ အိပ်ယာထဲမှာ ဆက်ပြောချင်ပြောနေကြတာ။ တခါတလေလည်း ကျွန်မ မပါဘဲ သူတို့ညီအစ်ကို ပြောနေကြတာ။ မှတ်မှတ်ရရ သူတို့ညီအစ်ကို ပြောနေကြတာ ကြားဖူးတာရှိပါတယ်။ ကျွန်မအိပ်ယာခေါင်းရင်းမှာ မီးမှောင်မှောင် နေကြာစေ့စားပြီး ကျောင်းက ဆရာ၊ ဆရာမတွေအကြောင်း စကားကောင်းနေကြတယ်။ နောက်ဆုံး ဆရာမတွေနာမည်ကို ဘယ်လိုတွေရွတ်နေကြပါလိမ့်လို့ နားစွင့်မိမှ သူတို့ရယ်စရာလုပ်နေကြတာ သိတော့တယ်။ ဆရာမနာမည်တွေကို ရယ်စရာလုပ်တဲ့ကျောင်းက အကြောင်းတွေ ပြန်ပြောနေကြတာပါ။ ဒေါ်ခင်တိုး ဆိုတဲ့ ဆရာမကို “ဟိုတိုး ဒီတိုး ဒေါ်ခင်တိုး“ ၊ ဒေါ်ငွေမြိုင်ကို “ဟိုယိုင် ဒီယိုင် ဒေါ်ငွေမြိုင်"၊ ဦးစိန်မောင်ကို “ဟိုရှောင် ဒီရှောင် ဦးစိန်မောင်“ လို့ ခေါ်ကြတဲ့အကြောင်း အကြီးမောင်လေးက အငယ်ကောင်ကို ပြောပြနေတာ။ အငယ်လေးက တခွိခွိနဲ့ သဘောတွေကျနေတော့ ကျွန်မလည်း အိပ်ယာထဲကနေ ခွိခွိဖြစ်တော့တာပါပဲ။

ကျွန်မတို့ငယ်ငယ်က အိမ်မလည်ရပါဘူး။ အမေက သူ့မျက်စိရှေ့မရှိရင် လိုက်ရှာခေါ်တော့တာပါ။ ဗွီဒီယိုရုံမှာသွားရင်လည်း မောင်နှမသုံးယောက် တူတူသွားကြည့်ရတာပါ။ ကျွန်မက (၅) ကျပ်၊ သူတို့နှစ်ယောက်က (၅) ကျပ်ဆိုတော့ အဖေက (၁ဝ) ပေးပေးနေရတယ်။ ခဏခဏဆိုရင် မလွှတ်ချင်ပါဘူး။ အကြီးကောင်လေးက စက်ဘီးသေးသေးလေးစီးရင်း ဘာဇာတ်ကားလဲ ကြည့်လာတယ်။ သူက ကျွန်မကို သတင်းပေးရင် ဘယ်လိုခွင့်တောင်းကြမလဲ မောင်နှမတတွေ ဇာတ်တိုက်ကြရတယ်။ အလှည့်ကျတာဝန် ယူကြတယ်။ ကျွန်မအလှည့်ဆိုရင် “အဖေ မောင်လေးက ရဲကိုကိုကား ဖိုက်တဲ့ကားမလို့ ကြည့်ချင်လို့တဲ့“ လို့ ပြောပေးရပါတယ်။ ဒါဆိုရင် ပိုက်ဆံ (၁ဝ) ရတော့ သုံးယောက်သမား ဦးထုပ်လေးတွေဆောင်းပြီး ဗွီဒီယိုရုံကို ပြေးတော့တာ။ ဗွီဒီယိုပြီးရင်လည်း အမေက အပေါက်ကလာစောင့်ခေါ်နေတော့ အိမ်လည်ရတော့ဘူး။ နောက်ရက်ကျ မောင်လေးအလှည့် “အဖေ မမက ထွန်းလုံရှိန်ကား ရာဇဝင်ကား ကြည့်ချင်နေတာတဲ့“ လို့ ပူဆာပြန်ရော အဖေလည်း ပိုက်ဆံပေးရပြန်ရော။ ဒီလိုနဲ့ အဖေ့ဆီ တယောက်တလှည့် ပိုက်ဆံတောင်းရတာလည်း ခုချိန်မှာပြန်တွေးကြည့်ရင် ပျော်စရာကောင်းနေပါတော့တယ်။

