Sunday, November 23, 2008

မျှော်လင့်ခြင်းနဲ့ အချိန်ကာလ





ဒီနေ့ အမနုစံဆီက လှပနေတဲ့ လမ်းကလေးကို မြင်တဲ့အခါ စိတ်ထဲမှာ လွမ်းဆွေးသွားတာ အတော်လေး ခံစားလိုက်ရတယ်။ တနေ့က ဈေးဝယ်သွားတော့လည်း ခရစ်စမတ်အလှဆင်တွေ မြင်ခဲ့တော့ စိတ်ထဲမှာ သတိရတယ်။ ဒါနဲ့ ပြန်လာတဲ့အခါ ကိုဇနိရေ အလည်လာပါလားလို့ ပြောကြည့်တော့ သူက မလာနိုင်ဘူး။ မလာနိုင်တာလည်း သိပေမယ့် ခေါ်မိတယ်။ ခေါ်မိတော့လည်း နှစ်ယောက်လုံး စိတ်မကောင်းဖြစ်ကြရတာပါ။

ဟိုးအရင်က ဂျူးရဲ့စောင့်ဆိုင်းခြင်းနိယာမ ဝတ္ထုတိုလေးကို ဖတ်ဖူးပါတယ်။ အဲဒီဇာတ်လမ်းအတိုချုပ်အရဆိုရင် သူ့အမျိုးသားက နိုင်ငံခြားကို အလုပ်သွားတာ နှစ်တွေကြာတော့ သူက တယောက်ထဲနေရတဲ့ အရသာကို တွေ့သွားတယ်။ သူစားချင်တဲ့လမ်းဘေးအစာတွေစား၊ သူသွားချင်ရာတွေသွားရတဲ့ အရသာကို ကြိုက်သွားရင်း ပျော်မွေ့သွားရင်းနဲ့ပဲ သူ့အမျိုးသားပြန်လာခါနီးတဲ့အချိန် ရောက်လာခဲ့တယ်။ သူ့ရုံးက လုပ်ဖော်ကိုင်ဖက်များက အမျိုးသားပြန်လာခါနီးလို့ ပျော်နေပြီလားဆိုရင် သူဘာပြန်ဖြေရမှန်းမသိဖြစ်နေတော့တယ်တဲ့။ တကယ်တော့ သူဟာ အချိန်တွေကြာသွားတော့ သူနေရတဲ့နေရာအခြေအနေလေးပေါ်မှာ နေတတ်သွားတယ်ထင်ပါတယ်။ အဲဒီစာလေးဖတ်လိုက်ရတော့ ကျွန်မရင်ထဲမှာ မကောင်းဘူး။ ဒီလိုသာ ဝေးသွားတာကြာရင် သွေးအေးသွားကြမယ်ဆိုရင် ဘယ်လိုလုပ်ပျော်စရာကောင်းတော့မလဲ။ အမှန်တကယ်တော့ နှစ်ကာလအများကြီးခွဲခွာနေရသူကို မျှော်လင့်တမ်းတမှုတွေနဲ့ ကြိုဆိုနေတာပဲ ဖြစ်သင့်တယ်လို့ တွေးမိခဲ့တယ်။ အခုချိန်ထိ အဲဒီအကြောင်းအရာလေးကို စဉ်းစားမိနေတယ်။

