Tuesday, July 8, 2008

ပညာဒါန


မဇနိ
8 July 2008

ဒီကယူထားတာပါ။

အလှူအတန်း ရက်ရောကြတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ၊ ပိုက်ဆံချမ်းသာတဲ့သူကလည်း များများလှူကြတယ်။ ပိုက်ဆံဆင်းရဲတဲ့လူကလည်း သူတတ်နိုင်တာလေးတွေ လှူဒါန်းကြတယ်ဆိုတာ ရှေးပဝေသဏီကတည်းက အစဉ်အဆက် ရှိခဲ့ကြတဲ့ မြတ်နိုးစရာ အမူအကျင့်လေးတွေပါ။ ဟိုးရှေးခေတ်တုန်းက ပုဂံပြည်မှာ မုဆိုးမတောင် ဘုရားတည်နိုင်ခဲ့လို့ ပုဂံပြည်နေရာအနှံ့ ဘုရားစေတီတွေ လက်ညှိုးထိုးမလွဲရှိနေခဲ့တာပါ။ ခေတ်ကာလပြောင်းလဲလာတော့ ပိုက်ဆံရှာရခက်လာကြပေမယ့် ကိုယ်တတ်နိုင်တာလေးတွေ တနိုင်တပိုင် လှူနေကြတာပါပဲ။ ငွေကြေးမတတ်နိုင်တဲ့သူက လုပ်အားအလှူတွေ ပါဝင်မယ်ဆိုလည်း အင်မတန်ကြည့်နူးစရာကောင်းပါတယ်။ နည်းတာများတာအဓိကမထားဘဲ စိတ်ထားတတ်မယ်ဆိုရင် မွန်မြတ်တဲ့ အလှူမြောက်မှာပါ။


ကျွန်မတို့အမေက ငယ်ငယ်ကပြောလေ့ရှိပါတယ်။ “ပညာရွှေအိုး လူမခိုး” တဲ့။ အမေတို့ပေးနိုင်တာ ပညာအမွေပဲ ရှိတာ၊ အဲဒီအမွေက ဘယ်လူဆိုးမှ ခိုးလို့မရဘူး။ အမေတို့ပေးတဲ့အမွေကို ငယ်ရွယ်တုန်းကြိုးစားသင်ယူပါ” လို့ ပြောပါတယ်။ စာတော်တဲ့သူတွေကို မြင်ရင်၊ ကြားရင် အမေက အားကျဂုဏ်ယူတတ်ပါတယ်။ သူတို့အရင်ဘ၀က ပညာပါရမီအားကောင်းခဲ့လို့ ခုဘ၀မှာ ကြိုးစားအားထုတ်တိုင်း အောင်မြင်နေတာ လို့လည်း အမေက ပြောဖူးပါတယ်။ ပညာပါရမီကောင်းအောင် အခုဘ၀မှာလည်း ကိုယ်တတ်နိုင်တာလေးတွေနဲ့ သူများကို ပါရမီဖြည့်နိုင်အောင် ကြိုးစားပါလို့လည်း အမေက မှာတတ်ပါတယ်။ ကျွန်မငယ်ငယ်က အဖေ့အလုပ်သမားတွေရဲ့ ကလေးတွေကို ခဲတံ၊ စာအုပ်လေးတွေ ပေးချင်တယ်။ ကျွန်မမှာ ရှိတဲ့ခဲတံလေးတွေ စုထားတယ်။ အလုပ်သမားတွေအိမ်လာတဲ့အခါ သူတို့ကလေးလေးတွေ ပါလာရင် ကျွန်မက သာသာလေး အနားကပ်သွားပြီး ခဲတံလေးတွေပေးတယ်။ “ဘယ်နှတန်းလဲ အတန်းထဲမှာ အဆင့်ဘယ်လောက်ရသလဲ” လို့ လူကြီးလုပ်ပြီး သွားသွားမေးတယ်။ တချို့ကလေးတွေက ကြောက်လို့ငိုတော့မှ “သူက စာအုပ်၊ ခဲတံလေးတွေပေးချင်လို့ နေမှာ” လို့ အဖေက ပြောပြရပါတယ်။