ကျွန်မတို့မောင်နှမတွေမှာ ချစ်စရာကောင်းတဲ့ အလေ့လေးတခုရှိတယ်။ တယောက်စာမေးပွဲဖြေသွားမယ်ဆို ကျန်တဲ့သူက ကွန်ပါဗူး၊ ခဲတံ၊ ပေတံ၊ ခဲဖျက် စုံအောင်ပြင်ပေးတယ်။ နာရီမမေ့အောင် သတိပေးတယ်။ အငယ်နှစ်ယောက်ကို ကျွန်မက စပြီး ပြင်ဆင်ပေးခဲ့တဲ့အကျင့်တခုက ကျွန်မကျောင်းတွေသွားတက်နေတော့ အကြီးကောင်လေးက အငယ်လေးကို ကွန်ပါဗူးပြင်ပေးတဲ့အလုပ် လုပ်ပေးနေပါတယ်တဲ့။ ပြန်သိရတော့ ဝမ်းသာမိပါတယ်။ အဲဒီကနေ တယောက်ခရီးထွက်မယ်ဆို တယောက်က ပစ္စည်းကူထည့်ပေးတဲ့ အကျင့်လေးတွေပါ ကူးလာကြတယ်။ ကျွန်မကျောင်းတက်ရာက အိမ်ပြန်မယ်ဆိုရင်လည်း မောင်လေးတွေအတွက် လက်ဆောင်တွေဝယ်ရတာ မောနေတာပါပဲ။ ကျွန်မနဲ့ အကြီးကောင် ကျောင်းသွားတက်နေလို့ ပိုက်ဆံလိုတယ်ဆိုလည်း အငယ်လေးက “ပို့ပေးလိုက်အဖေ“၊ “မမက စာမေးပွဲနား နီးနေရင် ပိုက်ဆံပိုပို့ထားလိုက်အဖေ“ လို့ ပြောပေးတယ်။ နောက်ပိုင်းအကြီးကောင်က ပိုက်ဆံလှမ်းတောင်းချင်ရင် အငယ်ဆီဖုန်းဆက်တော့တာ။ အဖေတို့ကို မပြောရဲတော့ အငယ်ကို လှမ်းပူဆာတယ်။ ခရီးထွက်ချင်လို့ ပိုက်ဆံပိုပို့ပေးဆိုရင် အငယ်က အဖေတို့ ပို့ချင်အောင် ပြောပေးပါတယ်။ ကျွန်မကို ချစ်ကြသလို ဆရာကြီးလုပ်ချင်တဲ့အစ်မကို အိမ်ပြန်လာရင် သူတို့စိတ်ကျဉ်းကြပ်ကြတယ်လို့ စနောက်လိုက်သေးတယ်။ ကျွန်မကျောင်းတက်ပြန်သွားတော့မယ်ဆိုရင် အငယ်လေးက စတတ်တယ် “ကိုကိုရေ မြန်မာပြည်လွတ်လပ်ရေးနေ့က ဘယ်နေ့လည်းသိလား“ “ဇန်နဝါရီ (၄) ရက်လေ“ “ အရင်က ဟုတ်တယ်ဗျ အခုတော့ ပြောင်းသွားပြီ မနက်ဖြန် မမကျောင်းသွားမည့်နေ့က လွတ်လပ်ရေးနေ့ဖြစ်သွားပြီ“ တဲ့။ မခံချင်အောင် စတာ။ ပြီးတော့ကျလည်း ကျွန်မလမ်းမှာစားဖို့ အချဉ်ထုပ်တွေ ဝယ်လာပေးတာလဲ သူတို့ပါပဲ။ မနက်ကားဂိတ်လိုက်ပို့ပြီး ပျင်းကျန်ခဲ့တာလဲ သူတို့ပါပဲ။ ကျွန်မကျောင်းပြန်ကားဂိတ်လာကြိုရင်လည်း သူတို့ပျော်နေကြတာပါ။ မန္တလေးကားတွေ ကျွန်မတို့မြို့လေးကို ညနေ (၇) နာရီရောက်မယ်ဆို ညနေ (၅) နာရီလောက်ကတည်းက ထမင်းစားကြ၊ လာကြိုဖို့ပြင်ကြတာလဲ သူတို့တွေပါပဲ။ အိမ်ပြန်ရောက်ရင် ကျွန်မစားဖို့ ကျွန်မကြိုက်တတ်တဲ့ တို့ဟူးသုပ်ချဉ်စပ်လေး ဝယ်ထားပေးတာလည်း သူတို့လေးတွေပါပဲ။