တကယ်တော့ တယောက်နဲ့တယောက် ဆက်သွယ်တယ်ဆိုတာ စိတ်အပေါ်မူတည်ပါတယ်။ ဆက်သွယ်ရတာ လွယ်ကူတယ် ခက်ခဲတယ်ဆိုတာလည်း ရှိတော့ရှိမယ်။ တချို့ခက်ခဲတယ်ထင်တာတွေလည်း အားစိုက်ထုတ်ရင် လွယ်ကူသွားတာပါပဲ။ ကျွန်မနဲ့သူနဲ့ ဝေးကွာနေကြရတာ အခုဆို ခြောက်နှစ်ကျော်နေပြီလို့ ပြောလို့ရတယ်။ ကျွန်မလည်း ရန်ကုန်မှာ နေရတဲ့အခါတွေရှိသလို နယ်တွေရောက်နေတဲ့အခါလည်း ရှိတတ်ပါတယ် အင်တာနက်ရရင်လည်း အင်တာနက်သုံးပေါ့။ မရတော့လည်း ဖုန်းဆက်။ ဖုန်းလည်းမရှိတဲ့နေရာမှာ (၃)လလောက် သွားနေရတယ်။ သူက စာပို့ပေးတော့ ရန်ကုန်ကနေတဆင့် အဆင့်ဆင့်တွေကြောင့် တစ်လကို တစ်စောင်လောက် စာဖတ်ရပါတယ်။ တခါကတော့ ပိုက်ဆံအခက်အခဲကြောင့် ဖုန်းမဆက်တာ တစ်လလောက်ကြာသွားတယ်။ မနက်ခင်းတခုမှာ သူ့ဆီက ဖုန်းလာတာကို မောင်လေးလား ပြောပြောနဲ့ လုပ်မိတဲ့အထိ ကျွန်မခေါင်းထဲမှာ သူဖုန်းခေါ်နိုင်တယ်ဆိုတဲ့အသိ ရောက်မလာခဲ့ပါဘူး။ သူက သူ့အသံကို မမှတ်မိတာ စိတ်ဆိုးချင်သတဲ့။ ကျွန်မကလည်း ဘာလို့အကြာကြီးဖုန်းမဆက်လဲလို့ ငိုလိုက်တော့ သူလည်း နောက်ဆို ဖုန်းအကြာကြီးမဆက်ဘဲ မနေရဲတော့ပါဘူး။

ရန်ကုန်မှာနေစဉ်တုန်းကတော့ နေ့တိုင်းနီးပါး အဆက်အသွယ်ရပါတယ်။ သူကကြိုးစားဆက်သွယ်ရသလို ကျွန်မက အပင်ပန်းခံရတာတွေလည်း ရှိပါတယ်။ နေပူပူမှာ အင်တာနက်ဆိုင်သွားသုံးရတာတွေဟာ နေ့လည်ခင်းအိပ်ချိန်တွေကို ဖဲ့ပေးခဲ့ရတာပါပဲ။ ဒီလိုနဲ့ သူထွက်သွားပြီး အလည်ပြန်လာမယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မကတော့ ပျော်ရွှင်သွားတာ အမှန်ပါ။ အရင်ကတော့ သူပြန်လာရင်ကောင်းမယ်လို့ မျှော်လင့်ခဲ့တာ မရှိပါဘူး။ မျှော်လင့်လို့ရတဲ့အခြေအနေဆိုရင် မျှော်လင့်မိမယ်ထင်ပါတယ်။ မရနိုင်မှန်းသိတော့ မမျှော်လင့်တော့ဘူးပေါ့။ သူရောက်လာမည့်အရင်ညက အိပ်လို့တော်တော်နဲ့မပျော်ဘူး။ လေဆိပ်ကိုသွားကြိုတော့လည်း မြူတွေဆိုင်းနေလို့ လေယာဉ်က ခေါင်းပေါ်မှာဝဲနေတာနဲ့ နောက်ထပ် နာရီဝက်လောက်စောင့်နေခဲ့ရတယ်။ တကယ့်တကယ်ရောက်လာတဲ့အခါ လူက စိမ်းစိမ်းကြီး။ အရင်ကထက် အနည်းငယ်ပိုဝလာပြီး အသားဖြူဖတ်ဖတ်ဖြစ်နေတဲ့ သူ့လက်ဖြူဖောင်းဖောင်းတွေကမ်းလာတဲ့အခါ တော်တော်နဲ့ လက်ပြန်မကမ်းမိဘူး။ လက်ကမ်းပေးပြီး ဝမ်းသာအားရဖြစ်ရမယ့်အစား မမြင်ဖူးတဲ့ သူစိမ်းတယောက်လက်လို ပြန်ကြည့်မိခဲ့တာ ကျွန်မအလွန်များဖြစ်နေမလား။

