Tuesday, December 16, 2008

ကြိုက်မိသော ကဗျာများ


မောင်မျိုးက တက်ဂ် လုပ်ထားလို့ ရေးပါတယ်။ အကြိုက်ဆုံးကဗျာ တပုဒ်အကြောင်းကို ရေးရမယ်ဆိုတော့ ဘယ်ကဗျာကို အကြိုက်ဆုံးလည်းဆိုတာ စဉ်းစားပါတယ်။ ဒါပေမယ့် ခေါင်းထဲမှာ အကြိုက်ဆုံးကဗျာဆိုတာ ပေါ်မလာပါဘူး။ ကဗျာတွေကို ကျောင်းသင်ခန်းစာအနေနဲ့ အခြေခံပညာ ကျောင်းမှာ သင်ခဲ့ရသလို တက္ကသိုလ်ရောက်တော့လည်း သင်ခဲ့ရပါတယ်။ အရင်ကတည်းကလည်း မဂ္ဂဇင်းတွေထဲက ကဗျာတွေ ဖတ်ခဲ့သလို သူငယ်ချင်းတွေ ရေးတာတွေလည်း ဖတ်ခဲ့ပါတယ်။ ဒီတော့ အကြိုက်ဆုံး ကဗျာတပုဒ်ဆိုတာကို ပြောရတာ အတော်ခက်ပါတယ်။ အခုတလော စိတ်ထဲပေါ်လာတဲ့ ကြိုက်တဲ့ ကဗျာတချို့ကို တင်လိုက်ပါတယ်။


အခု ကဗျာကတော့ တောင်ငူသားဘလော့ဂ် ဆိုက်ဒ်ဘားမှာ တင်ထားတဲ့ ကဗျာလေးပါ။ ရေးတဲ့သူက မင်းကွန်းဆရာတော်ဘုရားကြီးဆိုလို့ ကျနော် သဘောကျသွားပါတယ်။ သူငယ်ချင်းတို့လည်း ဖတ်ရအောင် ဒီမှာ ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။

“တိပိဋကဓရ”
ဖြစ်ရတဲ့ အာနိသင်
သည်ကိုယ်တော် ဖတ်ဖတ်မော
ပြောမပြချင်။ ။
ကိုယ့်ကျောင်းနဲ့ ကိုယ့်ရပ်ခွင်
နေချင်လျက်မရ။ ။
ပူ အအေး ယှက်ထွေးဒဏ်ခံလို့
စုန်အဆန်မြန်တဲ့ခရီးမှာ
ကြီးတဲ့ ဒုက္ခ။ ။
မငြင်းတဲ့ မဆန်သာ
နိုင်ငံတော် သာသနာရေးပေမို့
ပြေးမလွတ်သာ။ ။
သူတကာ
ချမ်းသာဟု ထင်နေကြ။ ။
သို့ကတဲ
စိတ်ထဲသံဝေယူလို့
ကံမွေ ဟူ သည်အဖြစ်ကို
နှစ်လို့ခံရ။ ။

မင်းကွန်းဆရာတော်

အခု နောက်ကူးပြမယ့် ကဗျာတွေကတော့ သူငယ်ချင်းတစ်ယောက်က ကျနော်ဖတ်ဖို့ဆိုပြီး သူ့လက်ရေးနဲ့ ကဗျာတွေ ကူးပြီး ကျနော့်ဆီကို ပို့ပေးထားတဲ့ စာအုပ်ထဲကပါ။

အမည်မဲ့

ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ်။
ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက် မလိုင်ကုန်သွားရ။
ဖြစ်ရပုံများ ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလည်း မှားသေး။
ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသား ရထားက
တစ်စီးလုံး ပျောက်သွားတယ်တဲ့။
ဖြစ်ရပုံများ
တံတွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်လုံး ပါသွားတယ်တဲ့။
ကဲ.. ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်။

သစ္စာနီ

**
မောင်ချောနွယ်ရဲ့ လွဲချော်မှု

အချက်အလက်တွေ များလှတဲ့
ကမ္ဘာကြီးထဲ
အရာရာဟာ ငါတွေးထားတာတွေနဲ့
တလွဲတချော်ချည့်ပါလား။
ဘယ်အရာကိုမှ
ဘယ်လိုမှ
ပြောလို့မရတော့ပါလား။
ခွေးမွေးထားပြီး…
ကိုယ်ကိုယ်တိုင်
ထ ထ ဟောင်နေရ
လက် က လက်ပါ
ဘာဖြစ်လို့ ခြေထောင်ဖြစ်သွားရတာလဲ..။

မောင်ချောနွယ်
***

အရန်လူ

ဘယ်သူ အနာတရဖြစ်မလဲ..
ဘယ်သူ အနီကတ်တိုးမလဲ..။

ပွဲသာပြီးသွားရော
(သန့်စင်လွန်းတဲ့ အကောင်းဆုံးအသင်း)
သက်ပြင်းမောနဲ့ လေပူမှုတ်
ကျွန်ုပ်
လက်ခုပ်တီးဖို့ မေ့နေတယ်။

