Tuesday, June 10, 2008

ဖတ်လို့ကောင်းရင် ပြီးတာပဲ..


ဖတ်လို့ကောင်းရင် ပြီးတာပဲ..


ဟဲဟဲ..ဒီလိုပဲဗျ၊ ခင်ဗျာတို့ကြုံဖူးရဲ့လားတော့ မသိဘူး။ ကြုံဖူးတာ မကြုံဖူးတာကို နောက်မှ ပြောပြပေါ့နော။ ကျွန်တော်အရင်ပြောပြမယ်။ ကျွန်တော့်ရဲ့မဇနိပါ။ မဇနိက အလွန်အချစ်စမ်းတာဗျ။ အခုပဲ စကားပြောနေရင်း ဘလော့(ဂ်)မှာ post အသစ်ရေးရမတဲ့။ ဒါမှ စိတ်ဆိုးပြေမတဲ့။ ဘာအကြောင်းရေးရမှာလဲဆိုတော့ ဖတ်ကောင်းရင် ပြီးတာပဲတဲ့။ အခုချက်ချင်းရေးရမယ်တဲ့။ ဘာရမလဲ ကျနော်ကလည်း စိတ်ဆိုးပြေပြီးတာပဲဆိုပြီး ချရေးတော့တာ။ ဖတ်ကြပါဦး။ ပြီးရင် ဖတ်လို့ကောင်းတယ်လို့လည်း ပြောဦးနော်.. သူက ဖတ်လို့ကောင်းရင်ပြီးတာပဲဆိုတော့ ဖတ်လို့ကောင်းတယ်ဟ ဆိုပြီး ထောက်ခံပေးတဲ့သူတွေရှိမှ ရမှာကိုး။


တကယ်တော့ သူက စိတ်မြန်လက်မြန်နဲ့သူဆိုတော့ ငယ်ငယ်ကတည်းက တစ်ခုခုဆို ၀ုန်းထိုင်းဆိုလုပ်တတ်တယ်။ တခုခုဆိုလည်း စိတ်ထဲရှိရင် ဖြစ်အောင် လုပ်လေ့ရှိတယ်။ သူ့အမေက ပြောသတဲ့။ သမီးနော် နင်တော့ ငါမနိုင်ရင် နိုင်တဲ့သူတော့ ပေါ်ဦးမှာပါတဲ့။ ကျနော်နဲ့တွေ့တော့ သူကပြောတာ။ အခုတော့ အမေပြောတဲ့ နိုင်တဲ့သူပေါ်ပြီတဲ့။ ဘယ်ဟုတ်မလဲဗျာ။ အခု သူက ကျနော့်ကို နိုင်တာလေ။ အခုချက်ချင်း post အသစ်ရေးရမတဲ့။ ကျနော်လည်း ရေးပါတယ်။ စိတ်ထဲကနေ အေးပါဗျာ နောက်ကျလည်း မဇနိကို နိုင်တဲ့သူ ပေါ်ဦးမှာပါလို့ ပြောနေတော့တာပေါ့။

ဒီလိုစူပုတ်နေပြီး သူ့ကိုနိုင်တဲ့ သမီးလေးရလာဦးမှာပါ။


သူနဲ့ကျနော်ဆိုတာက တမြို့တည်းက အတူတူ ၁၀ တန်းအောင်၊ ပြီး တက္ကသိုလ်အတူတူ တက်လာတဲ့သူတွေပါ။ ပြောရရင်တော့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေပါ။ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကနေ ပိုခင်တွယ်လာတော့ တဒေါက်ဒေါက် အခေါက်ခံရတဲ့ ဘ၀ကိုရောက်တော့တာပါပဲ။ လက်ညှိုးကလေးများ ကွေးထာရင် အရောင်တွေ ထွက်လို့ပေါ။ နဖူးကို တကယ်မခေါက်ပါဘူး။ ချစ်စနိုးနဲ့သာ လက်ဟန်ပြပြီးကျီစယ်တာပါ။