သိပ်ချစ်တဲ့ မောင်နှမတွေ မြင်ရရင်လည်း ကြည်နူးမိပါတယ်။ မမဂျစ်တူးရဲ့ ပို့စ်တွေမှာလည်း မောင်လေးကို ချစ်တဲ့မေတ္တာတွေ တွေ့ရတော့ ကြည်နူးမိတယ်။ အစ်ကိုအန်ဒီရဲ့ သမီးလေးက သူ့မောင် ပိစိကွေးလေးကို ချစ်နေတာလည်း သွားသွားချောင်းကြည့်ရတာ ပျော်စရာကောင်းလှပါတယ်။ ကျွန်မအတွက်တော့ ဘဝရဲ့ ကောင်းတာ၊ ဆိုးတာ၊ ကြည်နူးတာ၊ ဝမ်းနည်းတာတွေကို မျှဝေခံစားမည့်သူတွေက တအူတုံဆင်း မောင်နှမရင်းတွေပဲလို့ ယုံကြည်ခံစားမိပါတယ်။

မဇနိ

Monday, August 18, 2008

အိပ်စက်ခြင်းနှင့် အသက်ရှုရပ်ခြင်းပြဿနာ (Obstructive Sleep Apnoea)


ကျွန်မ Sleep Disorder Unit မှာ အလုပ်သင်မဆင်းခင်တုန်းက ရထားထဲမှာ အဝလွန်တဲ့သူတွေ ရထားစီးရင်း အလွန်အမင်းအိပ်ငိုက်တာ လေးဖင့်ပြီး ပျင်းရိနေတာတွေမြင်တိုင်း အလွန်စိတ်ပျက်တတ်ပါတယ်။ သူတို့တွေ ဘာကြောင့် အချိန်ပြည့် အပျင်းကြီးပြီး အိပ်ချင်နေကြတာလဲ လို့လည်း အမြဲစဉ်းစားမိတယ်။ ပြီးတော့ ကျွန်မရဲ့ အတန်းဖေါ်တရုတ်လေးတွေ ကျေင်းခန်းထဲရောက်တာနဲ့ စားပွဲပေါ်မှာ မှောက်အိပ်တတ်တယ်။ အဲဒီ ကျောင်းသူ/သားတွေကရော ဘာကြောင့် အဲလောက်ထိ အိပ်ချင်နေရတာလဲ။ ကျွန်မမေးခွန်းတွေရဲ့ နီးစပ်တဲ့ အဖြေကတော့ Obstructive Sleep Apnoea (OSA) ပါပဲ။ မြန်မာလို သာမန်ဘာသာပြန်ရရင်တော့ အိပ်တဲ့အခါမှာ အသက်ရှူရပ်ခြင်းလို့ပဲ ဘာသာပြန်ရမယ်ထင်တယ်။ အဲဒီ OSA ရှိတဲ့လူတွေဟာ အိပ်နေတဲ့ အခါမှာ အသက်ရှူနှုန်းနဲသွားတာ ဒါမှမဟုတ် အချိန်ခဏတာမျှ အသက်မရှူတော့တာတွေ ဖြစ်တတ်ပါတယ်။

အသက်ရှူနှုန်းနဲရတဲ့ အကြောင်းရင်းကတော့ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေဟာ အိပ်ပျော်တဲ့အခါမှာ ပျော့ပြောင်းလာပြီး လျှာနောက်ပိုင်းမှာရှိတဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းနေရာကို ပိတ်ဆို့နေပါတယ်။ ပိတ်ဆို့မှုဟာ အပည့်အဝမဟုတ်ဘူး ဆိုရင်တော့ အသက်ရှူသွင်းလိုက်တဲ့လေဟာ အသက်ရှူလမ်းကြောင်းထဲကို အနီးငယ်မျှ ဝင်နေပါသေးတယ်။ ဒါပေမယ့် ပိတ်ဆို့ထားတဲ့ ကြွက်သားတွေကို တိုးပြီးဝင်ရတာကြောင့် ကျယ်လောင်တဲ့ တုန်ခါသံထွက်လာပါတယ်။ အဲဒီအသံဟာ ကျွန်မတို့ နေ့စဉ်ရင်းနှီးနေတဲ့ ဟောက်သံ(snoring) ပဲဖြစ်ပါတယ်။

