Thursday, November 29, 2007

Happy Birthday!


Happy Birthday!

ဒီနေ့ကတော့ ကျွန်တော်တို့ သူငယ်ချင်းကြီး MHZ ရဲ့ မွေးနေ့မင်္ဂလာပါ။
ကျွန်တော်ကတော့ အဝေးကနေပြီးတော့ သူရဲ့မွေးနေ့မှာ ကျွေးမွေးဧည့်ခံတာကို မစားရပေမယ့် မွေးနေ့အကြိုဒါန်ပေါက်ဓာတ်ပုံစားရတာကိုဝမ်းသာလှပါပြီ။
သူငယ်ချင်းMHZ တစ်ယောက် ယနေ့မွေးနေ့မင်္ဂလာမှသည် နောင်နှစ်ပေါင်းများစွာထိ အသက်ရှည်ပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။ လက်တွေ့နဲ့ ဆန္ဒတစ်ထပ်တည်းကျပါစေ။

ဇနိနှင့်ဇနိ၏သူမ


မစ္စတာမြင်းတစ်ကောင် (အဲလေတစ်ယောက်) အဝေးဆုံးကို ပြေးနိုင်ပါစေဗျာ။ ဒီနေ့ဒံပေါက်လိုပဲ ဘဝမှာ စုံစုံလင်လင် (လိုအပ်နေတာလေးတွေပေါ့) နဲ့ ပျော်ရွှင်နိုင်ပါစေဗျာ။
မောင်ဖြူနှင့်မောင်ဖြူ၏မောင်ဖြူ (အဟီး)

သူငယ်ချင်းကြီး MHZ ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းမာ ချမ်းသာ ပျော်ရွှင်နိုင်ပါစေ လို့ဆုတောင်းပေးပါတယ်...
သူငယ်ချင်း MHZ မွေးနေ့က ဒံပေါက်ထမင်းကို ဝေမျှလိုက်ပါတယ်ခင်ဗျား...




မောင်လုံး

Игорь Крутой

Ты в моём сентябре


Печальный Ангел

Wednesday, November 28, 2007

လမင်း၊ နှင်းနှင့်သူမ


စိတ်ကူးယဉ်သော သူမက နှင်းရည်နှင့်လရောင်ပေါင်းစပ်ထားခြင်းဟာ သူမရဲ.ဘ၀တစ်ခုပဲလို.ယုံကြည်ထားသည်။ အိမ်ရှေ့ညမွှေးပင်က ပန်းရနံ့တွေ၊ သူမစိုက်ထားသည့်နှင်းဆီပွင့်များ၏ ရနံ့တွေဖြင့် ဆောင်းညတို.သည် လှပမြဲ။ မဇ္ဈူပင်ပုပုအုပ်အုပ်လေးတွေဆီမှ လှပသောရောင်စုံပန်းပွင့်များ၏ အဆင်းနှင့်အချင်းတို့ကလည်း ဆွတ်ပျံ.လွမ်းမောဘွယ်ရာ။ လရိပ်မှာပျော်ရွှင်တတ်တဲ့ သူမအတွက် ခုံတန်းရှည်လေးဟာလည်း ချမ်းမြေ.မှုကို ပေးခဲ.ဖူးသည်လေ။