သူနဲ့ကျနော့်ကြားက ရီစရာတွေ ပြောပြပါဦးမယ်။ ကျနော်ဆိုတဲ့ ကောင်က အိပ်ချင်နေလို့ကတော့ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ရသလို အိပ်တတ်ပါတယ်။ တခါက ကျနော်ရယ်၊သူရယ် ခရီးအတူသွား၊ အဝေးပြေးလိုင်းကားအတူစီးတော့ စကားတပြောပြောနဲ့ပေါ့။ ကျနော်က ညက ကောင်းကောင်းမအိပ်ခဲ့ရတော့ စကားပြောရင်း တ၀ါးဝါးသမ်းတာပေါ့။ အိပ်ချင်လည်း အိပ်လေတဲ့ မဇနိက။ ဘာရမလဲ ကျနော်ကလည်း ခွင့်ပြုမိန့်သာ ရလို့ကတော့ အိပ်ပြီးသားပဲ။ အိပ်လိုက်တာ ..အိပ်ရုံတင် ဘယ်ကမလဲ။ ဟောက်သေးတာ။ ခေါခလူးဆိုပြီး ချနေတာ။ ညနေ ၃ - ၄ နာရီလောက်ပဲ ရှိသေးတာ။ ရှေ့နောက် ဘေးဘယ်ညာက လူတွေကလည်း ကားပေါ်က ဗွီဒီယိုကြည့်နေရင်း ဘယ်က ခေါခလူးလဲဆိုပြီး လှဲ့ကြည့်။ သူ့ဘေးခုံမှာ ကျနော်က ဇာတ်ကြီး ကျိုးပြီး ခေါခလူးနဲ့ အိပ်နေတာလေ။ သူလည်း ရှက်ရှာမှာပေါ့။ ခေါခလူးကြီး ဘေးထားထိုင်နေရတာ။ သူနဲ့ မဆိုင်သလို လုပ်နေလို့ကလည်း မရဘူးလေ။ မအိပ်ခင်က ကျနော်တို့က စကားတပြောပြောကိုး။ ကျနော့်ဒဏ်တွေကို သူမ အဲသလိုလည်း ခံဖူးပါတယ်။

ကျနော့် ဒဏ်ကို သူခံရသလို သူဆိုးတဲ့ ဒဏ်တွေလည်း ခံရဘူးပါတယ်။ သူက ကျနော့်ကို စိတ်တွေဆိုးတဲ့တစ်နေ့ပေါ့။ ရန်ကုန်မှာ လိုင်းကားစီးတော့ သူကဗျာ စိတ်ဆိုးနေတော့ လမ်းတလျှောက်လုံး တိုးတိုးတိုးတိုးနဲ့ သွားအခုဆင်း၊ လိုက်မလာနဲ့၊ ကားပေါ်က ဆင်းဆိုပြီး တွန်းတွန်းလွှတ်ပါရော။ ခက်တော့တာပဲ။ ဘယ်လိုလုပ်ဆင်းရမလဲ။ တကယ်ဆင်းသွားရင်လည်း ဆင်းလို့ စိတ်ဆိုး၊ စိတ်ကောက်ဦးမယ်။ မဆင်းတော့လည်း ကျနော့်မှာ တတိုးတိုးနဲ့ အပြောခံရ။ သူဆိုးတဲ့ ဒဏ်တွေလည်း အဲသလို အဲသလို ခံရပါတယ်။