ဒီလိုနဲ့ သူ့ကိုကြို၊ နေရမည့်အဆောင်ကို လိုက်ပို့အပြီး ပစ္စည်းတွေချမယ်လုပ်တော့ သူ့ကုပ်အကျီင်္င်္ကမ်းပေးလာတဲ့အခါမှာတော့ အရင်လိုနွေးထွေးမှုပြန်ရလိုက်သလို ခံစားလာရတယ်။ ကျောင်းအတူတက်ခဲ့စဉ်အခါက တနေရာကို ခရီးထွက်ကြရင် ဒါမှမဟုတ် ကျောင်းပိတ်လို့ အိမ်ပြန်ကြရင် သူ့အကျီင်္ သူ့လွယ်အိတ်တွေကို ကျွန်မကိုင်ထားပေးခဲ့ရတာတွေဟာ အနေဝေးသွားတာတွေကို ပြန်နွေးစေခဲ့တဲ့ သတိရစရာတွေဖြစ်ပါတယ်။ အတူစားခဲ့ဖူးတဲ့ ထမင်းဆိုင်ရောက်တော့လည်း စားစရာတွေကို မစားနိုင်ကြဘူး။ စကားလည်း မပြောနိုင်ဘဲ ဘေးက သူငယ်ချင်းတွေ စားခိုင်းမှ သတိတရ စားမိကြတယ်။ မှတ်မှတ်ရရပြောရရင် မှာထားတဲ့ခေါက်ဆွဲသုပ်ပန်းကန်ကို ဇွန်းနဲ့ခေါက်ရင်း ထပြန်လာခဲ့တာပါပဲ။ ပြန်ရောက်စနှစ်ရက်လောက်က အပြင်သွားလည်း စကားတွေတော်တော်နဲ့ မပြောဖြစ်ဘူး။ သူက အရှေ့ဖက်လှည့်ရင် ကိုယ်က အနောက်ဖက်လှည့်ပြီး စိမ်းနေကြတယ်။ ဒါတွေပြန်တွေးမိရင် ကျွန်မနောက်ထပ် သူနဲ့အကြာကြီး ဝေးမနေချင်တော့ပါဘူး။ ဝေးနေတာကြာတဲ့အခါ မျှော်လင့်ရတာတွေ ကြာရှည်လာမယ်။ မျှော်လင့်လို့ဖြစ်မလာတဲ့အခါ အနေစိမ်းသွားမယ်။ အဲဒါတွေကို ကြောက်မိပါတယ်။

မျှော်လင့်လို့ မရနိုင်တာ သိတဲ့အခါ မမျှော်လင့်မိပါဘူး။ လုပ်စရာအလုပ်တွေ လုပ်ရင်း အားလုံးကိုမေ့ထားလိုက်တယ်။ ဒါပေမယ့် တခါတရံတော့ ကျွန်မဆီရောက်လာရင် ကောင်းမယ်လို့ သတိရမိတတ်ပါတယ်။ အချိန်အကြာကြီး ဝေးနေရတာတွေဟာ မျှော်လင့်ချက်ကို လျော့နည်းစေတယ်လို့လည်း တွေးမိလာတယ်။ အဲဒါကြောင့် အချိန်အကြာကြီမျှော်လင့်နေရတာတွေ သတိရနေရတာတွေကို ကုန်စေချင်လှပါပြီ။

မဇနိ

22 comments:

