Monday, December 8, 2008

လူဘဝက သိပ်တိုတယ်…


အင်း တကယ်တော့ ဒီအကြောင်းလေးကို ရေးမလို့ဆိုတာက အရင်လကတည်းက ဆိုပါတော့။ အကြောင်းတွေများ တိုက်ဆိုင်တော့ ရေးချင်တာကို ချက်ချင်းရေးမရဘူး။ စာမေးပွဲတဖက်ဆိုတော့ မလှုပ်နိုင်ဘူး ဖြစ်နေတာ။ အခုတော့ အမှတ်တရလေး အဖြစ် ရေးလိုက်ပါတယ်။


ကျနော် စာကြည့်နေတုန်း အိမ်က တူလေးတစ်ယောက် အင်တာနက်ဆိုင်ကနေ အွန်လိုင်းတက်လာတယ်။ သူက အင်တာနက်ကို လာပြီး သုံးခဲတာမိုလို့ ဘာများအရေးကြီးတာပါလိမ့်ဆိုပြီး တွေးနေသေးတယ်။ အေး ငါလည်း စာမေးပွဲရှိလို့ စာကြည့်နေရတယ်လို့လည်း ပြောလိုက်တယ်။ ဒါပေမယ့် တခုခုတော့ တခုခုပဲဆိုပြီး စိတ်ကထင်လိုက်တော့ အိမ်က အဒေါ်နေကောင်းရဲ့လားလို့ မေးလိုက်တယ်။ ကောင်းပါတယ်တဲ့။ အော် ကောင်းပါတယ် ပြောလည်း စိတ်က မယုံပါဘူး။ သူအွန်လိုင်းကနေဆင်းသွားတော့ မန္တလေးက ညီအွန်လိုင်းတက်လာတယ်။ ကြီးကြီး အကြောင်းသိပြီးပြီလားတဲ့။ (အဒေါ်ကို ကြီးကြီးလို့ ကျနော်တို့ တူတွေက ခေါ်တာပါ။) မသိဘူး ပြောပါဦးဆိုတော့။ မနေ့က ဆုံးသွားပြီ ဖြစ်ကြောင်း လကွယ်နေ့ဖြစ်နေလို့ ဒီနေ့ပဲ အသုဘချတဲ့အကြောင်း ပြောပါတယ်။

မဖြစ်ဘူး အိမ်ကို ဖုန်းဆက်ဦးမှပဲဆိုပြီး အမေ့ဆီကို ဖုန်းဆက်တော့ သူက ပြောပါတယ်။ အသက်ကလည်း ၈၄ ပြည့်ဖို့ ၂ ရက်ပဲ လိုတော့တဲ့အကြောင်း အသေအချာပြုစုလိုက်ရကြောင်းတွေ၊ သရဏဂုံတင်ရတဲ့အကြောင်း၊ သူ့တူတွေလည်း အစုံအလင်ရောက်နေကြောင်း အကြောင်းစုံပြောပါတယ်။ အမေပြောတာကို နားထောင်ရင်နဲ့ ဝမ်းနည်းလာလို့ ဒီဖက်က မျက်ရည်တွေကျလာတယ်။ အမေကလည်း မျက်ရည်တွေကျလို့။ ချစ်ရခင်ရတဲ့သူ လူ့လောကက ထွက်ခွာသွားတာကိုး။

အမေမှာ မောင်နှမ ၇- ယောက်ရှိပါတယ်။ အခုတော့ ၃-ယောက်ပဲ ကျန်တော့တာပါ။ အခုဆုံးသွားတဲ့ အမကြီးက အကြီးဆုံးအပျိုကြီးပါ။ အမေက အငယ်ဆုံးဖြစ်ပြီး အမေလည်း အသက် ၆၃ ထဲရောက်နေပါပြီ။ သူတို့နှစ်ယောက်ရဲ့ အသက်က ၂၁ နှစ်လောက်ကွာတာကိုး။ ဒီတော့လည်း အမေနဲ့သူနဲ့က အမေနဲ့သမီးအရွယ်လို့ ပြောရမှာပါပဲ။ ငယ်စဉ်က အမကြီးက ညီမငယ်ကို ပြုစုစောင့်ရှောက်ခဲ့ရတယ်။ အခု အမကြီး အိုမင်းလာတော့ ညီမငယ်က စောင့်ရှောက်လိုက်ရတယ်။