အောင်စာရင်းထွက်ပြီဆိုရင် ကျွန်မစာအုပ်လေးတွေကို ဆိုင်ရာအတန်းတက်မည့် ကလေးတွေအိမ်ကို အိမ်တိုင်ရာရောက် သွားပေးပါတယ်။ အိမ်နားက ဆွေမျိုးလိုခင်တဲ့အိမ်တအိမ်ဆိုရင် ကျွန်မငယ်ငယ်က သူတို့က ချမ်းသာပါတယ်။ အဲဒီအမက အိမ်ထောင်ကျကံမကောင်းတော့ ခုချိန်မှာ ကလေးတွေနဲ့ အတော်ကသီပါတယ်။ ကျွန်မလည်း အိမ်ပြန်ရင် ခဏနေရတာရယ်၊ သူတို့တွေ အိမ်ပြောင်းသွားတာရယ်နဲ့ မတွေ့တာကြာပြီး ပြန်တွေ့တဲ့အခါမှာ သူ့သားလေးက ၈ တန်းရောက်နေပြီ ပြောပါတယ်။ ကျောင်းစရိတ်လည်း မတတ်နိုင်လို့ ကျောင်းနှုတ်ရမလားဆိုပြီး ငိုရင်းပြောလာပါတယ်။ ကျွန်မနားလည်လိုက်မိတာက သူအတော်ကို အဆင်မပြေလွန်းလို့ လာပြောပြတယ် ဆိုတာကိုပါ။ ငယ်ငယ်က မပူမပင် နေခဲ့ရတဲ့အမတစ်ယောက်ကို စိတ်လည်း မကောင်းမိတာ အမှန်ပါ။ တဦးတည်းသောသမီး အဲဒီအမက ကျွန်မငယ်ငယ်က သူတို့လက်ပေါ်မှာ ခေါ်ထားတာများပါတယ်။ သူ့အမေက သိုးမွှေးဆွယ်တာ တထည်ကို ၄ ရက်လောက်နဲ့ ပြီးအောင် လက်မှုကျွမ်းကျင်သူဆိုတော့ ကျွန်မအတွက် ခြေအိတ်လေးတွေ၊ ဆွယ်တာလေးတွေ၊ ဦးထုပ်လေးတွေဆိုတာ အရောင်စုံထိုးပေးပါတယ်။ သနပ်ခါးခေါ်လိမ်းပေးပြီး စားစရာမျိုးစုံလည်း ကျွေးထားခဲ့တာပါ။ ကျွန်မလည်း စိတ်အတော်မကောင်းတာနဲ့ စာအုပ်၊ ဘောလ်ပင်နဲ့ ကျွန်မတတ်နိုင်တဲ့ မုန့်ဖိုးပေးလိုက်ပါတယ်။ ကလေးလေးက ၀မ်းသာပြီး အမကတော့ ငိုပါတယ်။ အခုချိန်မှာဆိုရင် ကျွန်မတို့ဆီမှာ အိမ်က မတတ်နိုင်လို့ ကျောင်းမနေရတဲ့ ကလေးတွေ ဘယ်လောက်များနေပြီလဲဆိုတာ ကျွန်မ မကြာခဏ အတွေးရောက်မိနေပါတယ်။ လက်တွေ့တော့ ဘာမှ ထိရောက်အောင် ကုသိုလ်မလုပ်နိုင်သေးပါဘူး။

ဒီအကြောင်းတွေတွေးမိရင် တခါက မမေ့နိုင်စရာအဖြစ်လေးတွေကို ပြန်သတိရမိပါတယ်။ မန္တလေး MTU ကျောင်းရှေ့ ရေနီမြောင်းဘေးကနေသွားလိုက်ရင် ဘုန်းကြီးကျောင်းတကျောင်းရှိပါတယ်။ ကျောင်းတက်လာတော့ အဖေတို့ ရပ်ဆွေရပ်မျိုးဖြစ်တဲ့ ဘုန်းဘုန်းဆီမှာ အဖေက ၀င်အပ်ပေးသွားတယ်။ နောက်ပိုင်းမှာ ပျင်းတဲ့အခါလည်း သူငယ်ချင်းတွေနဲ့ စက်ဘီးလျှောက်စီးရင်း မုန့်စားရတဲ့ ဘုန်းဘုန်းဆီ ရောက်ဖြစ်ပါတယ်။ တနေ့ မုံရွာသူ သူငယ်ချင်းနဲ့ အလည်ရောက်သွားတော့ ဦးဇင်းတပါးက ကလေးတွေကို စာသင်နေတာတွေ့ရပါတယ်။ ဘုန်းဘုန်းကို မေးကြည့်တော့ ကျောင်းမထားနိုင်တဲ့ ကလေးတွေကို စာသင်ပေးနေတာလို့ ပြောလာတယ်။ ဒါနဲ့ ကျွန်မတို့လည်း လာကူသင်ပေးမယ့်အကြောင်းပြောတော့ ဘုန်းဘုန်းက ၀မ်းသာအားရလက်ခံပါတယ်။ အဆောင်ကိုပြန်ရောက်တော့ ခင်မင်ရာ သူငယ်ချင်းတွေကို စုလိုက်တာ ၆ ယောက်လောက်က စိတ်ဝင်တစား ပညာဒါနလုပ်ချင်နေကြတယ်။ ကျွန်မတို့လည်း ကျောင်းက အတန်းတွေပြီးရင် ရေမိုးချိုးပြီးတာနဲ့ ညနေမှာ စာသွားသင်တယ်။ မနက်ခင်း ၇ နာရီနဲ့ ၉ နာရီကြားလည်း သင်ပေးတယ်။ ကျောင်းပိတ်ရက်ဆို တနေကုန်စာသင်ပေးကြတယ်။