ဒီလို ပဲများများတွေလည်း သူနိုင်အောင် ထိန်းရဦးမှာ။

နောက်တစ်ခု ပြောရဦးမယ်။ သင်္ကြန်တွင်းခွင့်ရလို့ သူရော ကျနော်ရော ကိုယ့်မြို့ကို နှစ်ယောက်လုံးပြန်ရောက်တဲ့အချိန်။ သင်္ကြန်တွင်း အလည်အပတ်လည်း မထွက်ဖြစ်ပါဘူး။ မြို့တွင်းမှာ ရေပတ်နေကြတာဆိုတော့ ကိုယ့်အိမ်မှာပဲ နေကြတာပေါ့လေ။ တစ်နေ့ သူမက ရောက်လာပြီး ဦးဇောတိက ကျောင်းမှာ တရားနာသွားမတဲ့။ အိမ်ရောက်လာပါရော။ သူခေါ်တော့လည်း ကျနော်လည်း လိုက်တာပေါ့။ ဘုန်းကြီးကျောင်းက ခပ်ကျယ်ကျယ်ရယ်၊ ပရိတ်သတ်များတော့ ဘုန်းကြီးက မိုက်ကရိုဖုန်းနဲ့၊ စပိကာတွေနဲ့ ဟောတာ။ တရားနာပရိတ်သတ်ကလည်း ခပ်များများဆိုတော့ ကျောင်းမကြီးထဲမသွားဘဲ၊ လေတဟူးဟူးတိုက်တဲ့ ကျောင်းဆောင်လေးမှာ ဘုန်းကြီးဟောတဲ့တရားကို နာရတာပေါ့လေ။ အဲ တရားနာက ပြန်၊ အိမ်ရောက် ညနေကျ ကျနော်ဖျားပါလေရောဗျာ။ ချွေးအအေးပတ်တာလားမသိပါဘူး။ တကတည်း ကျော်မကောင်းကြားမကောင်း၊ တရားနာ တခါလိုက်သွားပါတယ်၊ ဖျားပြန်လာသတဲ့။ တိတ်တိတ်နေရတာပေါ့။ အိမ်က ညီမက အကိုနေမကောင်းရှာတာဆိုတော့ ဆေးတွေတိုက်ပြီး၊ ညောင်းတယ်ဆိုတော့ နင်းနှိပ်ပေးပါတယ်။ ကိုယ့်လည်း အသာလေးငြိမ်ခံရတာပေါ့။ အဲ အမေကဗျာ နင့်အကိုလေ တရားနာလိုက်သွားတာ ဖျားပါလေရောတဲ့ စကားမစပ်ဝင်ပြောပါလေရော။ ဘယ်သူနဲ့သွားတာတုန်းတဲ့။ မဇနိနဲ့ပေါ့ဆိုတော့ ဒီလိုဘူးထလို့ ဖျားတာကတော့ သေသေဗျာတဲ့ နင်းနှိပ်မပေးဘူးတဲ့။ အဲသလို တရားနာတခါလိုက်သွား တခါမှတ်စရာဖြစ်အောင်လည်း ကျန်ခဲ့ဖူးတယ်ဗျ။

ကဲဗျာ စာကတော့ ဒါလောက်ပဲဗျို့။ ဖတ်ကောင်းတယ်လို့လည်း ပြောကြဦး။ ဘာကြောင့်မှန်းမသိတဲ့ စိတ်ကောက်က ဖတ်ကောင်းတယ်ဆိုမှ ပြေမှာကိုး။ အချိန်ကုန်ခံပြီး ဖတ်တဲ့အတွက်လည်း ကျေဇူးတင်ပါတယ်။

15 comments:

  1. ko zani, chawt tar thate kaung tar pal, read lot lal kyi nuu sayar kaung tat post lay par, ma zani yay, tagal pyaw nay tar naw, sate kauk pyay lite par

    ReplyDelete
  2. ကိုဇနိ.... ဟိုအရည်တွေ သောက်ပြီး အန်လို့ မဇနိက လည်မျို ညှစ်ပေး ရတာတွေ၊ မဇနိ နေမကောင်းလို့ ခေးခန်းကို ကျောပိုး သွားရတာတွေ၊ ဟိုကောင်မလေးကို ငေးကြည့်လို့ ဆွဲလိမ်ခံရတာတွေ လျှိုမထားနဲ့လေဗျာ ...ဟီ..ဟိ...

    ReplyDelete
  3. ဟဟ
    ကိုဇနိနဲ့မဇနိ
    ဂျိဂျိဂျိ.....
    ဖတ်လို့ကောင်းတယ်ဗျို့!!!!!
    စိတ်ဆိုးပြေပါတော့ဗျို့!!!!!