ငယ်ငယ်တုန်းကတော့ သူမဟာ ခုံတန်းရှည်လေးပေါ်မှာ ထိုင်ရင်း လမင်းကြီးကို ကြည့်ကာ လမင်းကြီးရဲ့မျက်နှာပေါ်မှာ သူမချစ်သော အဖေ၊အမေ၊ကိုကို၊ညီမလေး၊မောင်လေးတွေနှင့် သူမ၏ပျော်ရွှင်နေသောပုံရိပ်ကို မြင်သည်။ ပြီးတော့ လမင်းမိသားစုထဲမှာ အဖေ ပထမဦးဆုံးဖတ်ခိုင်းသည့် ဘာသာပြန်ဝတ္ထုထဲမှ တောတွင်းသားလေး မောဂလိလည်း ပါသည်။ တစ်ခါတစ်လေ သူမစာအုပ်တွေ အများကြီးဖတ်ပြီး ရေမချိုးဖြစ်လျှင် ထိုနေ့တွင် အမေစိတ်ဆိုးသည်။ မဆူပေမဲ့ အမေ့မျက်နှာသည် လမင်းထဲမှာ သူမကို အပြစ်ပေးမှာစိုးသည့်အတွက် သူမရေချိုးဖို့မမေ့တော့ပါ။ အပြစ်ကင်းသောမျက်နှာနှင့် လမင်းကို ရင်ဆိုင်တတ်သော သူမဖြစ်သည်။ သူမရှစ်တန်းနှစ်ရောက်တော့ အဖေ၏တပည့်တစ်ယောက်က သူမကိုကြက်တူရွေးလေးနှစ်ကောင် လက်ဆောင်ပေးပါသည်။ အိမ်မြဲသောသူမအတွက် စကားပြောရန်ဟုဆိုသည်။ (သူမကစာတွေပဲဖတ်ချင်နေသည်။ ဒါပေမဲ့မျက်လုံးဝိုင်းဝိုင်းနှင့် သူတို့နှစ်ကောင်အကြည့်က သူမကို တာဝန်ကျေပြွန်စွာ ထမ်းဆောင်စေသည်။ ပြေနှင့်ပြည့်ဟု သူမကအမည်ပေးကာ သူတို့ကလည်း သူမနာမည်ကိုအရင်ဆုံးခေါ်တတ်ဧ။်။ လသာသောညများတွင် လမင်းကြီးကိုမော့ကြည်လိုက်တော့ ချမ်းမြေ့ဖွယ်ရာသူမတို့မိသားစုရယ် မောဂလိရယ် ပြေနှင့်ပြည့်ရယ်ပေါ.။ သူမကောင်းကောင်းစိုက်တတ်ပြီဖြစ်သော နှင်းဆီပင်များက လမင်းကြီးဆီထိ မွှေးရနံ့တွေသင်းပျံ့လို့ သူမဟာလည်းပျော်ရွှင်လို့ပေါ့။ သူမဆယ်တန်းရောက်တော့ မြို့တွင်ကျောင်းတက်ရသည်။ ကျောင်းပိတ်ရက်တစ်ရက်မှာ သူမနှင်း ဆီပင်တွေနေရာရွှေ့နေစဉ် ခြေထောက်တစ်စုံဟာ သူမရှေ့ကို ရောက်ရှိလာခဲ့သည်။ အဲဒီကတည်းက သူ့ခြေအစုံသည်မရပ်မနားပဲ သူမနှလုံ့းသားဆီထိ ဖြတ်ကျော်ဝင် ရောက်လာကာ နှင်းတွေဝေတဲ့ညခင်းကိုရောက်တော့ လမင်းကြီးပေါ်မှာသူ့ကိုတွေ့ရသည်။ ခုံတန်းလေးပေါ်က မော့ကြည့်ရင်း အရှင်သခင်တစ်ပါးလို့ သူမစိတ်ထဲမှာ မှတ်ယူသည်။ သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူမ၏ ဘ၀တစ်ခုလုံးကို သူ့ထံမြှုပ်နှံသည်။ နှင်းဆီပန်းရနံ့တွေရယ် ဘုရားရင်ပြင်တော်ပေါ်က တရုတ်စကားပန်းရနံ့တွေရယ်က သူမကိုအားပေးသည်လား၊ တားမြစ်သည်လားသူမမသိတော့။ သူမကတော့ သိပ်ချစ်သွားခဲ့ပြီ။ ရိုးသားဖြူစင်သော သူ့နှလုံးသားကိုချစ်သည်။ ထက်မြက်ထူးချွန်သော သူ့အရည်အချင်းများကို မြတ်နိုးသည်။ ခပ်ငေးငေးနှင့်သူ့အကြည်.တွေကို တစ်သက်လုံးပိုင်ဆိုင်လိုသည်။ နှင်းတွေနှင့်ဝန်းရံလှပနေသော လမင်းကြီိးပေါ်မှာတော့ သူ့ရဲ့ပုံရိပ်အပြည့်ခပ်နှိပ်ထားပါရောလား။ သူ သူမကိုကြည့်နေတယ်။ ကြင်နာသောမျက်ဝန်းများနှင့်ပေါ့။ ဒါပေမဲ့ လမင်းကြီးနဲ့သူမအလှမ်းဝေးတော့ သူမကိုကြည့်နေတာသေချာရဲ့လားမသိပါ။ လမင်းကြီးဆီကအားအင်တွေ သူမထံရောက်ရှိလာသည်။ လမင်းကြီးဆီကိုလှမ်းချင်သူ သူမစွန့်စားဖို့လိုအပ်လာပြီလား။ ဒီတစ်ခါ သူမလမင်းကြီးကိုကြည့်ရတာ စွဲလန်းမက်မောမှုတွေနဲ့လောင်မြှိုက်လို့ မောပန်းလို့ပေါ့။ ဒါပေမဲ့ လမင်းရယ် သူမတို့ကိုဆုံခွင့်ပေးပါ နှင်းတွေရယ် သူမတို့ဆုံပါရစေဟု အကြိမ်ကြိမ် ဆုတောင်းနေမိသည်။ လမင်းပေါ်က သူ့ဆီကိုသွားဖို့ သူမကြိုးစားရမည်။ ခုံတန်းလေးနှင့်ပန်းလေးတွေကို ခဏခွဲခွာရမည်။ သူ့ကိုတော့ဖြင့်ဆွဲမခေါ်ရက်ပါ။ သူမပဲအမြင့်ကိုပျံသန်းသွားနိုင်ရမည်လေ ။ဆောင်းလေက သူမရဲ့နှင်းဆီပင်ကအရွက်စိမ်းစိမ်းတွေကို ခြွေတော့သူမစိတ်မကောင်း။ သူမခွဲခွါခဲ့တာငါးနှစ်ရှိပြီလေ။ ပြီးတော့ သူမဟာချစ်တဲ့သူရှိရာကိုလိုက်ပါဖို့ ဆုံးဖြတ်ပြီးပြီမို့ သူတို့ကိုပစ်ခွာ သွားရဦးမည်။ သူမလာခဲ့တော့မည် သိရဲ့လား။ ထိုညလသာတော့ သူမခုံတန်းလေးပေါ်မှာထိုင်ခဲ့သည်။ လမင်းကြီးကိုကြည့်ရင်း သူမရင်တွေခုန်လာသည်။ ခုံတန်းရဲ့တစ်ဖက်လွတ်တဲ့နေရာမှာ အန်တီလေးလာထိုင်တော့ လရောင်ကိုအန်တီလေးလဲ ချစ်တယ်မို့လားလို့ သူမကပျော်မြူးစွာမေးခဲ့သေးသည်။ အန်တီလေးက သက်ပြင်းရှည်ရှည်တစ်ချက်ချရင်း သမီး မကြားသေးဘူးထင်တယ်။ အဲဒီကလေး အိမ်ထောင်ပြုလိုက်ပြီတဲ။ “အန်တီလေးလဲဒါတွေ ဘာလို့ ၀င် ပြောမိပါလိမ့်” ပြောပြီးတော့အန်တီလေးထပြန်သွားတယ်။ သူမဟာလမင်းကြီးနဲ့နှင်းမှုန်တွေကို ရှက်ရွံစွာနဲ့ အိမ်ထဲကိုပြေးဝင်ခဲ့မိတယ်။ တံခါးပိတ်ပေမဲ့ လရိပ်တွေဖြာနေတဲ့အခန်းထဲမှာ ခေါင်းအုံးနဲ့မျက်နှာကိုအပ်ပြီး အမှောင်ကိုအားကိုးတိုးဝင်မိတယ်။ နာရီပေါင်းများစွာငိုကြွေးနေမိတယ်။ တစ်ခါကစာဖတ်လို့ သူအထင်ကြီးတယ်လို့ပြောခဲ့ဖူးတဲ့ အတွက်စာတွေပိုပိုပြီးဖတ်လို့ သိပ်မကောင်းတော့တဲ့မျက်လုံးတွေဟာ မျက်ရေတွေနဲ့ တစ်မျိုးဒဏ်ခတ်ခံရပြန်တယ်။ သူဟာ စည်းရဲ့တစ်ဖက်မှာ ချစ်ခွင့်မပေး၊ လွမ်းခွင့်မပေး၊ တမ်းတခွင့်မပေး။ လမင်းကြီးရဲ့ရင်ခွင်မှာ သူ့ချစ်သူနှင့်ပျော်ရွှင်စွာ။ သူမဟာ ကျန်ရစ်(သို့မဟုတ်) ချန်ရစ်ခဲ့ကာ နှလုံးသားမရှိ၊ ပျော်ရွှင်ခြင်းမရှိ။ သို.သော် ရင်နှင့်အမျှချစ်နေသေးရွေ.-မမေ့နိုင်သောအခါ လမင်းကြီးကိုအပြစ်ကင်းသောမျက်နှာနှင့် ရင်မဆိုင်ရဲတော့ပါ။ ဖြူစင်သောနှင်းမှုန်များကို မကြည့်ရဲပါ။စိတ်ကူးယဉ်သောသူမက နှင်းရည်နှင့်လရောင်ပေါင်းစပ်ထားခြင်းဟာ သူမရဲ.ဘ၀တစ်ခုပဲလို့ ယုံကြည်ထားခဲ့သည်။ လက်တွေ.ဘ၀မှာတော့ လမင်းမသာနှင်းရည်မဖြာသော ကမ္ဘာတစ်ခြမ်းမှာ သူမနေထိုင်နေပါသည်။ ။
မေအောင်

ချစ်ပန်းရနံ့


မောင်
ကိုယ့်ဝိညဉ်ဟာ
မောင့်အပါးမှာ
ခစားကျန်နေခဲ့ပြီမောင်။
မောင်
ကိုယ်သွားနေတာ
ဝိညဉ်မပါ
ကိုယ့်ခန္ဓာသာ။
မောင်
ကိုယ့်တွက်မကြည့်
မောင့်တွက်ချည်းပါ
မောင်ပျော်လျင်လည်း
ကိုယ်ပျော်မြဲနော်။
မောင်
နေရစ်တော့မောင်
ပျော်တော့မောင်
ကိုယ်ကချစ်၍ သွားပြီမောင်။ ။