ကျနော်တို့ မောင်နှမတတွေက ဒီအဒေါ်အကြီးဆုံးကို အလွန်ချစ်တာပါ။ သူက ရွာမှာနေတဲ့သူဆိုတော့ ကျနော်တို့တွေ မြို့ပေါ်က ကျောင်းပိတ်ချိန်ဆို အဒေါ့်ဆီကိုပဲ အပြေးအလွှားသွားခဲ့တာပါ။ ကျနော်တို့က အမေ့ဖက်က အဖိုးအဖွားကို မမှီလိုက်ရပါတယ်။ ဒီအဒေါ်ကြီးကပဲ အဖွားဖြစ်နေတော့တာပေါ့။ သူကလည်း တူတွေကို ချစ်လွန်းတော့ အလိုလိုက်ပါတယ်။ ကျနော်တို့ မောင်နှမတတွေ ညညအိပ်ရင် သူ့ဘေးမှာ နေရာလုရတာပါ။ သူကလည်း တူတွေကို အချစ်ပိုသလို တူတွေကလည်း အချစ်ပိုပါတယ်။

အဒေါ်အချစ်ပိုတာကို ပြောပြဦးမယ်။ အမေက သူ့မိသားစုမှာ အငယ်ဆုံးဖြစ်သလို၊ ကျနော် အဖေကလည်း သူ့မိသားစုမှာ အကြီးဆုံးသားပါ။ ဒီတော့ အဖေ့ရဲ့ အမေ နဲ့ အမေ့ရဲ့ အမ အကြီးဆုံးက သက်တူရွယ်တူတွေပါ။ အဖွားရွာက တစ်ရွာ၊ အဒေါ်ရွာက တစ်ရွာ။ အဖွားက မြေးတွေကို သူ့ရွာခေါ်မယ်ဆိုရင် အဒေါ်က စိတ်မချပါဘူး။ ဘယ်နှစ်ရက်ပဲနေခဲ့နော်၊ ကလေးတွေကို အပြန်ကျ လိုက်ပို့နော် နဲ့ မှာတတ်လွန်းလို့ အဖွားလုပ်သူကလည်း “မသန်းရင်ရယ် ကျုပ်ကလည်း သူတို့ အဖွားအရင်းပါတော်” နဲ့ ပြန်ပြောယူရတယ်။

ကျနော့် အဒေါ်အပျိုကြီးရဲ့ ဘဝ တစေ့တစောင်း နည်းနည်းလေး ပြောချင်ပါသေးတယ်။ သူ့အောက်က ကပ်ရပ် မောင်တစ်ယောက်က ကလေးတွေ ၈-ယောက် မွေးပြီးတော့ ဆုံးသွားတယ်။ ကလေးတွေ အမေလည်း ဆုံးသွားတော့ အဲဒီ ၈ ယောက်ကို သူပဲ ရှာဖွေကျွေးမွေးခဲ့တာပါ။ သူမှာလေ အိမ်ထောင်သာ မကျခဲ့ရပေမယ့် ကလေးအမေကြီးပါပဲ။ အကိုဝမ်းကွဲတွေ အမဝမ်းကွဲတွေကလည်း ကျနော်တို့အတွက်တော့ အရင်းတွေပါပဲ။ သူမှာ သူ့မောင်က မွေးတဲ့ကလေးတွေကိုစောင့်ရှောက်ရ၊ ညီမက မွေးတဲ့ ကျနော်တို့တွေကို ချစ်ရနဲ့ပါ။ လူတွေ တပြုံကြီးကို သူမှာ ဈေးရောင်းကျွေးတယ်၊ တောင်သူလုပ်ကျွေးတယ်။ ကျောင်းတွေထားပေးတယ်။ စဉ်းစားကြည့်မိတယ်။ သူ အလုပ်လုပ်နေတာတွေက သူ့အတွက်ဆိုတာ ဘာမှကို မရှိပါဘူး။ သူ့တူတွေအတွက် ညီမအတွက်၊ ညီမကလေးတွေ အတွက်။