ဒီကရတာပါ။
ကိုရင် ၂ ပါးက ၈ တန်းစာမေးပွဲဖြေချင်တယ်ဆိုလို့ သင်ပေးရပါတယ်။ ဘုန်းဘုန်းက ကောင်းနိုးရာရာ မုန့်တွေ ရေနွေးကြမ်းနဲ့ တည်ခင်းဧည့်ခံပါတယ်။ သူငယ်တန်းကနေ ၄ တန်းထိက ကလေးများပါတယ်။ ဘုန်းကြီးကျောင်းရဲ့ တလင်းပြင်မှာ ဖုန်တလူးလူးနဲ့ သင်ခဲ့ကြရပေမည့် မောတယ်မထင်မိပါဘူး။ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာတဲ့ သူငယ်ချင်းတွေ များလာတဲ့အခါ အတန်းပေါင်းစုံ သင်နိုင်လာပါတယ်။ နောက်ပိုင်းမှာ ယောက်ျားလေးသူငယ်ချင်းတွေပါ ကူညီသင်ပေးခဲ့ကြတယ်။ သူငယ်ချင်းယောက်ျားလေးတယောက်ကို မှတ်မိပါသေးတယ်။ သူက စာသင်မယ်ဆိုပြီး လိုက်လာတဲ့ ပထမဆုံးနေ့မှာ စတစ်အကျီအဖြူကို မီးပူအကော့စားနဲ့ လိုက်လာပါတယ်။ သူစသင်တာ သူငယ်တန်းဆိုတော့ ကလေးက အယောက် ၂၀ လောက်ရှိမယ်။ ကလေးတွေက ဆရာက သန့်ပြန့်ချောမောနေတယ်လို့ ထင်မိတယ်နဲ့တူတယ် “ ချာကြီး၊ ချာကြီး“ ဆိုပြီး သူ့ကို ၀ိုင်းအုံကြည့်ပြီး ၀ိုင်းကြီးပတ်နေကြတယ်။ တအားအံ့သြလွန်းတဲ့ကလေးက သူ့အကျီကို ကိုင်ကြည့်ကြတော့ “ဟဲ့ ဟဲ့ အေး အေး“ဆိုပြီး ချာကြီးခမျာ သူ့အကျီကို ဖုန်တွေပေမှာကြောက်လို့ ဟိုရှောင် ဒီရှောင်လုပ်နေပါတယ်။ ကျွန်မလည်း ကလေးတွေကို ငြိမ်ငြိမ်ထိုင်ကြ စာသင်တော့မယ်ပြောမှ ချာကြီးသူငယ်ချင်း လွတ်ငြိမ်းသွားတော့တယ်။

ဒီကယူထားပါတယ်။
ကျွန်မတို့သူငယ်ချင်းတွေ များလာတဲ့အခါ ကျောင်းသားတွေလည်း အတော်စည်ကားလာပါတယ်။ ကျွန်မသင်ခဲ့ဖူးတဲ့ ကလေးတယောက်ကို သတိရမိတယ်။ ဒုတိယတန်းကိုသင်တော့ ကလေးတွေက ခဲဖျက်ပျောက်လို့၊ ခဲတံပျောက်လို့ဆိုတာ ခဏခဏလာတိုင်ပါတယ်။ သတိထားကြည့်မိတော့ အောင်စိုး ဆိုတဲ့ ကလေးကို တွေ့တယ်။ သူက တခြားကလေးတွေထက် အသက် ၂ နှစ်လောက်ကြီးနေတော့ ကလေးဗိုလ်လုပ်တယ်။ ကျွန်မစာသင်ရင်တောင် အတန်းနောက်ဆုံးခုံကနေ မျက်စောင်းစွေစွေကြည့်တယ်။ အစတော့ စိတ်ထဲ “ဘယ်လိုကလေးလဲ” လို့ ဘ၀င်မကျဖြစ်မိပါတယ်။ နောက် ကျောင်းချိန်လည်း နောက်ကျမှ ရောက်ရောက်လာတယ်။ သူ့ကိုမေးကြည့်တော့မှ အဖေ၊ အမေ မရှိဘဲ အဘွားနဲ့နေရတဲ့ကလေး။ စိုက်ပျိုးရေးသိပံ္ပကျောင်းနဲ့ ဘုန်းကြီးကျောင်းကြားက လယ်ကွက်ထဲမှာ တဲအိမ်လေးနဲ့ နေတယ်။ သူ့လယ်ကွက်ထဲက သရက်ပင်ကြီး ၂ ပင်က ရတဲ့ သရက်သီးတွေကောက်ပြီး ရွာလေးရဲ့အနောက်ဘက် လမ်းဆုံမှာ သွားရောင်းရတယ်။ အဲဒီပိုက်ဆံလေးရမှ ထမင်းစားရတယ်။ သူ့ထမင်းဘူးလေးမှာ ဆန်ကွဲထမင်းနဲ့ သရက်သီးမှည့်အမြဲပါတယ်။ သရက်သီးမှည့်က အလုံးလိုက်ထည့်လာတာပါ။ ထမင်းစားချိန်ဆို သူတယောက်ထဲ စားလေ့ရှိပါတယ်။ ဆီမပါတဲ့ထမင်းကို သရက်သီးအလုံးလိုက် ကိုက်ကိုက်ပြီး ရောစားရတယ်လို့ ဘုန်းဘုန်းကပြောပါတယ်။ ဒန်ထမင်းဘူးက ပေါက်နေလို့ ဟင်းရည်ထည့်လဲ ယိုကျမှာ အသေအချာပါပဲ။