မေအောင်

ဆောင်းဦးပေါက်အသွေးစုံအရောင်များကို ခံစားခြင်း

ဆောင်းဦးပေါက်ပြီ။
အရောင်အသွေးစုံစုံလင်လင် အလှသွေးကြွယ်နေတဲ့ သစ်ပင်တွေက ဂျပန်နိုင်ငံရဲ့ လမ်းတော်တော်များများမှာ အသက်ဝင်စပြုလာပါပြီ။ မေပယ်(လ်)ပင်တွေက အနီရောင်ကို ပြောင်းလာပြီဆိုရင် ဂျပန်လူမျိုးတွေက တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးနေကြတာကို တွေ့ရတယ်။ ဆောင်းဦးပေါက်မှာ အပင်တွေအရောင်ပြောင်းတာက တစ်နိုင်ငံလုံး တစ်ချိန်တည်း မဟုတ်ပါဘူး။ မြောက်ပိုင်းဟော့ကိုင်းဒိုးကျွန်းကနေစပြီး တောင်ပိုင်းကျွန်းတွေအထိ တစ်ဖြည်းဖြည်း အရောင်ပြောင်းချိန်တွေ မတူတာပါ။ မေပယ်(လ်)ရွက်တွေရဲ့ အလှဆုံးအရောင်ကတော့ အနီရောင်ဖြစ်ပြီး ဆောင်းဦးပေါက်နှောင်းပိုင်းမှာ အဲဒီအရောင်ကို ပြောင်းလဲသွားပါတယ်။ စက်တင်ဘာလကနေ အောက်တိုဘာလအတွင်းဆို ဟော့ကိုင်းဒိုးဒေသ၊ အောက်တိုဘာကနေ နိုဝင်ဘာလအထိဆို တို့ဟိုးကူး(Tohoku)၊ နိုဝင်ဘာကနေ ဒီဇင်ဘာအထိကတော့ တောင်ပိုင်းဒေသတွေမှာ မေပယ်(လ်)ရွက်တွေအပါအ၀င် သစ်ပင်အစုံက အရောင်ပြောင်းကြပါတယ်။ အခုဆောင်းဦးပေါက်ကို ရောက်လာတော့ သစ်ရွက်တွေ အရောင်ပြောင်းလာတာက အရမ်းလှတော့ မကြည့်ဘဲမနေနိုင်၊ ဓာတ်ပုံမရိုက်ဘဲမနေနိုင်ဖြစ်လို့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အခု ဓာတ်ပုံတွေကို ဝေမျှလိုက်ပါတယ်။ ပျော်ရွှင်ကြည်နူးကြပါစေ။

နွေရာသီတုန်းကလည်း ဒီလိုစိမ်းစိမ်းလန်းလန်းနဲ့လှပြီး နေတာပါပဲ။လွမ်းစရာတွေကိုလွမ်းတဲ့အခါ ဒီခုံလေးပေါ်မှာထိုင်ပြီး သစ်ရွက်လှလှလေးတွေကို ငေးကြည့်တတ်ပါတယ်။ ခင်ဗျားတို့လည်း ဒီမှာထိုင်ပြီးလွမ်းလိုက လွမ်းသွားကြပါဦး။

Tuesday, November 27, 2007

လေထီးသမား


လူငယ်တစ်ယောက်က သည်းထိတ်ရင်ဖိုအားကစားနည်းတစ်မျိုးကို ကစားချင်နေတဲ့ ဆန္ဒရှိနေတယ်။ ပြီးတော့ တစ်နေ့ကျရင်တော့ အောင်မြင်ကျော်ကြားတဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတယ်။ ဒါကြောင့် လေထီးအရောင်းဆိုင်ကို သွားပြီး လေထီးတစ်ခုဝယ်ခဲ့တယ်။ နောက်တစ်နေ့ သူငယ်ချင်းတွေနဲ့ဆုံတော့
လူငယ်။ ။ငါ အောင်မြင်တဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ပို့ ကြိုးစားနေတယ်ကွ…
သူငယ်ချင်းများ။ ။ ဟေ့ကောင်… လူကြီးတွေကို စိတ်ပူအောင် မလုပ်ပါနဲ့ကွာ… လေထီးခုန်တယ်ဆိုတာ အရမ်းအန္တရာယ်များတယ်ကွ… တကယ်လို့ လေထီးကမပွင့်ဘူးဆိုရင် မင်းဘယ်လိုလုပ်မလဲကွ…

လူငယ်။ ။ ဟာကွာ… မင်းတို့ကလည်းညံ့ပကွာ… လေထီးမပွင့်ဖူးဆိုရင် အဲဒီလေထီးကို ဆိုင်ကိုပြန်ပေးမယ်… ဟဲဟဲ… ပြီးတော့ ငါ့ပိုက်ဆံကိုပြန်တောင်းမှာပေါ့ကွ။

Monday, November 26, 2007

မွေးနေ့လက်ဆောင်


ချမ်းသာတဲ့ မိန်းမကြီးတစ်ယေက် ကော်ဖီသောက်ရင်း သူ့အမေအကြောင်းကို စဉ်းစားနေတယ်။ ဒီနေ့က မိခင်ကြီးရဲ့မွေးနေ့ပဲ။ ဒီတော့ မွေးနေ့လက်ဆောင်ကောင်းကောင်းလေးပို့ရဦးမယ်ပေါ့။ ဒါနဲ့ပဲ အိမ်မွေး တိရစ္ဆာန်ရောင်းတဲ့ဆိုင်ကို သွားခဲ့တယ်။ ဘယ်လိုတိရစ္ဆာန်လေးတွေကို ၀ယ်ပေးရရင်ကောင်းမလဲဆိုပြီး ဆိုင်အနှံ့လိုက်ကြည့်နေရင်း အလွန်လှပတဲ့ ငှက်ကလေးတစ်ကောင်ကို တွေ့ခဲ့တယ်။ အဲဒီငှက်ကလေးက သီချင်းဆိုတတ်တယ်၊ ဘာသာစကား ခုနှစ်မျိုးပြောနိုင်တယ်။ ဒီတော့ သူ့အမေအတွက် အကောင်းဆုံးလက်ဆောင်ပဲဆိုပြီး ငှက်ကလေးကို ဒေါ်လာငါးထောင်နဲ့ ၀ယ်ခဲ့တာပေါ့။ အိမ်ကိုပြန်ရောက်တော့ ငှက်ကလေးကို ရေချိုးပေးတယ်၊ ပြီးတော့ မိခင်ဆီကို ပို့လိုက်တယ်။ နောက်တစ်နေ့ကြတော့ မိခင်ဆီကို တယ်လီဖုန်းဆက်တာပေါ့…
သမီး။ ။ မေမေ သမီးပို့လိုက်တဲ့ ငှက်ကလေးကို သဘောကျရဲ့လား။
မိခင်။ ။ အင်း… သဘောကျတယ်… ငါအခု ဒီငှက်ကိုကြော်စားနေတာ… ငှက်ကလေးရဲ့အသားက တော်တော်ကောင်းတယ်တဲ့။

Friday, November 23, 2007

အညာဒေသက ကထိန်ပွဲ အလွမ်းပြေ



ပုံများကို ထိုနေရာမှ ကူးယူသည်။
အညာဒေသက ကထိန်ပွဲ အလွမ်းပြေ
ဆယ်တန်းအောင်ပြီးကတည်းက အိမ်နဲ့ခွဲနေလိုက်ရတာ၊ တက္ကသိုလ်တွေ ပြောင်းပြောင်းတတ် အိမ်ကို အတော်အတန်ကို ပြန်ဖို့ခက်ရတော့တာပေါ့။ မွေးကတည်းကနေလာတဲ့ အိမ်၊ မခင်တွယ်ဘဲ ရှိပါ့မလားဗျာ။ ကျွန်တော် အိမ်နဲ့ ခွဲနေရတာက ကြာတော့ အမေ့ကို ပြောသတဲ့၊ သူ့ အကိုကြီး ကျုပ်ဦးလေးကြီးက ဟေ့ ငါ့ညီမ မင်းမွေးထားတဲ့သားတွေ၊ သမီးတွေကတော့ မင်းကိုစခွဲနေပြီ။ နောက်ကြာလာလေလေ မင်းတို့တော့ နှစ်ယောက်တည်းပဲ နေရတော့မယ်ဆိုပြီး ပြောတော့ အမေက မျက်ရည်တွေကျပြီး ငိုသတဲ့။ အခုမနက်ခင်းတော့ ကျောင်းကလည်း မသွားဖြစ်ဘူး။ အိမ်ကိုလည်း သတိကလည်းရနေတာဆိုတော့ အိမ်ကိုဖုန်းဆက်ဖြစ်တယ်။ အမေတို့ကဗျာ ကျွန်တော့်ကို စကားကြာကြာ မပြောဘူး။ အလုပ်ရှုပ်နေလို့တဲ့။ ညကျမှ ဖုန်းပြန်ဆက်တဲ့။ အရင်ကဆို ဖုန်းများဆက်မိပြီဆို အမေကဖုန်းချဖို့ မနည်းပြောရတာ။ ဘာတွေများရှုပ်နေပါလိမ့်ဆိုပြီး မေးမိတော့ ပဒေသာပင်ကိစ္စတဲ့။ အဲဒီတော့ကျမှပဲ ကျွန်တော်လည်း တန်ဆောင်မုန်းလတောင်ရောက်ပါပေါ့ပဲဆိုပြီး စိတ်ထဲတွေးမိလိုက်သေးတယ်။ ဘယ်လောက်ပဲ နှစ်တွေကြာကြာ ငယ်ငယ်ကတည်းက တွေ့ကြုံဆင်နွှဲခဲ့ရတဲ့ အညာဓလေ့ ရာသီပွဲနဲ့ အဖြစ်အပျက်လေးတွေကတော့ ရင်ထဲမှာ ရင်နှီးနေဆဲပါပဲ။