    ReplyDelete
  4. ဟားဟား
    (ငါသာ မော့ဒ် ဆိုလို့ က တော့ဒီပို့စ် ကို အတင် မခံဘူး)

    ReplyDelete
  5. ဟေ့ကောင် ငပိန်
    ဟဲ ဟဲ
    (ငါက မော့(ဒ်)ကွ။ )

    ReplyDelete
  6. ကိုဇနိ + မဇနိ .. နီးတစ်ကျက်ကျက် ..ဝေးတစ်သက်သက် လိုပေါ့ ၊ဆိုင်လားမဆိုင်လားတော့ သိဘူးဗျ၊ ပြောကြည့်တာလေ ၊ ဖတ်လို့ကောင်းဗျာ ကိုဇနိ (ဟီး..သိတယ်နော်) ၊ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  7. မဇနိကစိတ်ကောက်ချင်ယောင်ဆောင်ပြီး
    စာမူတောင်းလိုက်တော့
    ကိုဇနိခမျာပြာသွားရှာထင်ပါ့
    ပြာယာပြာယာနဲ့ရေးလဲ
    ဖတ်လို့ကောင်းပါတယ်တော်။
    မဇနိလည်းပြုံးနေလောက်ပြီ။

    ReplyDelete
  8. ဖတ်လို့ကောင်းတယ်...ကိုဇနိ..:P

    ReplyDelete
  9. ကေဖိုးရေ - ဖတ်ရတာ ကြည်နူးစရာ ကောင်းတယ်ဆိုလို့ ၀မ်းသာပါတယ်…ကေဖိုးပြောလို့ထင်တယ် စိတ်ကောက်က ပြေသွားပြီ…

    Heartmuseum ရေ ဟိုအရည်တွေသောက်ရင် ခိုးသောက်တာဗျ..ဟ ဟ..ဗိုက်ကတော့ အဆွဲခံရတယ်ဗျို့ အဆွဲမခံရတာ ကြာလာရင်ကို မနေတတ်သလို ဖြစ်လာတာ…ကျေးဇူးဗျာ..

    မောင်ဖြူ …တို့က သာသာလေးစိတ်ဆိုးခံရတာ..ပြေသွားပြီ မြောက်ပေးလို့ရတော့ဘူး..

    ဖတ်ကောင်းတယ်ပြောလို့ republic ရေ ကျေးဇူးဗျာ..ဟီးဟီး စိတ်ဆိုးက ပြေသွားပြီ ခင်ဗျားကျေးဇူးလည်း မကင်းဘူး..

    မမေအောင်ကြီးရေ…လုပ်ပါဦး ရေးပါဦး ကိုမေအောင်ကို စိတ်ကောက်ပြီးတော့..အမရေးရင်လည်း ကောင်းတာပဲ…

    ညီမက တမဲလာပေးသွားတယ်…ကျေးဇူးနော်

    ReplyDelete
  10. ကျွန်တော်တောင် ကလေးနှစ်ယောက်ရပြီ။ အဲဒီလောက် မချော့တတ်သေးဘူး။ တော်တယ်ဗျာ။ နည်းနာလေးတွေ မှတ်ထားရမယ်။

    ReplyDelete
  11. မနေ့ကတည်းက comment ပေးဖို့ရာကို connection က ကိုးလို့ကန့်လန့်လုပ်နေလို့ အခုမှပဲ ရေးဖြစ်တော့တယ်။ ကိုဇနိရေ သတိရတာ တစ်ခုပြောပါရစေဦး။ တစ်ခါက ထုံးစံအတိုင်း မဇနိစိတ်ကောက်နေတုန်းပေါ့၊ ဘာလို့ကောက်တာလဲတော့ မသိပါဘူး။ ကိုဇနိကို ကျောခိုင်းထိုင်လို့။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ဆရာတစ်ယောက်က ရောက်လာရော၊ ကျန်တဲ့လူတွေဘယ်ရောက်နေလဲ မေးချင်တော့ မဇနိကို နောက်ကနေ လှမ်းခေါ်ပါတယ်။ ဆရာကလဲ အကုန်လုံးနာမည်ကို ကောင်းကောင်းသိတာမဟုတ်။ တခါတလေကျလဲ သိရဲ့သားနဲ့ မေ့တဲ့အခါမေ့ဆိုတော့၊ နာမည်မခေါ်ပဲ ဟဲ့လို့ခေါ်ဆိုလား။ မဇနိက ကိုဇနိခေါ်တယ်ထင်လို့ ယောင်လို့တောင် လှည့်မကြည့်နဲ့။ နောက်ကိုဇနိက အတင်းခေါ်ပြီး ဆရာခေါ်တယ်ဆိုမှ မျက်နှာပူပူနဲ့ ဆရာကို သွားတွေ့ရတဲ့အဖြစ်လေးကို အမှတ်ရသွားလို့ပါ။ မဇနိ ပြောပြဖူးတာကတော့ အဲဒီလောက်ပါပဲ။ ဒါပေမဲ့ စစ်ကိုင်းသူ ဆက်တွေးကြည့်မိတယ်။ ဆရာလဲ ပြန်သွားရော၊ မဇနိတစ်ယောက် ရှက်ရမ်းရမ်းပြီး၊ ကိုဇနိကို တရားခံရှာ၊ ကျောပြင်ကို ဗျောတင်လို့ ကိုဇနိခမျာ ကျောကော့အောင်ခံခဲ့ရမယ် ထင်ပါတယ်။