လည်ပင်းမှာရှိတဲ့ ကြွက်သားတွေက အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို အပြည့်အဝပိတ်ထားလိုက်ပြီဆိုရင်တော့ အဲဒီလူမှာ အိပ်ရင်းနဲ့ အသက်ရှူရပ်ခြင်းပြဿနာ (Obstructive Sleep Apnoea) ရှိတယ်လို့ဆိုရပါမယ်။

ညအိပ်နေတဲ့ အခါမှာ ခဏခဏအသက်ရှူ ရပ်ရပ်သွားတာကြောင့် ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ အောက်ဆီဂျင်နှုန်းလည်း လျော့နည်းသွားပါတယ်။ အဲဒီလို အောက်ဆီဂျင်လျော့နည်းလာတာကို ဦးဏှောက်ကသိတဲ့အခါမှာ ဦးဏှောက်ထဲမှာ ရှိတဲ့ Neurons တွေရဲ့ နှိုးဆော်ချက်အရ အဲဒိလူဟာ အသက်ပြင်းပြင်းရှူဖို့အတွက်နိုးလာပါတယ်။

ဒီနေရာမှာ တချို့ sleep medicine doctor တွေက လူနာအသက်ရှူဖို့ နိုးလာတာဟာ အဆုပ်ထဲမှာ လေအပြည့်အဝမရှိလို့ လေများရမလားဆိုပြီး အသက်ပြင်းပြင်းရှူရင်းနဲ့ လူနာနိုးလာတယ်လို့ ပြောကြပါတယ်။ အတိအကျကတော့ ကျွန်မကိုယ်တိုင် research လုပ်ပြီးရင် တင်ပြပါမယ်။ လူနာဟာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်တဲ့အခါမှာ ပိတ်ဆို့နေတဲ့ လည်ပင်းက ကြွက်သားတွေကို တွန်းကန်ပြီး အဆုပ်ထဲကို လေဝင်လာပါတယ်။ ဒါပေမယ့် အဲဒီလူနာ ပြန်အိပ်ပျော်သွားတာနဲ့ တပြိုင်နက် သူ့ရဲ့လည်ပင်းက ကြွက်သားတွေ ပြန်လည်ပျော့ပြောင်းလာပြီး အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ပြန်လည်ပိတ်ဆို့ပြီး လူနာဟာ နောက်ထပ်တစ်ဖန် အသက်ရှူရပ်သွားပြန်ပါတယ်။ ခုလိုမျိုး အသက်ရှူရပ်ခြင်းဟာ တစ်နာရီကို အခါ ၆၀ ထက်ပိုများနေမယဆိုရင် အဲဒီလူနာဟာ အဆိုးရွားတဲ့ အဆင့်ထဲမှာပါ' ပါတယ်။

OSA ဟာ အဝလွန်တဲ့ လူတော်တော်များများနဲ့ (အဝမလွန်သော်လည်း)တရုတ်လူမျိုးတော်တော်များများမှာ ဖြစ်တတ်ပါတယ်။ အဝလွန်သူတွေရဲ့လည်ပင်းမှာ အဆီတွေစုနေပြီး ကြွက်သားတွေကို ဖိထားသလိုဖြစ်နေတာကြောင့် အိပ်ပျော်လို့ လည်ပင်းကြွက်သားတွေ ပျော့ပြောင်းလာတာနှင့်တပြိုင်နက် အသက်ရှူလမ်းကြောင်း အထက်ပိုင်းနေရာကို ပိတ်ဆို့ထားသလိုဖြစ်ပြီး အသက်ရှူပေမယ့် အဆုပ်ထဲလေမဝင်ပဲ ဖြစ်နေပါတော့တယ်။

တရုတ်လူမျိုးတွေကတော့ မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ လည်ချောင်းဝကျဉ်းမြောင်းခြင်းကြောင့် ခန္ဓာကိုယ်ပိန်ပိန်လေးနဲ့ ဟောက်သံကျယ်ကြီး ထွက်တတ်ပါတယ်။ အချို့ဆိုရင် OSA ပါဖြစ်တတ်ပါတယ်။