ဒီနေ့ အိမ်က မိသားစုက ပဒေသာပင် သီးကြတယ်တဲ့။ ပဒေသာပင်ကိုညနေ လေးနာရီ အမှီသွားပို့ချင်လို့ အလုပ်များနေကြတာတဲ့။ အခုလို တန်ဆောင်မုန်းလမှာ လပြည့်နေ့ထိ ရပ်ကွက်စုပေါင်းဘုံကထိန်၊ ဈေးစုပေါင်းဘုံကထိန်၊ ကုန်သည်ကြီးများ အသင်း စုပေါင်းဘုံကထိန် စသည်ဖြင့် အသင်းအဖွဲ့ အမျိုးမျိုးက စုပေါင်းဘုံကထိန်တွေလုပ်ကြပြီး လှူဒါန်းကြတယ်။ ပဒေသာပင်ဆိုတာက ၀ါး၊ ဒါမှ မဟုတ် သစ်သားပြားတွေနဲ့ ထိပ်ချွန်ယပ်တောင် အကြီးကြီးပုံစံလုပ်၊ ပြီး အဲဒီ ဖရိမ် ပေါ်မှာမှ ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏအလျောက် လှူဖွယ်ပစ္စည်းမျိုးစုံကို ချိတ်ဆွဲပြီး ရပ်ကွက်က သတ်မှတ်ထားတဲ့နေရာမှာ ရပ်ကွက်ဓမ္မာရုံဘေးပတ်ပတ်လည်မှာ ပဒေသာပင်တွေစီချပြီး နှစ်ရက်လောက် ပြထားသေးတယ်။ ဒီလိုပြထားတာက အလှကြည့်ရုံတင်မဟုတ်ပဲ လှူဒါန်းတဲ့သူတွေရော၊ လာကြည့်ကြတဲ့သူတွေပါ ကြည်ညိုသဒ္ဓါပွားနိုင်အောင်လို့တဲ့။ ပိုက်ဆံချမ်းသာတဲ့ အိမ်က ပဒေသာပင်တွေကတော့ အောက်ခံ ပဒေသာပင်အချပ်ကြီးမှာ နေရာလပ်မကျန်အောင် လှူဖွယ်ပစ္စည်းတွေပြည့်နေတာတွေ့ရတတ်တယ်။ ငွေကြေးအဆင်သိပ်မပြေတဲ့ အိမ်တွေကတော့ သူတို့တတ်နိုင်သလောက် ပမာဏနဲ့ လှလှပပဖြစ်အောင်တော့ တန်ဆာဆင်ထားကြပါတယ်။ ပဒေသာပင်တိုင်းမှာတော့ သင်္ကန်းတစ်စုံတော့ ပါပါတယ်။ တော်တော်လေးကို စီးပွားရေးအဆင်မပြေကြတဲ့ အိမ်ထောင်စုတွေကတော့ နှစ်အိမ်ပေါင်းတစ်ခုတို့၊ သုံးအိမ်ပေါင်းတစ်ခုတို့ လှူကြတယ်ဗျ။ ပဒေသာပင်လုံးဝကို မလုပ်နိုင်တဲ့ အိမ်က ကလေးတွေကတော့ ကျောင်းသားလေးတွေကလည်းဖြစ်ဆိုတော့ သူတို့မုန့်ဖိုးထဲက စုဆောင်းပြီးဝယ်ထားတဲ့ ဗလာစာအုပ်လေးတွေလာပေးကြတယ်။ ငွေကြေးချို့တဲ့ပေမယ့် စေတနာ သဒ္ဓါတရာမချို့တဲ့ကြပါဘူး။ ဒီရက်ပိုင်းတော့ ကျွန်တော်တို့မြို့က လူတွေလည်း လူတစုစုနဲ့ ဈေးတွေ အတူတူသွားဝယ်ကြနဲ့ မအားနိုင်ဖြစ်နေတတ်ကြတာပေါ့လေ။ ရပ်ကွက် ကထိန်ပွဲနေ့ဆိုရင်တော့ ရပ်ကွက်ထဲကအိမ်တွေက မုန့်ဟင်းခါးလုပ်တဲ့သူကလုပ်၊ ဂျင်းသုပ်တဲ့အိမ်ကသုတ်၊ မုန့်လုံးရေပေါ်လုပ်တဲ့ အိမ်ကလုပ်ပေါ့ဗျာ။ ရပ်ကွက်ကထိန်ပွဲ လာတဲ့ တစ်ခြားရပ်ကွက်ကဧည့်သည်တွေကို ကျွေးမွေဧည့်ခံဖို့ပေါ့။

ညနေမှောင်ရီပျိုးလာပြီဆိုရင် ရပ်ကွက်ဓမ္မာရုံဘေးပတ်ပတ်လည်မှာ လှလှပပ စီစီရီရီချထားတဲ့ ပဒေသာပင်တွေဘေးမှာ အစီအရီချိတ်ဆွဲထားတဲ့ လျှပ်စစ်မီးရောင်စုံတွေကိုထွန်းလိုက်တော့ နတ်ပြည်က ပဒေသာပင်တွေလား ထင်ရလောက်တယ်။ လှလိုက်ကြတာ အပြိုင်အဆိုင်ပါပဲ။ ပဒေသာပင်မှာလည်း လှူဒါန်းတဲ့သူတွေရဲ့ နာမည်ကဒ်ပြားတွေ ချိတ်ထားတော့ လှည့်လည်ကြည့်တဲ့သူတွေကလည်း ဟေး ဘယ်သူ့ ပဒေသာပင်ကတော့ ဘယ်လိုလှတယ်၊ ဘယ်အိမ်ကတော့ ဘယ်လိုပဲဟဆိုပြီး ပြောဆိုသံတွေလည်းရပ်ကွက်ထဲမှာညံနေတော့တာပေါ့။ ပဒေသာပင်တွေကိုလှည့်ကြည့်ရတာမောလို့ ခြေညောင်းလို့ကတော့ အသိတစ်အိမ်အိမ်သာ ၀င်လိုက်။ စားစရာ သောက်စရာ အစုံအလင်နဲ့ ဧည့်ခံပြီးသားပဲ။ တစ်ခြားရပ်ကွက်က လူပျိုကောင်လေးတွေကလည်း ဒီရပ်ကွက်က သူတို့ သဘောကျနေတဲ့ကောင်မလေးရှိလို့ကတော့၊ ဒီလိုအချိန်က ကောင်မလေးအိမ်ကိုသွားဖို့ မဟာ အခွင့်အရေးပေါ့။ ကောင်မလေးက နှင်မထုတ်ဘဲ တပြုံးပြုံးနဲ့ ချပြီးဧည့်ခံတာတွေကို စား၊ ပြီးတော့ ရိသဲ့သဲ့ပြော၊ ပျော်စရာပါပဲဗျာ။

