Tuesday, July 22, 2008
ဤသို့ခေါ်ဆိုကြလေသည်…
ကျနော် သူငယ်ချင်းတွေနဲ့ ပြောဖြစ်တာတွေကို အပျော်ရေးချင်လို့ပါ။ အခုပြောချင်တာက အခေါ်အဝေါ် ကိစ္စ။ ဘယ်သူနဲ့ ဘယ်သူကြားက အခေါ်အဝေါ်တွေလည်း ဆိုတော့ ချစ်သူရည်းစားတွေကြားက အခေါ်အဝေါ်တွေရယ်၊ ကျနော်တို့ လေ့လာမိသလောက် ဘယ်သူတွေက ဘယ်လိုတွေခေါ်ဝေါ်ကြသလဲ၊ ဘယ်လိုတွေ ခေါ်ရင် ဘာတွေ ဖြစ်တတ်သလဲဆိုတာကို ပြောချင်လို့ပါ။ သူငယ်ချင်းတွေက ဖွတယ်ထင်လည်း ဖွတယ်ပေါ့။ ပျော်စေ ရွှင်စေ ရေးထားတာဆိုတော့ စိတ်ဆိုးသွားတောင် ပြုံးပြုံးလေး စိတ်ဆိုးပေါ့နော။
ချစ်သူရည်စားရယ် ဖြစ်လာကြရင် အခေါ်အဝေါ်ကိစ္စက ပေါ်လာပြီ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုတွေ ခေါ်ဝေါ် သုံးနှုန်းကြမှာတုန်း။ အရင်က သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဘဝတုန်းက "ဟေ့ကောင်၊ ဒါကဘယ်လိုလဲကွ"ဆိုတာတွေတောင် "မောင်ရေ ဒါလေးက ဘယ်လိုလေးလဲဟင်"တွေ ဖြစ်ကုန်ကြတာမဟုတ်လား။ "ချစ်ရေ ဒါလေးက ဒီလိုလေ" ဆိုတဲ့ "ချစ်"ဆိုတဲ့ နေရာမှာတောင် ကလေးကတည်းက ခေါ်နေကြ နာမည်အရင်းကြီးသုံးရင် အချစ်ပါဝါ လျော့တယ်ထင်ပြီး မသုံးရက် မခေါ်ရက်ကြပါဘူး။
နောက်တဆက်တည်း ပြောချင်တာက အသက်တွေကြီးလာမှပဲ ချစ်သူရည်းစားရတော့ စကားတွေတောင် မပီတော့တဲ့ ကိစ္စ။ ဒီကိစ္စက ရီလည်းရီရတယ်။ စာတွေရိုက်ပြောရင်းနဲ့ တကယ်ပြောတော့ ပါးစပ်တွေကပါ အကျင့်ပါလာပြီး ပြောကုန်ကြတာ။ " တုဂိုလေ ဒီဂ ချိတ်ချိုးနေတာ တိရဲ့ရား" လို့ မိန်းကလေးက ပြောရင် ယောက်ကျားလေးလုပ်သူကလည်း ပြန်ပြောလိုက်ပုံက "တိတယ်ရေ ချိတ်ချိုးနဲ့နော် အချိုးလေး" တဲ့။ မွေးလာမယ့်ကလေး ဂျကားဘယ်လိုလုပ် ပီတော့မှာလဲ နောဗျာ။
နောက်ဖြစ်လေ့ရှိတာတခုက ဒီလို၊ သမီးရည်းစား ဖုန်းပြောတာက အိမ်နဲ့ ဖုန်းပြောတာထက်က ပိုများတယ်။ ဖုန်းပြောတော့လည်း "ငါက ဒီလိုဆိုလိုတာလေ" လို့ အူတွေ အသည်းတွေတုန်အောင် ချစ်ရတဲ့သူကို ဘယ်ပြောရက်ပါ့မလဲ။ "ချစ်ရဲ့ မောင်က ဒီလိုဆိုလိုတာလေ" လို့ပြောတာပေါ့။ အဲ ဖုန်းချကာနီးရင် "မွမ်း..