ညအိပ်တိုင်းမှာ အသက်ရှူရပ်ခြင်းဟာ အကြိမ်ပေါင်းမျာစွာဖြစ်တတ်တာကြောင့် အဲဒီပြဿနာမျိုးရှိတဲ့လူဟာ ညဘက်မှာ အိပ်ရေးမဝပဲ ဖြစ်တတ်ပါတယ်။ မနက်မိုးလင်းလို့ အိပ်ရာထရင်လည်း နုံးချိပြီး အိပ်ရေးမဝသလို၊ မလန်းဆန်းသလို၊ ဖြစ်နေပါတယ်။ တချိန်လုံးထိုင်းမှိုင်းပြီး အမြဲအိပ်ငိုက်နေတတ်ပါတယ်။ အိပ်စက်ခြင်းနှင့် အသက်ရှုရပ်ခြင်းပြဿနာဟာ အိပ်တဲ့ အချိန်မှာသာဖြစ်တတ်တာမို့ အဲဒီပြဿနာမျိုးရှိတဲ့သူဟာ ကိုယ့်မှာ အဲဒီပြဿနာ ရှိလို့ရှိမှန်းတောင် သိမှာမဟုတ်ပါဘူး။

သင်ဟာ အဝလွန်ပြီး ညဘက်လည်း အရမ်းဟောက်တတ်တယ်၊ မနက်ဘက်အိပ်ရာက နိုးလာရင်လည်း အိပ်ရေးမဝ, မလန်းဆန်းဘဲ အမြဲအိပ်ငိုက်နေတတ်တယ်ဆိုရင်တော့ သင့်မှာလည်း Obstructive Sleep Apnoea ရှိနေနိုင်ပါတယ်။

အဲဒီပြဿနာရဲ့ ကုသနည်းကိုတော့ နောက်ပို့စ်တွေမှာ ဆက်လက်ဖော်ပြပေးပါမယ်။

ကျွန်မလက်ရှိ အလုပ်လုပ်နေသော Sleep Disorder Unit မှ လုပ်ငန်းအတွေ့အကြုံနှင့် ဒီအင်တာနက်စာမျက်နှာကို ကိုးကားရေးသားပါသည်။

(မေစနိုး)

Sunday, August 17, 2008

ယနေ့စားစရာ


အစားအစာတွေကို ချက်ပြုတ်စားသောက်ရတာ ဘယ်လိုပင်ပန်းတယ်ဆိုတာ ငယ်ငယ်တုန်းကတော့ မသိပါဘူး။ ဒီထက်ပင်ပန်းတာက ဒီနေ့ဘာနဲ့ဘာနဲ့ စားရပါ့ဆိုပြီး စီစဉ်ရတာပါ။ အိမ်မှာနေတုန်းကတော့ အမေချက်တာကို အသာလေး ဝင်စားယုံပါပဲ။ အမေတို့ ချက်ရပြုတ်ရလို့ ပင်ပန်းတာတွေကို စာလည်းမစာနာတတ်ပါဘူး။ အခုလို ကျောင်းတွေတက်တော့ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရတာတွေ ကြုံရတော့တာပါပဲ။


ကျနော်ဆို အစက ကြက်ဥတောင် မကြော်တတ်ပါဘူး။ ငါ ဖြစ်ရောဖြစ်ပါ့မလားဆိုပြီး တွေးပူမိပါတယ်။ ဟိုးအရင်တုန်းကဆို ဘာမှမသိတော့ ကျနော် သခွားသီးတောင် ချက်ပါတယ်။ သခွားသီးကို ဟင်းဖြစ်အောင် ချက်ရကောင်းမှန်း၊ မချက်ရကောင်းမှန်း မသိပါဘူး။ စိမ်းစိမ်းလေးဆိုတော့ ချက်စားလို့ရမှာပဲဆိုပြီး ချက်တာပါ။ ကိုယ့်ဟာကိုယ် ချက်ပြီး အဲဒီဟင်းကို မစားနိုင်ပါဘူး။ ဘာတွေလွဲလို့လဲ မသိဘူး။ သခွားသီးဟင်းက ခါးနေလို့ပါ။ နွားနို့ခဲဟင်းချက်စားတာကိုလည်း တအံတသြနဲ့ အဲသလိုချက်တာ ဟုတ်လို့လားကွာဆိုပြီး မေးတဲ့သူငယ်ချင်းနဲ့လည်း ကြုံဖူးပါတယ်။

