Sunday, March 1, 2009

ရွာအခြေ သာစေကြောင်း….

နွေကျောင်းပိတ်ရက် ရောက်၍ အဖေရွာသွားမည့် အသံကြားလျင် အပျော်ဆုံးက ကျွန်မဖြစ်၏။

အဖေက ခေါ် မခေါ်မသိသေး။ ကျွန်မက အိတ် တပြင်ပြင်လုပ်၏။ ကြာတော့လည်း သနားလာပြီး အဖေက လိုက်ခွင့်ပြုသည်ပင်။ မုံရွာရောက်အောင် ကားက ၃နာရီလောက် အရင် စီးရသေးသည်။ မုံရွာရောက်လျင် တစ်ည (သို့) နှစ်ညအိပ်မျှ မုံရွာတွင် ဘုရားဖူး ၊ အမျိုးတွေအိမ် လျှောက်လည်ရပြီး နောက်နေ့ နံနက်စောစောမှ ရွာသို့အရောက်သွားကြမြဲ။ မုံရွာမှ ကား နာရီဝက်စီး မြင်လှည်း နာရီဝက်စီး၊ ကူးတို့လှေ မိနစ်နှစ်ဆယ်လောက်စီး ၊လမ်း နာရီဝက်လောက် လျှောက်ပြီးသောအခါ ရောက်လေသော ရွာကလေးမှာ အဖေ၏ ချက်မြုပ်၊ (ယခုတော့ ခေါင်းချသွားရာ) ဇာတိ ရွာကလေးပင်။

“ဟော မြို့သူပါလာတယ်ဟေ့၊ အရပ်ကတော့ တနှစ်ကနဲ့ သိပ်မကွာလှပါလား ၊ လာ လာ ဟန်ကျသဟေ့၊ ကိုကြီး မင်းကလည်း မနှစ်ကဘာဖြစ်ရတာလဲ။ မင့်မေကလွှားမှပဲ ငါ့တို့ဖြင့် မျှော်လိုက်ရတာ” တူမ ကျွန်မကို မြို့သူဟု ခေါ်သော အဖေညီ လေးလေးကြီး၏ ဆီးကြို နှုတ်ဆက် ဆဲသံကို ကြားရလေ၏။( နှုတ်ဆက်ဆဲ၊ ဝမ်းသာဆဲ ..ဆဲ ဆဲ၊ ဘာပဲပြောပြော ဆဲပါသည်။ အဆဲမပါလျင် စကားဖြောင့်အောင် မပြောတတ်သည်မှာ ကျွန်မတို့ ရွာဓလေ့ ပင်ဖြစ်လိမ့်မည်)

ရွာရောက်လျင် ခဏနားပြီးသည်နှင့် အစ်မကြီးလက်ရာ ထမင်းဝိုင်းက အဆင်သင့် ။ ချက်ပြီးသည့် ပုံမှန် ဟင်းအပြင် ကျွန်မတို့ရောက်သည်နှင့် ငါးသေတ္တာ သို့မဟုတ် (လေးခွနှင့် ပစ်လိုက်သော ) ကြက်သားဟင်းတစ်ခွက် ထပ်ဖြည့်လိုက်မြဲ။ အစကတော့ ကြက်သားဟင်းလည်း ကျွန်မက စားကောင်းကောင်းနှင့် စားပါသည်။ နောက်သိတတ်လာတော့ မစားဖြစ်တော့။ (ကျွန်မကကြက်တွေ မွေးထားသည်ကိုး)။

ယခုထိ ကျွန်မမှတ်မိနေသော ဟင်းများမှာ
ဥသျှစ်ရွက်ဟင်းချို၊ ဝက်သားချက်၊ငါးပိကြော် ၊ သံပုရာသီးအတို့
မန်ကျီးရွက်ထောင်း၊ ငါးသေတ္တာကြော်၊ ပဲဟင်း၊။
ဂွေးတောက်ရွက်ဟင်း၊ ငါးပိကြော်၊ ကြက်သားချက်၊ပဲကြော်။
ပန်ထွေဖျော်၊ ငါးကြော်၊ ပဲနှပ်။
ငါးခြောက်ကြော်၊ခရမ်းသီးချက်၊ သရက်သီးသနပ်၊ ပဲဟင်း။
ငါးပိကြော်၊ ကြက်သားချက် ၊ကုလားပဲဟင်းချိုပြစ်ပြစ်နှင့် ခံသီးဆားရည်စိမ် တို့ ဖြစ်၏။