မွမ်း..မွမ်း" ဆိုပြီး အနမ်းပန်းတွေက ဝေကြသေးတာကလား။ ပြဿနာက ဘယ်မှာသွားတက်ကြတာလဲဆိုတော့ အိမ်က မိဘနဲ့ဖုန်းပြောရင် တက်တော့တာပဲ။ ယောက်ကျားလေးတွေဆိုရင် "အမေရေ ကျနော်ကလေ" အစား "အမေရေ မောင်ကလေ.." တွေဖြစ်လို့ဖြစ်၊ " မေမေရေ ကိုကလေ" ဖြစ်လို့ဖြစ်၊ မိန်းကလေးဆိုရင်လည်း "ဖေဖေရေ သမီးကလေ" အစား "ဖေဖေရေ ချစ်ကလေ" တွေဖြစ်လို့ဖြစ်နဲ့ ကမောက်ကမတွေဖြစ်ကုန်ပါရောလား။ ပြီးတော့မှ သတိထားမိပြီး ဘုရား ဘုရား မေမေ၊ဖေဖေ နားလျှံပြီး မကြားကြပါစေနဲ့ စိတ်ထဲက ကျိတ်ပြီး ဆုတောင်းကြရတတ်တယ်။ ဒါတင်ဘယ်ကဦးမလဲ ဖုန်းချကာနီးရင် "မွမ်း..မွမ်း..မွမ်း" ဆိုတဲ့ အနမ်းပေးသံကြီး ပါးစပ်က မထွက်အောင် ထိန်းရတာက တစ်ဒုက္ခ။
သူငယ်ချင်းတစ်ယောက် တခါက ပြောဖူးတာပါ။ သူ့ရဲ့ သူငယ်ချင်း ရည်းစားကောင်မလေး ရပြီးကာစ။ အခေါ်အဝေါ်က မပြောင်းရသေးတဲ့ စပ်ကူးမက်ကူးကာလ။ ဒီတော့ ကောင်မလေးကို ပေးဖို့ စာထဲမှာ အခေါ်အဝေါ်ကိစ္စတွေ ရေးထားတာ။ တို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြပြီဆိုတော့ တစ်ယောက်ကို တစ်ယောက် အခေါ်အဝေါ်လေးတွေက စပြီး ဆွေးနွေးရအောင်ဆိုပြီး အစချီပြီး စာကိုရေးထားသတဲ့။ ဒါကို စာရေးထားတဲ့ သူငယ်ချင်း အပြင်သွားတုန်း ကျနော့်ကို ပြောပြတဲ့ သူငယ်ချင်းနဲ့ အပေါင်းအသင်းတစုက ခိုးဖတ်၊ သူငယ်ချင်းပြန်လာတော့ သူ့ကိုလှည့်လည်း မကြည့်ဘူး။ အချင်ချင်းတွေ ပြောနေကြတာ၊ အေး သူငယ်ချင်းတို့ တို့တွေလည်း ပေါင်းသင်းလာတာကြာပြီဆိုတော့ အခေါ်အဝေါ်လေးတွေ ဆွေးနွေးကြရအောင်လို့လည်း ပြောလိုက်ရော၊ ဟိုကောင်က သူ့စာတော့ ခိုးဖတ်ခံရပြီ၊ စောင်းအပြောခံရပြီဆိုတာ သိပြီး၊ ဒေါသတွေထွက် ဆဲဆိုပြီး နောက်ကလုပ်လိုက်လို့ ထွက်ပြေးကြရသတဲ့။
အခုကျနော်တို့ လေ့လာသိရှိထားတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေ စာရင်းပြစုကြည့်ရအောင်။
အသက်ငယ်တဲ့ကောင်မလေးကို ကြိုက်မိတော့ အသက်ငယ်ကောင်မလေးက အသက်ကြီးကောင်လေးများအား ခေါ်ဆိုကြပုံများ
၁။ ကို