အရင်ကတော့ သူကရွာမှာနေတယ်၊ မြို့ပေါ်လာပြီး ဈေးဝယ်တယ်၊ ရွာမှာ ပြန်ရောင်းတယ်။ တောင်သူ ကိစ္စတွေ ရောင်းစရာတွေကို မြို့ပေါ်လာရောင်းတယ်။ နောက် သူ အသက်ကြီးလာတော့ တောင်သူလည်း မလုပ်နိုင်ပါဘူး။ မြို့ပေါ်ပဲ ကျနော်တို့နဲ့ အတူနေတာပါ။ ရွာက အလုပ်တွေကို အငှားနဲ့လုပ်တာလုပ်၊ ရောင်းတန်တာရောင်းနဲ့ လုပ်ရပါတယ်။ ကျနော်တို့ တူတွေ တူမတွေကလည်း အရွယ်ရောက်လာတော့ သူ့နားလည်း ကပ်မနေအားတော့ပါဘူး။ ကျောင်းတွေ ပြေးတက်ကြ၊ အလုပ်တွေကိုယ်စိနဲ့ဆိုတော့ သူ့နားကို ပြေးချင်ပေမယ့် မပြေးနိုင်ပါဘူး။ အိမ်က အမေကပဲ သူ့ကို ပြုစုစောင့်ရှောက်ရတာပါ။ အခုတော့ အဒေါ်ကြီးလည်း ဆုံးပါးသွားပါပြီ။

တကယ်တော့လည်း ကျနော်တို့တွေက သေခြင်းတရားကို ကိုယ်နဲ့မဆိုင်သလို ခပ်ရှောင်ရှောင် လုပ်နေတာပါ။ အမေ့မောင်နှမတွေမှာ ၇-ယောက်ရှိတာ ၃-ယောက်ပဲကျန်ပါတော့တယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပဲ တစ်ယောက်ဆုံးသွားတယ်၊ လွန်ခဲ့တဲ့ ၆- လလောက်ကပဲ တစ်ယောက်ဆုံးသွားတယ်။ အခု အဒေါ်ကြီးဆုံးပါးပြီ။ ကျန်တဲ့သူတွကလည်း ကျရွယ်တွေပါပဲ။ ပြောရရင်တော့ တဖြည်းဖြည်းနဲ့ ဆုံးပါးတော့မှာပါ။ ကိုယ့်အလှည့်ကို စောင့်နေရတာပါပဲ။ ကိုယ့်အလှည့်က ရောက်လာမှာပါပဲ။ ကဲ ဒီတော့ ကျနော်တို့တွေ သေမှာမကြောက်အောင် ပြင်ဆင်ထားသင့်ပါတယ်။ သေသွားရင်လည်း ဘဝကူးမှာ ကိုယ့်အတွက်တော့ တခုခုကျန်ခဲ့အောင် ပြင်ဆင်ပြုလုပ် ထားသင့်ပါတယ်။ ဒါတောင်အလှည့်ကျ သွားမှပါ။ ကြားထဲက (ကွေးသောလက် မဆန့်မှိ၊ ဆန့်သောလက်မကွေးမှီ) ရုတ်ချည်းဆိုရင် ပြင်ဆင်ချိန်တောင် ရလိုက်မှာမဟုတ်ပါဘူး။

အားလုံးပဲ သေခြင်းတရားကို နှလုံးသွင်းမိပြီး မသေခင်မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နိုင်ပါစေ။ တရားဓမ္မကို နှလုံးသွင်းပြီး လောဘ၊ ဒေါသ၊ မောဟတွေ နည်းအောင် ဆင်ခြင်နိုင်ကြပါစေ။

18 comments:

  1. အဒေါ်အတွက်စိတ်မကောင်းပါ.။

    ReplyDelete
  2. လာရောက်ဖတ်ရှုပြီး အသိဥာဏ်လေးတစ်ခုရသွား
    ပါတယ်။ အဒေါ်အတွက်လဲ စိတ်မကောင်းမိပါဘူး။

    ReplyDelete
  3. ကိုနိ အဒေါ်အတွက်စိတ်မကောင်းပါဘူး ။

    ReplyDelete
  4. မနက်ဖြန်ကစပြီး (ဦးတော်) လုပ်တော့မယ်။ အသိပေးတာ သာဓု .. ..

    http://winzaw-mdy.blogspot.com/

    ReplyDelete
  5. သားသားလည်းစိတ်မကောင်းပါဘူး ဦးဦးနိ..
    ဖွားဖွားအတွက်လည်း ကောင်းရာဘုံရောက်အောင် ဆုတောင်းပေးလိုက်ပါတယ်။ ဖွားဖွားက ဒီလောက်စိတ်ထားမွန်မြတ်တာ.. ကျိန်းသေကောင်းရာသုဂတိလားမှာပါ။

    ReplyDelete
  6. ကိုနိ အဒေါ် အတွက် စိတ်မကောင်းဖြစ်ရသလို ကိုယ်ချင်းစာနားလည်ပါတယ်ဗျာ ၊၊ ပို့စ်လေးဖတ်ပြီးလည်း လောဘဒေါသ အတတ်နိုင်ဆုံး ထိန်းပြီး အမြဲတည်ငြိမ်အောင်နေဖို့ ကြိုးစားမှာပါ ကိုနိ ၊၊
    သတိတရလည်းရှိပါတယ်ဗျာ ၊၊

    ကိုကြီးဝီ

    ReplyDelete
  7. ကိုနိရေ..
    စိတ်မကောင်းပါဘူး..