ပဒေသာပင်ကို နှစ်ရက်ဖြစ်ဖြစ်၊ သုံးရက်ဖြစ်ဖြစ် ခင်းကျင်းပြသပြီးရင် သွားလှူမယ့်ကျောင်းကို ပို့ရတော့မှာကိုး။ အဲဒီတော့ကာ သွားလှူရမယ့်ကျောင်းက နီးရင်လည်း ပဒေသာပင်တွေကို ဆိုင်ရာအိမ်ကမပြီးပို့ပေါ့။ လှူရမယ့်ကျောင်းက ဝေးတော့လည်း ကားတွေဘာတွေနဲ့ ပို့ကျပေါ့။ ပဒေသာပင်တွေကိုသယ်ပြီးစီတန်းလှည့်နေတုန်းကတော့ အိုးစည်၊ဒိုးပတ်တွေနဲ့ တီးကြ၊ မောင်ရွှေရိုး၊ဒေါ်မိုးကတဲ့သူက ကကြပေါ့။ ပျော်စရာပါပဲ။ ရပ်ကွက်တည်းက ကာလသားတွေကလည်း ကိုယ်သဘောကျတဲ့ ကောင်မလေးအိမ်က ပဒေသာပင်ကို မှတ်ထား။ ပြီး လှည့်ပြီးပြတဲ့အချိန်ကြတော့ ဇွတ်ရော၊ အတင်းရော သွားပြီး ပဒေသာပင်ကိုမပြီးသယ်ပေါ့လေ။ သူ့အိမ်က ပဒေသာပင်လိုလိုနဲ့ပေါ့။ တကယ့်ကိုပါပဲ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ကိုသိုလ်လည်းရ၊ နောက်လည်းပိုးပေါ့။ ဘုန်းကြီးကျောင်းကို ရောက်ပြီဆိုရင်လည်း ဂျင်းသုပ်ဖြစ်ရင်လည်း ဂျင်းသုပ်ပေါ့၊ စားစရာတွေနဲ့ ဧည့်ခံကျွေးမွေးတတ်ကြပါတယ်။ မောကလည်းမော၊ ဗိုက်ကလည်း ဆာဆိုတော့ တိုးဝှေ့စားသောက်ကြပေါ့။ ပြီးဘုန်းကြီးတွေကို လှူဖွယ်ပစ္စည်းတွေဆက်ကပ်လှူဒါန်းပြီး ရေစက်ချ သာဓုခေါ်လိုက်ရင်ဖြင့် ရပ်ကွက်အလှူကြီး အောင်မြင်ပြီးမြောက်သွားပါတော့တယ်။

သြော် ပြောရဦးမယ်ဗျာ။ သီတင်းကျွတ်တုန်းက မင်္ဂလာဆောင်ထားတဲ့ စုံတွဲတွေကလည်း သူတို့လည်း အိမ်ထောင်တစ်စုဖြစ်ပြီဆိုတော့ ပဒေသာပင်ကိုသီးသန့်သီး၊ မောင်ဘယ်သူ၊ မဘယ်ဝါ တို့ကောင်းမှုပေါ့၊ စာလုံးအကြီးကြီးရေးပြီးမဏ္ဍပ်တိုင်လည်းတက်ရပေါ့လေ။ ကျွန်တော်တို့လည်း ဘယ်အချိန်ရောက်ခါမှ အမေ့ရင်ခွင်ကိုပြန်၊ ဘယ်သောဘယ်အခါမှ ရပ်ကွက်ကထိန်ပွဲကိုဆင်နွှဲရ၊ မဏ္ဍပ်တိုင်တက်ရမလဲမသိပါဘူးဗျာ။

ဇနိနဲ့သူ၏သူမ

မုန့်ဟင်းခါး စားကြမယ် လာအတူတူစားစို့လား

မုန့်ဟင်းခါး စားမယ်ဆိုရင်တော့ စချက်တော့မယ်။
ဒါတွေ၊ဒါတွေရှိရင် မုန့်ဟင်းခါးကောင်းကောင်းစားလို့ရပါပြီ။
ငါး၊ ကုလားပဲ၊ ကြက်သား၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ သံပုရာသီး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငံပြာရည်၊ ငရုတ်သီးမှုန့် တွေရှိရင် ချက်လို့ရပြီပေါ့ဗျာ။
မုန့်ဟင်းခါးဖတ် မရနိုင်တဲ့နိုင်ငံတွေမှာဆိုရင်တော့ မုန့်ဟင်းခါးဖတ်အဖြစ် ဆန်ခေါက်ဆွဲကို စားရတာပေါ့။
မြန်မာနိုင်ငံကနေပြီး မုန့်ဖတ်အခြောက်တွေသယ်လာရင်တော့ ပိုအဆင်ပြေပါတယ်။

ဟင်းရည်ချက်နည်းပြုတ်နည်းလေးကတော့ ကိုယ်ပိုင်နည်းလေးပါပဲ။ကိုယ်ပိုင်နည်းလေးဆိုတော့လည်း ကောင်းချင်မှလည်း ကောင်းမယ်ပေါ့ဗျာ။ ချက်ကြည့်ပြီး၊ စားကြည့်လိုက်တော့ ကောင်းတယ်ဗျ။ ၂-ကြော့ပြန်တောင် စားပြီးပြီ။ နည်းကောင်းလေးတွေ၊ လိုအပ်တာလေးတွေ ရှိတယ်ဆိုရင်လည်း အကြံပေးသွားကြပါဦးဗျာ။ ချက်နည်းပြုတ်နည်း စပြောပြီဗျာ။
- ဟင်းရည် မချက်ခင် ၂ နာရီလောက်မှာ ကုလားပဲကို ရေစိမ်ထားတယ်။
- ရေနွေးဆူအောင်တည်ထားလိုက်မယ်။ ရေနွေးဆူလာရင် မုန့်ဖတ်ကို ရေနွေးထဲမှာ ပြုတ်မယ်။ အနေတော်လေး ပျော့လားရင် ဇကာနဲ့ ရေစစ်ပြီး အအေးခံထားလိုက်မယ်။
- ဂျင်း၊ကြက်သွန်ဖြူကို ထောင်းပါတယ်။
- ကြက်ဥလည်း ပြုတ်ထားမယ်။
- ငါးကို ဆား၊ဆနွင်း၊ဂျင်းထည့်နယ်ပြီးရေနည်းနည်းနဲ့ ပြုတ်မယ်။ ရေခမ်းပြီဆိုရင် အသားနဲ့ အရိုးနဲ့ ခွဲလိုက်မယ်။
- ဒယ်အိုးထဲ ဆီထည့်၊ ကြက်သွန်ဖြူဆီသပ်ပြီး၊ စောစောက ငါးအသားကို ထည့်ကြော်လိုက်မယ်။ အကြာကြီး မဟုတ်ဘူးဗျ။ လိမ့်တယ်ပြောယုံ အနံ့လေးမွှေးယုံပဲ။
- ရေစိမ်ထားတဲ့ ကုလားပဲကို ပြုတ်မယ်။ ဂျင်း၊ကြက်သွန်ဖြူထောင်းထားတာကိုထည့်မယ်။ကြက်သွန်နီလည်းထည့်မယ်။ ဆား၊ငန်ပြာရည် သင့်အောင်ကြည့်ထည့်လိုက်တယ်။
- ကုလားပဲ အတော်အတန်အိပြီဆိုရင်၊ ဇွန်းနဲ့ မွှေရင်း နည်းနည်းချေပေးရတယ်။ လှိမ့်ထားတဲ့ငါးကို ဟင်းရည်ထဲကိုထည့်မွှေပေးရမယ်။
- ဟင်းရည်အိုးကို မီးပေါ် ထားလိုက်ဦးမယ်။ အဲဒီအချိန်မှာ နံနံပင်၊ကြက်သွန်မြိတ်၊ သံပုရာသီးတွေကို ရေဆေးပြီး၊ လှီးထားမယ်။ ငရုတ်သီး အကြမ်းမှုန့်လေးလည်း လှော်ထားလိုက်ဦးမယ်။
ဒါတွေလည်း ပြင်ဆင်ပြီး၊ ဟင်းရည်အိုးလည်းကျက် ဗိုက်ကလည်း ဆာ၊ အနံ့တွေကလည်း မွှေးနေပြီပေါ့ဗျာ။ စားလို့ရပြီဆိုတော့ စားလိုက်ဦးမယ်ဗျို့။
စားချင်သူတွေ ဒီမှာ ဓာတ်ပုံတွေပဲ သုံးဆောင်သွားကြပါဗျာ။