    ReplyDelete
  12. ကိုအန်ဒီကိုတော့ ဆရာကတင်ပြီးသားပါ...၀ါရင့် သဘာရင့်ကိုး..

    စစ်ကိုင်းသူရေ ဟုတ်ပါ့ဗျာ..ဆရာက တဟဲ့ဟဲ့နဲ့...
    ဆရာတိုး..
း)

    ReplyDelete
  13. ကိုဇနိရေ
    တစ်ခု ဆက်စဉ်းစားမိလို့ ထပ်ရေးလိုက်တယ်။ ဆရာရောက်လာတာ စိတ်ကောက်နေတဲ့အချိန်၊ ကျောခိုင်းလျက်အနေအထားမို့ တော်သေးတာပေါ့။ တခြားအချိန်၊ မျက်နှာချင်းဆိုင် ကြည်နူးနေကြပြီး ခေါ်လို့မကြားတာဆိုလို့ကတော့ ဆရာ လူပျိုကြီးခမျာ ဆက်ပြီးပဲ ခေါ်ရမလိုလို၊ အလိုက်တသိပြန်သွားရမလိုလို၊ အားကျရမှာလား၊ စိတ်တိုရမှာလား မသိဖြစ်နေမှာ မြင်ယောင်ပါသေးတယ်။

    ReplyDelete
  14. လာလည်ကြတဲ့မိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါတယ်။
    စစ်ကိုင်းသူရေ ရှက်ပြုံးကြီးနဲ့ ဆရာတိုးကို ခုထိမြင်ယောင်နေတယ်။ “ဟဲ့ ဟဲ့“ ဆိုတာလည်း ကြားနေတုန်းပဲ။ ဆရာတိုးက ဒို့မြို့မှာတာဝန်ကျဖူးတယ်လို့ ဆွေမျိုးစပ်ရင်းနဲ့ နောက်ပိုင်းကျတော့ ကိုဇနိနဲ့ခင်သွားတယ်။ လမ်းမှတွေ့ရင် ကိုဇနိကိုပဲ နှုတ်ဆက်တော့တာတော့။ မဇနိကို သူကရှက်နေတာထင်တယ်။ ဆရာတိုး နဲ့ ဆရာ သန်း၊ ဆရာဥာဏ်တို့လည်း သတိရမိတယ်။ ကျောင်းဝင်းထဲမှာ ဆရာတို့နဲ့တွေ့လို့ကတော့ ကိုဇနိကြီး ၀ါးတပြန်လောက်မှာ မဆိုင်သလို ချန်ထားခဲ့တာ။ ဆရာမနဲ့ဝင်တွေ့နေရင် ကိုဇနိက ကျောင်းရှေ့တန်းလျားမှာ အိပ်ငိုက်လို့။ ကိုဇနိက လမ်းလျှောက်ပြီး လာချောင်းလဲ ဆရာမကြောက်လို့ မမြင်ချင်ယောင်ဆောင်ရတယ်။ ကိုဇနိလည်း ဒို့ဆရာ၊ဆရာမတွေနဲ့ မျက်မှန်းကို တန်းမိလို့။ ဆရာတိုး seminar ဖတ်တုန်းက ကူလုပ်ခဲ့ရတာတွေ သတိရသေးတယ်နော်။

    ReplyDelete
  15. ဖတ်လို့ကောင်းပါတယ်ဗျာ။ ၂ ယောက်လုံးက အရေးကောင်းတွေပဲ ရှေ့သွားနောက်လိုက် ညီပါပေတယ်ဗျို့ ဘရာဗို

    ReplyDelete