သူငယ်ချင်းတွေ ပိုက်ဆံစုပြီး အဲဒီကလေးကို ထမင်းချိုင့်လေး ၀ယ်ပေးလိုက်တယ်။ တခြားကလေးတွေဆီက ခဲတံ၊ ခဲဖျက်ဘာလို့ယူလဲမေးတော့ “ငါ့မှာ မရှိလို့” လို့ ပြန်ပြောပါတယ်။ သူလိုတာလေးတွေ ၀ယ်ပေးပြီး၊ သူများဆီက မယူဖို့ ပြောရတယ်။ ငါလို့ မပြောဖို့ သင်ပေးရတယ်။ ၁ ပတ် ၁၀ ရက်လောက်နေတော့ ကလေးက အချိုးပြောင်းသွားတယ်။ သင်္ချာတွက်ခိုင်းရင် သူအရင်ဆုံးပြေးလာပြတယ်။ မျက်လုံးစွေပြီး ဂျစ်ကန်ကန်လည်း မကြည့်တော့ပါဘူး။ နောက်ပိုင်း ကျွန်မစက်ဘီးခြင်းထဲမှာ မုန်ညင်းရွက်၊ ရုံးပတီသီး၊ ကန်စွန်းရွက်စတာလေးတွေ ထည့်ထည့်ထားတာတွေ့ရတယ်။ ဘယ်သူပေးသလဲမေးရင် အဲဒီကလေးက ပုန်းနေပြီး တခြားကလေးက အောင်စိုးပေးတယ်ပြောပါတယ်။ သူပေးတာ မယူမှာကြောက်လို့ မပေးရဲတဲ့ ကလေးပါ။ တခြားသူငယ်ချင်းတွေလည်း သူ့ကို ၀ိုင်းပြုပြင်ပေးကြတော့ အတော်လိမ်မာတဲ့ကလေး ဖြစ်လာပါတယ်။ ကျွန်မတို့လည်း ၃ လလောက် သင်ပေးပြီး စာမေးပွဲရောက်လာတော့ သွားမသင်ပေးနိုင်တော့တဲ့အခါ စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းသူကျောင်းသားတွေကို လခနဲ့ ဘုန်းဘုန်းက ငှားသင်ခိုင်းတယ်။ ကျွန်မတို့ အောင်စိုးလေးကို သူ့ဘ၀တည့်မတ်အောင် ကူညီးဖေးမခဲ့တာ ၃ လတာလေးပါ။ ကျွန်မတို့မရှိတော့တဲ့အခါ သူဘယ်လိုဆက်လျှောက်လဲဆိုတာ သိချင်မိပါတယ်။ လိမ်မာချင်သော်လည်း ဘ၀ပေးကြမ်းတမ်းပြီး အားကိုးရာမရှိတဲ့အခါမှာ ကြုံသလိုရင်ဆိုင်နေရတဲ့ ကလေးတွေဘ၀တွေဟာ သနားစရာကောင်းလှပါတယ်။

ဒီကယူထားတာပါ။
ကျောင်းထိုင်ဘုန်းဘုန်းကလည်း အတော်အံ့သြစရာကောင်းလှပါတယ်။ သူ့မှာ ဒကာ၊ ဒကာမတွေ ပေါလှတဲ့အတွက် အေးအေးဆေးဆေး တရားအားထုတ်နေရင် ရပါတယ်။ ဒါပေမယ့် ရွာထဲကို လှည့်လည်ပြီး ဘယ်ကလေး ကျောင်းမထားနိုင်သလဲ၊ ကျောင်းမနေနိုင်တဲ့ကလေး သူ့ဆီပို့လိုက်ဆိုပြီး အပင်ပန်းခံတယ်။ မြို့နယ်ရုံးတွေကို စာမေးပွဲဖြေခွင့်ရဖို့ အသိအမှတ်ပြုဖို့ အတန်တန်သွားခဲ့ရတယ်။ ထမင်းချိုင့်မပါတဲ့ကလေးကို ဆွမ်းကျန်တွေ ဝေငှကျွေးရတယ်။ ကလေးတို့တွေ ကျန်မာရွှင်လန်းစေချင်လို့ သူ့ဂျစ်ကားစုပ်ကြီးပေါ်ကို တပြုံတမခေါ်တင်ပြီး ရွာဘောလုံးကွင်းမှာ ဘောလုံးကန်ခိုင်းတယ်။ “ဟိုကောင်က ဘာလုပ်နေတာလဲ၊ ကန်ပါ့လားကွ”ဆိုပြီး ခရာကြီးမှုတ်၊ ဒိုင်လူကြီးလဲ လုပ်တဲ့အခါ လုပ်ပါသေးတယ်။ ပြီးရင် ကလေးတွေကို ကျောင်းကို ကားနဲ့ ပြန်လိုက်ပို့၊ တခေါက်နဲ့မနိုင်ရင် အခေါက်ခေါက်၊ အခါခါသယ်ပို့ပါတယ်။ အစစအရာရာ ဂရုဏာထားပြီး ကလေးတို့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဘုန်းဘုန်းကြီးဟာ အခုဆိုရင် လှူမည့်သူတွေတဖွဲဖွဲနဲ့ ဘုန်းတန်ခိုး တက်နေတုန်းပါပဲ။