Monday, November 19, 2007

မိုးတွေရွာတော့ ရေတွေများတာပေါ့

မိုးတွေက တစ်ဖြောက်ဖြောက်ရွာနေတော့ အလုပ်ကိုသွားချင်စိတ်ကလည်း မရှိဘူးလေ။ မဖြစ်သေးဘူးလေ။ ပျင်းနေယုံနဲ့ ပြီးတဲ့ဘ၀မှ မဟုတ်တာ။ ပျင်းတာ၊မပျင်းတာကိုထားတော့။ ဒီတစ်ထွာလောက်နဲ့ တင်စားတဲ့ဝမ်းအတွက် အစာကရှာရဦးမယ်လေ။ ငယ်ငယ်ကတော့ ထင်တာပေါ့။ ပိုက်ဆံရှာတယ်ဆိုတာကို အဖေ့အိတ်ကပ်ထဲမှာ သွားနိုက်တယ်လောက်ထင်တာကိုး။ အခုတော့ အဖေရော၊ အဖေ့အိတ်ကပ်ရောက မရှိတော့ဘူးလေ။ ဒါတောင်နော် အိမ်ထောင်က မပြုခဲ့လို့။ ပြုခဲ့မိရင် တစ်ဝမ်းတစ်ခါးစာ မဟုတ်ဘူး။ ယူထားတဲ့ဝမ်းရယ်၊ မွေးထားတဲ့ ၀မ်းတွေပါရှာကျွေးရမှာ။ ဟိုအရင်တုန်းကတော့ တစ်ခါတစ်လေမှာတော့လည်း စိတ်ကူးက ယဉ်ခဲ့ဘူးပါတယ်။ ကလေးတွေတွဲလောင်းနဲ့ပေါ့။ အဖေကြီးလို့ သိပ်ပြီးအခေါ်ခံချင်ခဲ့တာပေါ့။ ဘယ်လို့ ဘယ်ကြောင့် ဒါဆို မိန်းမက မရှိရတာလဲဆိုတော့ကာ ချစ်တတ်တဲ့ အသည်းနှလုံးမရှိလိုတော့ အထင်မခံနိုင်ပါဘူး။ မိန်းမယူဖို့ဆိုတာ ကိုယ်က ချစ်တဲ့ ကောင်မလေးကလည်း ကိုယ့်ကိုပြန်ချစ်ဖို့လိုသေးတာကို။ ကိုယ့်မှာတော့ ချစ်လိုက်ရတာ ရွာထဲရှိတဲ့ မိန်းမပျိုတင်မကဘူး။ တစ်ခြားရွာက အပျိုတွေပါ ပါတယ်။ ချစ်ကံပဲ ခေသလား၊ မြားနတ်မောင်ကပဲ ချော်ချော်ပြီးပစ်လေရော့သလား။ မြားနဲ့ အပစ်ခံချင်လို့မှ ရှေ့တစ်ထွက်ထွက်၊ ရင်တကော့ကော့ကို မပစ်ဘဲ၊ ကိုယ်ထက်နောက်ပေါက်တွေကို ပစ်ပစ်သွားပါလေရော။ ဒါနဲ့ပဲ နတ်ပြည်က ပြန်ကျလာတဲ့ နတ်သားပဲလို့ စိတ်ထဲမှတ်ပြီး ကိလေသာခန်းသယောင်ယောင်လုပ်နေရင်းနဲ့ အသက်ကလည်းကြီးလာတာရယ်၊ စားရေးသောက်ရေးကလည်းအရှာရ ကျပ်တာရယ်က ဒီဘ၀ကိုရောက်စေတော့တာပေါ့။

ကဲ ပြောနေကြာပါတယ်။ အလုပ်ရှင်အိမ်ကိုသွားမှ။ အမေကလည်း အသက်ကကြီးပြီဆိုတော့ ချမ်းချမ်းနဲ့ အိပ်ရာထဲ ကွေးနေတာ။ အမေ့ခမြာလည်း အသက်ကကြီးတော့လည်း ကျန်းမာရေးကချူချာ။ ဒီသားတစ်ယောက်ပဲ အားကိုးအားထားကလည်းရှိတာ။ အော် ကျုပ်ကတစ်ဦးတည်းသောသား။ သားချင်းအရင်းအချာကရှိတာ ဟုတ်ဘူးရယ်။ ၀မ်းကွဲတွေတော့ ရှိတာပေါ့လေ။ ကျုပ်ကလည်း အမေ့ကိုမနက်စာ၊ညစာ မပူမပင်ဖြစ်မနေရအောင် အလုပ်ကလုပ်ပါတယ်။ အလုပ်ကလည်း သူရင်းငှားလေ။ ပညာတတ်၊ ငွေရင်းတဲ့ အလုပ်မှ မဟုတ်တာ။ ဘယ်လောက်များများ ပိုက်ဆံကရမှာလဲ။ အလုပ်သမားဆိုတော့၊ အလုပ်ရှင်အိမ်ကိုစောစောကလည်းရောက်ရသေးတယ်လေ။ ထားပါတော့။ အလုပ်ရှင်အိမ်ကိုရောက်တော့ သူ့သားပေါ့၊ တက္ကသိုလ်ကျောင်းသားကြီး ရောက်နေရှာတယ်။ သူ့သားကို မြင်လိုက်လို့ ရောက်နေတယ်လို့ သိတာ မဟုတ်ပါဘူး။ အမေတွေ၊ အမတွေက တက်တက်ကြွကြွ ဘယ်အသားဟင်းကို ဘယ်လို ချက်မယ်၊ ဘယ်အရွက်ကို ဘယ်လိုကြော်မယ်၊ ဘာလေးကတော့ အရည်သောက်လုပ်မယ်တွေပေါ့ဗျာ။ ဗျာများနေကြတာ။ မျက်စိတောင်နောက်တယ်။ မြို့ပေါ်သွားကျောင်းတတ်တာပဲဗျာ၊ စားရမဲ့သောက်ရမဲ့တောထဲကို သွားပြီး ပြန်လာတာကျလို့။ အစကမသိပါဘူး။ ကောင်လေးကနောက်မှ စကားကြုံလို့ပြောတော့မှ ပိုဆိုးသတဲ့။ ငတ်ငတ်ပြတ်ပြတ်နေရတာတဲ့။ ဟုတ်ရှာမှာပါ။ ကျုပ်တော့ မြို့ပေါ်မရောက်ဖူးဘူး။ ဒီလောက်ငတ်ငတ်ပြတ်ပြတ်စားသောက်နေရတော့ ကောင်လေး မြို့ပေါ်မှာ ဘယ်လိုစာသင်ပါလိမ့်။ အကြောင်းက ဒီလို။ သူ့တို့အိမ်ကပြောသံကြားဘူးတာ။ အဲဒီကောင်လေးငယ်ငယ်တုန်းက သူ့အိမ်ကလည်း တောသူတောင်သားဆိုတော့ကာ ခရမ်းသီးတွေပေါတဲ့ရာသီမှာ ခရမ်းသီးချက်ကျွေးလိုက်၊ ချဉ်ပေါင်ရွက်ပေါတဲ့ရာသီမှာ ချဉ်ပေါင်ဟင်းချက်ချက်ကျွေးလိုက်ပေါ့။ တနှစ်ဟာ ကောင်လေးက စာမေးပွဲ ကျပါလေရော။ ကောင်လေးက ပြောရှာသတဲ့- ခေါင်းလည်းလာစမ်းကြည့်ဦးတဲ့။ ခရမ်းသီးတွေ စားရတာများတော့၊ ခေါင်းမှာ အညှောင့်တောင်ထွက်နေပြီတဲ့။ ချဉ်ပေါင်ရွက်တွေကြောင့်လည်း ခေါင်းထဲ အချဉ်ပေါက်နေပြီတဲ့။ ဒီခရမ်းသီး၊ချဉ်ပေါင်ရွက်တွေပဲ စားနေရတာ ဥာဏ်က ဘယ်လိုလုပ်ပြီး ကောင်းမှာလည်းဆိုပြီး၊ အိမ်က စာမေးပွဲကျလို့ ဆူတာကို ပြန်ရန်လုပ်သတဲ့။