  1. အဲဒီ ဂျူးရဲ့ ဝတ္တု ဖတ်ဖူးတယ်။ လူတိုင်းကို adaptable လုပ်နိုင်တာမျိုးတစ်ခု သဘာဝက လက်ဆောင်ပေးထားတာလို့ အမတော့ ယုံတယ်။ ဘာပဲ ဖြစ်ဖြစ် ခဏဝေးနေရတဲ့ နိနိနဲ့ ကိုဇနိ တူတူရှိမယ့်နေ့လေး အမြန်ရောက်ပါစေ လို့ ဆုတောင်းပေးသွားတယ် :-)

    ReplyDelete
  2. စိတ်မပူပါနဲ့ မဇနီ. တစ်ယောက်ထဲ အထာကျနေပေမဲ့လဲ နှစ်ယောက်ပြန်တွေ့ပြီးခဏမှာ နွေးထွေးမှူကို မကြာ်ခင်ပြန်ရပါတယ်။ ကလေးများ အဖေနဲ့ တွေ့ကာစ မှာ စိမ်းသလိုပေါ့

    ReplyDelete
  3. အင်းးးးးးးးးးးးး
    နိနိ....
    .............
    ............
    .............
    (မမ
    ပြောတဲ့ကလေးများအဖေကဘူ့ကိုပြောတာပါလဲ)

    ReplyDelete
  4. နားလည်ပါတယ်မကွိရေ ... ကိုနိနဲ့ အမြန်ဆုံးနီးစပ်ပါစေဗျာ ၊၊ ကွိကွိ ပေါက်စနလေးတွေလေး များကြီးရပါစေ ၊၊

    ကိုကြီးဝီ

    ReplyDelete
  5. မနိရေ ဝေးနေရာတ ကြာတော့ အလွမ်းဒဏ်တွေပိပြိး စိုးရိမ်နေမိတာပါ။ စိတ်ချင်းနားလည်ပြီး ချစ်ကြသူတွေဘဲဟာ ဘယ်လောက်ဝေးဝေး ဘယ်လောက်အချိန်တွေကြာကြာ ပြန်တွေ့ ချိန်မှာ ခနလေးနဲ့ အနီးဆုံးလူတွေ ပြန်ဖြစ်သွားမှာပါ။
    မျှော်လင့်ခြင်းတွေနဲ့ အချိန်တွေကိုကျော်ဖြတ်ရတာ နေပျော်ပါတယ်လို့ ဖြေတွေးလိုက်ပါ မနိရယ်။
    တကယ်ပြန်တွေ့ ချိန်ကျရင် လင်းတို့ ကိုတောင်သတိမရနိုင်အောင် အလွမ်းတွေ သယ်နေကြမှာများ မသိရင်ခက်မယ်နော်

    ReplyDelete
  6. တို့တွေတော့ အတူတူ နေရင်းကို စိမ်းစိမ်းသွားလို့
    တစ်ကနေ ပြန်ပြန်စတယ်... မဇနိ..အဟိ

    ReplyDelete
  7. အားမလျော့နဲ့ ရောက်လုပြီ။
    ကိုယ်ချင်းစာပါတယ်။ ခွဲနေရတာတွေကို။
    အဲဒီဂျူးဝတ္တုလဲ အရမ်းသဘောကျပါတယ်။

    ReplyDelete
  8. နိနိရေ-ဝေးတသက်သက်တဲ့လေ။
    မြန်မြန်လေးနီးစပ်ကြဖို့နှစ်ယောက်အတူရွေ့မှရမှာ
    တနေရာထဲကိုအတူရွေ့ဖို့လည်းလိုတာပေါ့နော်။
    နိနိချစ်တဲ့သူနဲ့အမြန်ဆုံးနီးနိုင်ပါစေ။

    ReplyDelete
  9. အနီးဆုံးကို အမြန်ဆုံး ရောက်ပါစေ

    ReplyDelete
  10. မဇနိလေး.. အမဆီက ဓာတ်ပုံလေးကြောင့် စိတ်မကောင်း မဖြစ်ပါနဲ့။ ဒီပို့စ်လေးဖတ်ပြီး စိတ်မကောင်းဘူးရယ်.. ငိုချင်လာပြီ။