ကြက်သွန်ဖြူများများ၊ ငါးခြောက်မှုန့်၊ ပုဇွန်ခြောက်သေးသေး၊ ငါးပိနှင့် ငရုပ်သီးမှုန့်ကို ဆီစိုစို နှင့်ကြော် ထားသော ငါးပိကြော်မှာ မီးဖိုစားပွဲအုပ်ဆောင်း အောက်တွင်၊ နေ့တိုင်းရှိသော ဟင်းအမယ် ဖြစ်၏။ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ကြော်ထားရသော ထိုဟင်းကို….အငံကြော်..ဟုခေါ်တွင်လေ၏။

ဒို့မှာ (xx)ထဲမှ အဝတ်ကောင်းလဲ မလိုဘူး၊ ဖဲ၊ ရုပ်ရှင်၊ ဇာတ်ပွဲလဲ ငွေကုန်မရှိဘူး။ တောအလုပ် ပင်ပင်ပန်းပန်းလုပ်ရတာ၊ အစားကတော့ ကောင်းကောင်းစားရမကွာ။ (xx= ဆဲသံ)
ဟုပြောလေ့ရှိသော လေးလေး၏ အဆိုမှာ တကယ်တော့ မှန်လှ၏။ အလုပ်ပန်း အစားပန်းဆိုလျင်လည်း တောင်သူအလုပ်က သက်ဆိုးမရှည်နိုင်။
ကိုင်းထွက် မြေပဲ နှမ်းတို့မှ ဆီရသည်။ ခြံထဲမှ ဟင်းသီးဟင်းရွက် စိုက်ထားသည်.။ကြက်သွန်ဖြူနီ၊ ငရုပ်၊ ကုလားပဲ၊ ပဲနီဝါပြာ၊ ယာကထွက်သည်။ ကြက်သားအုပ်မတွေ မွေးထားသည်၊ ။ ဝယ်ရသည်မှာ ၊ဆန်၊ ငါးခြောက် ပုဇွန်ခြောက်၊ငါးပိမျှသာ။

ကျွန်မသည် ကျွန်မရှေ့မှ ထမင်းပန်းကန်ကို မစားဖြစ်သေးပဲ ငေးနေ တွေးနေမိ၏။
ရွာကလေးသို့ မရောက်ဖြစ်တော့သည်မှာ ၁၀နှစ်နီးပါးရှိလေပြီ။
အလုပ်ပန်း အစားပန်းဆိုလျင် သက်ဆိုးမရှည်နိုင်သော တောင်သူလုပ်သားတို့၏ နေတိုင်စားသောက်မှု့တို့ ဟိုတုန်းကနှင့် တူနိုင်ပါဦးမည်လား၊ မည်သို့ကွာခြားလာနိုင်သနည်း…စသည်ဖြင့်……….

တောင်သူတွေ ကျပ်တည်းရှာကြတယ်…ဆိုသော သတင်းစကား၏ အခြေတွင်
တိုးတက်လှသော ကမ္ဘာရွာကြီးထဲက အိမ်လေးတစ်အိမ်ဖြစ်သည့် ကျွန်မတို့ရွာကလေး၏ အခြေအနေမှန် က ရော မည်သို့ ရှိပါလေစ။

12 comments:

  1. ရွာအကြောင်းအခုလိုဖတ်ရ ပြန်တော့ ကျွန်တော့် ဇာတိချက်မြုပ်အညာရွာလေးကို လွမ်းတသသ ဖြစ်ရပါသည်။ အနည်းနှင့်အများ ပြောင်းလဲမည်မှာတော့ဧကန်ပင်။
    ရွာအခြေဘယ်လိုပြောင်းပြောင်း ... အလွမ်းတွေကတော့မဟောင်းနိုင်ပါ..မမေအောင်ရေ.......

    ReplyDelete
  2. ၀ိုင်းဝန်းဆုတောင်းပေးပါတယ် ခင်ဗျ ၊၊
    အားလပ်ရက်ရှည်ရရင် သွားလည်ပေါ့ ၊၊ မြို့ပြလူနေမှုစရိုက်တွေနဲ့ ညီမျှအောင် ရုန်းကန်လှုပ်ရှား နေပေးရတဲ့ ကျနော်တို့ရဲ့ အမောတွေ ခေတ္တပြေပျောက် ကောင်းပါရဲ့ ၊၊

    ReplyDelete
  3.ွရွာမှာ စားတဲ့ ဟင်းလေးတွေဖတ်ပြီး စားချင်သွားတယ်..။ အခုလို နွေမှာဆို စားလို့ပိုကောင်းမှာ..။