ဒီကယူလာတာ။
ကျွန်မတို့သင်ပေးခဲ့ဖူးတဲ့ ၈ တန်းကိုရင်လေးတွေက အခုတော့ ကြိမ်တုတ်ကိုင်နေတဲ့ ကလေးတွေထိန်းနေတဲ့ ဦးဇင်းတွေ ဖြစ်နေပါပြီ။ တလင်းပြင်မှာ စခဲ့တဲ့ ကျောင်းလေးကနေ ကျောင်းဆောင်တွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းဆိုပြီး ပညာဒါနမျိုးစေ့တွေ ချပေးနေပါပြီ။ သူငယ်တန်းမှ ၁၀ တန်းထိ သင်ကြားပေးနေပါတယ်လို့ ကြားရတဲ့အခါ အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဖုန်းတွေ၊ ကားတွေ၊ ကျောင်းဆောင်တွေနဲ့ နာမည်ရ ဘုန်းတော်ကြီးသင်ပညာဒါနကျောင်းလေး ဖြစ်နေခဲ့ပြီ။ ကျွန်မဘ၀မှာ စာရွက်တွေပေါ် လက်မှတ်ထိုးခဲ့ရတဲ့အကြိမ်ပေါင်း များလှပေမယ့်၊ ၀ါကြင်ကြင်စာရွက်ပေါ်မှာ ဖုန်အလိမ်းလိမ်းကြားက လက်မှတ်လေးထိုးစဉ်ကလောက် ပီတိမရတော့ပါဘူး။ ကျွန်မတို့ ခဏတာသင်ပေးဖူးတဲ့ ကလေးတွေကရော MTU ဆီ အလည်သွားတဲ့အခါ ရေနီမြောင်းဘေးကနေ “ဆရာမ၊ ဒို့ ဆရာမ“ လို့ နှုတ်ဆက်လေအုံးမည်လား။ ကျွန်မတို့နဲ့ ဆုံဆည်းခဲ့ရတဲ့ အောင်စိုးလေးရော သမာအာဇီဝအလုပ်တွေကြိုးစာနေမည့် ကလေးကောင်းဖြစ်နေမည်လား ကျွန်မသိပ်သိချင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တချိန်ချိန် ကျောင်းတော်ကြီးဆီ အလည်သွားတဲ့အခါ ကျောင်းတော်ကြီးရှေ့က တံတားလေးမှာ ကျွန်မ ခဏနားပြီး ဘယ်နေရာကများ “ဆရာမ“ခေါ်မည်လဲ နားစွင့်ကြည့်လိုက်အုံးမည်။ ရေနီမြောင်းပေါ်ဖြတ်တိုက်လာသည့် လေညင်းလေးတွေနဲ့အတူ ပျံ့လွင့်လာမည့် ကလေးတို့ စာအံသံတွေ ခိုးနားထောင်လိုက်အုံးမည်။ လူငယ်လေးတွေတွေ့သည့်အခါ စာသင်ပေးဖူးခဲ့တဲ့ ကလေးတို့ ငယ်ရုပ်လေးတွေပါလေမည်လား ဖမ်းကြည့်လိုက်အုံးမည်ဟု ကျွန်မစိတ်ထဲ အောက်မေ့မိပါတော့တယ်။

ကျွန်မနဲ့အတူ ပညာဒါန ၀ိုင်းဝန်းစာသင်ပေးခဲ့ကြတဲ့ သူငယ်ချင်းများကို ဒီပို့စ်လေးနဲ့ သတိတရ ဂုဏ်ယူလိုက်မိပါတယ်။ သူငယ်ချင်းတို့လဲ ထိုစဉ်ခဏတာကို လွမ်းဆွတ်ပီတိ ခံစားနိုင်ပါစေ။ နောက်နောင်မှာလဲ ပညာဒါန မျိုးစေ့ချနိုင်ပါစေ။ မျိုးစေ့ချခွင့်ရပါစေလို့ ကျွန်မမျှော်လင့်တမ်းတမိပါတယ်။