    ကိုဇနိနဲ့ မဇနိတို့ အမြန်ဆုံးနီးစပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်... :(

    ReplyDelete
  11. မမနိတို့ အမြန်ဆုံး အမြန်ဆုံးနီးပါစေနော် ။ :)

    ReplyDelete
  12. နိနိရေ… တို့ လဲ ဝေးဖူးတယ်… ခွဲရတဲ့ အရသာခါးသက်သက်တွေ ယဉ်လာတဲ့အထိ…
    နိနိက စာအရေးကောင်းတော့ ရင်ထဲမှာ အဲဒီအချိန်တွေကို နောက်ကြောင်းပြန်လိုက်သလိုပဲ…
    တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ အင်နားရှားလိုပေါ့ညီမရေ… နေမြဲအတိုင်းနေသားကျတဲ့ သဘာဝ… ခဏပါ… ကားဘရိတ်အုပ်တော့ ရှေ့ ကို ခဏယိုင်ပြီး နောက်တော့ ရပ်သွားတာလိုပေါ့… ပြန်တွေ့ ရင် ရုပ်ရှင်တွေထဲကလို စလိုးမိုးရှင်းနဲ့  ပြေးဖက်ဖို့ ထက် တကယ့်လက်တွေ့ မှာ နိနိပြောသလို စိမ်းစိမ်းကြီး… ခဏကြာတော့ သူမရှိလို့ မဖြစ်တဲ့ ဘ၀ပြန်ရောက်သွားရော… အရေးကြီးတာက နှလုံးသားတွေ နီးနေဖို့ ပဲပေါ့… ဘေးလူတွေတောင် ရိပ်မိလောက်တဲ့အထိ နှလုံးသားလေးတွေ နီးနေကြတဲ့ နိနိတို့ သံယောဇဉ်ကြိုးလေးကို သိလျက်နဲ့  ဘာလို့ များ စိတ်ပူနေရလဲ ညီမရယ်… တကယ်ဆို သူမရှိလို့ မှ မဖြစ်ပဲ….

    ReplyDelete
  13. ရာသီဥတုကလည်း အေးတော့ ဘယ်လို ပြောပေးရမယ်မသိဘူး၊ တစ်ယောက်ထဲ ဆိုတော့ ပိုအေးသလိုပါပဲ...

    http://winzaw-mdy.blogspot.com

    ReplyDelete
  14. နိနိလေး...
    စိတ်မကောင်းမဖြစ်ပါနဲ့ နော်...
    တမနက် အိပ်ရာက နိုးထလာတိုင်း
    သူနဲ့ တစ်ရက်ပိုနီးလာပြီလို့  စိတ်ထဲမှာထားပြီး အချိန်တွေကို ရင်ဆိုင်ပါ...။
    အဓိက ကတော့ နှလုံးသားချင်း နီးနေဖို့ ပါဘဲ...။
    ချစ်ခင်ရတဲ့ မောင်တွေ ညီမတွေကို စိတ်ချမ်းသာစေချင်ပါတယ်...။

    ReplyDelete
  15. နီးစပ်ဖို့ အရေး တွေးတွေးပြီး ဆွေးမနေလေနဲ့  မမနိ ။
    အကြောင်းဖန်မယ့်ရက်ကိုတာ လက်ချိုးပြီးရေတွက်ပါလေ။
    ပို၍ ပျော်ရွင်ရ လတ္တံ့ ။ :D ဗျိုးနောင်ကြီး အသင်လည်း ကြိုးစားလော့ ။ :P

