Thursday, September 18, 2008

မှတ်မှတ်သားသား ရယ်စရာလေးများ



ကလေးအဖေ ဘလော့ဂါတွေက သူတို့ကလေးတွေနဲ့ ပတ်သက်ပြီး ရယ်စရာလေးတွေ ရေးကြတယ်။ ကလေးအတွေးဆိုတော့ လူကြီးနဲ့ မတူပဲ တစ်မျိုးဖြစ်နေတော့ ရယ်ရတာပေါ့။ ကျွန်တော်လည်း ကလေးတွေနဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့ ရယ်စရာလေးတွေ သတိရလာလို့ တင်ပေးလိုက်ပါတယ်။


မနော့နေ
ကျွန်တော့ တူမလေးက 'မနေ့က' ရယ် 'မနက်ဖြန်' ရယ်ကို သူမကွဲဘူးဖြစ်နေတယ်။ လူကြီးတွေက ပြောရင် သူနားလည်တယ် ဒါပေမယ့် သူ့ဟာသူ ပြောဖို့တော့ တော်တော် စဉ်းစားပြီးပြောရတယ်။ နောက်တော့ စာလုံးတစ်လုံးသူထွင်လိုက်တယ် 'မနော့နေ' တဲ့ မနေ့ကလည်း မနော့နေ၊ မနက်ဖြန်လည်း မနော့နေ သူ့အတွက်ကတော့ အဆင်ပြေနေတာပဲ။ လူကြီးတွေကလည်း နားလည်ပါတယ်။ ကလေးလေးဆိုတော့ ချစ်ဖို့လည်း ကောင်းပါတယ်။

ရော့ရော့...
ကျွန်တော့ညီဝမ်းကွဲလေးတစ်ယောက်က သူ့မှာ အမတွေကများတော့ ကလေးတုန်းက လက်ပေါ်က မဆင်းပဲ အမြဲလိုလို အချီခံထားရတယ်။ အမတွေက တစ်ရောက်နဲ့ တစ်ယောက် ကလေး လက်လွှဲတဲ့အခါမှာ 'ရော့၊ ရော့' လို့ပြောပြီး လွှဲတတ်ကြတယ်။ ကလေးက အဲဒီစကားကို မှတ်ထားပြီး သူ့ကိုအမတစ်ယောက်ယောက်က လာချီစေချင်ရင် ခုတင်ပေါ်ကနေ လက်ကိုကားပြီး 'ရော့ ရော့' နဲ့ အော်နေတတ်တယ်။

ကလေးမကြိုက်အောင်တွေ လုပ်နေပြီ
အဲဒီကလေးက အငယ်ဆုံးလည်း ဖြစ်တယ် အကိုအမတွေလည်းပေါတယ်ဆိုတော့ ခဏခဏ အငိုရှာခံရတယ်။ ကလေးကငိုပြီဆိုရင် ကလေးအငိုရှာတဲ့သူကို လူကြီးတွေက 'ကလေးမကြိုက်အောင်တွေ မလုပ်စမ်းနဲ့၊ ကလေးကို အငိုမရှာနဲ့' လို့ ဆူတတ်တယ်။ ကလေးက အဲဒါလေးကို မှတ်ထားပြီး သူကိုလာစရင် နောက်ကျတော့ အော်ပြီးတိုင်တတ်လာတယ်။ 'အမေ ဒီမှာ ကလေးမကြိုက်အောင်တွေ လုပ်နေတယ်။ အမေ ကလေးကို အငိုရှာနေတယ်' တဲ့။