မဇနိ

19 comments:

  1. အမရယ် အရမ်းဖတ်လို့ကောင်းတာဘဲ။ အောင်စိုးလေးရဲ့ ပုံတောင် မြင်ယောင်ပြီး သနားမိတယ်။ အမတို့ရဲ့ ပညာဒါနကိုလည်း သာဓုခေါ်တယ်။ ကျမလဲ တချိန်ချိန် အဲလိုပညာဒါနပြုချင်ပါတယ်။

    ReplyDelete
  2. မဇနိ ကတော်တယ်ဗျာ...
    စာတွေများကြီးရေးနိုင်တယ် ၊၊တကယ့် အတိတ်တွေကိုလေ ၊၊အမှတ်တရ တွေပဲပေါ့ဗျာ .....

    ReplyDelete
  3. ဒီပို့စ်ကို ဖတ်မိမှ မဇနိလဲ မြွေပေါဖုန်ထူ အမ်အိုင်တီသူ မန်းချယ်ရီသူမှန်း သိရတယ်...။ ကျောင်းတော်သူ ကျောင်းတော်သားအချင်းချင်း ပြန်တွေ့ရတာ ၀မ်းသာသဗျား...။ အမ်အိုင်တီသားများ ကလောင်စွမ်းထက်တယ်ဆိုတာ ခုဘလော့ဂ်က ထပ်ဆင့် သက်သေထူလိုက်ပြန်ပြီဗျား...။ အားပေးနေပါတယ်...။ စကားမစပ် 4th Batch ကပါ...။

    ReplyDelete
  4. မဇနိရေ
    အမတို့ တစ်ခါက တခဏ ပညာဒါနပြုခဲ့ကျောင်းလေးဟာ အခုလို ဖွံ့ဖြိုးတိုးတက်နေပြီဆိုတော့ ကာယကံရှင်မပြောနဲ့ ဖတ်မိတဲ့သူတောင် ကိုယ်တိုင်လုပ်ခဲ့သလို ပီတိဖြစ်ရပါတယ်

    ကျွန်တော်က ပြည်ကျောင်း နောက်ဆုံး batch (April, 2004) ကပါ။ နောင်တော် အမတော်တွေနဲ့ ခုလို မမျှော်လင့်ပဲဆုံရတာ ဝမ်းသာပါတယ်ဗျာ
    ကျွန်တော်တို့ စက်မှုတက္ကသိုလ် ဆိုတဲ့ နာမည်နဲ့ ဘလော့ဂ်လေးတစ်ခု ဝိုင်းဝန်းတည်ထောင်ချင်ပါတယ်။
    ပျော်ပျော်ရွှင်ရွှင် ရေးကြတာပေါ့ဗျာ။ ရန်ကုန်၊ မျန္တလေး၊ ပြည် ညီနောင်သုံးကျောင်း အမှတ်တရပေါ့ဗျာ

    မေတ္တာဖြင့်

    ReplyDelete
  5. မဇနိရေ.......
    ကလေးတွေ အတွက် တော်တော်လေးကို စိတ်မကောင်း ဖြစ်မိသလို...
    မဇနိတို့လိုလူတွေ....ရှိနေလို့လဲဝမ်းသာမိပါတယ်ဗျာ..။ ကျနော်တို့ လဲ မဇနိတို့ လို့ အခွင့် အရေးမျိုး ကို..မျှော်လင့်မိပါတယ်..။
    ကျနော်တို့ ဆီမှာ..ကျောင်းမထားနိုင်တဲ့...ကလေးသူငယ်တွေ..နေရာတိုင်း ဒေသတိုင်းမှာ ရှိနေပါတယ်။
    သူ့တို့လေးတွေရဲ့ ဘဝ သာယာစိုပြေပို့ ဆိုတာကတော့........မဇနိတို့လို စေတနာ့ဝန်ထမ်းတွေ များများလိုအပ်သလို..
    အဘက်ဘက်ကနေ ...တော်တော်လေးကျိုးစားယူရမယ် ထင်ပါတယ်...။
    ဘာပဲဖြစ်ဖြစ် အခုလိုလေး သိလိုက်ရတာကို ဝမ်းသာတယ်ဗျာ....။အားလဲ ကျမိပါတယ်..မဇနိရေ...။
    ရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  6. အားကျမိပါတယ် မမဇနိရေ ။ နောက်နောင်မှာလဲ ပညာဒါန မျိုးစေ့ချနိုင်ပါစေ။ မျိုးစေ့ချခွင့်ရပါစေလို့ ဆုတောင်းပေးပါတယ် ။ :)