    ReplyDelete
  4. အိုးဝေရဲ့ အသက်ဆက်သူ မမေအောင်ရေ...
    ရွာအခြေ သာစေကြောင်းပါခင်မျာ။

    သုခမိန်(E-Jornal)

    ReplyDelete
  5. တခါတလေ ပြန်လည်ပေါ့... ပတ်ဝန်းကျင် အပြောင်းအလဲရယ် ကိုယ့်စိတ်က လွတ်လွတ်လပ်လပ် နေလို့ရတာတွေကြောင့် စိတ်တောင် အပန်းပြေပါဦးမယ်.. အညာစာတွေ ဖတ်ပြီး လွမ်းသွားတယ်။

    ReplyDelete
  6. လွမ်းနေတာလား မမေအောင်..

    ReplyDelete
  7. မနေ့ကတည်းက ဖတ်ပြီးသား ဒီနေ့မှ လာမန့်တာ...
    ဒီနေ့ "တောင်သူလယ်သမားနေ့" လေ...
    တောင်သူတို့ ရွာအခြေ သာစေကြောင်းထပ်ဆင့်လို့ ဆန္ဒပြု ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
    မှ/
    လယ်သမ

    ReplyDelete
  8. မမေအောင်ဆီကလည်း တောရွာဓလေ့တွေ သိရပြန်ပြီ။ အမှန်တော့ တောဘက်ရောက်ရင် သူတို့မှာ ဧည့်သည်ကို တကယ်ကျွေးမွေးချင်ရှာတာပါ။ အမတို့ ကြီးမေ ရှိတဲ့ ရွာသွားလည်ရင် ထမင်းမစားခင် ကြိုပြီး ပြောထားရတယ်.. ကြက်တွေတော့ သတ်ပြီး မကျွေးပါနဲ့လို့ ငါးပိနဲ့ စားဆိုရင်လည်း စားနိုင်ပါတယ်ဆိုပြီး တောင်းပန်ရတယ်.. :)

    ReplyDelete
  9. ဒီပို့စ်မှာ အဆက် ရှိအုံးမှာ အသေအချာပဲ။
    မမေအောင် ရွာပြန်ရင် အရင်လို ဦးလေးတို့ တောသူတောင်သားတွေ လယ်က ဆီ ဆန် ပေါပေါများများ ထွက်သေးလား၊ ကြက်တွေကို မွေးနိုင်၊ ၀၀လင်လင် ကျွေးနိုင်သေးလား ဘယ်လိုအခြေအနေအမှန်တွေ ဖြစ်ကုန်ပြီလဲဆိုတာ ပိုစိတ်ဝင်စားမိတယ်။
    ဟင်းတွေက စုံလိုက်တာ။ ပုဂံက ထမင်းဆိုင်တွေလိုမျိုး မြန်မာတွေရဲ့ မေတ္တာစေတနာတွေကို ကမ္ဘာပေါ်မှာ ဘယ်နေရာမှ မရနိုင်တာ အသေအချာပေါ့။ ဆိုင်တွေတောင် ကိုယ့်ဆွေမျိုးတွေလာသလို ကျွေးတဲ့ မြန်မာစိတ် မဟုတ်လား။

    ReplyDelete
  10. လာဖတ်ပါတယ်---
    လွမ်းမောစရာလေးပါ--
    ပျော်ရွှင်ပါစေ--

    ReplyDelete
  11. အညာဟင်းတွေကို လွမ်းလိုက်တာ...

    ReplyDelete
  12. တောဖက်မှာနေတဲ့ အမျိုးတွေ မြို့ပေါ်က အမျိုးတွေထက် ပိုပြီး သန်မာပြီး ပိုကျန်းမာ ကြပါတယ်။ တောမှာ အသီးအရွက်တွေ လတ်ဆပ်တယ်။ အသားငါးတွေ လတ်ဆပ်တယ်။ လေကောင်းလေသန့် ရှုရတယ်။ ဆူညံသံကင်းလို့ စိတ်ချမ်းသာတယ်။ ဒါကြောင့်မို့ပါ။
    (သို့ပေမယ့် ကျန်းမာရေး အသိပညာ နည်းပါးတဲ့ အတွက် အနာတရဖြစ်ရင် အလေးမထားလို့ အသက်ဆုံးရှုံးတာတော့ ဖြစ်တတ်ပါတယ်။)

    ReplyDelete