    ReplyDelete
  16. နိနိရေ
    တို့လဲ မအားတာနဲ့ နောက်ကျသွားတာ ခုမှ လာရတယ်။

    တို့တွေလဲ ခဏဝေးဖူးတယ်။ အဲဒီတုန်းကတော့ အမက တနေ့ကို မနက် တစောင်၊ ညတစောင် တနေ့တာလုပ်သမျှ အီးမေးလ် ပို့တာပါပဲ။ မီးမလာလို့ ကွန်ပျူတာ မသုံးနိုင်တောင် မီးခလုတ်ဖွင့်ပြီး အိပ်တယ်။ မီးလာတာနဲ့ အိပ်ယာက ချက်ချင်းထပြီး စာရိုက်တာပဲ။ တရက်မှ မပျက်ခဲ့ဘူး ထင်ပါရဲ့။
    ဝေးတုန်း သီချင်းနားထောင်လဲ အလွမ်းသီချင်း၊ အချစ် သီချင်းပဲ နားထောင်ဖြစ်တယ်။ အဲဒီလို အချစ်ကို အမြဲ ပြန်နွှေးနေတဲ့သူတောင် သူပြန်လာရင် နိကလေး ပြောသလို လူစိမ်းစိမ်းကြီး ဖြစ်သေးတာပဲ။ :)
    အမ ပြောချင်တာက ဝေးနေလဲ အခုလို ပြန်နွှေးနေ၊ ပြန်တွေးနေရင် သေချာပေါက် ဝေးမသွားပါဘူးလေ။ ဒါက ကိုယ်နေနေကျတဲ့ အခြေအနေ တခုမှာ နေမြဲနေချင်တဲ့သဘော ပါ။ စိမ်းသွားတာ မဟုတ်ပါဘူး။ အားမငယ်နဲ့နော်။ အမ နားလည်တယ်။
    ချစ်သော
    အမ

    ReplyDelete
  17. Hi Ma Zani,
    I am a regular reader of your post. I can understand what you feel. I think most of us outside the country has more or less this kind of separation for some reasons. I had been apart from my better half for 5 years after we got married. When the time came finally to be together, I was so worried with the same doubts. But I now know that it is also not very easy to resist your true soulmate and friend.
    So, please don't worry. Stay keep in touch and keep yourselves warm with each other love. Everything will be fine finally.
    Please don't let yourselves down before you reach your time together. It really worth while to wait to be with your love and these days will fade away when you are together.
    Best wishes for both of you.

    ReplyDelete
  18. ညီမတို့လဲ ခွဲနေခဲ့ကြရတာ အကြာကြီးပါ။ မနိတို့လောက်မရှိပေမယ့် သူဒီကိုထွက်လာတဲ့ ၃နှစ်ပေါ့။ တော်ရုံပြန်ဆုံပါ့မလားလို့ စိတ်ဓာတ်များတောင် ကျမိပါရဲ့။ ပြန်တွေ့တွေ့ချင်း လေဆိပ်မှာ ကိုယ့်ယောက်ျားကိုတောင် ဘယ်လိုနှုတ်ဆက်ရကောင်းမလဲမသိဘူး။ :D
    မနိလည်း အားမငယ်ပါနဲ့နော်။ ဖူးစာပါလို့ ဆုံလာပြီဘဲ။ အတူနေကြရမှာပါ။ ရှေ့ရေးအတွက် ကြိုးစားနေတယ်လို့ မှတ်ယူပေါ့ မနိရေ။ ဒီမှာလည်း အတူနေပေမယ့် စိမ်းစိမ်းသွားတတ်တယ်ဂျ။ :P

    ReplyDelete
  19. နိနိလေးရေ..
    အသံတိတ်နေလို့  လာခေါ်တာပါ...
    ကြည့်စမ်းပါအုံး ညီမလေးရေ..
    အစ်မတွေ အစ်ကိုတွေရဲ့  အားပေးစကားသံတွေ...
    ဘယ်လောက်ပျော်စရာကောင်းလဲ...
    ဘယ်လောက် အားရှိစရာကောင်းလဲ လို့ ...
    စိတ်မကောင်း ဖြစ်မနေနဲ့ တော့နော်...
    ကဲ.. လာ.. လာ.. ထ... အသစ်ရေးတော့နော်...
    နိနိလေးက လိမ်မာတယ်လေ...
    ကိုဇနိရေ... နိနိကို အသစ်ရေးဖို့  ခေါ်အုံးလေ...