ဒါမျိုးလာချော့လို့ ဘယ်ရမလဲ
တစ်ခါလည်း ဆန်ရောင်းတဲ့ အိမ်တစ်အိမ်မှာ ကလေးအငယ်လေးကို အကြီးကောင်က ငိုအောင်လုပ်လိုက်တယ် နောက်ကလေးငိုတဲ့ အခါကျတော့ သူက ဆန်တောင်းထဲက ဆန်တွေကို မြှောက်မြှောက်ပြီး ကစားပြလိုက်တယ်။ ကလေးက အပေါ်တတ်သွားတဲ့ ဆန်တွေကို စိုက်ကြည့်ပြီး အငိုတိတ်သွားပါတယ်။ ဒါပေမယ့် အဖေလုပ်တဲ့လူက အကြီးကောင်ကို 'ဆန်တွေနဲ့ ဘာလို့ကစားရတာလဲ' လို့ဆူလိုက်တော့ 'ကလေးအငိုတတ်အောင် ချော့တာပါ' လို့ ပြန်ပြောလိုက်တယ်။ အဲဒီမှာ ကိုလူလည် ကလေးက 'ငါ့အငိုတိတ်အောင် ချော့တာတဲ့' ဆိုပြီး နောက်တစ်လော ဆက်ငိုတော့တာပဲ။

သူခေါ်ခိုင်းလို့လည်း ခေါ်ရသေးတယ်၊ :(
တစ်ခါတုန်းက အိမ်နီးချင်း အပျိုမကြီးတစ်ကြီး မမတစ်ယောက်ပါ၊ ကလေးလည်းအရမ်းချစ်တတ်တော့ အိမ်နားက ကလေးကို ခေါ်လာတယ်။ ထိမ်းမယ်ပေါ့။ ကလေးကလည်း သူ့ကိုချစ်ရှာပါတယ်။ သူ့စကားလည်းနားထောင်တယ်။ ငိုလည်းမငိုတတ်ရှာဘူး။ သူကအိမ်မှာ နေတာ အဖွားရယ်၊ အမေရယ်နဲ့ နေတယ်။ သူ့ကိုလူကြီးတွေက 'သီရိ' လို့ခေါ်တယ်။ ကလေးနဲ့ကျတော့ သူက မမ အခေါ်ခံချင်တာ။ သူ့ကိုသူ မမလို့လည်း ပြောတယ် ကလေးက အဲဒီ စကားကို နားမဝင်ဘူး။ လူကြီးတွေခေါ်သလို သီရိလို့ပဲခေါ်တယ်။ ကလေးက သီရိခေါ်ရင် သူကရိုက်တယ်။ အဲလိုမခေါ်ရဘူးလို့လည်း ပြောတယ်။ ခဏနေတော့ ကလေးက အဲလိုပဲထပ်ခေါ်တယ်။ အဲဒီတော့ သူက 'ပြန်ခေါ်စမ်း၊ ပြန်ခေါ်စမ်း' လို့ပြောတယ်။ ကလေးက ခေါ်ခိုင်းတယ်ထင်လို့ ခေါ်တယ်။ သူကရိုက်တယ်။ ကလေးက နားမလည်သလိုလေးကြည့်နေတယ်။ သူက ခေါ်ခိုင်းလိုက် ကလေးက ခေါ်လိုက် ရိုက်လိုက်နဲ့ တော်တော်ကြာသွားတယ်။ နောက်တော့ ကလေးရဲ့ မမကရောက်လာပြီး 'ကလေးက ခေါ်ခိုင်းလို့ ခေါ်နေတာ၊ ခေါ်စမ်းခေါ်စမ်း ဆိုတာကို သူက တကယ်ခေါ်ခိုင်းတယ် ထင်နေတာ' လို့ ပြောပြလိုက်မှ ကလေးလည်း သက်သာရာရသွားတယ်။ သူ့အမရင်းကသင်ပေးတော့မှ ကလေးက 'မမ' လို့ ခေါ်တတ်သွားပါတယ်။

8 comments:

  1. ဟုတ်တယ်ဗျ
    ကလေးတွေ စကားပြောတတ်ကာစ အရွယ်မှာ သူတို့ပြောတာလေးတွေက ချစ်ဖို့ကောင်းတယ်။ ကျွန်တော့်ညီမလေးစကားပြောတတ်ကာစက သူ့ကိုစိတ်ဆိုးအောင်စရင် အာပီကျာ အာပီကျာ ဆိုပြီး ပြန်ပြန်အော်တယ်။ နောက်တော့ အဲလိုအော်တာလေးကပဲ သူ့နာမည်လေးတစ်ခု ဖြစ်သွားတယ်။