    ReplyDelete
  7. မဇနိရေ ဒီပို့စ်လေးဖတ်မိတော့ ကျွန်တော်တို့စာသင်ပေးခဲ့ရတဲ့ကာလတွေကို သွားသတိရမိတယ်။ အဲဒီတုန်းကတော့ ဘာမှလေးလေးနက်နက်မစဉ်းစားခဲ့မိဘူး။ အချိန်ပိုနေတာရယ်၊ စာသင်ရတာလဲပျော်စရာကောင်းမယ်ထင်ပြီး စာသွားသင်ပေးခဲ့တာပါ။ ကျွန်တော်က သင်္ချာသင်ရတာမှတ်မိသေးတယ်။ လပတ်စာမေးပွဲစစ်တော့ ကျွန်တော်က မေးခွန်းထုတ်ရတယ်။ ဘူးသီးနေရာမှာ ခရမ်းသီးလို့ပြောင်းလိုက်တာကို မဖြေနိုင်ကြလို့ ငါမေးခွန်းလှည့်တာ တော်တော်များသွားပါလားလို့ တွေးမိတာလေးလဲ သတိရမိမယ်။ ကလေးတွေထဲမှာလဲ စရိုက်မျိုးစုံအောင်တွေ့ခဲ့ရတယ်။ မဇနိပြောသလိုပဲ ကလေးတိုင်းက စီးပွားရေးအဆင်မပြေကြာတာများပါတယ်။ ကျွန်တော်မှတ်မိနေတဲ့နောက်တစ်ခုကတော့ ကျောင်းကထိန်ပါ။ ကထိန်မှာ ကျွန်တော်တို့အဖွဲ့တွေ ဒိုးပတ်ဝိုင်းနှစ်စဉ်လုပ်လေ့ရှိတယ်။ ကျွန်တော်စာသွားသင်ပေးတဲ့နှစ်က ကထိန်ကိုအဲဒီကျောင်းမှာခင်းဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေ ဒိုးပတ်တီး သီချင်းဆိုပြီးဝင်လာကြတော့ ကလေးတွေက "ဟာ ငါတို့ဆရာကြီး ဒိုးပတ်တီးတယ်ကွ" ဆိုပြီး ကျွန်တော်တို့အဖွဲ့ကို ဝိုင်းထားလိုက်ကြတာ။ ကျွန်တော်တို့အောက် အငယ်တန်းကလဲ ဒိုးပတ်ဝိုင်းထွက်ပေမယ့် သူတို့ဆီမှာလူမရှိဘူး။ ကလေးတွေအားလုံးက ကျွန်တော်တို့ဆီမှာချည်းပဲ။ အဲဒါလေးကို သွားသတိရမိတယ်။ တက္ကသိုလ်တွေမှာ စာသင်ရတာထက်၊ မူလတန်းကလေးတွေကို စာသင်ပေးရတာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းမယ်ထင်တယ်နော်။ မဇနိပြောလို့ အဲဒီကျောင်းလေးက ဆယ်တန်းထိသင်ပေးနိုင်နေပြီဆိုတာကြားရလို့ ဝမ်းသာမိတယ်။

    ReplyDelete
  8. မဇနိတစ်ယောက်
    ပညာပါရမီထူးတွေအဆက်ဆက်ရရှိပါစေ။

    ReplyDelete
  9. Ma Zani yay, you lo pae a ma lae ta chain chain kya sar thin pay chin lite tar. Good Writing which stimulates all readers' mind to be good:)

    ReplyDelete
  10. အရမ်းကိုဖတ်လို့  ကောင်းပါတယ် အစ်မရေ့ ဆရာတော် နဲ့  အတူ အစ်မတို့  သူငယ်ချင်းတစ်စုကိုလည်း လေးစားမိတယ် အောင်စိုးလေး လည်း ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်လာမယ်ဆိုတာယုံကြည်ပါတယ်ဗျာ
    ကျောင်းတော်ကြီးရှေ့က တံတားလေးမှာ ခဏနားတဲ့အချိန် “ဆရာမ” ဆိုတဲ့ ခေါ်သံလေးကြားနိုင်ပါစေ....ဒီအမှတ်တရလေး ကြည်နူးဖို့ ကောင်းတယ် ။

    ReplyDelete
  11. ညီမတို့သူငယ်ချင်းတစ်သိုက်လည်း ညနေအတန်းပြီးရင် တခါတလေ ရေမြောင်းဘေးတလျှောက် စက်ဘီးလျှောက်စီးကြတယ်။ မဇနိတို့သင်တဲ့ဘုန်းကြီးကျောင်း နားရောက်ရင် ကလေးတွေရဲ့စာအံသံတွေ ကြားရတယ်။ ညီမသူငယ်ချင်းတွေကတော့ ရေတံခွန်တောင်ဘက်က ဘုန်းကြီးကျောင်းက ကလေးတွေကို စာသွားသင်ပေးခဲ့ကြတယ်။ တကယ်ကိုကြည်နူးစရာ ကောင်းပြီး သာဓုခေါ်ပါတယ် မဇနိရေ...