မောင်နီမြင့် (ပင်လယ်)
***

ဘဝ

ငါးကို ငါးနဲ့မျှားခဲ့ကြ
မျှားငါးက ကြီးပြီး
ဟပ်ငါးက သေးတော့
ဖော့ကလေး လှုပ်ရုံ
ရင်ခုန်ရုံနဲ့
တစ်နေသာ ကုန်ပါရောလား။

မောင်နေသစ်
***

ဥယျာဉ်မှုး

ဥယျာဉ်မှုး ပန်းမခူးရလို့ ဆိုကြတယ်.....ခင်
လမ်းချိုးရဲ့တကွေ့မှာ
ပန်းသူခိုးနဲ့တွေ့မှာစိုးလို့
ဥယျာဉ်မှုးပန်းခူးလိုက်ရတာပါ .....ခင်။

မောင်လှမျိုး(ချင်းချောင်းခြံ)

**

သြဂတ်စထရာ

လောကကြီးအပေါ်မှာ
ဂြိုးဂြိုးဂြိမ့်ဂြိမ့်
ဒေါသတွေ ချိမ်းပြီး
မှောင်နေ မည်းနေခဲ့တယ်။

မကြာမီ အငွေ့ပျံလို့
တေးသံတွေ ရွာချပါ့မယ်။

သုခမိန်လှိုင်

အခုကဗျာတချို့လည်း ဒီဘလော့ဂ်မှာ ကူးပြီးတင်ပြီးသားပါ။ ဘော်ဘော်တွေ ဖတ်ရတာပေါ့။
သတိတရနဲ့ တက်ဂ်တဲ့မောင်မျိုးရေ ကျေးဇူးတင်ပါတယ်။

7 comments:

  1. ကဗျာတွေ ဝေမျှတာ ကျေးဇူးပါ ကိုနိ ၊၊ ကျနော်ကတော့ ကဗျာ ဆိုဗဟုသုတတော်တော်နည်းပါတယ်၊၊ မင်းကွန်းဆရာတော် ဘုရားကြီးရဲ့ ကဗျာလေးလဲ ကူးယူထား ပါ့မယ် ၊၊

    ကိုကြီးဝီ

    ReplyDelete
  2. ကိုနိ အကြိုက် ကဗျာတွေကရှယ်ပဲ မိုက်တယ်ဗျို့

    ဥယျာဉ်မှုး

    ဥယျာဉ်မှုး ပန်းမခူးရလို့ ဆိုကြတယ်.....ခင်
    လမ်းချိုးရဲ့တကွေ့မှာ
    ပန်းသူခိုးနဲ့တွေ့မှာစိုးလို့
    ဥယျာဉ်မှုးပန်းခူးလိုက်ရတာပါ .....ခင်။

    ဒါလေးပိုကြိုက်တယ် ခေတ်ပုံရိပ်လေးနဲ့ ကျန်ကဗျာတွေက အနှစ်တွေနဲ့ ကောင်းပြီးဒါလေးက ပေါ့ပေါ့းလေးမို့ ကြိုက်တယ် ။ ဆရာမောင်ချောနွယ် ကဗျာလေးလည်းကြိုက်တယ် အစ်ကိုရေ့ ရေးပေးတာကော ကဗျာကောင်းတွေအတွက်ပဲ သိုင်းကျူးးးးးး =)

    ReplyDelete
  3. တက်ဂ် ကဗျာလေးတွေ လာဖတ်ပါတယ်။ ကောင်းမွန်တဲ့ ကဗျာလေးတွေ ပြန်ဖတ်ရလို့ ကျေးဇူးပါ။

    http://winzaw-mdy.blogspot.com

    ReplyDelete
  4. ကဗျာနဲ့ဝေးတဲ့သူမို့ မင်းကွန်းဆရာတော် ဘုရားရဲ့ ကဗျာကလွဲပြီး ကျန်တာတွေကျော်ဖတ်သွားတာ ခွင့်လွှတ်ပါ ။ ကိုနိရေးတဲ့ ကဗျာတွေတော့ တကယ်ကြိုက်ပါတယ်။ ရှင်းရှင်းလင်းလင်း နားလည်လို့ပါ ဥပမာ" ပဲ့ပဲ"့ :D

    ReplyDelete
  5. “တိပိဋကဓရ”

    ကဗျာလေး သဘောကျသွားပါတယ် ခင်ဗျာ။

    ReplyDelete
  6. ကဗျာလေးတွေကောင်းတယ်ဦးဦးနိ..
    သားအကုန်နီးပါး နားလည်တွားပါဒယ်..း)

    ReplyDelete
  7. ကဗျာတွေက ကြိုက်လည်း ကြိုက်ချင်စရာတွေပါပဲ။ ဝေမျှပေးတာကျေးဇူးပါ။

    သုခမိန်(E-Journal)

    ReplyDelete