    ReplyDelete
  2. ဟာသလေးတွေ တင်ပေးတာ ကျေးဇူးပါ ကိုဖိုးသောကြာ။
    မောင်လေးငယ်ငယ်ကတော့ “တ၀မ်းကွဲညီအစ်ကို” လို့ပြောချင်တာ မပြောတတ်တော့ “တရင်းကွဲညီအစ်ကို”တဲ့။ ဘာဖြစ်ဖြစ် ကလေးတွေပြောရင် ချစ်စရာကောင်းတယ်နော်။

    ReplyDelete
  3. ကလေးတွေရဲ့ချစ်ခင်နှစ်သက်စရာ စကားလေးတွေပါ ကိုဖိုးသောကြာ ၊၊

    ReplyDelete
  4. ကလေးတွေချစ်စရာကောင်းတာတော့သိတယ်။ မှတ်မှတ်ရရတော့ ပြန်ပြောစရာရှိဘူးဗျ။

    ကိုသောကြာကို ကလေးအဖေထင်နေတာ။ နောက်မှ သေချာပြန်ကြည့်တော့ တူ၊တူမတွေအကြောင်းမှန်းသိတယ်။

    ဟဲဟဲ။ ကလေးတွေကိုပြုံးသွားတယ်။

    သုခမိန်(E-Journal)

    ReplyDelete
  5. ကိုဇနိနဲ့ မဇနိအတွက် ကလေးလေးတွေရဲ့ သဘာဝ လက်ချာပေါ့နော်…

    ReplyDelete
  6. ခေါ်ခိုင်းလို့လည်းခေါ်ရသေးတယ်..``
    အရမ်းရီရတယ်..

    ReplyDelete
  7. ကိုဇနိရေ
    ဒီပို့စ်လေးက ချစ်စရာကောင်းလိုက်တာ။ ပုံလေးရောပဲ။ ကလေးလေးတွေက ဖယောင်းနုနုလေးတွေပါ။ သိပ်အပြစ်ကင်းကြတယ်။ အမလဲ ကလေးဆို သိပ်ချစ်ပဲ။
    နောက်ဆုံးတခုကတော့ ကလေး သနားပါတယ်ကွာ။ သူ ဘယ်နားလည်ပါ့မလဲ။ မရိုက်သင့်ပါဘူး။

    ReplyDelete
  8. taungoo ရေ ရွှေအိမ်စည်လေးအတွက် အမည်မှန်တွေးကြည့်သေးတယ် မပေါ်ပါဘူးဗျာ။

    မဇနိ ကတော့ မောင်တော်တော်ချစ်တယ်ထင်တယ်။

    republic ရေ အားပေးတာကျေးဇူးပါ။

    ကိုသုခမိန် အဲလိုချည်းတော့ နောက်နဲ့လေဗျာ။ လူပျိုလေးဗျာ့။ ဘယ်က ကလေးရှိရမှာလဲ။

    တန်ခူး သူတို့က တွေ့သမျှ လက်ချာယူနေတဲ့ အချိန်။ အပိုလေး ထပ်ရသွားမှာပေါ့။

    pauk အဲဒါလေးက ရေးရင်းနဲ့ ရီလည်းရီချင်တယ်။ ပြန်တွေးရင် ကလေးကိုလည်း သနားတယ်။

    ma moe cho thin ရေ အဲဒီတုန်းက အနားမှာ ကျွန်တော်လည်း ရှိနေတယ်။ ကလေးမျက်နှာကိုကြည့်ပြီး နားမလည်ဖြစ်နေတာ။ တစ်ခုခုတော့ မှားနေတယ်လို့ တွေးနေတုန်း ကလေးရဲ့ မမအရင်းရောက်လာပြီး အားလုံးအိုကေသွားတာ။

    ကျွန်တော်လည်း ကလေးတော့ ချစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးတွေ တိတ်နေရင် ကျွန်တော်က မနေတတ်ဘူး။ ရီရင်လည်း ရီနေ။ အဲလိုမဟုတ်လို့ကတော့ အသံထွက်လာအောင် အငိုရှာတာပဲ။ ဟီးးး မငိုရင် နဲနဲလေး နာအောင် လုပ်ပေးလိုက်တယ်။

    ReplyDelete