အချက်အပြုတ်အစပိုင်းတုန်းက အမေက ချက်နည်းပြုတ်နည်းလေးတွေ ရေးပေးတာတွေကို ကိုးကားပါတယ်။ နောက်ပိုင်းကျတော့ ဒါလေးဆိုဘယ်လို ချက်ရတာလဲဆိုပြီး ဟင်းလေးအိုးကြီး မဇနိကိုမေးလိုက်တာပါပဲ။ ဆရာတွေကျေးဇူးနဲ့ အခုကျတော့ ကျနော် ပညာရှင်တွေလို မတတ်ပေမယ့် စားဖြစ်သောက်ဖြစ်ယုံတော့ ချက်တတ်ပါတယ်။ ကျနော် ရန်ကုန်ကိုရောက်တုန်းက ကျနော့်ဆီကို ကျနော့်ညီလေး ရောက်လာပါတယ်။ မင်းကို ငါ ဟင်းချက်ကျွေးမယ်ဆိုပြီး ခရမ်းသီးနှပ်ကျွေးလိုက်တာ သူ့မှာ အံ့သြလို့မဆုံးပါဘူး။ အစ်ကိုကို အတော်အထင်ကြီးသွားတာ။ အစ်ကိုက ဒါမျိုးတွေလည်းရတာပဲလားတဲ့။ ညီလေးက အထင်ကြီးသမျှ ကျနော့်ဆရာမ မဇနိနဲ့တွေ့တော့ ခံလိုက်ရတာပါပဲ။ အာလူးကြော်ကျွေးမယ်ဆိုပြီး အာလူးတွေကိုလှီး ဒယ်ထဲက ဆီပူထဲကို ပစ်ထည့်၊ ပြီးရင် ဆားလေးဖြူး၊ နနွင်းမှုန့်လေးဖြန်းလုပ်လိုက်တာ မဇနိက တော်ပြီး ဒါမျိုးတော့ မစားနိုင်ဘူးဆိုပြီး အရပ်ခိုင်းလို့ ရပ်လိုက်ရပါတယ်။ ဒါတောင် ငရုတ်သီးအကြမ်းမှုန့်လေး ဖြူးဖို့ရာ စိတ်ကူးထားတာ မဖြူးလိုက်ရပါဘူး။

ဒီနေ့ မဇနိတစ်ယောက် ခေါက်ဆွဲလုပ်စားဖြစ်တာကို တင်လိုက်ပါတယ်။ သူလက်မအားလို့ ကျနော်ရေးလိုက်တာပါ။ ခေါက်ဆွဲကို နာမည်တော့ မတပ်တော့ပါဘူး။ ဘယ်လိုလုပ်စားတယ်ဆိုတာပဲ ပြောပြတော့မယ်။ ရေနွေးပွက်ပွက်ဆူမှာ ခေါက်ဆွဲအစိုကို ပြုတ်လိုက်တယ်။ မပျော့အောင် သတိထားပြီး၊ သင့်တင့်တဲ့အချိန်မှာ ဇကာထဲကို ဆယ်ထားလိုက်တယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်အနီအဖြူ၊ ဂျင်း၊ ကြက်သား အတုံးသေးသေးလေးတွေနဲ့ ဟင်းအနှစ်ချက်လိုက်တယ်။ ပြီးတော့ ကြက်သွန်နီကို ခရမ်းချဉ်-sauce လေးနဲ့ အချဉ်ကလေးလည်း လုပ်ထားပါသေးတယ်။ ခေါက်ဆွဲကိုသုတ်တဲ့အခါ ပန်းကန်ထဲကို ခေါက်ဆွဲအသင့်အတင့်ထည့်၊ ဟင်းအနှစ်ထည့်၊ ဝက်အူချောင်းကြော်လေးလည်းထည့်၊ ပြီး ကြက်သွန်မြိတ်လေး ဖြူးလိုက်တာပါပဲ။ မိုးလေးကလည်းအေးနေလို့တဲ့ ရေနွေးကြမ်းကလည်းလုပ်ထားသတဲ့။ ရေနွေးကြမ်းခွက်ထဲက လက်ဖက်ခြောက်အရိုးလေး ထောင်နေလို့တောင် ဘယ်ဧည့်သည်များလာမလဲဆိုပြီး မျှော်နေမိပါသတဲ့။