(မွေးတဲ့နှစ်က အတူလောက်ကို လပိုင်းလောက်ငယ်တဲ့ ကောင်မလေးက ကောင်လေးအား အများအားဖြင့် ခေါ်ဝေါ်တတ်သည်။)
၂။ ကိုကို
(၁-နှစ် ၂-နှစ်လောက် ငယ်သောမိန်းကလေးမှ ယောက်ကျားလေးကိုခေါ်တတ်သည်။)
၃။ ကိုကြီး
(သိသိသာသာ အသက်ကြီးသူ ယောက်ကျားလေးအား အသက်ငယ်သူ မိန်းကလေးမှ ခေါ်ဆိုတတ်သည်။)
မိမိကောင်လေးနဲ့ ယှဉ်လျှင် အသက်အနည်းငယ်ကြီးသော မိန်းကလေးမှ ကောင်လေးအားခေါ်တွင်ပုံများ
၁။ မောင်အတို
("မောင်" လို့ခေါ်တာပါပဲ၊ အင်္ဂလိပ်လို စာရိုက်ရင် mg လို့ ရေးတတ်လို့ မောင်အတိုဟု သတ်မှတ်သည်။)
၂။ မောင်အရှည်
("မောင်"ကို maung ဟုရေးသားသုံနှုန်းတတ်၍ မောင်အရှည်ဟု သတ်မှတ်သည်။)
(မောင်အတို၊ မောင်အရှည်တွေ ဘယ်လိုသိတာတုန်းဟု ဆိုလျှင် သုသေသနပြုခံ တစ်ယောက် ချက်တင်တက်နေလျှင် သူ့နောက်မှ မသိမသာ ယောင်ပေပေဖြင့် စာခိုးဖတ်ခြင်း၊ သူ့ဖုန်းမက်ဆေ့များအား ခိုးဖတ်ခြင်းဖြင့် သူငယ်ချင်းတစ်ယောက် သုသေသနပြုထားခြင်းဖြစ်သည်။)
"မောင်"၊"ကို" ဆိုသည်များကိုလည်း အသက်အရွယ်နဲ့ မဆိုင်ဘဲ ကလေးကတည်းက ဝတ္ထုများဖတ်ရင်း၊ ငါချစ်သူရရင်တော့ ဒီလိုကို ခေါ်လိုက်မယ်ဟဲ့ဆိုပြီး ငယ်စဉ်က သဘောကျခဲ့သည့်အတိုင်း၊ ဆုံးဖြတ်ထားသည့်အတိုင်း ခေါ်ဝေါ်ကြသည်များလည်း ရှိပါတယ်။ ယင်းသို့ခေါ်ဆိုကြသည်များကလည်း ကျနော်တို့ လေ့လာ သုသေသနပြုထားသည့်အထဲတွင် အကျုံးဝင်ပါတယ်။
ဒီအခေါ်အဝေါ်တွေက အဘယ်သို့သော ရလဒ်များရစေသနည်း။ ကျနော့်တို့ သူငယ်ချင်းအဝန်းအဝိုင်းထဲမှ တွေ့ရှိရသော သုသေသနပြုချက်များကို တင်ပြလိုက်လျှင် သင်သည်လည်း ချစ်သူရည်စားရလျှင် ဘယ်သို့ခေါ်တွင်ပါက မည်သို့ဖြစ်တတ်ပုံကို အနည်းငယ် ရိပ်စားမိသွားပေမယ်။
(သတိပေးချက် - ဥပါဒါန်ကြောင့် ဥပဒ်မရောက်ရာ။)
ဇယား(၁)- သုသေသနပြုလုပ်ရာမှ ရရှိလာသော အချက်အလက်များ
(ဤဇယားကိုကြည့်လျှင် ပြတ်သွားသည့်ကိစ္စများတွင် မိန်းကလေးက စဖြတ်သည်ကများနေသည်မှာ ထင်ရှားလှပေသည်။ သူငယ်ချင်းများ ရှက်နေမည်စိုးရိမ်သဖြင့် နာမည်ရင်းများ မေးခြင်းသည်းခံစေလိုပါသည်။)