မနက်ခင်း ကျုပ်လည်း နွားစားကျွေး၊ တောထဲသွားဖို့ပြင်ပေါ့။ ကောင်လေးက နိုးလာတယ်။ ခင်ရှာပါတယ်။ တစ်ရွာတည်းသားဆိုတော့ကာ။ သူလည်း တောထဲလိုက်မယ်တဲ့။ ကောင်းပဗျာ။ မေးရ၊မြန်းရ စူးရ၊စမ်းရတာပေါ့။ ကျုပ်က ကောင်လေးကို မေးတယ်။ မင်းတို့ ပညာတတ်ကြီးဖြစ်ရင်တော့ကွာ၊ တို့တော့သူတောင်သားတွေလို ပင်ပင်ပန်းပန်းလုပ်ကိုင်စားရမှာ မဟုတ်ပါဘူး ဆိုတော့ ကောင်လေးက ပညာကလည်းဗျာ ရှာသာရှာရပါတယ်။ ရသလိုလို၊ မရသလိုလိုနဲ့။ ဘွဲ့ရလည်း အလုပ်က အဆင်ပြေမှဗျတဲ့။ ကျွန်တော်တော့ ရွာပြန်ပြီး၊ အမေ့တောင်သူလုပ်ငန်းပဲ ဦးစီးလုပ်ရမလားလို့ စဉ်းစားနေသတဲ့။ အမလေး၊ အံ့ပါ့။ ဘယ်လို့ ခေတ်ပညာတတ်ကြီးတုန်း။ ဟ ကောင်ရ ဘယ်လိုဆိုတော့၊ ဦးလေးကလည်း ဘွဲ့ရလို့၊ လခစားလုပ်ရင်၊ လခပဲစားရတာတဲ့။ လခသာစားနေရရင်လည်း၊ ဗိုက်ကမ၀ဘူးတဲ့။ လခအပြင်ဟာတွေကိုကြလည်း မစားချင်ဘူးတဲ့။ လခအပြင်ဆိုတာဘာတွေတုန်းဆိုတော့၊ လခအပြင်ဆိုတာက လခမဟုတ်တာတွေတဲ့။ ကျွန်တော်ကနောင်သံသရာ အပါမခံနိုင်ဘူးတဲ့။ ဟာ ဘာတွေလဲဟာ။ ကျုပ်ဖြင့် လိုက်လို့တောင် မမှီဘူး။ ဦးလေရာ၊ ပညာတတ်တွေ တောင်သူလုပ်တော့ တိုးတတ်တာပေါ့ဗျာတဲ့။ အဲသလိုနဲ့ သူကလည်း စကားကို အဆုံးသတ်သွားတယ်။ ပြီးတော့ နှစ်ယောက်လုံး ကိုယ့်အတွေးတွေနဲ့ကိုယ် စကားဆက်မပြောဖြစ်ကြဘူး။ ကျုပ်စဉ်းစားမိတယ်။ အဖေတို့များ ငါ့ကို ပညာသင်မပေးတာ၊ ဆင်းရဲလို့တော့ ဟုတ်ဟန်မတူဘူး။ ပညာသင်ပြီးရင်လည်း ရွာပြန်အလုပ်လုပ်မှာခြင်း အတူတူမိုလို့ လေးတန်းလောက်ပဲ ကျောင်းထားခဲ့တာနေမှာလို့။ ပြီးတော့လည်း ပညာတတ်ကြီးဘေးမှာထိုင်နေတာဆိုတော့ ပညာတတ်လိုတွေးလိုက်ဦးမယ်ဟ ဆိုပြီးတွေးလိုက်သေးတာ။ ရှည်ရှည်ဝေးဝေးမဟုတ်ပါဘူး။ မိုးတစ်ဖြောက်ဖြောက်ရွာတုန်းဆိုတော့ တွေးမိတာကလည်း မိုးအကြောင်းပေါ့။ မိုးတွေရွာတော့လည်း ရေတွေများတာပေါ့ဆိုပြီး။

Saturday, November 17, 2007

မနက်ဖြန်

အာမခံချက် တစုံတရာဘာမျှပေးမထားတဲ့
မနက်ဖြန်တွေကို မျှော်လင့်
အခွင့်အရေးတွေများ မျက်စိလည်လမ်းမှား
ရောက်လာမလားဆိုတဲ့ အတွေးနဲ့ပေါ့…။
အသစ်စက်စက် အခွင့်အရေးတွေကို တမ်းတရင်း
ပြန်ဆက်လို့မရအောင် ကြေမွသွားတဲ့ရင်ခွင်ကြီးက
မာန်မာနတွေတက်နေလိုက်သေး
မရောက်ရှိသေးတဲ့ မနက်ဖြန်ကတော့
တန်ဘိုးကြီးမားလှတဲ့ အခွင့်အရေးအသစ်တွေကို
ချက်ချင်းဆိုသလို ပေးတော့မလိုနဲ့…။
ပါးပါးလေးကျန်တော့တဲ့
ရှင်သန်နေထိုင်မှုဘ၀ကို
အလွန်ထုထည်ကြီးမားသယောင် ဖန်ဆင်းရင်း
ခပ်တင်းတင်းလေးနဲ့…
မနက်ဖြန်တွေကို လိုက်လံခူးဆွတ်ဖို့ ကြိုးစားရတာ
အရူးအမူးပါပဲ…။
မောင်လုံး

Friday, November 16, 2007

နှင်းတွေကျနေပါပြီ။






နှင်းတွေကျနေပါပြီ။
အရင်က စိမ်းလန်းနေတဲ့ ပန်းသီးပင်တွေ၊ လှတပတ ပန်းပင်ပုလေးတွေက ဆောင်းဦးပေါက်ရာသီမှာ အရွက်စိမ်းတွေကနေ ရွက်ဝါတွေအဖြစ်ပြောင်း၊ ပြီးတော့ မြေပေါ်ကြွေကျ၊ အခုဆောင်းရာသီလည်းရောက်ရော အဲဒီအပင်လေးတွေရဲ့ ကိုင်းတွေပေါ်မှာ ကျလာတဲ့နှင်းတွေကတင်ပြီး နှင်းသစ်ပင်တွေဖြစ်လို့နေပြန်ပါပြီ။ ဘယ်ရာသီပဲ ဖြစ်ဖြစ် သစ်ပင်၊ပန်းပင်လေးတွေကတော့ လှပနေတာပါပဲ။
အပူချိန်ကလည်း အနုတ် ၄ ဒီဂရီ စင်တီဂရိတ်လောက်ပေါ့။
ချမ်းလှတယ်တော့ မဟုတ်ပါဘူး။ နွေးနွေးထွေးထွေးထူထူးထဲထဲ ၀တ်ထားရင်ပေါ့။
အ၀တ်အစားမကောင်းတာသာရှိတယ်တဲ့၊ ရာသီဥတု ဆိုးရွားတယ်ဆိုတာ မရှိဘူးတဲ့။
အခု ဆောင်းရာသီရောက်နေပါပြီ။ နောက် ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလ တွေအထိ နှင်းတွေက ကျနေဦးမှာပါ။
နောင်လည်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ပြီး ဒီကနေ ဝေမျှဦးမှာပါ။
ဒီပုံတွေက ဇီလီနိုဂရက်မြို့မှာ ရိုက်ထားတာပါ။ ကျေးဇူးတင်ပါတယ်။

Wednesday, November 14, 2007

Happy Birthday!