    ReplyDelete
  12. သူငယ်ချင်း
    ငါတို့တွေ စာသင်ပေးခဲ့တာကို ပြန်သတိရပြီးကြည်နူးမိတယ်
    အဲဒီအချိန်တွေကိုလည်း လွမ်းတယ်ဟာ
    တိုက်တိုက်ဆိုင်ဆိုင် နိုင်းနဒီကလည်း MTU ဓါတ်ပုံတွေ တင်ထားသေးတယ်

    ReplyDelete
  13. ပညာဒါန ပြုကြသူငါ... အတူတကွ ရှိခဲ့ကြတဲ့... ကျောင်းတော်က အမှတ်ရစရာတွေကတော့ တကယ့်ကို လွမ်းတမ်းတာစရာပါပဲဗျာ...

    ReplyDelete
  14. မဇနိရေ.. အမမအားလို့မရောက်ဖြစ်တာပါ။ ညကျမှ ဒီပို့စ်လေးကို လာဖတ်ရမယ်လို့ အားတင်းထားတာ။ ပို့စ်လည်းဖတ်ပြီးရော ၀မ်းနည်းဝမ်းသာခံစားရတယ်။ ၀မ်းသာတာက မဇနိ ပညာဒါနအလှူပေးခဲ့တဲ့ ကျောင်းလေးက အခုဆိုရင် နာမည်ရ ပညာဒါနကျောင်းလေးဖြစ်လာလို့ပါ။ ၀မ်းနည်းတာက မြန်မာပြည်မှာ အဲဒီလိုပညာမသင်နိုင်တဲ့ကလေးတွေ ဘယ်လောက်များနေပြီလဲဆိုပြီး တွေးမိသွားလို့.. ဘာလိုပဲဖြစ်ဖြစ်ပေါ့နော်. အဲဒီလို တနိုင်ကျောင်းမျိုး များများပေါ်လာပါစေလို့ ပြောရမယ်... ကိုယ်တိုင်လည်း ပညာဒါန လှူဒါန်းနိုင်ခွင့်ကြုံချင်ပါတယ် ကိုယ်တတ်နိုင်တဲ့ဘက်ကပေါ့နော်။ စာရေးကောင်းတဲ့ မဇနိရေ.. အတွေ့အကြုံလေးတွေ ဝေမျှပေးတာ ကျေးဇူးပါ.. ချာမလေး.. :D

    ReplyDelete
  15. မဇနိရေ။ စာရေးကောင်းတယ်။ ရင်ထဲကခံစားချက်ပါလို့လည်းနေမှာ။
    ကျွန်တော် သင်ရတဲ့အတန်းမှာလည်း အောင်စိုး လို ဂျစ်တစ်တစ် တစ်ယောက်ပါတယ်။ နံမည်တော့ မမှတ်မိတော့ဘူး။ စစ်ကိုင်းသူတော့ မှတ်မိမယ်ထင်တယ်။ ဘာပဲပြောပြော ကလေးလေးတွေအားလုံးက ဂရုဏာသက်စရာပါ။ တကယ့်ကို မပြည့်စုံကြတဲ့ ဘ၀လေးတွေ။ မဇနိ ပြောမှ စေတနာရှင် ဆရာတော်ကို ပိုပြီးကြည်ညိုရတယ်။

    ReplyDelete
  16. ကောင်း၏။ မွန်မြတ် အလှူပါပဲ။

    နောင်ကိုလည်း ဒီထက်အဆင့်မြင့်တဲ့ ပညာတွေနဲ့ မြန်မာတွေ တိုးတက်ဖို့ ဒါနပြုနိုင်ပါစေဗျာ။ တကယ်စာတတ်ပြီး အတွေ့အကြုံလည်းရှိ၊ တပည့်ကို ကိုယ့်ထက်တော်စေချင်တဲ့ ဆရာမျိုးတွေ များသထက် များနိုင်ပါစေဗျား။

    ReplyDelete
  17. မဇနိရေ
    မဇနိရဲ့ပညာဒါနအတွက်သာဓုခေါ်ပါတယ်။
    နောက်ထပ်လည်းပညာဒါနအလှူတွေပေးနိုင်ပါစေလို့
    ဆုတောင်းပေးတယ်နော်။

    ReplyDelete
  18. သာဓုခေါ်ပါတယ်ဗျာ။ ကျွန်တော်အရင်က သင်ပေးခဲ့တာ သိပ်မထိေ၇ာက်ဘူး။ ဒီတစ်ခေါက်အပြီးပြန်ရင် စိတ်ေ၇ာ ကိုယ်ပါ နှစ်ပြီး သင်ပေးမယ်ဗျာ။

    ReplyDelete
  19. We'll be more than happy if you can join us at MIT Network where we can meet, share and help the others' need.
    Please sign up and see you there.

    www.mitnetwork.co.cc


    Nyein Khant
    CEMIT2SG

    ReplyDelete