နောက်ဆုံပိတ် သူငယ်ချင်း(၁၀)သည် အလွန်မှ လည်ဝယ်သောသူဖြစ်လေသည်။ သူသည် ရှေ့မှ သူငယ်ချင်းများအား အလွန်ရှည်ကြာစွာ လေ့လာပြီးမှသာ ချစ်သူရည်းစားထားလေသည်။ မိန်ကလေးထက် အသက်အရွယ်အားဖြင့် (၃)နှစ်ခန့်ကြီးသော်လည်း နောင်ရေးစိတ်အေးစေရန်အတွက် ကောင်မလေးအား သူ့ကို မောင်အရှည် အခေါ်ခိုင်းသော်လည်း၊ သူက မိန်းကလေးအား အနည်းငယ်ကြောက်ရပေသည်။ ရည်းစားနှင့်ပြတ်သွားသော ကျန်သူငယ်ချင်းများသည် နောက်ထပ်ချစ်သူအသစ်တွေ့သောအခါတွင် မောင်အရှည်သာခေါ်တွင်စေရမည်ဟု ကျုံးဝါးထားလေသည်။ ချစ်သူရှာချိန်၊ ကြိုးစားနေချိန်တွင်မှာပင် ရည်စားစာရေးရာ၌ မောင်အရှည်ခေါ်စေချင်သည့် အရိပ်အရောင်များသန်းနေစေရန် ချစ်သဝဏ်လွှာစာကို ကြိုးစားရေးမည်ဟု သူငယ်ချင်းတချို့က ပါးစပ်မှ ထုတ်ဖော် ပြောသံကိုလည်း ကြားဖူးသည်။ မောင့်(maung)ကို ပြန်ချစ်ပါနော် ဆိုသော ချည်ပြီး တုတ်ပြီးသား အဖြေတောင်းနည်းကိုလည်း သုံးမည်ဟု စိတ်ကူးသူက စိတ်ကူးထားပြီးဖြစ်လေသည်။
ကျနော့်သည်လည်း ယင်းသုသေသနစာတမ်းကို တင်ပြရသည်မှာ ကြောက်တောက်တောက်နှင့်သာ တင်ပြရခြင်းဖြစ်သည်။ စာရင်းတွင် ကျနော်၏နာမည်၊ မောင်အရှည်၊ မိန်ကလေးကို နိုင်သည်ဟု ထည့်ချင်သော်လည်း မဇနိအားကြောက်သဖြင့် စာရင်းတွင် ကျနော့်နာမည်အား ချန်လှပ်ထားခဲ့သည်ကို ခွင့်လွှတ်စေချင်ပါသည်။ နောက်တချက် ကျနော် စိုးရိမ်မိသည်မှာ ရည်းစားထားရာတွင် ငါနိုင်အောင်၊ ငါဖြတ်ချင်ရင်ဖြတ်ထားလို့ရအောင် ဒီလိုခေါ်လိုက်မယ်ဆိုပြီးလည်း အခုစာတမ်းအား ကိုးကား၍ အသုံးမချော်စေချင်ပါ။ ဤသုသေသနစာတမ်းအား ပိုမိုပြည့်စုံအောင် ပံ့ပိုးလိုလျှင် ငါတို့ကဘယ်လိုခေါ်တာ နိုင်ရတယ်၊ ကြောက်ရတယ် စသည်ဖြင့် ကွန်မန့်တွင် ရေးသား၍ ကူညီစေလိုပါသည်။
ပြုံးပျော်နိုင်ကြပါစေ။
23 comments:
  1. ဟား---ဟား--- ကိုဇနိကတော့ လုပ်ချလိုက်ပြန်ပြီ။ ကျန်နေတာတွေရှိသေးတယ် ကိုဇနိရေ! ခုကိုးရီးယားကားတွေ ခေတ်စားလာတော့ ကိုယ့်ရည်းစားကို "အိုပါ့"လို့ ခေါ်တဲ့သူတွေလဲ သူငယ်ချင်းထဲမှာ ရှိတယ်ရှင့်။ ကိုတွေ မောင်တွေက ဟုတ်ပြီ၊ မိန်းကလေးကို ဘယ်လိုပြန်ခေါ်တာလဲဆိုတာ ကျန်သေးတယ်လေ။