    ReplyDelete
  20. အမ A Linn Nyi ပြောသလို သဘာဝက လက်ဆောင်ထားတာ နေမယ်နော်။ ဆုတောင်းပေးတာလည်း ကျေးဇူးပါ အမရေ။

    မမကေအိုအမ်ရေ ဒါဆို စိတ်မပူတော့ဘူးနော်။

    အင်း... သက်ပြင်းလိုက်ချကြည့်ပါ့မယ်။

    ကိုကြီး ၀ီရေ နားလည်တာတော့ ဟုတ်ပါတယ်။ ဘယ်က ပေါက်စနတွေ ပါလာတာလဲဗျာ။


    အလွမ်းတွေသယ်ပေမယ့် လင်းကို မမေ့ပါဘူး။ လှမ်းခေါ်လိုက်မယ်လေ။

    တမင်တစ်ကနေပြန်ပြန်စနေတာလားဗျ အမsonata- cantata


    အားပေးသွားလို့ အားရှိသွားပီ မမွန်ရေ။ ကျေးဇူးပါ။

    ဟုတ်ကဲ့ နှစ်ယောက်အတူရွေ့နိုင်အောင် ကြိုးစားမယ် အမ မီယာ။

    ဆုတောင်းလေးကို သဘောကျမိပါတယ် အမ sin dan lar။

    ငိုတော့ မငိုချင်ပါနဲ့ အမနုစံ။ အမဓါတ်ပုံလေးတွေက လှတော့ လွမ်းမိသွားတာ။

    သာမီးလေးမေမိုး အမြန်ဆုံးဆီ ရောက်တော့မယ်ထင်ပါတယ်နော်။

    အမတန်ခူးရေ မအားတဲ့ကြားက လာအေးသွားတာ ကျေးဇူးပါနော်။ တကယ်ဆို သူမရှိလို့မဖြစ်ဘူး ဟုတ်တယ် အမရေ။ စိတ်မပူတော့ပါဘူးနော်။

    ပိုအေးတာ အသေအချာပဲ ကိုဝင်းဇော်ရေ။ အမြဲလာအားပေးတာ ကျေးဇူးပါ။

    နှစ်ခေါက်လာအားပေးကြည့်ရှုတဲ့အတွက် ၀မ်းသာမိတယ် အမသက်ဝေ။ တရက်တရက် နီးလားပီလို့ တွက်နေလိုက်မယ်နော်။

    မောင်လေး mgngal အသင် နိမိတ်ဖတ်သလို ရချင်ပါသည်။

    အမချိုသင်းကလည်း ချစ်တတ်လိုက်တာနော်။ ဟား ဟား အမလည်း လူစိမ်းစိမ်းကြီးကို တွေ့ဖူးတာကိုး။ ဒါဆို အဖော်ရှိသေးတယ်ပေါ့။

    ကွန်းမန့်အရှည်ကြီးလာရေးသွားတာ ကျေးဇူးအများကြီးတင်တယ်နော် PPH ရေ။ ဆုတောင်းအတွက်ရော။

    အတူနေလည်း စိမ်းစိမ်းသွားတတ်သလား ညီမမြရွက်ဝေ။ ဒါဆိုရင်တော့ ကြောက်ကြောက်။

    လာအားပေးကြသော ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်မိကြောင်းပါ။ အားပေးစကားများကြောင့် စိတ်ပျော်ရွှင်မှုပြန်ရသွားတဲ့အတွက်ပါ။ အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

    ReplyDelete
  21. အဟမ်း။
    ခံစားချက်တွေ တူနေတယ်ပဲပြောချင်ပါတယ်။

    သုခမိန်(E-Journal)

    ReplyDelete
  22. ကိုဇနိနဲ့ မမဇနိ အမြန်ဆုံး နီးစပ်နိုင်ပါစေး)

    ReplyDelete