ခေါက်ဆွဲကိုစားသောက်ပြီးတဲ့အခါမှာ နောက်ဆုံးအပိတ်အနေနဲ့ ငါးမှုန့်ကြော်ရယ်၊ ပုဇွန်ခြောက်လက်ဖက်နှပ်လေးရယ်ကို ရေနွေးကြမ်းနဲ့ စားလိုက်ပါတယ်တဲ့။



အမှတ်တရအနေနဲ့ post တခုအဖြစ် တင်လိုက်ပါတယ်။ အလည်လာသူဘော်ဘော်တွေ ဓာတ်ပုံလေးတွေ အားပေးသွားလိုက်ကြပါဦး။

Friday, August 15, 2008

Intuition of space: Sculpture


Сергей Борисов
Интуиция пространства: скульптура

Sergei Borisov
Intuition of space: Sculpture

St. Petersburg မြို့ရဲ့ Михайловский замок (Mikhailovsky Castle) ထဲမှာ Сергей Борисов(Sergei Borisov)ရဲ့ Интуиция пространства: скульптура (Intuition of space: Sculpture) ဆိုတဲ့ အမည်နဲ့ ပြပွဲတခုကို ကြည့်ခဲ့ရပါတယ်။ Sergei Borisov က 1966 ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အင်တာနက်မှာ ရှာကြည့်တော့ သူ့လက်ရာတွေတင်ထားတဲ့ နေရာတခုကို ဒီမှာတွေ့ပါတယ်။ Mikhailovsky Castle အဝင်ဝမှာ ရေးထားတဲ့ စာတွေရဲ့ ပထမအပိုဒ်ကို ဘာသာပြန်လိုက်ပါတယ်။



Пространство само по себе пустота, но только помещенный в него предмет придет ему качество. Тем более человек в пространстве. Все ассоциации, напряжения и провалы, аллюзии – всё суть ощущения пространства, интуиции человека, зрителя. Чем богаче, многослойнее этот процесс, тем более насыщен художественный образ.

ဟင်းလင်းပြင်ဆိုတာ သူချည်းသက်သက်ဆို အနှစ်သာရမရှိသလိုပဲ၊ အဲ သူ့ထဲကို အရာဝတ္ထုတစ်ခုခု ပေါင်းစပ်ဖြည့်စည်းလိုက်မှ သူ့ဂုဏ်သတ္တိက ပေါ်ထွက်လာတယ်။ သိသာတာတခုက ဟင်းလင်းပြင်ထဲမှာ လူသားတွေရှိနေတယ်လေ။ ပေါင်းစပ်မှုတွေ၊ အားစိုက်မှုတွေ၊ ကျဆုံးမှုတွေ၊ ရင်းနှီးမှုတွေ..စတဲ့အရာအားလုံးဟာ ဟင်းလင်းပြင် ခံစားမှုရဲ့ အနှစ်သာရ၊ လူသားတွေ၊ ပရိတ်သတ်တွေရဲ့ ဖြတ်ခနဲစေ့ဆော်မှုရဲ့ အနှစ်သာရဖြစ်ပါတယ်။ အဲဒီဖြစ်စဉ် ပိုမိုရှုပ်ထွေးလာလေလေ၊ တနည်း ကြွယ်ဝလာလေလေ၊ အနုပညာလက်ရာဟာ ပိုပြီး ရသပြည့်ဝလေလေပါပဲ။





Спираль. 2008
Композитные материалы, металл, неон
Spiral. 2008
Composite materials, metal, neon



Та**. 2005
နာမည်ကိုဓာတ်ပုံရိုက်လာတာ အလင်းပြန်သွားလို့ စာလုံး ၂ လုံးလောက်ဖတ်မရပါဘူး။
Композитные материалы, металл, неон
Composite materials, metal, neon



Транс-облако. 2006
Композитные материалы, металл
Trans-cloud. 2006
Composite materials, metal


Уходим. 1999
Металл, сварка
Let's go. 1999
Metal,welding



Вектор. 2008
Композитные материалы, металл
Vector. 2008
Composite materials, metal




Окаменелость. 2007
Композитные материалы, металл
Petrifaction. 2007
Composite materials, metal


Железный ветер. 1999
Металл, сварка
Iron-wind
Metal,welding




Текучесть. 2005
Композитные материалы, металл
Fluctuation. 2005
Composite materials, metal


Да-нет. 2008
Нержавеющая и оцинкованная сталь
Yes-No. 2008
Stainless and galvanized steel


Охота на китов. 2000
Металл, сварка, краска
Hunting cetacea. 2000
Metal, welding, paint