    စကားပြောရင် ယောင်တာတော့ အတော့ကို မလွယ်ဘူး။ ဟီး ကျမတော့ အမေ့ကို တခါမှ မယောင်ဘူးလို့ တော်သေးတယ်။ :P
    ReplyDelete
  2. ကျွန်တော် ကောင်မလေး ရရင်တော့ တရုတ်လိုပဲခေါ်ခိုင်းတော့ မယ် `သာကော´ လို့
    ဒါမှမဟုတ် မြန်မာမှု့ပြုပြီး ` သာခေါင် (ဂေါင်)´
    ပေါ့ အဟေးဟေး အဲလိုဆိုရင်တော့ ဘာများဖြစ်မလဲ မသိဘူးနော :P
    ReplyDelete
  3. ကိုဇနိကတော့ အထုခံချင်နေပြီထင်တယ်နော်။ ဒီက မအားလို့ ဘလော့ဂ်ကို မလာနိုင်တာ အခွင့်ကောင်းယူပြီး စာတွေရေးနေတယ်။ ဟင်း ဟင်း။ တွေ့ကြသေးတာပေါ့နော်။
    ReplyDelete
  4. အော်.. တတ်နိုင်ကြပါပေ့။ ချစ်သူရှိသူတွေများ သုတေသန စာတမ်းတွေတောင် လုပ်နေရပြီ။ အားငယ်တယ်။ တစ်ကယ်ပဲ။း(
    ကိုးကားစရာတော့ရတာ ပေါ့လေ။ ဒါနဲ့ ကိုဇနိကရော မဇနိကို ဘယ်လိုခေါ်လဲဗျ။ ကောင်လေးတွေရဲ့ အခေါ်အဝေါ်ကနေ ရလာတတ်တဲ့ အခြေအနေတွေလည်း ဝေမျှအုံးဗျ။
    အတော်လေ့လာနိုင်တဲ့သူ။ :D
    ReplyDelete
  5. ဟာမေ့သွားတယ် ဒါကျတော့ မဇနိရဲ့ စာတမ်းဖြစ်ရမှာနော်။ မဇနိရေ အားရင် ကိုဇနိလိုပဲ အခေါ်အဝေါ်လေးတွေနဲ့ စာတမ်းလေး ဝေမျှအုံးနော်။ လေ့လာသူတွေကတော့ သိချင်လှပေါ့။း)
    ReplyDelete
  6. ခိုင်လုံသောသတင်းရပ်ကွက်မှ လက်ထောက်ချသတင်းပို့ချက်အရ သိရှိရသည်မှာ၊ ကိုဇနိ၏သုတေသနစာတမ်းမှ သုတေသနပြုခံသူငယ်ချင်းစာရင်းထဲတွင်၊ ကိုဇနိကိုယ်တိုင် နေရာအတော်များများတွင်ပါဝင်နေပြီး၊ သူ၏ကိုယ်တွေ့များမှာ စာတမ်း၏ ၅၀%ပါဝင်ကြောင်းသတင်းရရှိပါသည်။ :P အဟီး အတည်နောက်တာနော်။ :D
    ReplyDelete
  7. ကိုဇနိကတော့ သတင်းအချက်အလက်တွေကို ဘယ်လိုယူလိုက်တယ်မသိ ... ပို့စ်တစ်ခုဖြစ်အောင် ဖန်တီးတတ်ပဗျာ...
    အင်း... ကိုယ်ပိုင်အတွေ့အကြုံလေးနဲ့ ဖြည့်စွက်ရေးလိုက်တာလားဗျ..အဟဲ... :P(စတာနော)
    ဖတ်လို့ကောင်း၏
    ReplyDelete
  8. အိပ်ရင် ထထရောင်တာရော မပါပါ့လား..ဇနိရော..မေ့ကျန်ခဲ့တာဆိုလည်း..တခြားခေါင်းစဉ်နဲ့ ထက်ရေးအုံး...