အစ်ကိုကြီး ပီဆာကျယ် ဘာလိုလိုနဲ့မွေးနေ့ရောက်လာပြန်ပြီနော။ အင်း… တစ်နှစ်အသက်ကြီးလာတယ်ပြောရမှာပေါ့လေ။ မွေးနေ့မှာဘာဆုတွေ တောင်းပေးရရင်ကောင်းမလဲလို့စဉ်းစားလိုက်တော့… အဓိက က အဓိကပဲပေါ့… ဘာလဲကွ အဓိကလို့တော့မမေးနဲ့… အချင်းချင်းဆိုတော့သိနေတယ်လေ။ ကျန်းမာရေးကောင်းပို့ကိုပြောတာပါ။ ကျန်းမာရေးကောင်းမှ မဒီလေးနဲ့ လည်နိုင်ပတ်နိုင်… အဲ မှားလို့ မှားလို့… ကျန်းမာမှ စိတ်ချမ်းသာမှာကိုပြောတာပါ။ အဲဒီတော့ အစ်ကိုကြီးပီဆာကျယ်တစ်ယောက် အခုကျရောက်သည့် မွေးနေ့မှသည် နောင် အနှစ်တစ်ရာ့နှစ်ဆယ်တိုင်အောင် စိတ်သွားတိုင်း ကိုယ်ပါလို့ လိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျား… အစ်ကိုကြီး အလုပ်တွေ ရှုပ်နေတယ်ထင်တယ်… အိုဝေကို ပစ်မထားနဲ့အုံး… ဟီးဟီး။
ကိုလုံး

Happy Birthday!
ဒီကနေ့မွေးနေ့ကစလို့ နောင်နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်တိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ။ လိုအင်ဆန္ဒတွေလဲ တစ်လုံးတစ်ဝပြည့်ဝပါစေဗျာ။ အဓိကလိုအပ်ချက်တွေလဲ အလျင်အမြန်ပြည့်မြောက်ပါစေဗျာ။ (သီတင်းကလဲကျွတ်ပြီးသားဆိုတော့ မကြာခင်ပြည့်တော့မှာပါ… အဟီး) ကျွန်တော်တို့ကိုကျွေးဖို့မုန့်တွေတော့ ကို NA ကြီးကိုပဲ အတိုးချပြီးကျွေးလိုက်တော့။ ပြန်လာမှပဲ သူ့ဆီက ပြန်တောင်းစားတော့မယ်။
မောင်ဖြူ

ကိုပီဆာကျယ်
ဆရာပီဆာကျယ်
ဆရာ၊အကိုတစ်ယောက် မင်္ဂလာမွေးနေ့မှာ နေကောင်းကျန်းမာ စိတ်ချမ်းသာပါစေ။
အပျော်တွေဝပြီး အ၀တွေနဲ့ပျော်ရွှင်နိုင်ပါစေ။
ဇနိ

မွေးနေ့ဆုမွန် ရေးပေးကြတဲ့ ညီဆရာများ ကျေးဇူးအထူးပါ။ မအားတဲ့ကြားက အိုးဝေကို အသက်ဆက်ရှင်သန်စေကြတဲ့အတွက် ထပ်မံကျေးဇူးတင်ပါတယ်။ မော်စကိုမှာ ကျောင်းတက်ရတဲ့ဘ၀ကို လွန်စွာမှ သတိရမိပါတယ်။ အခုရန်ကုန်မှာ အခါလွန်မိုးတွေရွာနေတယ်။ အငြိုးနဲ့ရွာဆိုသလို သည်းသည်းမဲမဲရွာကြလေရဲ့။ ပီဆာကျယ်ကြီးတော့ အခါလွန်ပေမဲ့လည်း မရွာနိုင်ရှာသေးပါဘူး။ အဟဲ.. ပီဆာကျယ် မင်္ဂလာရန်ပုံငွေဆိုပြီး လိုက်ကောက်ပြီး (၇) ရက်၊ (၇) လီအတိုးချ ရွာသွန်းလိုက်ရရင် မကောင်းဘူးလား။

ပီဆာကျယ်

Monday, November 12, 2007

ရီပင် အိလျယ ရယ်ဖိမိုဗိ(ခ်ျ)


ရီပင် အိလျယ ရယ်ဖိမိုဗိ(ခ်ျ) (၅-သြဂုတ်-၁၈၄၄-ယူကရိန်း၊ ၂၉-စက်တင်ဘာ-၁၉၃၀-ဖင်လန်) က ရုရှားအကျော်အမော် ပန်းချီဆရာပါ။ ပေါထရိတ်(portrait) ဆရာကြီးပါ။ သမိုင်းဝင်ဖြစ်စဉ်တွေရော၊ နေစဉ်အဖြစ်အပျက်တွေပါ ရေးဆွဲပါတယ်။ ၁၃ နှစ်သားကစပြီး ချုဂူရက်(ဗ်)မြို့မှာ ဘူနာကော့(ဗ်)ဆီမှာ ပန်းချီပညာသင်ယူပါတယ်။ ၁၈၆၃ ရောက်တော့ စိန့်ပီတာစဘတ်မြို့ အနုပညာကျောင်းကို ၀င်ခွင့်ရပြီး ၁၈၆၉ခုနှစ်မှာ အောင်မြင်စွာ သင်ယူခဲ့ပြီး လူငယ်ရွှေတံဆိပ်ဆုကို အိအော်(ဗ်) နှင့်သူငယ်ချင်းများ ပန်းချီကားနဲ့ ရခဲ့ပါတယ်။ ၁၈၇၂ခု မှာ ရွှေတံဆိပ်ဆုကြီးတစ်ခုရခဲ့ပါသေးတယ်။ ၁၈၇၀ မှာ ဗော်လဂါမြစ်ကမ်းတစ်လျောက် ခရီလှည့်သွားတော့ ပန်းချီကားတွေအများကြီးရေးဆွဲခဲ့ပါတယ်။ သူရေးဆွဲခဲ့တဲ့ ဗော်လဂါမြစ်မှ လှေသမားများ ဆိုတဲ့ ပန်းချီကားကိုကြည့်ရင်း ဆွဲတင်ရတဲ့လှေကြီးနဲ့ ဗော်လဂါမြစ်မှ လှေသမားတွေရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ဘ၀ကို ကြည့်ရှုသူများ စာနာခံစားစေနိုင်ပါတယ်။ Ivan Terrible & Ivan ပန်းချီးကားကလည်း နာမည်ကြီးပါပဲ။ သူရဲ့ပန်းချီးကားတွေကို ကြည့်ရှုခံစားကြပါဦး။


ရီပင် အိလျယ ရယ်ဖိမိုဗိ(ခ်ျ) ကိုယ်တိုင်ရေးပုံတူ


Ivan Terrible & Ivan
ဗော်လဂါမြစ်မှ လှေသမားများ
















ဒီနေရာနဲ့ ဒီမှာလည်း သွားပြီး ပန်းချီကားတွေခံစားလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။