    ReplyDelete
  8. ကိုဇနိရဲ့ အဒေါ် ကောင်းရာသုဂတိရောက်ပါစေ

    ReplyDelete
  9. ကိုဇနိ အဒေါ်အတွက် စိတ်မကောင်းဘူး.. ကောင်းရာ မွန်ရာ ရောက်ပါစေ..

    ReplyDelete
  10. သေခြင်းတရားဆိုတာ ကြီးတယ် ငယ်တယ် မဟုတ်ဘူး။ ကိုယ်က ငယ်ပေမဲ့လည်း သေဖို့ကံပါရင် သူတို့ထက်တောင် စော ဆုံးချင် ဆုံးရအုံးမှာ။
    ဒါကြောင့် ချစ်ခင်သူတွေ ခွဲခွာရရင် စိတ်ထိခိုက်လွန်းလို့ အမတော့ အဲဒီလိုပဲ ဖြေယူတယ်။ ဒါပေမဲ့ ခွဲခွာရတဲ့ အချိန်မှာ အတတ်နိုင်ဆုံးတော့ နာကျင်တာတွေ မခံစားရဘဲ အေးချမ်းစေချင်မိတယ်။
    ကိုနိ အဒေါ်ဆုံးတာ ကောင်းရာသုဂတိလားဖို့ ဆုတောင်းပါတယ်။

    ReplyDelete
  11. အတော်ကုသိုလ်ကောင်းလို့ ၈၄ နှစ်နီးပါးနေခဲ့ရတာ ။
    ထပ်တူဝမ်းနည်းပါတယ် ကိုဇနိရေ... ။

    ReplyDelete
  12. သေခြင်းတရားက ကြီးသူငယ်သူ မရွေးဘူးဆိုတာ သိပ်မှန်ပါတယ်။ အဖွားက ၈၄နှစ်နေရတာ ကုသိုလ် ကောင်းလှပါတယ်။ သွားတဲ့သူတွေက သွားပြီး ကျန်ရစ်သူ တွေက လွမ်းဆွတ်ကြေကွဲရတာပါ။ တိုတောင်းလှတဲ့ အချိန်လေးမှာ စိတ်အေးအေးချမ်းချမ်း လေး နေနိုင်ဖို့ ကြိုးစားနေရတာပါပဲ ကိုဇနိရေ။

    ReplyDelete
  13. ကိုနိ.အဒေါ်သတင်းဖတ်ရတာ စိတ်မကောင်းဘူးဗျာ ဒါပေမယ့် ဒီခေတ်မှာ ဒီလောက် အသက်ရွယ်ထိနေရတာ တော်တော် ကံကောင်းတယ်လို့ပြောလို့ရနေပြီး။ ဆက်ပြီးတွေးကြည့်တော့ ကျောစိမ့်တယ်ဗျ သေဖို့အတွက် ဘာမှမပြင်ဆင်ရသေးဘူး အထုတ်တောင်မပြင်ရသေးး ။

    ReplyDelete
  14. သြော် စိတ်မကောင်းမဖြစ်ပါနဲ့ကိုနိရယ်။
    သူခမျာ ချစ်တဲ့သူတွေနဲ့အတူ ၈၄နှစ်အထိအတူနေသွားရတယ်။
    မမွန်ဆို အဲဒီအရွယ်ထိတောင် ခံပါ့မလားမသိ။

    ReplyDelete
  15. အဒေါ်အတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  16. သေခြင်းတရားကတော့ စိတ်မှာ သတိထားပြီး စွဲမနေနိုင်သေးဘူး။ ဒါမျိုးလေးတွေ တွေ့ရင်တော့ အော်.. ဆိုပြီး သတိကပ်လာတတ်တယ်။

    ကိုဇနိ ချစ်ရတဲ့အဒေါ် ကောင်းရာသုဂတိ လားပါစေပေါ့။

    သုခမိန်(E-Journal)

    ReplyDelete
  17. တရားတွေ ရသွားပါတယ်။

    ReplyDelete
  18. တရားရပါသည်။
    ထပ်တူခံစားဝမ်နည်းမိပါသည်။

    ReplyDelete