    ReplyDelete
  9. သုတေသန ဇယားကိုတော့ ကဘောကျသွားပီ ..ကိုဇနိ ရေ ၊၊ တိုက်ဆိုင်ခဲ့သလိုလို ..ဘာလိုလို ..ညာလိုလို ..နေကြာကွာစိ ..ဟီး ၊၊
    ReplyDelete
  10. .....................
    "နံပတ် ၁၀ ကမှားနေပါတယ်... ကြောက်ရတာဘယ်သူလဲဆိုတာ.. :P "
    ReplyDelete
  11. အားလုံးသိပေမဲ့မသိသလိုပါပဲ
    မြန်မာစာပေချစ်သူ
    မသက်ဇင်
    ReplyDelete
  12. ကိုဇနိရေ .. ရယ်ရတယ် အဟား ။ ကိုဇနိက မဇနိကိုကျတော့ ဘယ်လိုခေါ်လဲဟင်း)
    ReplyDelete
  13. ကိုဇနိရေ.. စာအရေးအသားကောင်းလွန်းလို့ တဟားဟားနဲ့ကို အော်ရီနေရတယ်.. :D
    အဟီး.. အမလည်း အရင်ကဆို အိမ်နဲ့ဖုန်းပြောရင် ယောင်ပြီးပြောမိလို့ မနည်းဘရိတ်အုပ်နေရတယ်.. :D
    ကဲ.. မဇနိရေ.. အားရင် အခေါ်အဝေါ်ကိစ္စလေးတွေ ရေးပါဦးနော်... :)
    ReplyDelete
  14. နံပတ် ၆ နဲ့တူသလိုလိုပဲ ဟီးဟီး ရှူး သွားမပြောနဲ့နော် :P ဟဲဟဲ နိုင်တယ်ရှုံးတယ် မဟုတ်ပါဘူး ညီတူညီမျပေါ့ နော့
    ReplyDelete
  15. ကိုဇနိတို့ ခေတ်ပါပဲ။
    မဇနိရေးတာစောင့်ဖတ်ဦးမယ်။
    သုတေသနလာလုပ်ရင်
    လက်ဖက်သုပ် ကျွေးရမယ်နော မယ်နိ။
    ReplyDelete
  16. သုတေသနပြုချက်တွေအရ လွဲမှားမှု မရှိပါဘူး။ တစ်နေ့တာ ကျွန်တော့်အကြိုက်ဆုံးပို့စ်တစ်ခု ပါပဲ။ ဆက်အားပေးနေပါတယ် အစ်ကိုရေ..
    ReplyDelete
  17. သုတေသန ဇယား(၁) ကိုတော့ ကြိုက် သွားပီ ..ကိုဇနိ ရေ ၊၊ မဇနိရေးမဲ့ ဇယား(၂) ကိုစောင့်မျှော်နေတယ်။
    ReplyDelete
  18. သုတေသန ဇယား(၁) ကိုတော့ ကြိုက် သွားပီ ..ကိုဇနိ ရေ ၊၊ မဇနိရေးမဲ့ ဇယား(၂) ကိုစောင့်မျှော်နေတယ်။
    ReplyDelete
  19. very funny... interesting... good
    ReplyDelete
  20. အဟိ. သူတေသနကလည်းနော်. ဒင်းတို့အတွက်ချည်းပဲလားမသိဘူး. :P
    ReplyDelete
  21. တော်တော် သုတေသန လုပ်ထားတာပဲ
    မီးတို့က ကံဆိုးတယ်.. ရည်းစားကို ရှိသေးဘူး.. ခေါ်ချင်ပါတယ်ဆိုတောင် ခေါ်လို့မရဘူး အိအိ
    ReplyDelete
  22. တော်တော် လေ့လာထားတာပဲ ကျေးဇူး ကိုဇနိး) ဟိဟိ အစ်ကိုလည်း မွမ်းမွမ်းမွမ်းလားဗျ ဟီးးးဟီးးး
    ReplyDelete