Sunday, June 14, 2009

ပျို့တောလား

ဘလော့စာမျက်နှာတွေကို ရအောင် မဖမ်းယူနိုင်သည့် ကျွန်မ၏ မကျွမ်းကျင်သော
အင်တာနက်အသုံးပြုပုံ…………
အချိန်များများတွင် အာရုံစိုက်ရသော ကျွန်မ၏ အလုပ်တာဝန်တို့ကြောင့်….
အရင်က အင်တာနက်မှ တဆင့် အိုးဝေ အိုးဝေမှတဆင့် ကျွန်မသွားခဲ့ဖူးသော
ရသ၊ဗဟုသုတပေးရာ…..များစွာသော ဘလော့စာမျက်နှာတို့ကို မြင်ယောင်တိုင်း
ပြန်မရနိုင်သေးသော အိပ်မက်ချိုတို့အတွက် ကျွန်မပူလောင်ခံစားရ၏။
ဘယ်သူတွေ ဘာတွေးရေးနေမလဲ?
ဖတ်ချင်စိတ်က မခံနိုင်အောင် နှိပ်စက်တတ်၏။
လက်တွေ့မှာ ကိုယ်ရေးသော စာမျက်နှာကိုပင် မြင်ခွင့်မရ။
သွားနေကြ ဘလော့များတွင်လည်း E mail မှတစ်ဆင့် ဖတ်လိုကြောင်းမချိတ်ခဲ့ရ။
နောင်တတွေ ရနေမိ၏။
ဒီစာရေးရင်း ကျွန်မ၏ moonbright2007@gmail.com သို့ ကျွန်မအား
ဖတ်စေချင်သော ဘလော့ပို့စ် များပို့ပေးရန် အိုးဝေ၏မိတ်ဆွေဘလော့ဂါများကို
လေးစားစွာတောင်းဆိုချင်ပါသည်။
ကျွန်မ ရေးဖြစ်သော စာများကိုလည်း ညီမလေးမှတဆင့် အိုးဝေတွင် ဆက်လက်တင်သွားပါမည်။
အဖိုးတန်စာပေလင်္ကာ ရတနာများ ဖြန့်ဝေနိုင်ပါစေ…
မေအောင်

ပျို့  တောလား

ပျိုတစ်မေ့
လျှိုအကွေ့
မှိုတွေ့ရင် နှုတ်ရအောင်….။

မိုးတစ်ဖြိုက်
ရိုးတစ်ဝိုက်
ဆိုးမိုက်တဲ့ ဆူးတွေရှောင်..။

မှိုမရလည်း
ကိုယ်ကတော့ မပူပေါင်
တောချောင်မှာ ချုံစဉ်ကူး…။

ကန်စွန်း ဆူးပုတ်နဲ့
ကျီးအာနွယ် တစ်ဆုပ်နှစ်ဆုပ်..
မိုးချုပ်လို့ ပြန်ချိန်နီးလာတော့
သီးကင်းပုံ ဗုံလုံခါးကိုလ
ဝါးတံချူ အားကူလို့
နားမပူ ……
စားသူမွေ့စေဖို့
တွေ့သမျှ ခူး ။ ။

မေအောင်

5 comments:

  1. ကဗျာလေး ဖတ်ရတာ ကောင်းလိုက်တာဗျာ။ မြန်မာရနံ့သင်းပါဘိ။

    ReplyDelete
  2. ဟုတ်တယ် မမေအောင်ရေ..
    အညာရနံ့သင်းတဲ့ ကဗျာလေးပဲ။ ချစ်စရာ ကောင်းလိုက်တာ။

    ReplyDelete
  3. ကဗျာကလေး တကယ်ကောင်း...။

    ReplyDelete
  4. ရိုးသားလှတဲ့ကဗျာလေးတပုတ်.....

    ReplyDelete
  5. နားမပူပါဘူး
    ထမင်းခူးပါတော့ မြန်မြန်
    ဘာနဲ့ကျွေးကျွေး စားပါ့မယ်

    ReplyDelete